← Chapters

အခန်း (၁၅၅၄)

Vol. 111 Ch. 1554

အခန်း (၁၅၅၄)

Vol. 111 Ch. 1554

ရေကန်ထဲတွင် အရွယ်အစား ပိုသေးငယ်သော မဟာပန်သွန်ကျောက်တုံးအများအပြား ပြန့်ကျဲနေကြသည်။ ယင်းတို့က နတ်သားရဲများကို ကမ္ဘာဦးအုပ်ချုပ်သူအဆင့်အတန်းအား ပိုင်ဆိုင်နိုင်စေမည့် အခွင့်အရေးများ ဖြစ်ကြသည်။

မည်သို့ဖြစ်ပါစေ အရွယ်အစားကြီးမားသော မဟာပန်သွန်ကျောက်တုံးများကို ဤနေရာမှာ ထားရှိခြင်းက ကောင်းသောအရာ မဟုတ်ပေ။ သူတို့က မဟာပန်သွန်ကျောက်တုံးများ၏ စွမ်းအားကြောင့် အန္တရာယ်ရှိနိုင်ကြသည်။

ဟန်မူယဲ့က မဟာပန်သွန်ဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ ခန္ဓာကိုယ်ကို သန့်စင်နိုင်ခဲ့ခြင်းက ကံကောင်းမှုကြောင့် ဖြစ်သည်။ သို့မဟုတ်လျှင် သူက တစ်ဖက်လူ၏ ဝါးမျိုခြင်းကို ခံရလိမ့်မည်။

ဟန်မူယဲ့ ကမ်းစပ်ဆီသို့ ‌ပြန်ရောက်လာသည့်အခါ ပေတစ်သောင်းရှည်လျားသော အရိုးမျှော်စင်က ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်သည်။

လူသားစစ်သည်တော်အားလုံးက မျှော်စင်၏ ဘေးပတ်ဝန်းကျင်မှာ ‌ကာကွယ်စောင့်ကြပ်နေကြသည်။

အဝေးတွင် နတ်သားရဲအများအပြားက ရောက်ရှိလာကြပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

ဟန်မူယဲ့က အရှေ့သို့ လျှောက်သွားပြီး ပေတစ်သောင်းရှည်လျားသော အရိုးမျှော်စင်ပေါ်သို့ တတ်သွားသည်။

သူက မျှော်စင်ပေါ်မှာ မူလအုပ်ချုပ်သူခန္ဓာကိုယ်ကို သန့်စင်ပေးရန် ရည်ရွယ်ထားသည်။ ထိုမူလအုပ်ချုပ်သူခန္ဓာကိုယ်က ကမ္ဘာဦးအုပ်ချုပ်သူအဆင့် နတ်သားရဲများကို မူလအုပ်ချုပ်သူအဆင့်အတန်းအား ပိုင်ဆိုင်နိုင်စေလိမ့်မည်။

ထိုသို့သွေးဆောင်မှုကြောင့်သာ အုပ်ချုပ်သူနတ်သားရဲများက ကောင်းကင်ရင်းမြစ်စုဝေးပွဲမှာ ပါဝင်ရန် ဆန္ဒရှိကြလိမ့်မည်။

ဤအခိုက်အတန့်မှာ ဝိညာဉ်စွမ်းအင်လှိုင်းများက ဟန်မူယဲ့ပေါ်သို့ ကျရောက်လာကြသည်။ မူလအုပ်ချုပ်သူခန္ဓာကိုယ်အား ဟန်မူယဲ့ မည်သို့သန်စင်မည်ကို ၎င်းတို့စူးစမ်းသိချင်ကြသည်။

ဟန်မူယဲ့က ကီရင်နတ်သားရဲမျိုးနွယ်စု၏ ရေမူလစွမ်းအားကို အသုံးပြု၍ မူလအုပ်ချုပ်သူအစွမ်းရှိသော ကုန်းကုန်းကို ဖန်တီးခဲ့ကြောင်း ၎င်းတို့သိထားကြသည်။

သို့သော် နတ်သားရဲအများစုက ယင်းကို ကိုယ်တိုင်မမြင်ခဲ့ရသောကြောင့် မယုံကြည်ကြချေ။

ထိုသို့နည်းစနစ်က ဤလောကမှာ တကယ်ရှိနိုင်ပါ့မလား။

“ ဗုန်း ”

ဟန်မူယဲ့၏ လက်ထဲတွင် ရွှေရောင်မီးဘောလုံးတစ်လုံး ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ အဆုံးမဲ့သော နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွန်းလင်းသွားသည်။

အကယ်၍ သူသာ မဟာပန်သွန်ကျောက်တုံးကြီးများကို အသုံးပြု၍ သန့်စင်မည်ဆိုလျှင် အလွန်လွယ်ကူလိမ့်မည်။

သူက မူလအုပ်ချုပ်သူခန္ဓာကိုယ်တစ်ခုကို တိုက်ရိုက် သန့်စင်နိုင်လိမ့်မည်။

သို့သော်လည်း ဟန်မူယဲ့က ထိုသို့လုပ်ဆောင်ရန် ဆန္ဒမရှိပေ။ သူက သူ့ကိုယ်ပိုင် လက်နက်သန့်စင်ခြင်းပညာကို အသုံးပြု၍ မူလအုပ်ချုပ်သူခန္ဓာကိုယ်ကို သန့်စင်လိမ့်မည်။

မီးတောက်များ ထွက်ပေါ်လာသည့်အခါ ဟန်မူယဲ့၏ အသံက ပဲ့တင်ထပ်သွားသည်။

“ လေဝိညာဉ်ကျောက်တုံး ကက်တီသုံးသိန်း၊ အင်ပါယာဝိညာဉ်ခြင်ဆီ ကက်တီတစ်သိန်း၊ ပါ့ထျန်းကျောက်စိမ်း ကက်တီတစ်သိန်းသုံးသောင်း… ”

သူ၏ အသံက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။

အဝေးတွင် ကျားဖြူတစ်ကောင်က အရှေ့သို့ ခုန်လိုက်ပြီး ၎င်း၏ ပါးစပ်ကို ဖြဲဟကာ ပါ့ထျန်းကျောက်စိမ်းတချို့ကို ထွေးထုတ်လိုက်သည်။

“ ကျုပ်ရဲ့ ကျားဖြူကလန်က ပါ့ထျန်းကျောက်စိမ်း ကက်တီနှစ်သောင်းကို ဆရာဟန် လက်နက်သန့်စင်ဖို့အတွက် ပေးအပ်ပါတယ် ”

ကျားဖြူ၏ အော်သံက ဟင်းလင်းပြင်ကို တုန်ယင်သွားစေသည်။

မူလအုပ်ချုပ်သူခန္ဓာကိုယ်ကို သန့်စင်ခြင်းတွင် မည်သူက ထိုခန္ဓာကိုယ်များကို ပိုင်ဆိုင်သွားပါစေ ယင်းတို့က ကမ္ဘာဦးနတ်သားရဲများ၏ ပိုင်ဆိုင်မှုသာ ဖြစ်နေလိမ့်မည်။

အကယ်၍ မည်သူမှ ထိုမူလအုပ်ချုပ်သူခန္ဓာကိုယ်များကို မသန့်စင်ဘူးဆိုလျှင် ယင်းတို့က မပြီးမြောက်သော ပစ္စည်းများအဖြစ်သာ ဆက်ရှိနေကြလိမ့်မည်။

ကျားဖြူကလန်၏ ဦးဆောင်မှုအောက်မှာ နတ်သားရဲမျိုးနွယ်စုအများအပြားက အရှေ့ထွက်လာကြပြီး အဖိုးတန်ဝိညာဉ်ရတနာအများကြီးကို ပေးအပ်လိုက်ကြသည်။

ထိုရတနာများက ရှေးဦးအပျက်အစီးကုန်းမြေတွင် ရှာတွေ့ရန် မလွယ်ကူသော ပစ္စည်းများ ဖြစ်ကြသည်။ ယင်းတို့ထဲမှ မည်သည့်ပစ္စည်းမဆို ရှေးခေတ်ကာလတွင် ထိပ်တန်းရတနာများ ဖြစ်ကြသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ ထိုရတနာပစ္စည်းအားလုံးက လေပေါ်သို့ မြှောက်တတ်သွားကြပြီး အရိုးမျှော်စင်၏ ဘေးပတ်ဝန်းကျင်မှာ လှည့်ပတ်သွားကြသည်။

ရွှေရောင်မီးတောက်များက လေထဲသို့ မြှောက်တတ်သွားပြီး ထိုဝိညာဉ်ပစ္စည်းများနှင့် ဝိညာဉ်ရတနာများကို ဖုံးလွှမ်းလိုက်ကြသည်။

“ သူက တိုက်ရိုက် သန့်စင်တော့မှာလား ”

“ ဒီလိုနည်းစနစ်ကို အရင်က ငါတစ်ခါမှ မမြင်ဖူးဘူး ”

“ သူအသုံးပြုနေတဲ့ နတ်ဘုရားမီးတောက်က မီးဒြပ်စင်အထူးပြု အုပ်ချုပ်သူနတ်သားရဲတစ်ကောင်ထက်တောင် ပိုပြီးအားကောင်းတယ် ”

မရေမတွက်နိုင်သော အာမေဋိတ်သံများက လေထဲမှာ ပဲ့တင်ထပ်သွားသည်။ ဘေးပတ်ဝန်းကျင်မှ နတ်သားရဲအားလုံးက ၎င်းတို့၏ နတ်ဘုရားစိတ်အာရုံကို မျှော်စင်၏ ဘေးပတ်ပတ်လည်မှ ရွှေရောင်မီးတောက်များဆီသို့ ပို့လွှတ်လိုက်ကြပြီး အာရုံခံလိုက်ကြသည်။

ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။

စက္ကန့်ပိုင်းလေးအတွင်းမှာ အချင်းမိုင်တစ်သောင်းအတွင်းမှ မိုးမြေက ထွန်းလင်းတောက်ပသွားပြီး လေဟာနယ်က ပွက်ပွက်ဆူလာသည်။

အကယ်၍ ထိုအရိုးမျှော်စင်ကို ကမ္ဘာဦးနတ်သားရဲများ၏ အရိုးစုများဖြင့် တည်ဆောက်ခဲ့ခြင်းကြောင့်သာမဟုတ်လျှင် မျှော်စင်က ယခုအချိန်မှာ သေချာပေါက် ပြိုကွဲပျက်စီးသွားလိမ့်မည်။

ဤအခိုက်အတန့်မှာ အဆုံးမဲ့သော နတ်ဘုရားမီးတောက်များနှင့် နတ်ဘုရားအလင်းများကြားတွင် နတ်ဘုရားအင်းသင်္ကေတများက အရိုးစုများပေါ်မှာ ထွက်ပေါ်လာကြသည်။ တစ်ချိန်တည်းမှာ ထိုနတ်ဘုရားအင်းသင်္ကေတများက အရိုးမျှော်စင်၏ ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားကို ဆွဲယူလိုက်သည်။

“ ဝီး ”

မိုးမြေက တုန်ယင်သွားပြီး သွမ့်ဟူရေကန်ပေါ်မှာ လှိုင်းလုံးများ ထွက်ပေါ်လာကြသည်။

ထိုလှိုင်းလုံးများကြားတွင် ဝိညာဉ်စွမ်းအားက သွမ့်ဟူရေကန်ထဲမှ ထွက်ပေါ်လာသည်။

၎င်းတို့က မရေမတွက်နိုင်သော နတ်သားရဲဝိညာဉ်များ ဖြစ်ကြသည်။

၎င်းတို့က မှတ်ဉာဏ်ဆုံးရှုံးထားသောကြောင့် ပင်ကိုယ်ဗီဇတုံ့ပြန်မှုဖြင့်သာ ရွေ့လျားနိုင်ကြသည်။

နတ်သားရဲဝိညာဉ်များက ကမ်းစပ်ဘေးမှာ စောင့်ဆိုင်းလိုက်ကြပြီး အရိုးမျှော်စင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။ ၎င်းတို့၏ ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားနှင့် သွမ့်ဟူရေကန်ထဲမှ နတ်ဘုရားသုတ်သင်ခြင်းလှံ၏ စွမ်းအားကြောင့် ၎င်းတို့က ငြိမ်းချမ်းမှုကို ခံစားမိသွားကြသည်။

“ ဗုန်း ”

မီးတောက်၏ ဖုံးလွှမ်းမှုအောက်မှာ ဝိညာဉ်ရတနာများက ပေါက်ကွဲသွားကြသည်။

ချက်ချင်းဆိုသလို မရေမတွက်နိုင်သော ဝိညာဉ်ရတနာများက စတင်ပေါင်းစည်းသွားကြသည်။

ထို့နောက် မီးတောက်ရောင်ခြည်တန်းကိုးခုက ဟန်မူယဲ့၏ ဘေးပတ်ပတ်လည်မှာ တစ်ပြိုင်နက် ထွက်ပေါ်လာကြသည်။

အဆုံးမဲ့သော မူလစွမ်းအားကို မီးတောက်ရောင်ခြည်တန်းကိုးခုထဲသို့ သွန်းလောင်းလိုက်သည်။ မူလစွမ်းအား၏ အားဖြည့်ပေးမှုအောက်မှာ ယင်းတို့က မီးတောက်လေပွေကိုးခုအဖြစ် ပြောင်းလဲသွားကြသည်။

စွမ်းအားဂုဏ်သတ္တိအမျိုးမျိုးက ထိုလေပွေကိုးခုထဲမှ ထွက်ပေါ်လာကြသည်။

အပူဓာတ်၊ အအေးဓာတ်၊ ကြမ်းတမ်းမှု၊ ထက်ရှမှု၊ စူးရှမှု၊ လျင်မြန်မှု၊ ထူထဲမှု၊ လေးလံမှု…

“ သူရူးသွားပြီလား… သူက မူလအုပ်ချုပ်သူခန္ဓာကိုယ်ကိုးခုကို တစ်ခါတည်း သန့်စင်တော့မှာလား ”

“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… အထွတ်အမြတ်ဖန်ဆင်းရှင်တောင် အဲ့လိုမလုပ်နိုင်ဘူးမလား… ”

မျှော်စင်အောက်တွင် မရေမတွက်နိုင်သော တီးတိုးရေရွတ်သံများ ထွက်ပေါ်လာသည်။

ဟန်မူယဲ့က ခန္ဓာကိုယ်ကိုးခုကို တစ်ပြိုင်နက်တည်း သန့်စင်လိမ့်မည်ဟု မည်သူမှ မတွေးမိခဲ့ကြချေ။

အစောနက ဟန်မူယဲ့ တောင်းဆိုခဲ့သော ဝိညာဉ်ရတနာများက မူလအုပ်ချုပ်သူခန္ဓာကိုယ်တစ်ခုအတွက် ဖြစ်မည်ဟု ၎င်းတို့တွေးထင်ခဲ့ကြသည်။

ခန္ဓာကိုယ်ကိုးခုကို တစ်ပြိုင်နက်တည်း သန့်စင်ခြင်း… ။

ယင်းက နတ်သားရဲအားလုံး၏ နားလည်နိုင်စွမ်းကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

အရိုးမျှော်စင်ပေါ်မှာ ရပ်နေစဉ် ဟန်မူယဲ့က မူလစွမ်းအားအမျိုးမျိုးကို ထုတ်လွှတ်လိုက်သည်။ ယင်းတို့က အတူတကွ ယှက်ထွေသွားကြပြီး နတ်ဘုရားအင်းသင်္ကေတများအဖြစ် ပြောင်းလဲသွားကြသည်။

နတ်ဘုရားအင်းသင်္ကေတများက အကန့်အသတ်မဲ့စွာ ထွက်ပေါ်လာကြသည်။

ယင်းက လက်နက်သန့်စင်ခြင်းပညာရပ်၏ အထွတ်အထိပ်ဖြစ်သည်။

ဖန်ဆင်းခြင်း… ။

အံ့ဖွယ်ကိုးပါးတောင်သခင်သည်ပင် ထိုအဆင့်သို့ ရောက်ရန် ခြေလှမ်းဝက် ဝေးကွာခဲ့သည်။

အုပ်ချုပ်သူနတ်သားရဲများ၏ နားလည်မှုအရ အထွတ်အမြတ်ဖန်ဆင်းရှင်များသည် ဤလောကမှ ဖန်ဆင်းရှင်အားလုံးထဲတွင် အစွမ်းထက်ဆုံး ဖြစ်ကြသည်။

သူတို့က မည်သည့်အရာကိုမဆို ပြန်လည်မွေးဖွားစေနိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။

ပြန်လည်မွေးဖွားခြင်း… ။

ဟန်မူယဲ့က သွမ့်ဟူရေကန်၏ ဦးတည်ရာဆီသို့ ခေါင်းလှည့်လိုက်သည်။

မရေမတွက်နိုင်သော နတ်သားရဲဝိညာဉ်များက သူ့အား စိုက်ကြည့်နေကြသည်။

ထိုအကြွင်းအကျန်ဝိညာဉ်များသည် ပြန်လည်မွေးဖွားရန် ဆန္ဒရှိကြသည်။

မူလအုပ်ချုပ်သူခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်သော အစွမ်းထက်ပုဂ္ဂိုလ်သာလျှင် ထိုနတ်သားရဲဝိညာဉ်များကို ပြန်လည်မွေးဖွားရန် ကူညီပေးနိုင်လိမ့်မည်။

“ ရှေးဦးအပျက်အစီးတောအုပ်ရဲ့ ရွှေခေတ်ကို ပြန်လည်အသက်သွင်းဖို့က… ငါလုပ်ဆောင်နိုင်ပါ့မလား မသေချာဘူး ”

ဟန်မူယဲ့က သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

နတ်ဘုရားမီးတောက်ကိုးခုက မျှော်စင်၏ ဘေးပတ်ဝန်းကျင်မှာ လှည့်ပတ်နေကြသည်။

ဤအခိုက်အတန့်မှာ သက်ရှိအားလုံး နှုတ်ဆိတ်သွားကြသည်။

၎င်းတို့က မိုးမြေကြားထဲမှ မူလစွမ်းအား၏ အပြောင်းအလဲကို အာရုံခံမိသွားကြသည်။

အမှန်တကယ်ပင် ထိုမီးတောက်ကိုးခုအတွင်းမှာ မူလအုပ်ချုပ်သူခန္ဓာကိုယ်များက ပျိုးထောင်ခံနေရသည်။

ထိုမူလအုပ်ချုပ်သူခန္ဓာကိုယ်ကို ရရှိသွားသော မည်သူမဆို မူလအုပ်ချုပ်သူတစ်ပါး ဖြစ်လာလိမ့်မည်။

“ ဂရား ”

ပုံရိပ်တစ်ခုက မျှော်စင်ပေါ်သို့ ပြေးတတ်သွားသည်။

သို့သော်လည်း ထိုအဆင့်မြင့်နတ်သားရဲက မျှော်စင်ပေါ်သို့ မရောက်ခင်မှာပင် ၎င်း၏ ခန္ဓာကိုယ်က ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ သွေးမျိုးဆက်ကျောက်တုံးများက မြေကြီးပေါ်မှာ ပြန့်ကျဲသွားကြသည်။

အခြားတစ်ဖက်တွင် မျှော်စင်ပေါ်သို့ တတ်ရောက်ရန် ကြံရွယ်နေကြသော တခြားအဆင့်မြင့်နတ်သားရဲနှစ်ကောင်က လမ်းတစ်ဝက်မှာ ချက်ချင်း ရပ်တန့်လိုက်ကြသည်။ သို့တိုင် ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ သွေးကြောများက ချက်ချင်း ဖောင်းကားလာကြသည်။

“ မူလစွမ်းအားအကာအရံ… အုပ်ချုပ်သူအဆင့်မဟုတ်တဲ့ နတ်သားရဲတွေက အဲ့ဒါကို ထိနိုင်မှာ မဟုတ်ဘူး ”

“ အဲ့ဒါ မူလစွမ်းအား ”

အုပ်ချုပ်သူနတ်သားရဲများသည်လည်း ၎င်းတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။ ၎င်းတို့က နတ်ဘုရားစိတ်အာရုံဖြင့် အာရုံခံလိုက်ကြသည်။

မူလစွမ်းအားစီးကြောင်းကိုးခုက အကာအရံသဖွယ် ဒြပ်ထည်ဖွဲ့စည်းနေပြီး မီးတောက်ကိုးခုကို ဝိုင်းရံထားကြသည်။ မည်သူမှ ယင်းတို့ကို ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ချေ။

မူလအုပ်ချုပ်သူတစ်ပါးသည်ပင် မလုပ်ဆောင်နိုင်ပေ။

“ ကောင်းကင်ရင်းမြစ်စုဝေးပွဲအတွင်းမှာ အသန်မာဆုံး ကလန်ကိုးခုက မူလအုပ်ချုပ်သူခန္ဓာကိုယ်ကိုးခုကို ပိုင်ဆိုင်နိုင်လိမ့်မယ် ”

ဟန်မူယဲ့၏ အသံက မိုးမြေကြားထဲမှာ ပဲ့တင်ထပ်သွားသည်။

ကောင်းကင်ရင်းမြစ်စုဝေးပွဲအတွင်းမှ အသန်မာဆုံး ကလန်များသာလျှင် ထိုမူလအုပ်ချုပ်သူခန္ဓာကိုယ်ကိုးခုကို ပိုင်ဆိုင်နိုင်ကြလိမ့်မည်။

နတ်သားရဲများသည် နောက်ထပ် တုံ့ဆိုင်းမနေကြဘဲ သွမ့်ဟူရေကန်ထဲသို့ ဆင်းသွားကြသည်။

သွမ့်ဟူရေကန်… ။

မရေမတွက်နိုင်သော နတ်သားရဲများနှင့် မိစ္ဆာသားရဲများက အထဲဝင်ရောက်သွားသည့်အခါ သွမ်ဟူရေကန်ထဲမှ ထူးဆန်းသော စွမ်းအားတချို့က လှုံ့ဆော်ခံရလိမ့်မည်။ ထိုအခါ ပုံရိပ်ယောင်များ ထွက်ပေါ်လာကြလိမ့်မည်။

ထိုပုံရိပ်ယောင်များကြားတွင် သေခြင်းရှင်ခြင်းတိုက်ပွဲများ ထွက်ပေါ်လာလိမ့်မည်။ တိုက်ပွဲမှာ သေဆုံးသွားကြမည့်လူများက သွမ့်ဟူရေကန်၏ အစောင့်ဝိညာဉ်များ ဖြစ်လာကြလိမ့်မည်။ ၎င်းတို့က အကြွင်းအကျန်ဝိညာဉ်များကဲ့သို့ သွမ့်ဟူရေကန်ထဲမှာ ထာဝရ နေထိုင်သွားကြရလိမ့်မည်။

သို့သော်လည်း ဟန်မူယဲ့က အမှန်တရားတစ်ခုကို သိထားသည်။ သွမ့်ဟူရေကန်ထဲမှာ သေဆုံးသွားကြသော ဝိညာဉ်များနှင့် ရုပ်ခန္ဓာကိုယ်များက ရှေးဦးအပျက်အစီးတောအုပ်နှင့် မဟာပန်သွန်ယဇ်ပလ္လင်ကို အားဖြည့်ပေးရန် မူလစွမ်းအားများ ဖြစ်လာကြလိမ့်မည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ထိုဝိညာဉ်များနှင့် ၎င်းတို့၏ မူလစွမ်းအားက ရှေးခေတ်မှ အုပ်ချုပ်သူနတ်သားရဲများ၏ စတေးမှုနှင့်အတူ အာဟာရဓာတ်များ ဖြစ်လာကြလိမ့်မည်။ သို့မှသာ ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေက မဟာပန်သွန်ယဇ်ပလ္လင်နှင့် မျှခြေညီလာပြီး ယင်းကို ဖိနှိပ်နိုင်လိမ့်မည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် ခြားနားမှုရှိသည်။

ဟန်မူယဲ့၏ ကိုယ်ပွားက မဟာပန်သွန်ယဇ်ပလ္လင်ကို ဖိနှိပ်ထားသောကြောင့် ယဇ်ပလ္လင်က နတ်သားရဲများထံမှ မူလစွမ်းအားကို စားသုံးရန် မလိုတော့ပေ။

သို့ဖြစ်၍ သွမ့်ဟူရေကန်ထဲမှာ သေဆုံးသွားကြမည့် နတ်သားရဲများထံမှ မူလစွမ်းအားက မိုးမြေဆီသို့ ပြန်ရောက်သွားပြီး ရှေးဦးအပျက်အစီးတောအုပ်၏ ဝါးမျိုခံရလိမ့်မည်။

ထိုနည်းလမ်းဖြင့် ကမ္ဘာဦးကောင်းကင်ဘုံတာအိုက တိတ်တဆိတ် သန်မာလာလိမ့်မည်။

မှန်ပေသည်။ ရှေးဦးအပျက်အစီးတောအုပ်ကို သစ္စာဖောက်ရန် ကြံရွယ်နေကြသော ထိုနတ်သားရဲများက ယင်းကို မသိကြချေ။

၎င်းတို့၏ အရံအစီအစဉ်အားလုံးက အချည်းနှီးဖြစ်သွားသည်။

“ ဝူး ”

အဝေးတွင် ဧရာမစစ်တပ်က ဖြည်းညင်းစွာ ချဉ်းကပ်လာနေသည်။

ကျူးရုန်နှင့် ကုန်းကုန်းဦးဆောင်သော လူသားစစ်သည်တော်သန်းရှစ်ဆယ်က သွမ့်ဟူရေကန်ဆီသို့ ရောက်လာကြသည်။

“ ဆရာဟန်… ကောင်းကင်ရင်းမြစ်စုဝေးပွဲမှာ ကျုပ်တို့ရဲ့ လူသားမျိုးနွယ်က ဘယ်လိုပါဝင်ရမလဲ ”

ကျူးရုန်က မျှော်စင်ပေါ်မှ ဟန်မူယဲ့ကို မော့ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

လူသားမျိုးနွယ်က မည်သည့်အင်အားစုနှင့် မဟာမိတ်ဖွဲ့မည်နည်း။

ဟန်မူယဲ့က မတ်တတ်ရပ်နေစဉ် ထွန်းလင်းတောက်ပသော နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ကောင်းကင်ရင်းမြစ်စုဝေးပွဲပြီးရင် လူသားမျိုးနွယ်က အထွတ်အမြတ်ဖြစ်လာရမယ် ”

လူသားမျိုးနွယ်က အထွတ်အမြတ်ဖြစ်လာရမည်။

ဟန်မူယဲ့က ထိုစကားကို ပြောလိုက်သည့်အခါ မိုးမြေက အပြင်းအထန် တုန်ယင်သွားသည်။

မရေမတွက်နိုင်သော နတ်သားရဲများက ခေါင်းလှည့်ကြည့်လိုက်ကြသည်။

လူသားမျိုးနွယ်ဆီမှာ မိစ္ဆာသားရဲစစ်သည်တော် သန်းရှစ်ဆယ်သာ ရှိသည်။

သူတို့က ရှေးဦးအပျက်အစီးတောအုပ်၏ အရှင်သခင်များဖြစ်လာကြရန် အရည်အချင်းပြည့်မီပါသလော။

“ ကောင်းကင်ရင်းမြစ်စုဝေးပွဲပြီးရင် လူသားမျိုးနွယ်က အထွတ်အမြတ်ဖြစ်လာရမယ် ”

ကျူးရုန်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူ၏ စီးတော်နတ်သားရဲနှင့်အတူ ရေကန်ထဲသို့ ဆင်းသွားသည်။

သူ့အနောက်မှ မိစ္ဆာသားရဲစစ်သည်တော်များသည်လည်း သံပြိုင်အော်ပြောလိုက်ကြပြီး ရေကန်ထဲသို့ ဆင်းသွားကြသည်။

အခြားတစ်ဖက်တွင် ကုန်းကုန်းက လက်မြှောက်လိုက်လေရာ သူ့အရှေ့မှ ရေက နှစ်ခြမ်းကွဲသွားပြီး ဂိတ်တံခါးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ၏ ဦးဆောင်မှုအောက်မှာ လူသားစစ်သည်တော်များက ဂိတ်တံခါးထဲသို့ တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်သွားကြသည်။

“ အမဲလိုက်ပွဲတော် စတင်ပြီ ”

ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

အရိုးမျှော်စင်၏ ဘေးပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော နတ်သားရဲများက သွမ့်ဟူရေကန်ထဲသို့ တစ်ဟုန်ထိုး ဆင်းသက်သွားကြသည်။

ထိုစဉ် အဝေးမှ အုပ်ချုပ်သူနတ်သားရဲဒါဇင်ခန့်က ဟန်မူယဲ့ဆီသို့ ချဉ်းကပ်လာကြသည်။/

All Chapters