← Chapters

အခန်း (၁၅၄၈)

Vol. 111 Ch. 1548

အခန်း (၁၅၄၈)

Vol. 111 Ch. 1548

ကျူးရုန်ဦးဆောင်သော စစ်တပ်က လုံးဝ မရပ်တန့်ခဲ့ပေ။ သူတို့က အလင်းမြစ်ကို ဖြတ်ကျော်၍ တခြားမြို့တော်ဆီသို့ ဆက်လက် ချီတတ်သွားကြသည်။

ယင်းကို စောင့်ကြည့်နေကြသော ရှေးဦးအပျက်အစီးတောအုပ်ထဲမှ အင်အားစုအားလုံးက တုန်လှုပ်ချောက်ချားသွားကြသည်။

အတိတ်မှာ သူတို့က စွန့်ပစ်ကုန်းမြေမှ လူသားများကို အထင်သေးခဲ့ကြသည်။ သူတို့က စွန့်ပစ်ကုန်းမြေမှ လူသားများကို ပုရွက်ဆိတ်များဟု သတ်မှတ်ခဲ့ကြသည်။ သို့သော်လည်း ထိုလူသားများက ပုရွက်ဆိတ်များမဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်သော ဘီလူးများဖြစ်ကြောင်း ယခုမှ သူတို့နားလည်သွားကြသည်။

မည်သည့်မြို့တော်မှ လျောင်ယွမ်မြို့တော်စစ်တပ်ကို မခုခံနိုင်ခဲ့ပေ။

မြို့တော်အများစုက သိမ်းပိုက်ခံလိုက်ရပြီး လျောင်ယွမ်မြို့တော်၏ လက်အောက်သို့ ကျရောက်သွားသည့်အခါ ကျူးရုန်နှင့် သူ့အနောက်မှ စစ်သည်တော်များ၏ အင်အားက ပိုပြီးသန်မာလာသည်။

သူတို့က မူလစွမ်းအား၏ ကောင်းချီးပေးမှုကြောင့် အဆုံးစွန်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်သွားကြသည်။

ကျူးရုန်၏ စီးတော်သားရဲဖြစ်သော အတောင်ပံပါကျားနက်သည်ပင် ယခု အဆင့်မြင့်နတ်သားရဲတစ်ကောင် ဖြစ်လာသည်။ ၎င်း၏ သွေးမျိုးဆက်စွမ်းအားက အလွန်သိပ်သည်းသွားလေရာ ၎င်းဆီမှာ အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းနိုင်မည့် အခွင့်အရေးတစ်ခု ရှိလာသည်။

မှန်ပေ၏။ အုပ်ချုပ်သူတစ်ပါးဖြစ်လာရန် အတောင်ပံပါကျားနက်က အလွန်ကြီးမားသော အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရလိမ့်မည်။

မိုးတိမ်မြို့တော်… ။

မိုးတိမ်မြို့တော်သည် ရှေးဦးအပျက်အစီးတောအုပ်ထဲမှ မြို့ကြီးတစ်ရာအနက် တစ်မြို့အပါအဝင်ဖြစ်သည်။ မြို့တော်က အလွန်ကျယ်ပြောသော ဧရိယာကို ပိုင်ဆိုင်ထားပြီး စုစုပေါင်းလူဦးရေ သုံးဘီလီယံရှိသည်။

မြို့ငယ်အသီးသီးထံမှ စုဝေးထားသော စစ်သည်တော်သန်းသုံးဆယ်က မိုးတိမ်မြို့တော်၏ အပြင်ဘက်မှာ တပ်ဆွဲထားကြပြီး လျောင်ယွမ်မြို့တော်စစ်တပ်၏ ရောက်ရှိလာမှုကို စောင့်ဆိုင်းနေကြသည်။

စစ်သည်တော်သန်းသုံးဆယ်၏ အနောက်မှာ ပိုပြီးခမ်းနားထည်ဝါသော အင်အားစုတစ်ခု တည်ရှိသည်။

ယင်းက ကီရင်စစ်တပ်ဖြစ်သည်။

ကီရင်နတ်သားရဲသည် မိုးတိမ်မြို့တော်၏ တိုတမ်နတ်သားရဲ ဖြစ်သည်။

ကမ္ဘာဦးအုပ်ချုပ်သူအဆင့် ကီရင်နတ်သားရဲသုံးကောင်က ရှေးဦးအပျက်အစီးကုန်းမြေ၏ အပြင်ဘက်မှ ပြန်ရောက်လာခဲ့ကြသည်။ ထို့ပြင် ၎င်းတို့၏ လက်အောက်မှာ တခြားအဆင့်မြင့်နတ်သားရဲများက အရေအတွက်တစ်ရာခန့် ရှိသည်။

ထို့ကြောင့် အလွန်အားကောင်းသော သွေးချီစွမ်းအားက မိုးမြေကြားထဲမှာ ပရမ်းပတာ လှုပ်ခတ်နေသည်။

အကယ်၍ လျောင်ယွမ်မြို့တော်စစ်တပ်သာ မိုးတိမ်မြို့အပြင်ဘက်၌ တားဆီးခံရမည်ဆိုလျှင် ကီရင်နတ်သားရဲမျိုးနွယ်စုက အရှေ့သို့ တိုက်ရိုက် ချီတတ်လာကြပြီး တိုက်ပွဲဝင်္ကပါများကို ဖျက်ဆီးပစ်ကြလိမ့်မည်။

အလွန်အားကောင်းသော သွေးချီစွမ်းအားကို ထုတ်လွှတ်နေသည့် ကီရင်တစ်ကောင်က အစိမ်းရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူထွားကြီးတစ်ယောက်အဖြစ် အသွင်ပြောင်းလဲသွားသည်။ သူက အရှေ့သို့ လှမ်းကြည့်လိုက်ပြီး မောက်မာထောင်လွှားစွာ ပြောသည်။

“ အဲ့ဒီကျူးရုန်ဆိုတဲ့ကောင်က ကောလဟာလတွေထဲကလို တကယ်ပဲ အစွမ်းထက်ရဲ့လားဆိုတာ ငါစမ်းကြည့်ချင်တယ်… မဟုတ်ရင်တော့ သူ့ကို တိုက်ရိုက် သတ်ပစ်ပြီး သူ့ရဲ့ မူလစွမ်းအားကို ငါဝါးမျိုပစ်မယ် ”

လူထွားကြီးက အေးတိအေးစက် နှာခေါင်းရှုံ့လိုက်သည်။

သူက စကားဆုံးသည်နှင့် ခေါင်းမော့လိုက်ပြီး အဝေးမှ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။

“ ဂျိန်း ”

စစ်တပ်ရောက်လာသည်နှင့် ကျယ်လောင်သော မိုးခြိမ်းသံက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ ဒီလိုအချိန်မျိုးမှာ ဘယ်သူက ကပ်ဘေးကို ကျော်လွှားနေတာလဲ ”

ကပ်ဘေး ကျော်လွှားတယ်လား… ။

အခုချိန်က ကပ်ဘေးကျော်လွှားရမယ့်အချိန် မဟုတ်ဘူးလေ… ။

ကောင်းကင်နှင့် မြေပြင်ကြားတွင် လျှပ်စီးတန်းများက အဆုံးမဲ့စွာ ဆင်းသက်လာကြသည်။

“ အဲ့ဒါ လျောင်ယွမ်မြို့တော်ရဲ့ နတ်ဘုရားအင်းသင်္ကေတပညာရှင် ဟန်မူယဲ့ပဲ ”

နတ်သားရဲတစ်ကောင်က အော်ပြောလိုက်သည်။ ထို့နောက် ၎င်းက ပေတစ်ရာရှည်လျားသော ကီရင်နတ်သားရဲအဖြစ် အသွင်ပြောင်းလဲလိုက်ပြီး ကောင်းကင်ပေါ်မှ လျှပ်စီးပင်လယ်ဆီသို့ ပျံသန်းသွားသည်။

ဤကမ္ဘာဦးလောကထဲတွင် လျောင်ယွမ်မြို့တော်မှ ဟန်မူယဲ့တစ်ယောက်တည်းသာ ကောင်းကင်ဘုံမိုးကြိုးကို ထိန်းချုပ်နိုင်သည်။

“ ဂျိန်း ”

အဆုံးမဲ့သော လျှပ်စီးတန်းများက ကီရင်နတ်သားရဲမျိုးနွယ်စုကို လွှမ်းခြုံသွားကြသည်။

ဟန်မူယဲ့က လက်နောက်ပစ်လျက် ဟင်းလင်းပြင်ထဲမှာ တစ်လှမ်းချင်း လမ်းလျှောက်နေသည်။

အဆုံးမဲ့သော လျှပ်စီးတန်းများက သူ၏ ဘေးပတ်ဝန်းကျင်မှာ စက်ဝိုင်းသဏ္ဍာန် ရစ်ပတ်နေကြသည်။

“ ဟန်မူယဲ့လား… မင်းက သေချင်နေတာပဲ ”

အစိမ်းရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူထွားကြီးက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူ၏ လှံရှည်ကို ဟန်မူယဲ့ထံသို့ ထိုးသွင်းလိုက်သည်။

ထိုအခါ ရေမူလစွမ်းအားက ဟင်းလင်းပြင်ထဲမှာ ပေါ်လျှိုးလာပြီး ရေနဂါးအကောင်တစ်ထောင်အဖြစ် ဖွဲ့စည်းသွားကြသည်။

ကီရင်နတ်သားရဲသည် ရေဒြပ်စင်အထူးပြု နတ်သားရဲများ၏ အရှင်သခင်ဖြစ်သည်။ ၎င်းတို့က ရေမူလစွမ်းအားကို ထိန်းချုပ်နိုင်လေရာ ဤလောကထဲမှ ရေအားလုံးက ၎င်းတို့၏ ထိန်းချုပ်မှုအောက်မှာသာ ရှိသည်။

“ ဟန်မူယဲ့က မိုးမြေရဲ့ ကောင်းချီးပေးမှုကို အမြဲတမ်း ရရှိထားပေမဲ့ သူ့ရဲ့ တကယ့်အစွမ်းအစက ဘယ်လောက်ရှိမှာမို့လို့လဲ ”

“ ကမ္ဘာဦးအုပ်ချုပ်သူအဆင့် ကီရင်နတ်သားရဲတစ်ကောင်ကို သူမရင်ဆိုင်နိုင်လောက်ဘူးမလား ”

“ သူက ဘယ်လောက်တောင် သတ္တိရှိလို့ ကီရင်နတ်သားရဲမျိုးနွယ်ဆီ တစ်ယောက်တည်း ရောက်လာရဲတာလဲ ”

ဟင်းလင်းပြင်ထဲတွင် မရေမတွက်နိုင်သော စိတ်အာရုံများက ထွက်ပေါ်လာကြသည်။

ကီရင်၊ မိုးပြာရောင်နဂါး၊ ဖီးနစ်နှင့် ခွန်ပန်သည် ရှေးဦးအပျက်အစီးတောအုပ်၏ ထိပ်တန်းနတ်သားရဲမျိုးနွယ်စုများ ဖြစ်ကြသည်။ မျိုးနွယ်စုတစ်ခုစီမှာ အုပ်ချုပ်သူများ ရှိကြသည်။

အဓိကအရေးကြီးဆုံးမှာ ၎င်းတို့၏ သွေးမျိုးဆက်စွမ်းအားက အလွန်အားကောင်းသည်။ ၎င်းတို့ထဲမှ မည်သည့်နတ်သားရဲမျိုးနွယ်စုမဆို ရှိန်လောက်စရာကောင်း၏။

မျိုးနွယ်စုတစ်ခုစီမှာ အဆင့်မြင့်နတ်သားရဲအများကြီး ရှိကြသည်။

“ အတိတ်မှာ ကြယ်စင်စုစကြာဝဠာက ရှေးဦးအပျက်အစီးတောအုပ်ထဲက သက်ရှိတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာ အကြောင်းမဲ့မဟုတ်ဘူး ”

ဟန်မူယဲ့က လက်နောက်ပစ်ထားလျက် သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

“ မိုးမြေက ဘယ်လောက် ကျယ်ပြောလဲဆိုတာ မသိသေးတဲ့ကောင်တွေကို သင်ခန်းစာတစ်ခု ပေးရမယ် ”

သူက ဖြည်းညင်းစွာ လက်မြှောက်လိုက်သည်။

သူ၏ အရှေ့တွင် ရေနဂါးတစ်ကောင် ထွက်ပေါ်လာသည်။

ရေမူလစွမ်းအားကို အသုံးပြု၍ ရေဒြပ်စင်နတ်သားရဲ ကီရင်ကို တန်ပြန်တိုက်ခိုက်မည်။

…..

ဟန်မူယဲ့၏ လက်ဖဝါးများကြားတွင် ရေနဂါးပုံရိပ်များ ထွက်ပေါ်လာကြသည်။

ထိုရေနဂါးများက အတူတကွ စုဝေးသွားကြပြီး အကန့်အသတ်မဲ့သော သန့်ရှင်းစင်ကြယ်မှုကို ထုတ်လွှတ်လိုက်ကြသည်။

“ ဗုန်း ”

ရေနဂါးများအချင်းချင်း ထိပ်တိုက်တွေ့ဆုံသွားကြသည့်အခါ ဟန်မူယဲ့၏ ရေနဂါးများက တိုက်ရိုက် ပျက်စီးသွားကြသည်။

အုပ်ချုပ်သူကီရင်သားရဲ၏ ရေနဂါးများက မည်သည့်ထိခိုက်ဒဏ်ရာမှ မရရှိသွားပေ။ ထို့ပြင် ၎င်းတို့က ဟန်မူယဲ့၏ ရေမူလစွမ်းအားကိုလည်း စုပ်ယူလိုက်ကြသည်။ သို့ဖြစ်၍ အုပ်ချုပ်သူကီရင်သားရဲ၏ ရေနဂါးများက အရွယ်အစား ပိုကြီးမားလာကြသည်။ ၎င်းတို့၏ ရေမူလစွမ်းအားသည်လည်း ပိုပြီးသိပ်သည်းသွားသည်။

ရေနဂါးများက အေးတိအေးစက် ဟိန်းသံကို ထုတ်ဖော်လိုက်ကြသည်။ ဤအခိုက်အတန့်မှာ ၎င်းတို့က ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြောင်းလဲသွားကြတော့မည့်အလားပင်။

“ ဟား ဟား… ဒါလား လျောင်ယွမ်မြို့တော်ရဲ့ ပြိုင်ဘက်ကင်း နတ်ဘုရားအင်းသင်္ကေတပညာရှင်ဆိုတာလား ”

ဟင်းလင်းပြင်ထဲမှ တစ်စုံတစ်ယောက်က အထင်သေးရှုံ့ချစွာ အော်ပြောလိုက်သည်။

“ မိုးမြေရဲ့ ကောင်းချီးပေးမှုကို ရရှိထားတဲ့လူသားက အရမ်းသန်မာလိမ့်မယ်လို့ ငါထင်ထားခဲ့တာ… အခုတော့ သူက အုပ်ချုပ်သူတစ်ပါးကိုတောင် မရင်ဆိုင်နိုင်ပါလား ”

“ မဟုတ်ဘူး… သူက အရမ်းမောက်မာလွန်းတာ… ကီရင်နတ်သားရဲရှေ့မှာ ရေမူလစွမ်းအားကို ထုတ်သုံးရဲတာ ဘယ်လိုအရူးလဲ ”

လူသားအသွင်ပြောင်းလဲထားသော နတ်သားရဲတစ်ကောင်က ရယ်မောလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

လျောင်ယွမ်မျိုးနွယ်စုက မီးတောက်မူလစွမ်းအားကြောင့် နာမည်ကျော်ကြားကြောင်း လူတိုင်းသိထားကြသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် ဟန်မူယဲ့က ကီရင်နတ်သားရဲ၏ အရှေ့မှာ ရေမူလစွမ်းအားကို အသုံးပြုခဲ့သည်။ မည်သည့်အရာက သူ့ကို ထိုမျှယုံကြည်ချက်ရှိစေသနည်း။

“ နောက်တစ်ခါ သူတိုက်ခိုက်ရင် မီးတောက်မူလစွမ်းအားကို အသုံးပြုလောက်တယ် ”

“ မီးတောက်လား… ဒါပေမဲ့ မီးက ဘယ်လိုလုပ် ရေကို အနိုင်ရမှာလဲ ”

ဟင်းလင်းပြင်ထဲမှ နတ်ဘုရားစိတ်အာရုံများထဲမှာ စူးစမ်းလိုစိတ်၊ သံသယစိတ်ဖြင့် ပြည့်နှက်နေသည်။

ဟန်မူယဲ့က ရေဒြပ်စင်အထူးပြု အုပ်ချုပ်သူတစ်ပါးကို အနိုင်ယူနိုင်မည်လော ၎င်းတို့စူးစမ်းသိချင်ကြသည်။

“ ဂရား ”

အုပ်ချုပ်သူကီရင်သားရဲက နဂါးဟိန်းသံကို ထုတ်ဖော်လိုက်ပြီး ထပ်မံ တိုက်ခိုက်လိုက်သည်။ အရွယ်အစားပိုကြီးမားသော ရေနဂါးများက ဟန်မူယဲ့ထံသို့ ဦးတည်သွားကြသည်။

ဟန်မူယဲ့က သူ၏ လက်ကို နောက်တစ်ကြိမ် မြှောက်လိုက်သည်။

ရေမူလစွမ်းအားက သူ၏ လက်ဖဝါးထဲမှာ ထပ်မံ စုဝေးသွားပြန်သည်။

ထိုမြင်ကွင်းက နတ်သားရဲအများကြီးကို ဆွံ့အသွားစေသည်။

“ အဲ့ဒီလူသားက လက်မလျော့သေးဘူးလား ”

ဟန်မူယဲ့က လက်မလျော့သည့်အပြင် ရေနဂါးများကို ထပ်မံ ဖန်တီးလိုက်သည်။ သို့သော်လည်း ထုံးစံအတိုင်း ၎င်းတို့က အုပ်ချုပ်သူကီရင်သားရဲ ဖန်တီးထားသော ဧရာမရေနဂါးများ၏ ဝါးမျိုခံလိုက်ရသည်။ ဤတစ်ကြိမ်မှာ ဧရာမရေနဂါးများက ဟန်မူယဲ့၏ ရေနဂါးများကို ဝါးမျိုပြီးနောက် ရေခဲနဂါးများအဖြစ် ဆင့်ကဲပြောင်းလဲသွားကြသည်။

ထိုရေခဲနဂါးများက ပေတစ်သောင်းအရွယ်အစားထိ ရှည်လျားကြသည်။ ရေခဲနဂါးများ၏ ရွေ့လျားမှုကြောင့် ဘေးပတ်ဝန်းကျင်မှ ကုန်းမြေက ရေခဲဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။

ဟန်မူယဲ့သည် တုံ့ဆိုင်းမနေဘဲ နောက်တစ်ကြိမ် လက်မြှောက်လိုက်သည်။ ဤတစ်ကြိမ်တွင်လည်း သူက ရေမူလစွမ်းအားကိုသာ ထုတ်ဖော်လိုက်သည်။ ရေနဂါးများက ထပ်မံ ထွက်ပေါ်လာကြသည်။

“ သူတကယ် ရူးသွားပြီလား ”

“ သူက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ ”

“ ရေမူလစွမ်းအားကို ပေးအပ်ရင် အုပ်ချုပ်သူကီရင်သားရဲက သူ့ကို အသက်ချမ်းသာပေးမယ်လို့ သူတွေးနေတာလား ”

နတ်သားရဲများက အထင်သေးရှုံ့ချစွာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဇဝေဇဝါဖြစ်သွားသော နတ်ဘုရားစိတ်အာရုံများက ဟင်းလင်းပြင်ထဲမှာ ပျံ့နှံ့သွားကြသည်။

ဟန်မူယဲ့က ထပ်မံ လက်မြှောက်လိုက်ကြောင်း နတ်သားရဲများက မြင်လိုက်ကြရသည်။

ယင်းက ရေမူလစွမ်းအားဖြစ်နေဆဲပင်။ ရေနဂါးများက ထပ်မံ ထွက်ပေါ်လာကြသည်။

ရေနဂါးများက အုပ်ချုပ်သူကီရင်သားရဲ ဖန်တီးထားသော ရေခဲနဂါးများဖြင့် ထိပ်တိုက်တွေ့ဆုံသွားကြသည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် ၎င်းတို့က တိုက်ရိုက် ဝါးမျိုမခံကြရတော့ချေ။ ယင်းအစား ရေနဂါးများက ရေအလွှာများကို ထုတ်လွှတ်လိုက်ကြပြီး ရေခဲနဂါးများကို ဖုံးလွှမ်းလိုက်ကြသည်။

အုပ်ချုပ်သူကီရင်သားရဲက အံ့ဩသွားပြီး တိုးညင်းစွာ ဟိန်းဟောက်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ရေခဲနဂါးများက ၎င်း၏ အမိန့်ကို မနာခံကြတော့ပေ။ ၎င်းတို့က အုပ်ချုပ်သူကီရင်သားရဲ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားကြသည်။

ဘာဖြစ်သွားတာလဲ… ။

ဤအခိုက်အတန့်မှာ နတ်သားရဲအားလုံးက အံ့ဩသွားကြသည်။

၎င်းတို့၏ ကိုယ်ပိုင်သဘာဝလွန်စွမ်းအား၊ ကိုယ်ပိုင်မူလစွမ်းအားက မည်သို့ကြောင့် ထိန်းချုပ်မှုကင်းလွတ်သွားရသနည်း။

“ ခရက် ”

ရေအလွှာများဖြင့် ဖုံးလွှမ်းခံထားရသော ရေခဲနဂါးများက စတင်အက်ကွဲသွားကြသည်။

နတ်သားရဲအားလုံးက ထိုမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး မျက်လုံးပြူးကျယ်သွားကြသည်။

ဟန်မူယဲ့က ရေမူလစွမ်းအားမှ ဖန်တီးထားသော ထိုနဂါးများကို အက်ကွဲစေရန် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သနည်း။

“ ဒီလောကမှာ အဲ့ဒီလိုထူးဆန်းတဲ့ နည်းလမ်းတစ်ခု တကယ်ရှိတာလား ”

နတ်သားရဲတစ်ကောင်က တီးတိုးရေရွတ်လိုက်သည်။

မဖြစ်နိုင်တာ… ။

အုပ်ချုပ်သူကီရင်သားရဲက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အရှေ့သို့ ပျံသန်းသွားသည်။ အေးတိအေးစက်အလင်းက ၎င်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

၎င်းက ရေအလွှာများဆီသို့ တိုက်ရိုက် ဦးတည်သွားပြီး ၎င်း၏ လက်သည်းဖြင့် ကုတ်ဆွဲလိုက်သည်။

“ ဗုန်း ”

ရေအလွှာများက အက်ကွဲသွားကြပြီး အထဲမှ နဂါးများ၏ ဝါးမျိုခံလိုက်ကြရသည်။

ရေအလွှာအများကြီးကို ဝါးမျိုလိုက်သောကြောင့် အစောနက အက်ကွဲသွားခဲ့သော ရေခဲနဂါးများ၏ ခန္ဓာကိုယ်က ပြန်ကောင်းမွန်သွားသည်။

အုပ်ချုပ်သူကီရင်သားရဲက နဂါးများကို ပြန်ထိန်းချုပ်နိုင်သွားသည့်အခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။

အဲ့ဒါ ဟာသမဟုတ်ပေဘူးလား… ။

အကယ်၍ ရေဒြပ်စင်အထူးပြု အုပ်ချုပ်သူနတ်သားရဲတစ်ကောင်က ၎င်း၏ ကိုယ်ပိုင်သဘာဝလွန်စွမ်းအားကို မထိန်းချုပ်နိုင်ဘူးဆိုလျှင် ၎င်းက အနာဂတ်မှာ တခြားနတ်သားရဲများကို မည်သို့မျက်နှာပြဝံ့တော့မည်နည်း။

တခြားနတ်သားရဲများသည်လည်း စိတ်သက်သာရာရသွားကြသည်။

၎င်းတို့မျှော်လင့်ထားသလိုပင် ဤလောကမှာ တခြားတစ်ယောက်၏ သဘာဝလွန်စွမ်းအားကို ထိန်းချုပ်နိုင်သောအရာ မရှိဘူးမဟုတ်ပါလော။

ထိုအချိန်တွင် ဟန်မူယဲ့နှင့် အုပ်ချုပ်သူကီရင်သားရဲကြားမှ အကွာအဝေးက အလွန်ကျဉ်းမြောင်းသွားသည်။ ၎င်းတို့ကြားထဲမှာ ဧရာမရေခဲနဂါးအကောင်တစ်ထောင်သာ ရှိတော့သည်။

“ အဲ့ဒါ မင်းအစွမ်းအကုန်ပဲလား ”

အုပ်ချုပ်သူကီရင်သားရဲက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။ တစ်ချိန်တည်းမှာ ရေခဲနဂါးအကောင်တစ်ထောင်က ၎င်းတို့၏ ဧရာမပါးစပ်ကြီးကို ဖွင့်ဟလိုက်ကြသည်။

“ ဒါအကုန်ပဲလား ”

ဟန်မူယဲ့၏ အမူအရာက တည်ငြိမ်နေသည်။

အဝေးတွင် လျောင်ယွမ်မြို့တော်စစ်တပ်က စတင်ချီတတ်လာနေသည်။

ရွှေရောင်စစ်ဗိုလ်ချုပ်ပုံရိပ်များက လှံရှည်များနှင့် ဓားမော့ရှည်များကို ဝှေ့ယမ်း၍ မရပ်တန့်နိုင်သော အရှိန်အဟုန်ဖြင့် အရှေ့သို့ ချီတတ်လာနေကြသည်။ သူတို့၏ တိုက်ပွဲအခင်းအကျင်းက အလွန်စည်းစနစ်ကျသည်။

မည်သည့်ရန်သူမှ ထိုစစ်တပ်ကို မဟန့်တားနိုင်ပေ။

ကျူးရုန်၏ ဦးခေါင်းပေါ်မှ ရွှေရောင်စစ်ဗိုလ်ချုပ်ပုံရိပ်က မီးတောက်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ၏ လက်ထဲမှ လှံရှည်က အစစ်အမှန်သဖွယ် အောက်မေ့ရသည်။

မိုးတိမ်မြို့တော်၏ စစ်တပ်မှ အစွမ်းထက်ပုဂ္ဂိုလ်အားလုံးက တုန်ယင်သွားကြသည်။

မိုးတိမ်မြို့တော်၏ တိုက်ပွဲဝင်္ကပါနှင့် ခံစစ်ကြောင်းသည် အရှေ့သို့ တစ်ဟုန်ထိုး ချီတတ်လာနေသော လျောင်ယွမ်မြို့တော်စစ်တပ်ကို မတားဆီးနိုင်ပေ။

အကယ်၍ သူတို့က လျောင်ယွမ်မြို့တော်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းချင်သည်ဆိုလျှင် ကီရင်နတ်သားရဲမျိုးနွယ်စုအပေါ် မှီခိုအားထားရလိမ့်မည်။

“ ကီရင်နတ်သားရဲမျိုးနွယ်စုအတွက် ငါတို့တွေ တတ်နိုင်သလောက် အချိန်ဆွဲပေးရမယ် ”

မြို့တံတိုင်းပေါ်မှာ မတ်တတ်ရပ်နေသော မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး လက်မြှောက်လိုက်သည်။ သူ၏ လက်ထဲတွင် ရှည်လျားသော မီးခိုးရောင်တုတ်တစ်ချောင်းကို ဆုပ်ကိုင်ထားသည်။

သူစတင်လှုပ်ရှားလိုက်သည့်အခါ တတိယမျက်လုံးက သူ၏ နဖူးပေါ်မှာ ထွက်ပေါ်လာသည်။

သူ၏ ကျောနောက်တွင် တခြားလက်တစ်စုံက ထွက်ပေါ်လာသည်။

လက်လေးဖက်နှင့် မျက်လုံးသုံးလုံး… ။

ယင်းက ကန်အန်းမျိုးနွယ်စု၏ အမှတ်သင်္ကေတဖြစ်သည်။

သို့သော်လည်း ယင်းက အပေါ်ယံ ရုပ်သဏ္ဍာန်သာဖြစ်ကြောင်း ဟန်မူယဲ့ နားလည်သည်။ မျိုးနွယ်စုတစ်ခုက အဆင့်တစ်ခုထိ အင်အားကြီးမားလာသည့်အခါ သူတို့နှင့် အသင့်တော်ဆုံးဖြစ်သော ရုပ်အသွင်သဏ္ဍာန်ကို ပြောင်းလဲနိုင်ကြလိမ့်မည်။

ကန်အန်းမျိုးနွယ်စု၏ စကြာဝဠာက အထက်ဘုံနှင့် အနီးကပ်ဆုံးနေရာမှာ တည်ရှိသည်။ အထက်ဘုံမှ စိမ့်ထွက်လာသော မူလစွမ်းအားက သူတို့အတွက် တောင့်ခံရန် အလွန်ခက်ခဲလေရာ သူတို့က မျက်လုံးသုံးလုံးနှင့် လက်လေးဖက်အသွင်သဏ္ဍာန်သို့ ဆင့်ကဲပြောင်းလဲသွားကြသည်။

မျက်လုံးသုံးလုံးနှင့် လက်လေးဖက်အသွင်သဏ္ဍာန်သည် လူသားမျိုးနွယ်မှ သာမန်လူများ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော စွမ်းအားကို ထုတ်ဖော်နိုင်ကြသည်။

နတ်သားရဲအများစုသည်လည်း ၎င်းတို့၏ မူလစွမ်းအားနှင့် သဘာဝလွန်စွမ်းအားကို အကောင်းဆုံး ထုတ်လွှတ်နိုင်မည့် ရုပ်အသွင်သဏ္ဍာန်သို့ ဆင့်ကဲပြောင်းလဲကြလေ့ ရှိသည်။

လူသားမျိုးနွယ်သည်တော့ သူတို့က ထိုသို့မလုပ်ဆောင်နိုင်သော်လည်း အံ့ဖွယ်ကောင်းသော မျှခြေညီမှုကို ပိုင်ဆိုင်ထားကြသည်။

မည်သို့ဖြစ်ပါစေ အရာအားလုံးမှာ အားသာချက်များ အားနည်းချက်များ ကိုယ်စီရှိကြသည်။

မိုးတိမ်မြို့တော်ထဲတွင် အနည်းဆုံး အရေအတွက်သိန်းချီသော ကန်အန်းမျိုးနွယ်ဝင်များက ကောင်းကင်ပေါ်သို့ ခုန်တတ်လိုက်ကြပြီး ကျူးရုန်ဦးဆောင်သော စစ်တပ်ဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားကြသည်။

All Chapters