အခန်း (၁၅၄၇)
Vol. 111 Ch. 1547
သုံးလကြာပြီးနောက် လျောင်ယွမ်မြို့တော်မှ စစ်သည်တော်သန်းရှစ်ဆယ်က စွန့်ပစ်ကုန်းမြေမှတဆင့် ပုထိုင်းတောင်ကို ဖြတ်ကျော်သွားကြသည်။
စစ်တပ်များ စတင်ရွေ့လျားသွားသည့်အခါ ရှေးဦးအပျက်အစီးတောအုပ်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်သွားသည်။
မရေမတွက်နိုင်သော နတ်သားရဲမျိုးနွယ်စုများ၊ ရှေးဦးအပျက်အစီးတောအုပ်၏ ကုန်းတွင်းပိုင်းထဲမှ လူသားမျိုးနွယ်စုများက ထိုကိစ္စကို အထူးအာရုံစိုက်လိုက်ကြသည်။
သို့သော်လည်း ပုထိုင်းတောင်ကို ဖြတ်ကျော်ပြီးနောက် စစ်သည်တော်သန်းရှစ်ဆယ်ထဲမှ သန်းခုနစ်ဆယ်က ပုထိုင်းတောင်၏ အပြင်ဘက် အချင်းမိုင်တစ်သိန်းဧရိယာထဲမှာ တပ်ဆွဲထားလိုက်ကြသည်။
ကျူးရုန်က စစ်သည်တော်ဆယ်သန်းကို ဦးဆောင်၍ ရှေးဦးအပျက်အစီးတောအုပ်ထဲမှ လူသားမျိုးနွယ်စုများကို သိမ်းသွင်းရန် စတင်ထွက်ခွာသွားသည်။
သူ၏ အကြောင်းပြချက်က အလွန်ရိုးရှင်းသည်။ သူက မကြာခင် ရောက်လာတော့မည့် ကောင်းကင်ရင်းမြစ်စုဝေးပွဲအတွက် လူသားမျိုးနွယ်၏ ခွန်အားကို စမ်းသပ်ချင်သည်ဟု ဆိုသည်။ အကယ်၍ အင်အားစုတစ်ခု သို့မဟုတ် အစွမ်းထက်ပုဂ္ဂိုလ်များက သူနှင့် လျောင်ယွမ်ကောင်းကင်စစ်သည်တော်ဆယ်သန်းကို အနိုင်ယူနိုင်မည်ဆိုလျှင် လျောင်ယွမ်မြို့တော်နှင့် သူက အညံ့ခံလိမ့်မည်။
ယင်းက လူသားမျိုးနွယ်တစ်ခုတည်းအပေါ် ကန့်သတ်ထားခြင်း မဟုတ်ပေ။ နတ်သားရဲမျိုးနွယ်စုများသည်လည်း ဤတိုက်ပွဲထဲမှာ ပါဝင်နိုင်ကြသည်။
အတိတ်မှာ စွန့်ပစ်ကုန်းမြေမှ လူသားမျိုးနွယ်ကို ပုထိုင်းတောင်၏ အပြင်ဘက် အချင်းမိုင်တစ်သိန်းထက် ပိုပြီးမကျူးကျော်ရန် တားမြစ်ခဲ့သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် ကျူးရုန်က ကောင်းကင်ရင်းမြစ်စုဝေးပွဲကို အကြောင်းပြ၍ စိန်ခေါ်ခဲ့လေရာ အင်အားစုအများအပြားက တုံ့ဆိုင်းသွားကြသည်။
သူတို့တုံ့ဆိုင်းနေသည့်အချိန် စစ်သည်တော်ဆယ်သန်းက တားမြစ်ဇုန်၏ အပြင်ဘက်သို့ ချီတတ်လာကြသည်။
ကြေးမုံဖြူမြို့တော်… ။
ထိုမြို့တော်က ပုထိုင်းတောင်နှင့် မိုင်တစ်သန်းအဝေးမှာ တည်ရှိသည်။ ထိုမြို့က ကြေးမုံကျောက်တုံးဖြူများကို သယံဇာတပစ္စည်းအဖြစ် ထုတ်လုပ်နိုင်သောကြောင့် နာမည်ကျော်ကြားသည်။ လွန်ခဲ့သော ဆယ်နှစ်အတွင်း ကြေးမုံဖြူမြို့တော်က လျောင်ယွမ်မြို့တော်ဆီသို့ ကြေးမုံကျောက်တုံးဖြူသန်းတစ်ရာကက်တီကို ပို့ဆောင်ပေးခဲ့သည်။
ထိုသို့ကုန်သွယ်မှုများကြောင့် ကြေးမုံကျောက်တုံးဖြူမြို့က သိသိသာသာ တိုးတတ်ကြီးပွားသွားခဲ့သည်။ မြို့တော်အတွင်းမှ ပြည်သူပြည်သား သန်းရှစ်ဆယ်က ဘဝပြောင်းလဲသွားကြသည်။
ကျူးရုန်ဦးဆောင်လာသော စစ်သည်တော်ဆယ်သန်းက ကြေးမုံဖြူမြို့တော်ဆီသို့ ချဉ်းကပ်လာသည့်အခါ မြို့တော်ထဲမှ ပြည်သူပြည်သားအားလုံးက အံ့ဩထိတ်လန့်သွားကြသည်။
ကြေးမုံဖြူမြို့တော်၏ အကြီးအကဲများသည်ပင် မိန်းမောဆွံ့အသွားကြသည်။
သူတို့က ထိုစစ်သည်တော်ဆယ်သန်းကို မည်သို့ခုခံနိုင်မည်နည်း။
ကြေးမုံဖြူမြို့တော်က ယင်း၏ အရင်းအမြစ်အားလုံးကို ထုတ်သုံးမည်ဆိုလျှင်ပင် စစ်သည်တော်ငါးသန်းပါဝင်သော စစ်တပ်ကို မဖွဲ့စည်းနိုင်ပေ။
အရေးကြီးဆုံးအချက်မှာ ကြေးမုံဖြူမြို့တော်က စွန့်ပစ်ကုန်းမြေမှ လျောင်ယွမ်မြို့တော်နှင့် ဆက်ဆံရေးကောင်းမွန်သည်။ ထို့ပြင် သူတို့က အတိတ်မှာ ကုန်သွယ်မှုအများအပြားကို ပြုလုပ်ခဲ့ကြသည်။ သို့ဖြစ်၍ လျောင်ယွမ်မျိုးနွယ်စု၏ တိုက်ပွဲဝင်္ကပါများက မည်မျှအစွမ်းထက်ကြောင်း သူတို့နားလည်ထားကြသည်။
ကြေးမုံဖြူမြို့တော်၏ ကောင်စီခန်းမထဲတွင် လူသားပုံရိပ်အများအပြားက တည်ကြည်လေးနက်စွာ ထိုင်နေကြသည်။
ထိုလူများက နတ်ဘုရားအင်းသင်္ကေတပညာရှင်များ သို့မဟုတ် ရိုးရာနတ်ဆရာများ ဖြစ်ကြသည်။
အခြားတစ်ဖက်တွင် နတ်သားရဲမှ လူသားအသွင်ပြောင်းလဲထားသူများက မလှုပ်မယှက် ထိုင်နေကြသည်။
“ အကြီးအကဲဟုကျီ… မင်းက ကြေးမုံဖြူမြို့တော်ရဲ့ စစ်တပ်ကို တာဝန်ယူထားတဲ့လူပဲ… ကျုပ်တို့ကို ရှင်းရှင်းလင်းလင်း ပြောပါ… ကျုပ်တို့အနိုင်ရဖို့ အခွင့်အရေးဘယ်လောက်ရှိလဲ ”
မုတ်ဆိတ်ဖြူအကြီးအကဲက မေးရင်း အခြားတစ်ဖက်ကို ကြည့်လိုက်သည်။
“ အင်း… မြို့တံတိုင်းတွေအပေါ် အားကိုးမယ်ဆိုရင် ကျုပ်တို့မှာ အနိုင်ရဖို့ ငါးရာခိုင်နှုန်းရှိပါတယ်… ပြီးတော့ တခြားမြို့တော်တွေဆီက တပ်ကူတွေကို စောင့်နိုင်မယ်ဆိုရင် လျောင်ယွမ်ကောင်းကင်စစ်တပ်က ပြိုကွဲသွားပါလိမ့်မယ်… သူတို့ပြိုကွဲသွားတာနဲ့ အဲ့ဒီအခွင့်အရေးကို အသုံးချပြီး ပုထိုင်းတောင်ကို သိမ်းပိုက်ကြမယ်… ပြီးတော့… အဟန့် အဟန့်… ပုထိုင်းတောင်အပြင်ဘက်မှာ စစ်သည်တော်သန်းခုနစ်ဆယ် ရှိနေသေးတာ ကျုပ်မေ့သွားတယ် ”
ထိုလူက အစတွင် စိတ်အားထက်သန်စွာ ပြောနေသော်လည်း မဖြစ်နိုင်သော အခြေအနေကို စဉ်းစားမိသွားသည့်အလား ရှက်ရွံ့စွာ ချောင်းဟန့်လိုက်သည်။
အကယ်၍ သူတို့က ဤစစ်သည်တော်ဆယ်သန်းကို အနိုင်ယူနိုင်မည်ဆိုလျှင်ပင် နောက်ထပ်သန်းခုနစ်ဆယ် ကျန်နေသေးသည်။
ခန်းမထဲတွင် လူတိုင်းက အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသော လူထွားကြီးတစ်ယောက်ကို လှည့်ကြည့်လိုက်ကြသည်။
ထိုလူထွားကြီး၏ မျက်နှာက တည်ငြိမ်သည်။ သူက လက်တစ်ချောင်းကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။
ထိုလက်တစ်ချောင်းက လူတိုင်းကို နှုတ်ဆိတ်သွားစေသည်။
“ ကျုပ်တို့မှာ အနိုင်ရဖို့ ဆယ်ရာခိုင်နှုန်းပဲ အခွင့်အရေးရှိတာလား ”
ခန်းမ၏ ထိပ်ဆုံးမှာ ထိုင်နေသော အကြီးအကဲက စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းခါလိုက်သည်။
“ အင်း… ဆယ်ရာခိုင်နှုန်းပဲ ရှိတယ်… တကယ်လို့ ကျုပ်တို့က ပြည်သူတွေကိုပါ ထည့်တွက်မယ်ဆိုရင် နောက်ထပ် တစ်ရာခိုင်နှုန်း နှစ်ရာခိုင်နှုန်းပဲ တိုးတတ်သွားမှာ ကျုပ်စိုးရိမ်တယ်… အခြေအနေက ထင်သလောက် မကောင်းဘူး… ”
“ မဟုတ်ဘူး… အနိုင်ရဖို့ တစ်ရာခိုင်နှုန်းတောင် အခွင့်အရေးမရှိဘူး ”
လက်တစ်ချောင်းမြှောက်ထားသော အနက်ရောင်ချပ်ဝတ်နှင့် လူထွားကြီးက ပြောသည်။
ခန်းမတစ်ခုလုံး အပ်ကျသံ ကြားရနိုင်သည်အထိ တိတ်ဆိတ်သွားသည်။
တစ်ရာခိုင်နှုန်းတောင် မရှိဘူးလား… ။
လျောင်ယွမ်မြို့တော်က အဲ့လောက်တောင် သန်မာတာလား… ဒါမှမဟုတ် ငါတို့ရဲ့ ကြေးမုံဖြူမြို့တော်ကပဲ အရမ်းအားနည်းနေတာလား…
ကြေးမုံဖြူမြို့တော်သာ ခံတပ်ကို အမှီပြုမည်ဆိုလျှင် ဘေးပတ်ဝန်းကျင်မှ တခြားမြို့တော်များက ကြေးမုံဖြူမြို့တော်ကို သိမ်းပိုက်နိုင်ကြလိမ့်မည် မဟုတ်ချေ။
ထို့ပြင် မျက်မှောက်ခေတ်၏ ကြေးမုံဖြူမြို့တော်က အတိတ်မှ ကြေးမုံဖြူမြို့တော်နှင့် လုံးဝ ကွာခြားပေသည်။
ယခု ကြေးမုံဖြူမြို့တော်ထဲမှာ မိစ္ဆာသားရဲရာပေါင်းများစွာသာမက စစ်သည်တော်သိန်းပေါင်းများစွာလည်း ရှိကြသည်။ ထို့ပြင် သူတို့အားလုံးက အနက်ရောင်ချပ်ဝတ်များ ဝတ်ဆင်ထားကြသည်။
“ အကြီးအကဲဟုကျီ… မဟုတ်မှ ခင်ဗျားလွန်ကျူးပြောနေတာလား ”
“ ကျုပ်တို့က အနိုင်ရဖို့ တစ်ရာခိုင်နှုန်းတောင် အခွင့်အရေးမရှိဘူးလား ”
အဝေးမှ ဝတ်စုံနက်အကြီးအကဲက ထပြောသည်။
သူက စွန့်ပစ်ကုန်းမြေမှ ထုတ်လုပ်ထားသော ဝတ်ကောင်းစားကောင်းကို ဝတ်ဆင်ထားသည်။
သူ့စကားကို ကြားသောအခါ ဟုကျီက ခေါင်းလှည့်လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။ စူးရှသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ လွန်ကျူးပြောတယ်လား ”
“ လျောင်ယွမ်ကောင်းကင်စစ်သည်တော်အားလုံးက သံချပ်ကာဝတ်ဆင်ထားကြတာ ခင်ဗျားမမြင်ဘူးလား ”
လူတိုင်း သံချပ်ကာဝတ်ထားတယ်လား… ။
လျောင်ယွမ်ကောင်းကင်စစ်သည်တော်တစ်ယောက်စီက ဟုကျီကဲ့သို့ ချပ်ဝတ်အစုံအလင်ကို ဝတ်ဆင်ထားကြသည်။ ထို့ပြင် သူတို့ကိုင်ဆောင်ထားသော တိုက်ပွဲလက်နက်များက နတ်သားရဲများကိုပင် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်သည်။
“ အဲ့ဒီစစ်သည်တော်ဆယ်သန်းမှာ စီးတော်မိစ္ဆာသားရဲတွေရှိပြီး သူတို့က တိုက်ပွဲဝင်္ကပါတွေကို ဖွဲ့စည်းနိုင်ကြတယ်… နတ်သားရဲတွေတောင် သူတို့အရှေ့မှာ ဘာမှမဟုတ်ကြဘူး ”
“ ကြေးမုံဖြူမြို့တော်ကို မဆိုထားနဲ့ နောက်ထပ်မြို့တော်ဆယ်ခု ပူးပေါင်းမယ်ဆိုရင်တောင် သူတို့ကို ကျုပ်တို့ အနိုင်မယူနိုင်ဘူး ”
အကြီးအကဲဟုကျီ၏ မျက်နှာပေါ်မှာ အထင်သေးရှုံ့ချသော အမူအရာ ထွက်ပေါ်လာသည်။ သူက ခေါင်းလှည့်လိုက်ပြီး သူ့ဘေးနားမှ ငယ်ရွယ်သော လူများကို ကြည့်လိုက်သည်။
“ မင်းတို့က သူတို့လောက် မတုံးကြဘူးမလား ”
သူ၏ စကားကို ကြားသောအခါ ထိုလူငယ်အားလုံးက ခေါင်းယမ်းလိုက်ကြသည်။
အတိတ်မှာ သူတို့က နတ်ဘုရားအင်းသင်္ကေတပညာကို သင်ကြားရန် စွန့်ပစ်ကုန်းမြေဆီသို့ သွားရောက်ခဲ့ဖူးကြသည်။
သို့ဖြစ်၍ လျောင်ယွမ်မြို့တော်က မည်မျှအားကောင်းကြောင်း သူတို့နားလည်ကြသည်။
“ ဟုကျီ… မင်းဘာစကားပြောတာလဲ ”
“ အတင့်ရဲလှချည်လား ဟုကျီ… မင်းက မြို့တော်ရဲ့ စစ်တပ်ကို ထိန်းချုပ်ထားပြီး ဘာလို့ အဲ့လောက်တောင် သူရဲဘောကြောင်ရတာလဲ ”
“ ဟုကျီ… မင်းက သစ္စာဖောက်ဖြစ်ချင်တာလား ”
ဒေါသတကြီး အော်သံများက လူတစ်ယောက်ပြီးတစ်ယောက်ထံမှ ထွက်ပေါ်လာသည်။
ကြေးမုံဖြူမြို့တော်၏ ဂုဏ်သရေရှိအကြီးအကဲများက မတ်တတ်ထရပ်လိုက်ကြပြီး ဟုကျီကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ကြသည်။
“ ကျုပ်ဟုကျီက ဘယ်လိုလုပ် သစ္စာဖောက်ဖြစ်မှာလဲ ”
ဟုကျီက ခေါင်းခါလိုက်သည်။ ထို့နောက် အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
သူက ဘေးဘီကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။
“ လျောင်ယွမ်မြို့တော်ရဲ့ စစ်သည်တော်တစ်သန်းကို ရင်ဆိုင်ဖို့ စစ်သည်တော်တစ်သန်းကို ကျုပ်စုဝေးမယ် ”
“ တကယ်လို့ သူတို့က သတ္တိမရှိဘူးဆိုရင် အတိတ်မှာ သူတို့ကို ကျုပ်အမြင်မှားခဲ့တာ ဖြစ်မယ် ”
စစ်သည်တော်တစ်သန်းပါဝင်တဲ့ စစ်တပ်လား… ။
ခန်းမထဲမှ လူတိုင်းက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေရာ အထင်သေးရှုံ့ချသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ယင်းက သူတို့ဖြစ်ချင်သောအရာပင်တည်း။ သူတို့က လျောင်ယွမ်မြို့တော်၏ စစ်တပ်ကို တခြားအင်အားစုများမှ စစ်ကူများ ရောက်မလာခင်အထိ အချိန်ဆွဲချင်ကြသည်။
ဟုကျီနှင့် ကြေးမုံဖြူမြို့တော်၏ စစ်သည်တော်တစ်သန်းအတွက်တော့ ယင်းက သူတို့၏ အရေးကိစ္စမဟုတ်ပေ။ သူတို့ဘာသာ တိုက်ပွဲအတွင်းမှာ တိတ်တဆိတ် ပျောက်ကွယ်သွားကြပါစေ။
မည်သို့ဖြစ်ပါစေ အမြဲတမ်း သူတို့က ဟုကျီ၏ အထင်အမြင်သေးခြင်းကို ခံခဲ့ကြရသည်။ ယခုက ဟုကျီ၏ ကျရှုံးမှုကို သူတို့မြင်တွေ့ရမည့်အချိန် ဖြစ်သည်။
ကြေးမုံဖြူမြို့တော်မှ နတ်သားရဲတစ်ကောင်က မြို့အပြင်ဘက်၌ အင်အားစုနှစ်ခုမှ စစ်သည်တော်တစ်သန်းချင်း တိုက်ခိုက်ကြမည်ဟူသော သဘောတူညီချက်ပါဝင်သည့် ကျောက်ပြားတစ်ချပ်ကို သယ်ဆောင်၍ လျောင်ယွမ်မြို့တော်၏ စစ်တပ်ဆီသို့ ပျံသန်းသွားသည်။
ကျူးရုန်က သုံးရက်ကြာပြီးလျှင် သူတို့ရောက်လာလိမ့်မည်ဟု အကြောင်းပြန်လိုက်သည်။
သုံးရက်ကြာပြီးနောက်…
မီးခိုးများနှင့် ဖုန်လုံးများကြားတွင် စစ်သည်တော်တစ်သန်းပါဝင်သော အစွမ်းထက်စစ်တပ်တစ်တပ်က ကြေးမုံဖြူမြို့တော်၏ အပြင်ဘက် မိုင်တစ်ရာဧရိယာဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။
တစ်ချိန်တည်းမှာ ဟုကျီဦးဆောင်သော စစ်သည်တော်တစ်သန်းက မြို့တော်ထဲမှ ထွက်လာကြပြီး လျောင်ယွမ်မြို့တော်စစ်တပ်၏ အရှေ့မှာ နေရာယူလိုက်ကြသည်။
“ ဟုကျီက စစ်သည်တော်တစ်သန်းနဲ့ လက်နက်ချမှာတော့ မဟုတ်လောက်ပါဘူးနော် ”
မြို့တံတိုင်းပေါ်မှ တစ်စုံတစ်ယောက်က တီးတိုးပြောသည်။
“ မဖြစ်နိုင်တာ… ဟုကျီက စစ်သည်တော်တစ်သန်းကို တိုက်ပွဲဆီ ဦးဆောင်သွားမှတော့ သေချာပေါက် အစွမ်းကုန်သုံးပြီး တိုက်ခိုက်လိမ့်မယ် ”
“ ငါသိချင်တာက လျောင်ယွမ်မြို့တော်စစ်တပ်က ကောလဟာလတွေထဲကလို တကယ်အစွမ်းထက်ရဲ့လား ဆိုတာပဲ ”
မြို့တံတိုင်းပေါ်မှ အစွမ်းထက်ပုဂ္ဂိုလ်များက သူတို့၏ ဝိညာဉ်စွမ်းအားကို စေလွှတ်လိုက်ပြီး လျောင်ယွမ်မြို့တော်စစ်တပ်ကို စူးစမ်းလိုက်ကြသည်။
သူတို့က နတ်ဘုရားအင်းသင်္ကေတပညာရှင်များ၊ ရိုးရာနတ်ဆရာများ ဖြစ်ကြလေရာ အားကောင်းသော ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
ထိုသို့အားကောင်းသော ဝိညာဉ်စွမ်းအားကြောင့် မီးခိုးများနှင့် ဖုန်လုံးများက သူတို့၏ အမြင်အာရုံကို မဖုံးကွယ်နိုင်ကြချေ။
သို့သော် ဤအခိုက်အတန့်မှာ သူတို့က မည်သည့်အရာကိုမှ မစူးစမ်းနိုင်ခဲ့ပေ။
ဖြစ်နိုင်သည်မှာ သူတို့၏ ဝိညာဉ်စွမ်းအားက မလုံလောက်ခြင်းလော သို့မဟုတ် ရန်သူ၏ စွမ်းအားက အလွန်သန်မာနေခြင်းလော။
သို့သော် သူတို့မှာ စဉ်းစားနေရန် အချိန်မရှိပေ။ အဖြေက သူ့ဘာသာ ထွက်ပေါ်လာသည်။
“ ဗုန်း ”
အရေအတွက်ထောင်ချီသော တိုက်ပွဲဝင်္ကပါများက ပေတစ်သောင်းရှည်လျားသော ဧရာမရွှေရောင်စစ်ဗိုလ်ချုပ်ပုံရိပ်တစ်ခု၏ ဦးဆောင်မှုအောက်မှာ အရှေ့သို့ ချီတတ်လာနေကြသည်။
စစ်ဗိုလ်ချုပ်က အရွယ်အစား အလွန်ကြီးမားပြီး အနီရောင်ရဲရဲတောက်သော စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သူ၏ လက်ထဲတွင်လည်း တိုက်ပွဲလှံရှည်ကို ဆုပ်ကိုင်ထားသည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း မိုင်ပေါင်းဒါဇင်ခန့် အကွာအဝေးကို ဖြတ်ကျော်သွားသည်။
ရွှေရောင်စစ်ဗိုလ်ချုပ်၏ အနောက်တွင် တိုက်ပွဲဝင်္ကပါများ၏ စွမ်းအားက စုစည်းသွားသည်။ စစ်သည်တော်တစ်ယောက်စီက အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကြပြီး တိုက်ပွဲလက်နက်များကို ကိုင်ဆောင်ထားကြသည်။ သူတို့က မိစ္ဆာသားရဲများကို စီးတော်ယာဉ်အဖြစ် အသုံးပြုထားကြလေရာ အလွန်မြန်ဆန်ကြသည်။
တိုက်ပွဲဝင်္ကပါများကို ထုတ်ဖော်လိုက်သည့်အခါ ရွှေရောင်စစ်ဗိုလ်ချုပ်ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် ထပ်မံ ထွက်ပေါ်လာကြသည်။
အဲ့ဒါက လျောင်ယွမ်မြို့တော်စစ်တပ်လား… ။
“ ဗုန်း ”
ပေတစ်သောင်းရှည်လျားသော စစ်ဗိုလ်ချုပ်က လှံတစ်ချက် ဝှေ့ယမ်းလိုက်သည့်အခါ မိုးမြေက တုန်ယင်သွားသည်။
မရေမတွက်နိုင်သော အလင်းတန်းများက ပေါက်ကွဲထွက်သွားပြီး ကြေးမုံဖြူမြို့တော်၏ စစ်တပ်က ချက်ချင်း ပြိုကွဲပျက်စီးသွားသည်။
ယင်းက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
ရွှေရောင်စစ်ဗိုလ်ချုပ်၏ တိုက်ခိုက်မှုက ထိုနေရာမှာ အဆုံးမသတ်သွားပေ။ သူက ခြေတစ်လှမ်းတည်းဖြင့် မြို့တံတိုင်းဆီသို့ ရောက်ရှိလာပြီး သူ၏ လှံရှည်ကို အောက်သို့ အကြမ်းပတမ်း ထိုးစိုက်လိုက်သည်။
“ ဝုန်း ”
မြို့တံတိုင်းက ကျယ်လောင်သော မြည်သံနှင့်အတူ ပေါက်ကွဲသွားသည်။
နတ်ဘုရားအင်းသင်္ကေတပညာရှင်ဖြစ်စေ သို့မဟုတ် ရိုးရာနတ်ဆရာဖြစ်စေ၊ သို့မဟုတ် အကြီးအကဲဖြစ်စေ၊ သို့မဟုတ် စစ်ဗိုလ်ချုပ်ဖြစ်စေ သူတို့အားလုံးက ထိုလှံချက်အောက်မှာ ဖုန်မှုန့်ဖြစ်သွားကြသည်။
နတ်သားရဲများက လူသားအသွင်မှ သားရဲအသွင်သို့ ပြန်ပြောင်းလဲလိုက်ကြပြီး အဝေးသို့ ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။
ယခုအချိန်မှ သူတို့ထွက်မပြေးလျှင် သေဆုံးသွားကြလိမ့်မည် မဟုတ်ပါလော။
လှံတစ်ချက်နှင့်အတူ ကြေးမုံဖြူမြို့တော်က ကျဆုံးသွားသည်။
ထိုမြင်ကွင်းက အဝေးမှ လေ့လာစောင့်ကြည့်နေကြသော အင်အားစုများကို ကျောက်ရုပ်ဖြစ်သွားစေသည်။
“ လျောင်ယွမ်မျိုးနွယ်စု… ”
“ အနိုင်ရရမယ် ”
ကျူးရုန်က ကောင်းကင်ကို မော့ကြည့်၍ ကြုံးဝါးလိုက်သည့်အခါ သူ့အနောက်မှ စစ်သည်တော်များက ကျယ်လောင်စွာ သံပြိုင်အော်လိုက်ကြသည်။
“ လျောင်ယွမ်မျိုးနွယ်စု… ”
“ အနိုင်ရရမယ် ”
သူတို့၏ အော်သံများက မိုးမြေကြားထဲမှာ ပဲ့တင်ထပ်သွားသည့်အခါ မိုးကောင်းကင်၏ အရောင်က ပြောင်းလဲသွားသည်။
လျောင်ယွမ်မြို့တော်စစ်တပ်သည် ကြေးမုံဖြူမြို့တော်ကို သိမ်းပိုက်ပြီးသော်လည်း မရပ်တန့်ခဲ့ပေ။ သူတို့က နောက်ထပ် လူသားမြို့တော်တစ်မြို့ဆီသို့ ချီတတ်သွားကြသည်။
ယခုအချိန်မှာ မည်သည့်လူသားမျိုးနွယ်စုမှ လျောင်ယွမ်မြို့တော်စစ်တပ်၏ တိုက်ခိုက်မှုကို မခုခံနိုင်ကြချေ။
ဆယ်ရက်ကြာပြီးနောက် လူသားသန်းငါးဆယ်ရှိသော ကျောက်စိမ်းမြို့တော်က လျောင်ယွမ်မြို့တော်နှင့် မဟာမိတ်ဖွဲ့လိုက်ကြောင်း ကြေညာလိုက်သည်။
ယင်းက သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမဟုတ်ပါလော။
ပေတစ်သောင်းရှည်လျားသော ရွှေရောင်စစ်ဗိုလ်ချုပ်၏ လှံတစ်ချက်က အချင်းမိုင်တစ်သောင်းအတွင်းမှ အရာအားလုံးကို အမြစ်ဖြတ်ဖျက်ဆီးပစ်နိုင်လေရာ သူတို့၏ မြို့တော်က ၎င်းကို မည်သို့ ခုခံတွန်းလှန်နိုင်မည်နည်း။
သို့မဟုတ်လျှင် သူတို့၏ မြို့တော်က ထိုလှံအောက်မှာ တိုက်ရိုက် ဖျက်ဆီးခံရလိမ့်မည်။