မင်းက ကလေးတစ်ယောက်ကို လှည့်စားဖို့ ကြိုးစားနေတာလား
Vol. 1 Ch. 44
ပွဲကြည့်စင်၏ ခမ်းနားသော အခန်းငယ်အတွင်း ထိုင်နေသော လူအများကြီးတွင် အဆင့်အတန်း အမြင့်ဆုံး လူများမှာ ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ ဆရာသုံးယောက် ဖြစ်သည်။ ထို့နောက်တွင်မူ အနောက်ဘက် မြို့စောင့်တပ်၏ စစ်သူကြီးများနှင့် ကျီထျန်းတို့ ဖြစ်ကြသည်။ ဂိုဏ်းကြီးများမှ အကြီးအကဲများကိုမူ ဖော်ပြနေစရာ မလိုပေ...အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့ စကားဝိုင်းမျိုးတွင် ဂိုဏ်းချုပ်များပင် ဝင်ရောက် စကားမပြောရဲသောကြောင့် ဖြစ်သည်။
အနောက်ဘက် မြို့စောင့်တပ်၏ လက်ထောက် စစ်သူကြီးသည်လည်း မျိုးရိုးနာမည် ‘ကျန်း’ ဖြစ်ရာ သူသည် အမျိုးသမီး ဆရာ၏ စကားကို ကြားလျှင် ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်...
“မိန်းကလေးစု ပြောတာမှန်တယ်...တကယ့်အင်အား အစစ်အမှန်နဲ့ ရင်ဆိုင်ရတဲ့အခါ ပရိယာယ်တွေက မီးခိုးလို ပျောက်ကွယ်သွားမှာဘဲ...ပြိုင်ဘက်တွေကို တကယ့် အစစ်အမှန် ရင်ဆိုင်နေတဲ့ ကျန်တဲ့လေးယောက်ကို ကြည့်ပါဦး...အထူးသဖြင့် မြို့စားကျီရဲ့ သမီးနဲ့ အဲဒီ ၀၀၈ပေါ့...ကျွန်တော့် အမြင်ကို ပြောရရင် သူတို့နှစ်ယောက်က ဆက်တိုက်ပြိုင်ပွဲ ၁၀၀ကို နိုင်နိုင်တဲ့ စွမ်းရည်ရှိတယ်...ကောင်းကင် တောင်ပံမြို့ရဲ့ လက်ရှိ မျိုးဆက်က မဆိုးဘူးလို့ ပြောရမယ်...''
“လက်ထောက်စစ်သူကြီးက ချီးကျူးလွန်းနေပါပြီ”
ကျီထျန်းသည် သူ့မျက်ဝန်းတွင်းမှ ကျေနပ်နေသော အကြည့်များကို ဖုံးဖိကာ အပြုံးတစ်ခုနှင့် ပြောလိုက်သည်။ တစ်ဖက်တွင်လည်း ကျန်းယွင်ရှန်သည် မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို ဆုပ်၍ ပြောလာခဲ့လေသည်။
“လက်ထောက်စစ်သူကြီးရဲ့ ချီးမွမ်းမှုကို ကျေးဇူးတင်ပါတယ်...ကျန်းရိမြို့က သခင်လေးတွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော့်သားက ရှုံးနိမ့်မှာပါပဲ...ကျန်းရိမြို့နဲ့ မျိုးဆက်ကမှ တကယ့် ပါရမီရှင်တွေပါ..”
ကျန်းရိမြို့သည် ရှန်ဝူနိုင်ငံတော်၏ ပထမတန်းစား မြို့တစ်မြို့ ဖြစ်ပြီး အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင် နေထိုင်ရာ မြို့လည်း ဖြစ်သည်။ ကျန်းရိမြို့မှ ဂိုဏ်းကြီးများသည် ရှန်ဝူနိုင်ငံတော်၏ မင်းမျိုး မင်းနွယ်ဝင်များလည်း ဖြစ်ကြသည်။ ထို့ကြောင့် ကျန်းဟန်ရွှေမှာ သူတို့၏ မျိုးဆက်များကို မယှဉ်နိုင်ခြင်း ဖြစ်သည်။
“အိုး...နံပါတ်၀၀၈က ယွင်ရှန်ရဲ့သားလား''
လက်ထောက်စစ်သူကြီးသည် သံသယနှင့် မေးလာလိုက်ပြီးနောက် ချီးမွမ်းလိုက်လေသည်။
“အဖေတူသားပဲ...မဆိုးဘူး''
ကျန်းယွင်ရှန်နှင့် ဂိုဏ်းသားများသည် ကျေနပ် သွားကြသည်။ အခြားဂိုဏ်းကြီး သုံးဂိုဏ်းသည် ပြုံးနေကြသော်လည်း စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲနေခဲ့ကြသည်။ ဒီလက်ထောက် စစ်သူကြီးက မနေ့ကမှ ကျန်းအိမ်တော်မှာ နေသွားတယ်...အခုက သူက ကျန်းဟန်ရွှေကို မသိသလို လုပ်နေတာလား
လက်ထောက်စစ်သူကြီးသည် ခဏမျှ ရပ်တန့်လိုက်ပြီး ရင်းနှီးစွာ မေးလာခဲ့သည်...
“ယွင်ရှန်...အရှင်ဟိုင် ဘယ်မှာလဲ...ငါဒီကို ငါ့အဖွဲ့ ခေါ်လာရတဲ့ အကြောင်းအရင်းက အရှင်ဟိုင်ကို တွေ့ဖို့ပဲ”
“အရှင်ဟိုင်...အိုး...ဦးလေးဟိုင်ကို ပြောချင်တာ..ဟုတ်လား''
ကျန်းယွင်ရှန်၊ ကျန်းယွင်ရှစ်နှင့် ကျန်လူများသည် အံ့အားသင့် သွားသော်လည်း မျက်လုံးများသည်မူ သံသယများနှင့် ပြည့်သွားကြသည်။ လက်ထောက်စစ်သူကြီးသည် ကျန်းဂိုဏ်းမှ လက်ဆောင်များကို လက်ခံထားသောကြောင့် ကျန်းဂိုဏ်းအတွက် စကားကောင်းများ ပြောပေးခြင်းမှာ သာမန်သာ ဖြစ်သည်။ သို့သော် ကျန်းယွင်ဟိုင်ကို အရှင်ဟု သုံးနှုန်းလိုက်ခြင်းမှာ ယဉ်ကျေးလွန်း မနေပေဘူးလား
လက်ထောက်စစ်သူကြီးသည် သက်ပြင်းချကာ ပြောလာခဲ့သည်...
“အမှန်ပဲ...အရှင်ကျန်းယွင်ဟိုင်...အရှင်ဟိုင်က ငါတို့ လော့ကဲမြို့ကို လော့ကဲမြို့စားထံမှာ အမှုထမ်းခဲ့ဖူးပြီး မျက်နှာသာ အပေးခံခဲ့ရတာကို မင်းတို့ မသိကြဘူးလား...ဒါပေမယ့် သူဒဏ်ရာတွေ ရသွားတာကြောင့် လော့ကဲ အရှင်အိမ်တော်ကနေ ထွက်သွားပြီး ကောင်းကင်တောင်ပံမြို့ကို လာခဲ့တာပဲ”
လက်ထောက်စစ်သူကြီး၏ ရှင်းပြမှု အဆုံးတွင် လူတိုင်း၏ အမူအရာသည် လေးနက် သွားကြသည်။ အေးစက်သော ရေခဲမိန်းကလေးစုသည်တောင် ကျန်းယွင်ရှန်ကို လှည့်ကြည့်လာသည်။
ကျန်းယွင်ရှန်သည် ကျန်းယွင်ရှစ်နှင့် ကျန်းယွင်ရှဲတို့ကို ဆွံ့အစွာ ကြည့်လိုက်သည်။ ကျန်းယွင်ဟိုင်သည် အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်၏ အိမ်တော်တွင် အမှုထမ်းခဲ့ဖူးသည်ဟု သူတို့တစ်ခါမှ မကြားခဲ့ဖူးပေ။ သူသည် ရှန်ဝူနိုင်ငံတော်၏ နံပါတ်(၁) စစ်သည်တော်ဖြစ်သော လော့ကဲမြို့စားနှင့် ဆက်နွယ်မှု ရှိကြောင်း တစ်ခါမှ မဖော်ပြခဲ့ဖူးပေ။
လက်ထောက်စစ်သူကြီး၏ စကားသာ အမှန်ဆိုပါက သူသည် မြေခွေးအိုကြီး သုံးယောက်၏ အထင်ကြီးမှုကို ရရှိသွားပြီ ဖြစ်သည်။ ကျီထျန်းအပါအဝင် လက်ရှိလူများ၏ လေးစားသော အမူအရာများကို မြင်လိုက်သောအခါ ကျန်ယွင်ရှန်သည် အတော်လေး ကျေနပ်သွားခဲ့သည်။ သူသည် မတ်တပ်ရပ်လိုက်ကာ ပြုံး၍ ပြောလိုက်သည်...
“ဦးလေးဟိုင်က လော့ကဲအရှင် သူ့ကို ကောင်းကောင်း ဆက်ဆံခဲ့ကြောင်း အမြဲပြောလေ့ရှိပါတယ်...ဦးလေးဟိုင်က လွန်ခဲ့တဲ့ နှစ်နည်းနည်းတုန်းက ပြင်ပလောကကို အတွေ့အကြုံရှာဖို့ ထွက်သွားတယ်...ဒီနှစ်နှစ်အတွင်းမှာ သူပြန်လာသင့်နေပြီ''
“အိုး...စိတ်မကောင်းစရာပဲ”
လက်ထောက် စစ်သူကြီးသည် အတုအယောင်ဟု မထင်ရသော စိတ်မကောင်းသည့် အမူအရာ ဖြစ်သွားလေသည်။ သူသည် စင်ပေါ်ကိုသာ ပြန်ကြည့်နေလိုက်ပြီး စကားဆက် မပြောတော့ပေ။ သူပြောခဲ့သော စကားများသည် ထိမိသွားခဲ့သည်။ ကျန်းဟန်ရွှေသာ ဝိဉာဉ်သားရဲ သင်တန်းကျောင်းမှ နေရာတစ်နေရာကို ရခဲ့သည်ရှိသော် ဆရာသုံးယောက် ရှိနေသောကြောင့် ထိုစကားများသည် လွန်စွာ အကျိုးရှိသွားမည် ဖြစ်သည်။ ကျန်းဟန်ရွှေသသည် မအောင်မြင်ခဲ့လျှင်တောင် လက်ထောက်စစ်သူကြီး၏ စကားများသည် အချည်းအနှီးတော့ ဖြစ်မသွားခဲ့ပေ။
“ကောင်းတယ်”
အောင်ပွဲခံ နေကြသော အသံများသည် ထွက်ပေါ် လာခဲ့ပြန်သည်။ ကြည့်လိုက်ကြသော် ကျီထင်ယွီနှင့် ကျန်းဟန်ရွှေသည် နောက်တစ်ပွဲ နိုင်သွားကြသည်ကို တွေ့လိုက်ရသည်။ လမ်ချမ်ချမ့်သည် သုံးပွဲဆက်တိုက် အနိုင်ရထားပြီးဖြစ်ကည ဝတ်စုံပြာနှင့် လူငယ်သည်လည်း လေးပွဲဆက် အနိုင်ရထားပြီ ဖြစ်သည်။
“ဘန်း”
ကျန်းရီသည်လည်း အလားတူပင်...နောက်ထပ် လူတစ်ယောက်ကို စင်ပေါ်မှ အသာအယာ ကန်ချလိုက်သည်ကို တွေ့လိုက်ရသည်။ ကြေညာသူ လူအိုကြီး၏ အသံသည်လည်း ထွက်ပေါ် လာခဲ့ပြန်သည်....
“၅၃၆...ရှစ်ပွဲဆက် အနိုင်ရတယ်”
“နောက်တစ်ယောက်”
ကျန်းရီသည် ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။
“မာဂူက...အထီးကျန်ဝံပုလွေနဲ့ ကစားပေးမယ်”
ဈေးအရှေ့ဘက်ခြမ်းရှိ ထောင့်တွင် မာဟေးချီသည် ကျန်းရီကို မကျေမနပ်ကြည့်ရင်း ကျန်းရီသည် သူ၏ လေ့ကျင့်ရန် တောင်းဆိုမှုကို ငြင်းပယ်လိုက်သည့် အချိန်အား ပြန်တွေး နေခဲ့သည်။ သူသည် စိန်ခေါ်သူများမှာ ပွဲ၁၀၀ကို အနိုင်ရရန် လိုကြောင်း သိထားသဖြင့် ဒေါသကို ချက်ချင်း မထုတ်ဖော်ခဲ့ပေ။ သူသည် စင်ပေါ်သို့ စောစီးစွာ တက်မသွားလိုသောကြောင့် ကျန်းရီ၏ အင်အားကို စမ်းသပ်ရန် လူတစ်ယောက် စေလွှတ်လိုက်ခြင်း ဖြစ်သည်။
မာဟေးချီ၏ နောက်တွင် ရပ်နေသော လူငယ်သည် မျောက်တစ်ကောင်ကဲ့သို့ ပိန်ချုံး နေခဲ့သည်။ သူသည် အေးစက်စက်ပြုံးကာ ခေါင်းညိတ်လိုက်ပြီး လေထဲသို့ ခုန်တက်သွားခဲ့သည်။ သူသည် လူအများ၏ ခေါင်းများကို နင်းကာ ကျန်းရီရှိရာ စင်ပေါ်သို့ တက်သွားခဲ့သည်။
“အွတ်ရှ်”
မာဂူ၏ နင်းလိုက်သော ခေါင်းပိုင်ရှင်များသည် ဒေါသ ထွက်သွားကြသော်လည်း မာဂူ၏ မျက်နှာကို မြင်သောအခါ ပါးစပ်ပိတ်သွား ကြလေသည်။ မာဂူသည် သူ၏ အင်အားကြောင့် သာမက၊ အားကောင်းသော နောက်ခံ အသိုင်းအဝိုင်းနှင့် သူ၏ အောက်တန်းကျမှု တို့ကြောင့်ပါ ကောင်းကင်တောင်ပံ မြို့အတွင်း နာမည်ဆိုးဖြင့် ကျော်ကြားလေသည်။ သူ့ကို ဆန့်ကျင်သော မည်သူမဆို ခြေကျိုး၊ လက်ကျိုးနှင့် အဆုံးသတ် ရသည်သာ ဖြစ်သည်။
ကျန်းရီ၏ မျက်နှာသည် လေးနက် သွားခဲ့သည်။ သူသည် မာဂူနှင့် တိုက်ခိုက်ဖူးသောကြောင့် သူ့လှုပ်ရှားမှုများ အကြောင်းကို သိလေသည်။ ကျန်းရီသည် သူ့ကြောင့် နှစ်ကြိမ်တိုင် ဒဏ်ရာရ လုနီးပါး ဖြစ်ခဲ့ဖူးသည်။ မာဂူတွင် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့် အင်အားရှိပြီး သူယနေ့ ရင်ဆိုင်ရသူများတွင် အားအကောင်းဆုံးသူ ဖြစ်သည်။
မာဂူသည် စင်ပေါ်သို့ ရောက်လာသည်နှင့် စကားတစ်ခွန်းမှ မဆိုဘဲ ကျန်းရီကို အေးစက်စက်သာ စိုက်ကြည့်နေခဲ့သည်။ သူ၏ မြွေကဲ့သို့ စူးရှသော မျက်လုံးများသည် ကျန်းရီကို မသက်မသာ ဖြစ်စေသောကြောင့် ကျန်းရီသည် ယောင်ယမ်းကာ နောက်ဆုတ်မိလိုက်သည်။ သူသည် ကြောက်ရွံ့မှုကြောင့် တုန်လှုပ် နေခဲ့သည်။
လူအများသည် မရယ်ကြသော်လည်း နှုတ်ခမ်းများကမူ တွန့်သွားကြသည်။ ကျန်းရီသည် သက်သက် ဟန်လုပ်နေခြင်း ဖြစ်သည်။ ကျန်းရီသည် ပြိုင်ဘက် အလစ်ကို တိုက်ခိုက်ရန် အားနည်း ဟန်ဆောင်နေခြင်း ဖြစ်ကြောင်း အရူးတောင်သိသည်။ သို့သော် ဤပြိုင်ပွဲသည် အင်အားခြင်း အလွန်ကွာခြားနေသောကြောင့် ကျန်းရီသည် သူ့ကံကိုသာ အားကိုးနေ၍ မရတော့ပေ။ ပွဲကြည့်စင်ထက်မှ မျက်လုံးများသည် ကျန်းရီကို ပြုတ်ကျစေချင်စိတ်ဖြင့် ကြည့်လာကြသည်။
မာဂူသည် လှိုင်းတစ်လုံးကဲ့သို့ ကျန်းရီထံ ပြေးဝင်လာခဲ့သည်။ သူ၏ လှုပ်ရှားမှုများသည် မယုံနိုင်စရာ မြန်ဆန်နေပြီး ကျန်းရီထံ မျက်တောင် နှစ်ခတ်အတွင်း ရောက်ရှိလာခဲ့သည်။ ငွေရောင်ဓားမြှောင် တစ်ချောင်းသည် သူ့လက်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့ပြီး ကျန်းရီ၏ လည်ပင်းကို ပိုင်းဖြတ် လာခဲ့သည်။
သူက ပထမဆုံး တိုက်ကွက်မှာတင် လက်နက်ကို သုံးတယ်...ဒါကလည်း သေစေနိုင်တဲ့ အကွက်ပဲ
ပြိုင်ပွဲတွင် လက်နက်များကို တားမြစ်ထားခြင်း မရှိပေ။ လမ်ချမ်ချမ့်သည်လည်း သူမ၏ တစ်ဖက် သွားဓားရှည်ကို စင်ပေါ်သို့ သယ်လာခဲ့သည်။ သို့သော် သူမသည် ပြိုင်ဘက်၏ အရေးပါသော အစိတ်အပိုင်းများကို မတိုက်ခိုက်ပဲ ကောင်းမွန်စွာ ပြုမူခဲ့သည်။ မာဂူသည် ကျန်းရီထက် အဆင့်သုံးဆင့် ပိုမြင့်နေပြီး ဖြစ်သည်။ ဒါတောင် သူက အောက်တန်းကျသော နည်းများ သုံးသေးသည်လား။
“ဟမ့်”
ကျန်းရီသည် ယခု တကယ့်ကို ဒေါသထွက်သွားပြီ ဖြစ်သည်။ သူသည် အစွန်းရောက် အာကာသ ခြေလှမ်းကို သုံး၍ ဘေးဘက်သို့ ရှောင်တိမ်းလိုက်ပြီး အတွင်းအားသုံးကာ လက်သီး ခြောက်ခုဖြင့် မာဂူကို ထိုးချလိုက်လေသည်။ ဒီတစ်ကြိမ်တွင် သူသည် ကျန်းဂိုဏ်း၏ သိုင်းပညာရပ်ကို ပထမဆုံး သုံးလိုက်ခြင်းလည်း ဖြစ်သည်။ သူသာ အင်အား အစစ်အမှန်ကို ဆက်လက် ဖုံးကွယ်ထားပါလျှင် ရှုံးနိမ့်ရပေလိမ့်မည်။ ပို၍ဆိုးသည်ကား မာဂူသည် သူ့ကို ဒေါသထွက်အောင် လုပ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် မာဂူကို ကောင်းကောင်း သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်သည်။
“ပုံရိပ်ယောင် လက်သီး”
ကျန်းယွင်ရှန်နှင့် ပွဲကြည့်စင်ထက်မှ ကျန်လူများ အပါအဝင် လူတိုင်းသည် ဆွံ့အသွားရသည်။ ပုံရိပ်ယောင်လက်သီးကို ကျန်းဂိုဏ်းမှ ဘိုးဘေးတစ်ဦး တီထွင်ခဲ့ခြင်း ဖြစ်ပြီး ကျန်းဂိုဏ်းသားများသာ သင်ယူခွင့် ရှိလေသည်။ အထီးကျန်ဝံပုလွေက ကျန်းဂိုဏ်းသား တစ်ယောက်ယောက်များ ဖြစ်နေမလား
“ဂိုဏ်းချုပ်...သူ...သူက ကျန်းရီနဲ့ တူတယ်”
ကျန်းယွင်ရှဲသည် တီးတိုး ပြောလိုက်စဉ်တွင် ကြောက်စရာ အရိပ်အယောင်တို့သည် သူ့မျက်ဝန်းတွင်း ဖြတ်ပြေး သွားခဲ့သည်။ သူသည် အစက ကျန်းရီနှင့် တူသည်ဟု တွေးခဲ့သော်လည်း ယခုမူ သေချာသွားပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျန်းရီသည်လည်း သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်တွင် ရှိပြီး မကြာခင်ကမှ ပျောက်သွားခဲ့ခြင်း ဖြစ်သည်။ ယခု သူသည် မျက်နှာဖုံး တစ်ခုကို ဝတ်ဆင်ကာ ပြန်ပေါ်ထွက်လာခဲ့သည်။ တခြား ဘယ်သူများ ဖြစ်နိုင်သေးလို့လဲ။
“ကျန်းရီလား''
ကျန်းယွင်ရှန်သည် ရေရွတ်လိုက်သည်။ ထို့နောက် သူသည် တစ်ခုခုကို တွေးမိသွားကာ ချက်ချင်း အမိန့်ထုတ်လိုက်သည်....
“ကျန်းရီက ခရမ်းရောင်ရွှေအဆင့် သိုင်းလေ့ကျင့်ဖက် ဟုတ်လားဆိုတာ တစ်ယောက်ယောက်ကို သွားပြီး စစ်ဆေးခိုင်းလိုက်”
ကျန်းယွင်ရှဲသည် ချက်ချင်း မတ်တပ်ရပ်လိုက်ကာ ခဏ ထွက်သွားခဲ့လေသည်။ ပြန်လာချိန်တွင် သူ့မျက်နှာသည် လေးနက်နေခဲ့ပြီး အစီအရင်ခံလာခဲ့သည်...
“သူက တကယ့်ကို အထီးကျန်ဝံပုလွေပါပဲ...ဒီကောင်လေးက ခိုးကြောင်ခိုးဝှက် လှုပ်ရှားနေတာ....အပြစ်ပေးသင့်ပါတယ်”
“ဟမ့်”
ကျန်းယွင်ရှန်သည် နှာခေါင်းရှုံ့ကာ ခပ်တိုးတိုးဖြင့် အမိန့်ထုတ်ပြန်လိုက်သည်...
“ဒီကောင်လေးက တကယ့်ကို ကျေးဇူးကန်းတာပဲ...သူ့ကို စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်...အခမ်းအနား ပြီးသွားတဲ့အထိ စောင့်နေကြ...သိုင်းခန်းမနဲ့ ကျန်းရီကြားက ဆက်နွယ်မှုကို ဘယ်သူမှ မသိစေနဲ့”
ကျန်းယွင်ရှန်နှင့် ကျန်းယွင်ရှဲတို့ အမြင်တွင် ကျန်းရီသည် အခြားသူများ၏ သိုင်းပညာကို သဘာဝလွန် အဆင့်ရောက်အောင် ကူညီပေးနိုင်သော ဆန်းကြယ်သည့် စွမ်းရည်အား ပိုင်ဆိုင်ထားသော်လည်း သူသည် ဂိုဏ်းကို အသိမပေးဘဲ ကိုယ်ကျိုးအတွက် အသုံးချကာ အခြားသူများကို အကျိုးအမြတ် ရစေခဲ့သည်။
“ဝိုး”
သူတို့နှစ်ယောက် တိတ်တဆိတ် ဆွေးနွေးနေစဉ်မှာပင် အပြင်ဘက်မှ အော်သံများ ထွက်လာခဲ့သည်။ သူတို့နှစ်ယောက် လှည့်ကြည့်လိုက်သော် ကို့ရိုးကားယား အမူအရာများ ဖြစ်သွားကြလေသည်။
အဘယ့်ကြောင့်ဆိုသော် မာဂူသည် ပါးစပ်မှ သွေးများစီးကျလျှက် စင်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။ သူ့ရင်ဘတ်မှ သံချပ်ကာသည်ပင် စုတ်ပြဲနေကာ သွေးများ စိမ့်ထွက်နေခဲ့သည်။ သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်မှာ ထင်ရှားသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ''
သူတို့နှစ်ယောက်သည် ဘေးပတ်လည်ကို ကြည့်လိုက်သော အခါတွင်လည်း အခန်းငယ်အတွင်းရှိ လူများ အားလုံး ဆွံ့အနေသည်ကို တွေ့လိုက်ရသည်။ အေးစက်သော ရေခဲနှယ် အလှလေးစုသည်ပင် မျက်လုံးများ ကျဉ်းမြောင်းသွားကာ မျက်မှောင်ကျုံ့နေခဲ့သည်။
အခန်းတွင်း ထိုင်နေသူများမှာ အနည်းဆုံး ခရမ်းရောင် နန်းတော်ရှင် စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့်ကို ရောက်နေခဲ့ပြီ ဖြစ်ရာ ကျန်းရီ၏ ကျင့်ကြံဆင့်သည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်ဖြစ်ကြောင်း သိသိသာသာ မြင်နေရသည်။ လူအများစုသည် သူက အရင်တိုက်ပွဲများကို မျက်မြင် တွေ့ခဲ့ကြသည်။ ယခုတစ်ကြိမ်တွင်မူ ကျန်းရီသည် မည်သည့် ပရိယာယ်မှ မသုံးခဲ့ဘဲ မာဂူကို စင်ပေါ်မှ ဖြောင့်မတ်စွာ ကန်ချခဲ့ခြင်း ဖြစ်သည်။
မေးခွန်းသည်ကား....ကျန်းရီသည် မာဂူကို စင်ပေါ်မှ ဆောင့်ကန်ချရန် ဘယ်လိုများ လုပ်လိုက်သနည်း။
ကျန်းရီသည် ကျန်းရုလုံကို အနိုင်ယူခဲ့စဉ်က ကျန်းယွင်ရှန်နှင့် အခြားလူများသည် ကျန်းရီတွင် ထိုမျှလောက် တိုက်ပွဲဝင်အင်အား ရှိလိမ့်မည်ဟု မယုံကြည်ခဲ့ကြပေ။ ထိုနေ့က ပြဿနာအကြောင်း သူတို့ စုံစမ်းခဲ့သောအခါ ကျန်းရီသည် ကျန်းရုလုံကို လက်နက်သဖွယ် အသုံးချခဲ့ကြောင်း သိခဲ့ရလေသည်။ ၎င်းသည် ကျန်းရုလုံအား သူ၏ အင်အား အစစ်အမှန်ကို မသုံးနိုင်အောင် ကာကွယ်ခဲ့ခြင်း ဖြစ်ပြီး ကျန်းရီသည် ကျန်းရုလုံကို ကလိမ်ကကျစ် တိုက်ခိုက်ခဲ့သည်။
ကျန်းယွင်ရှဲသည် သူ့ဟာသူ ပဟေဠိ ဖြစ်နေရင်း သူ့ဘေးတွင် ထိုင်နေသော လျှိုဂိုဏ်းမှ အကြီးအကဲ တစ်ယောက်ကို ရုတ်တရက် မေးလိုက်လေသည်။
“ဒီကောင်လေးက ဘယ်လိုလုပ် နိုင်သွားတာလဲ”
“သူက ဘယ်လို နိုင်သွားတာလဲ...မေးသင့်တာက ငါတို့လေ...အကြီးအကဲ ယွင်ရှဲရဲ့”
မမျှော်လင့်ထားစွာပင် လျှိုဂိုဏ်းမှ အကြီးအကဲသည် သူ့နည်းတူ ပြန်မေး လာခဲ့သည်...
“ဒီကောင်လေးက မတူတဲ့ သိုင်းပညာ လေးခု ဖြစ်တဲ့ အစွန်းရောက် အာကာသခြေလှမ်း၊ ပုံရိပ်ယောင်လက်သီး၊ ပိုးမျှင်လက်နဲ့ ကြယ်ကြွေလက်သီးကို သုံးသွားတယ်...အကြီးအကဲ ယွင်ရှဲ...အဲဒီအထဲက သုံးခုက မင်းတို့ ကျန်းဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း သိုင်းပညာတွေ မဟုတ်လား...ဟား..ဟား..မင်းတို့ ကျန်းဂိုဏ်းက အများကြီး ဖုံးကွယ်ထားတာပဲ...ဒီကလေးက သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့်ကနေ စတုတ္ထအဆင့်ပုံစံ ဘယ်လိုများ အယောင်ဆောင်ထားတာလဲ... နည်းလမ်းကို ငါ အခုထိ စဉ်းစားလို့မရဘူး...''
ကျန်းယွင်ရှဲ၏ မျက်လုံးများသည် ကျဉ်းမြောင်း သွားခဲ့ပြီး ခေါင်းရမ်းလိုက်သည်...
“သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့် လား...မဖြစ်နိုင်ဘူး...ဒီကောင်လေးက လွန်ခဲ့တဲ့ နှစ်ဝက်ကမှ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်ပဲ ရှိသေးတာ”
“ဟား...ဟား...ဟား”
ကျန်းယွင်ရှဲ၏ စကားများသည် လှောင်ပြောင်သံတို့ကို ဖိတ်ခေါ် လိုက်သလိုပင်...မာဂူသည် လက်သီး တစ်ချက်မျှဖြင့် ဆယ်ပေကျော် လွင့်ထွက်သွားခဲ့ပြီး ထိုလက်သီး တစ်ချက်သည် သူ့အား ဒဏ်ရာ အပြင်းအထန် ရစေခဲ့သည်ကို လူတိုင်း မြင်လိုက်ကြသည်။ ဒီခွန်အားက အနည်းဆုံး သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့်ပဲ တစ်ယောက်ယောက်က သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်ကနေ သတ္တမအဆင့်ကို နှစ်ဝက်အတွင်း ဘယ်လိုလုပ်ပြီး တက်လှမ်းနိုင်မှာလဲ...မင်းက ကလေးတစ်ယောက်ကို လှည့်စားဖို့ ကြိုးစားနေတာလား။
***