အခန်း (၁၅၄၃)
Vol. 111 Ch. 1543
တစ်လကြာပြီးနောက်…
လျောင်ယွမ်မျိုးနွယ်စု၏ မိစ္ဆာသားရဲစစ်သည်တော်သုံးသိန်းက ကျူးရုန်၏ ဦးဆောင်မှုအောက်မှာ အရပ်မျက်နှာအသီးသီးသို့ စတင်ထွက်ခွာသွားကြသည်။
စွန့်ပစ်ကုန်းမြေမှ မည်သည့်လူသားမျိုးနွယ်စုမှ မဆန့်ကျင်ဝံ့ချေ။
လျောင်ယွမ်မျိုးနွယ်စု၏ အင်အားက အလွန်ကြောက်စရာကောင်းပြီး မျိုးနွယ်စု၏ မိစ္ဆာသားရဲစစ်တပ်က ရက်စက်ကြမ်းကြုတ်သည်။ သူတို့က စွန့်ပစ်ကုန်းမြေပေါ်မှ နတ်သားရဲများကို ဝိုင်းရံ၍ သုတ်သင်ရှင်းလင်းပစ်ကြသည်။
ယင်းက နတ်သားရဲများကို ရင်ဆိုင်နိုင်သည့် တစ်ခုတည်းသော စစ်တပ်ဖြစ်လေရာ မည်သည့်လူသားမျိုးနွယ်စုက သူတို့ကို ဆန့်ကျင်ဝံ့မည်နည်း။
မှန်ပေသည်။ လူဦးရေတစ်သန်းကျော်သော မျိုးနွယ်စုကြီးတချို့က အကျိုးအမြတ်ပိုရရန် ဆွေးနွေးညှိနှိုင်းချင်ကြသည်။
ရလဒ်အနေဖြင့် ထိုမျိုးနွယ်စုကြီးများက မိစ္ဆာသားရဲစစ်တပ်၏ တိုက်ရိုက် ချေမှုန်းခံလိုက်ကြရသည်။
သုံးနှစ်အတွင်းမှာ မိစ္ဆာသားရဲစစ်တပ်က စွန့်ပစ်ကုန်းမြေတစ်ခုလုံးကို သိမ်းပိုက်လိုက်သည်။
လူသားမျိုးနွယ်မှ အဖွဲ့ဝင်သန်းသုံးရာက လျောင်ယွမ်မျိုးနွယ်စုထဲသို့ ပူးပေါင်းဝင်ရောက်လာကြသည်။ ယခု မိစ္ဆာသားရဲစစ်သည်တော်များ၏ အရေအတွက်က ဆယ်သန်းရှိသွားသည်။
စစ်တပ်၏ ဦးတည်ရာက ပုထိုင်းတောင် ဖြစ်သည်။
ပုထိုင်းတောင်သည် အချင်းမိုင်တစ်သန်းကျယ်ပြောသော တောင်တန်းဒေသဖြစ်ပြီး စွန့်ပစ်ကုန်းမြေနှင့် ရှေးဦးအပျက်အစီးတောအုပ်၏ နယ်စပ်ကုန်းမြေကြားထဲမှာ တည်ရှိသည်။
ကျူးရုန်က မိစ္ဆာသားရဲစစ်သည်တော်ဆယ်သန်းကို ပုထိုင်းတောင်ဆီသို့ ဦးဆောင်လာသည့်အခါ ပုထိုင်းတောင်ပေါ်မှ မိစ္ဆာသားရဲမျိုးနွယ်စုများက စုဝေးလိုက်ကြသည်။
နတ်သားရဲတစ်သိန်းက ဗျူဟာမြောက်သော နေရာများတွင် အသင့်ပြင်ဆင်ထားကြသည်။
အရေးကြီးဆုံးမှာ ထိုနတ်သားရဲများက မူလစွမ်းအားကို အမှီပြုထားကြလေရာ ၎င်းတို့က အလွန်သန်မာကြသည်။
ထို့နောက် ပုထိုင်းတောင်ပေါ်မှ လူသားမျိုးနွယ်စုများသည် တောင်ပေါ်မှ မောင်းထုတ်ခံလိုက်ကြရသည်။
ထိုနတ်သားရဲများသည် လူသားမျိုးနွယ်နှင့် ဆက်ဆံရေးကို တိုက်ရိုက် မဖြတ်တောက်ချင်သောကြောင့် လူသားမျိုးနွယ်စုများကို အမြစ်ဖြတ်မသုတ်သင်ခဲ့ပေ။
ပုထိုင်းတောင်မှ လူသားသန်းသုံးဆယ်ကျော်က စွန့်ပစ်ကုန်းမြေထဲသို့ ဝင်ရောက်လာကြသည်။
“ ဆရာဟန်… ကျုပ်တို့တွေ တောင်ပေါ်တတ်ပြီး တိုက်ရိုက် တိုက်ခိုက်ကြမလား… မဟုတ်ရင် စွန့်ပစ်ကုန်းမြေထဲမှာ ကျုပ်တို့ ပိတ်မိသွားလိမ့်မယ် ”
စစ်စခန်းတဲအိမ်ထဲတွင် ကျူးရုန်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
တခြားစစ်ဗိုလ်ချုပ်များသည်လည်း ဟန်မူယဲ့ထံသို့ လှည့်ကြည့်လိုက်ကြသည်။
အစက သူတို့သည် စွန့်ပစ်ကုန်းမြေကို တစ်ပေါင်းတစ်စည်းတည်း ဖြစ်ချင်သောကြောင့် ပုထိုင်းတောင်နှင့် တိုက်ရိုက် မတိုက်ခိုက်ချင်ခဲ့ပေ။ သို့သော် ယခု ပုထိုင်းတောင်က စွန့်ပစ်ကုန်းမြေမှ လူသားမျိုးနွယ်အတွက် အတားအဆီးတစ်ခု ဖြစ်လာချေ၏။
“ စွန့်ပစ်ကုန်းမြေမှာ အရင်းအမြစ်တွေ မလုံလောက်ဘူး… ပုထိုင်းတောင်ရဲ့ အထောက်အပံ့ကို ငါတို့လိုအပ်တယ် ”
“ စွန့်ပစ်ကုန်းမြေရဲ့ အပြင်ဘက်မှာ ရှေးဦးအပျက်အစီးတောအုပ်ရဲ့ အဓိကအနှစ်သာရတွေ ရှိတယ်… ငါတို့ရဲ့ အင်အားက မလုံလောက်သေးဘူး ”
ဟန်မူယဲ့က သူ့အရှေ့မှ လူတိုင်းကို ကြည့်လိုက်သည်။ ထို့နောက် အလင်းတန်းတစ်ခုက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
“ ဒါပေမဲ့… ဒီတစ်ကြိမ်တော့ ပုထိုင်းတောင်ပေါ်က နတ်သားရဲတွေကို ငါတို့ရဲ့ အင်အားကို ပြသပေးရမယ် ”
ဟန်မူယဲ့၏ စကားက ကျူးရုန်ကို ပြုံးရွှင်သွားစေသည်။
ကျူးရုန်က ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်လေရာ တိုက်ပွဲစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
“ ဒါဆိုရင် စစ်ကြေညာရအောင် ”
စစ်ကြေညာမယ်… ။
စစ်ကြေညာသည်ဟူသော နတ်ဘုရားအင်းသင်္ကေတများ ရေးထွင်းထားသည့် ကျောက်တုံးကြီးတစ်တုံးကို ပုထိုင်းတောင်ပေါ်သို့ ပို့ဆောင်လိုက်သည်။ ထိုအခါ ပုကျိုးတောင်ထိပ်ပေါ်မှ နတ်သားရဲများက ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။
အထူးလက်ရွေးစင် မိစ္ဆာသားရဲစစ်သည်တော်တစ်သိန်းကို စုဝေးပြီးနောက် ကျူးရုန်ကိုယ်တိုင် ပုထိုင်းတောင်ပေါ်သို့ ဦးဆောင်သွားသည်။
မည်သည့်နတ်သားရဲမှ ထိုမိစ္ဆာသားရဲစစ်တပ်ကို မတားဆီးနိုင်ပေ။
မိစ္ဆာသားရဲစစ်တပ်သည် လမ်းကြောင်းရှင်းပြီးနောက် အရှေ့သို့ ဆက်လက် ချီတတ်သွားသည်။
သုံးလကြာပြီးနောက် မိစ္ဆာသားရဲစစ်တပ်က ပုကျိုးတောင်ထိပ်၏ အရှေ့ဆီသို့ ရောက်ရှိသွားသည်။
ပေတစ်ရာကျယ်ပြောသော လမ်းက ပုကျိုးတောင်ထိပ်ဆီသို့ ဦးတည်နေသည်။
ပုကျိုးတောင်ထိပ်၏ အောက်မှာ မတ်တတ်ရပ်နေစဉ် ကျူးရုန်၏ တိုက်ပွဲစိတ်ဆန္ဒက အဆုံးစွန်ထိ ပေါက်ကွဲထွက်လာသည်။
“ ချီတတ်ကြ… ”
ကျယ်လောင်သော ကြုံးဝါးသံအောက်မှာ အဆုံးမဲ့သော မူလစွမ်းအားက မိုးမြေကြားထဲမှာ ပေါ်လျှိုးလာသည်။ ကျူးရုန်၏ အနောက်မှ မိစ္ဆာသားရဲစစ်သည်တော်တစ်သိန်းသည် လုံးဝ တုံ့ဆိုင်းမနေဘဲ ပုကျိုးတောင်ထိပ်ဆီသို့ တစ်ဟုန်ထိုး ချီတတ်သွားကြသည်။
“ ဗုန်း ”
ပုကျိုးတောင်ထိပ်ကို ဝိုင်းရံထားသော တိမ်တိုက်များက လွင့်စင်သွားပြီး မရေမတွက်နိုင်သော ကျောက်တုံးများက ပြိုကျပျက်စီးသွားကြသည်။
ကျူးရုန်၏ ခန္ဓာကိုယ်က ပေတစ်သောင်းရှည်လျားသော ရွှေရောင်စစ်ဗိုလ်ချုပ်တစ်ဦးအဖြစ် အသွင်ပြောင်းလဲသွားသည်။ ထို့နောက် သူက ပုကျိုးတောင်ထိပ်ပေါ်သို့ အကြမ်းပတမ်း တိုက်ခိုက်လိုက်သည်။
“ ဘန်း ”
ပုကျိုးတောင်ထိပ်၏ ထောင့်တစ်ဖက်က တိုက်ရိုက် အက်ကွဲသွားသည်။
ဧရာမတောင်ကြီးက စတင်လှုပ်ခါလာသည်။
“ ဂရား ”
ဒေါသတကြီးဟိန်းသံက ပုကျိုးတောင်ထိပ်ပေါ်မှ ထွက်ပေါ်လာပြီး ဧရာမသစ်ပင်ပုံရိပ်အဖြစ် ဖွဲ့စည်းသွားသည်။
ကမ္ဘာဦးအုပ်ချုပ်သူအဆင့် သစ်သားဒြပ်စင်နတ်သားရဲ… ။
၎င်းက ပုကျိုးတောင်ထိပ်ပေါ်မှ အုပ်ချုပ်သူ ဖြစ်သည်။
သို့သော်လည်း ဧရာမသစ်ပင်ပုံရိပ် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှေရောင်နတ်ဘုရားအလင်းတန်းက ၎င်းကို ဖုံးလွှမ်းသွားသည်။
“ ဂျိန်း ”
အဆုံးမဲ့သော လျှပ်စီးတန်းများက မိုးရေစက်များသဖွယ် ဆင်းသက်လာပြီး ဧရာမသစ်ပင်ကို ဖုံးလွှမ်းလိုက်ကြသည်။
“ ငါမင်းကို မပြောခဲ့ဘူးလား… လျောင်ယွမ်မျိုးနွယ်စုစစ်တပ် ဒီကို ရောက်လာတဲ့အခါ ကျူးရုန်က မင်းနဲ့ နောက်တစ်ကြိမ် တိုက်ခိုက်လိမ့်မယ်လို့ ”
“ မင်း အသွင်ပြောင်းလဲနိုင်အောင် ငါကူညီပေးမယ်… ဒါမှ မင်းကို အနိုင်ကျင့်တယ်လို့ မပြောနိုင်မှာ ”
ဟန်မူယဲ့ လက်မြှောက်လိုက်သည့်အခါ လျှပ်စီးတန်းများက ဧရာမသစ်ပင်၏ ထိပ်ဖျားကို ထိမှန်သွားကြသည်။
ဧရာမသစ်ပင်တစ်ခုလုံး အပြင်းအထန် တုန်ယင်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ၎င်းက လျှပ်စီးပင်လယ်ထဲမှာ နစ်မြုပ်သွားသည်။
ဟန်မူယဲ့က အတိတ်မှာ လျှပ်စီးပင်လယ်ကို ကမ္ဘာဦးလောကဆီသို့ ယဇ်ပူဇော်ခဲ့သည်။ သို့ဖြစ်၍ နောက်ပိုင်းတွင် မိုးကြိုးကပ်ဘေးများက ကမ္ဘာဦးလောကထဲမှာ ပြန်ထွက်ပေါ်လာသည်။
ကျင့်ကြံခြင်းအဆင့် မြင့်တတ်ချင်သော နတ်သားရဲများသည် ကောင်းကင်ဘုံမိုးကြိုးကို ဆွဲဆောင်ရန် လိုအပ်ကြလိမ့်မည်။
အထူးသဖြင့် ကမ္ဘာဦးအုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းချင်သော နတ်သားရဲများ ဖြစ်ကြသည်။ ၎င်းတို့က အဆင့်တတ်လှမ်းရန် လျှပ်စီးပင်လယ်ထဲမှာ ရေနှစ်ခြင်းမင်္ဂလာကို ဆောင်ရွက်ကြရလိမ့်မည်။
တခြားနတ်သားရဲများက မိုးကြိုးကပ်ဘေးကို လှုံ့ဆော်ရန် မလိုအပ်လောက်ပေ။ သို့သော်လည်း သစ်သားဒြပ်စင်နတ်သားရဲဖြစ်သော ဧရာမသစ်ပင်သည် အသွင်ပြောင်းလဲနိုင်ရန် ကောင်းကင်ဘုံမိုးကြိုးကို သေချာပေါက် လိုအပ်လိမ့်မည်။
အတိတ်တွင် ရှေးဦးအပျက်အစီးတောအုပ်ထဲမှာ မိုးကြိုးကပ်ဘေး မရှိခဲ့ပေ။ ထို့ကြောင့် သစ်သားဒြပ်စင်နတ်သားရဲများသည် မူလနေရာမှ မရွေ့လျားနိုင်ကြချေ။
၎င်းတို့က နေရာတစ်နေရာတည်းမှာသာ ဖျက်ဆီးမခံရဘဲ ရပ်တည်နိုင်ကြသည်။ သို့သော်လည်း သစ်သားဒြပ်စင်နတ်သားရဲများသည် ၎င်းတို့၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သော စွမ်းအားကို မထုတ်လွှတ်နိုင်ကြချေ။
ဥပမာ ပုကျိုးတောင်ထိပ်ပေါ်မှ သစ်သားဒြပ်စင်နတ်သားရဲ ဖြစ်သည်။ ၎င်းက ကမ္ဘာဦးအုပ်ချုပ်သူအဆင့်မှာ ဖြစ်သော်လည်း ပုကျိုးတောင်ထိပ်ကိုသာ ထိန်းချုပ်နိုင်သည်။ ၎င်းက ပုထိုင်းတောင်ပေါ်မှ မထွက်ခွာနိုင်ပေ။
“ ဗုန်း ”
ကောင်းကင်ဘုံမိုးကြိုး ဆင်းသက်လာသည့်အခါ မရေမတွက်နိုင်သော လျှပ်စီးတန်းများက ဧရာမသစ်ပင်ကြီးကို လွှမ်းခြုံလိုက်ကြသည်။
သစ်ကိုင်းများက တုန်ယင်သွားပြီး သစ်ရွက်များက လှုပ်ခါသွားကြသည်။
ထို့နောက် အစိမ်းရောင်ပုံရိပ်တစ်ခုက ဧရာမသစ်ပင်ထဲမှ ထွက်ပေါ်လာသည်။
သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူ၏ ဆံပင်ရှည်က လေထဲမှာ အဆုံးမဲ့စွာ လွင့်မျောနေသည်။ သို့သော်လည်း ယခု သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေသည်။
ကမ္ဘာဦးအုပ်ချုပ်သူအဆင့် နတ်သားရဲတစ်ကောင်ဖြစ်သည့်တိုင် သူက မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ရန် စွမ်းအားအများကြီး အသုံးပြုခဲ့ရသည်။
မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီး လူသားအသွင်သို့ ပြောင်းလဲပြီးနောက် ထိုအမျိုးသမီးက သူ၏ ခန္ဓာကိုယ်ကို ကိုးရိုးကားရား လှုပ်ရှားလိုက်သည်။
“ ဘန်း ”
အမျိုးသမီးက သာမန်ကာလျှံကာ လက်ဝှေ့ယမ်းလိုက်သည့်အခါ ဧရာမကျောက်တုံးတစ်တုံးက တိုက်ရိုက် အက်ကွဲသွားသည်။
ကြည့်ရသည်မှာ ထိုအမျိုးသမီးက သူ့ကိုယ်ပိုင်စွမ်းအားကို သေချာမထိန်းချုပ်နိုင်သေးပုံပေါ်၏။
ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး ကျူးရုန်ကို ကြည့်လိုက်သည်။ သူက ခပ်ရေးရေး ပြုံးလိုက်သည်။
ထိုစဉ် လှံရှည်ကို ဆုပ်ကိုင်ထားသော ကျူးရုန်က တိုးညင်းစွာ ကြုံးဝါးလိုက်ပြီး အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးထံသို့ တန်းမတ်စွာ ဦးတည်သွားသည်။
အကန့်အသတ်မဲ့သော သွေးအနှစ်သာရနှင့် မီးတောက်များက လေထဲမှာ အတူတကွ ယှက်ထွေသွားကြသည်။
အမျိုးသမီး၏ မျက်နှာက တင်းမာခက်ထန်သွားပြီး သူက အနောက်သို့ အမြန်ဆုတ်လိုက်သည်။
ပုကျိုးတောင်ထိပ်ပေါ်တွင် ပုံရိပ်နှစ်ခုက မြန်ဆန်စွာ ရွေ့လျားနေကြသည်။ တစ်ယောက်က ထွက်ပြေးနေစဉ် အခြားတစ်ယောက်က အနောက်မှ လိုက်ဖမ်းနေသည်။ သူတို့နှစ်ယောက် ဖြတ်သန်းသွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က တုန်ယင်သွားသည်။
လေထဲမှာ တည်ငြိမ်စွာ မတ်တတ်ရပ်နေသော ဟန်မူယဲ့က ရုတ်တရက် အဝေးသို့ ခေါင်းမော့ကြည့်လိုက်သည်။
“ ဗုန်း ”
ပုံရိပ်တစ်ခုက မိုးမြေကြားထဲမှ အတားအဆီးများကို ဖြတ်ကျော်၍ ပုကျိုးတောင်ထိပ်ဆီသို့ မြန်ဆန်စွာ ချဉ်းကပ်လာနေသည်။
၎င်းက ရွှေရောင်ပုံရိပ်တစ်ခုဖြစ်ပြီး စူးရှသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။
ဟန်မူယဲ့က မြန်ဆန်စွာ ရွေ့လျားလိုက်ပြီး ထိုပုံရိပ်၏ အရှေ့မှာ လမ်းပိတ်ရပ်လိုက်သည်။
သူလက်မြှောက်လိုက်လေရာ သုံးပေရှည်လျားသော ဓားတစ်လက်က သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။
“ ချွင် ”
ဓားဝှေ့ယမ်းလိုက်သည့်အခါ ရွှေရောင်ပုံရိပ်က အနောက်ဆုတ်သွားပြီး ၎င်း၏ အစစ်အမှန်အသွင်သဏ္ဍာန်က ထွက်ပေါ်လာသည်။
၎င်းက ရွှေရောင်ငှက်တစ်ကောင်ဖြစ်ပြီး မီးတောက်များက ၎င်း၏ အနီရောင်အတောင်ပံများပေါ်မှာ ထွက်ပေါ်နေသည်။
“ ကမ္ဘာဦးအုပ်ချုပ်သူ ချုံးယွင်မီးငှက် ”
ဟန်မူယဲ့၏ မျက်လုံးက လင်းလက်သွားသည်။
“ ဒဏ္ဍာရီအရ ချုံးယွင်မီးငှက်က မီးတောက်နဲ့ အလျင်ကို ပေါင်းစပ်လိုက်တဲ့အခါ ပြိုင်စံရှားအမြန်နှုန်းကို ပိုင်ဆိုင်သွားလိမ့်မယ်… ဘယ်နတ်သားရဲမှ မင်းနောက်ကို လိုက်မမီနိုင်ဘူး ”
ဓားကို သူ၏ လက်ထဲမှာ ဆုပ်ကိုင်ထားစဉ် ဓားသွားက အောက်သို့ အနည်းငယ် တိမ်းစောင်းသွားသည်။ သူက ပြုံးလိုက်ပြီး ပြောသည်။
“ မင်းက အဲ့ဒီမိုးကောင်းကင်သစ်ပင်ကို ကယ်ချင်တာလား… သူ့ကို ကယ်ချင်ရင် ငါ့ကို မင်းဖြတ်ကျော်နိုင်မှ ရမယ် ”
မိုးကောင်းကင်သစ်ပင်သည် ကမ္ဘာဦးလောက၏ သစ်သားစိတ်ဝိညာဉ်ဖြစ်ပြီး သစ်သားဒြပ်စင်အထူးပြု နတ်သားရဲတစ်ကောင်လည်း ဖြစ်သည်။ ၎င်းက ပုကျိုးတောင်ထိပ်ပေါ်မှ မိုးမြေစွမ်းအား၏ စုစည်းမှုမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
ချုံးယွင်မီးငှက်သည် ငယ်စဉ်အခါက မိုးကောင်ကင်သစ်ပင်၏ သစ်ရွက်များကို အာဟာရဓာတ်အဖြစ် စားသုံးခဲ့ဖူးသည်။ ထို့ကြောင့် မိုးကောင်းကင်သစ်ပင်က ၎င်းအပေါ်မှာ ကျေးဇူးရှိသည်။
“ ဗုန်း ”
ဟန်မူယဲ့၏ အနောက်မှ ပုကျိုးတောင်ထိပ်ပေါ်တွင် မိုးကောင်းကင်သစ်ပင်မှ အသွင်ပြောင်းလဲသွားသော အမျိုးသမီးက ကျူးရုန်၏ လိုက်ဖမ်းခြင်းခံနေရသည်။
မိုးကောင်းကင်သစ်ပင်က မိုးကြိုးကပ်ဘေးကို အစောနကမှ ဖြတ်ကျော်ခဲ့ပြီး လူသားအသွင်သို့ ပြောင်းလဲခဲ့လေရာ ၎င်း၏ ကိုယ်ပိုင်စွမ်းအားကို မထိန်းချုပ်နိုင်သေးပေ။
ထို့ကြောင့် ကျူးရုန်၏ တိုက်ခိုက်မှုက အနည်းငယ် တရားမမျှတပေ။
သို့သော်လည်း ကျူးရုန်က အုပ်ချုပ်သူအဆင့်သို့ မရောက်ရှိသေးပေ။ မိုးကောင်းကင်သစ်ပင်သာ ၎င်း၏ ကိုယ်ပိုင်စွမ်းအားကို ထိန်းချုပ်နိုင်သွားမည်ဆိုလျှင် ကျူးရုန်က ၎င်း၏ ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ချေ။
“ ဝှစ် ”
စိတ်အနှောင့်အယှက်ဖြစ်လာသော ချုံးယွင်မီးငှက်က စူးစူးဝါးဝါး အော်မြည်လိုက်ပြီး တစ္ဆေပုံရိပ်အသွင်သို့ ထပ်မံ ပြောင်းလဲလိုက်သည်။
သို့သော် တစ္ဆေပုံရိပ် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဓားအလင်းက ၎င်းဆီသို့ ဦးတည်လာသည်။
“ ထန် ”
နုတ်သီးက ဓားအလင်းနှင့် တွေ့ဆုံသွားသည့်အခါ ချုံးယွင်မီးငှက်၏ ငှက်ပုံသဏ္ဍာန်က ပြန်ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ ဒေါသထွက်သွားသော ကမ္ဘာဦးအုပ်ချုပ်သူငှက်သားရဲက အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူသားအသွင်သို့ ပြောင်းလဲလိုက်သည်။
သူက လက်ထဲမှာ မီးခိုးရောင်ဓားကို ဆုပ်ကိုင်ထားရင်း အနီရောင်လေပွေအဖြစ် ပြောင်းလဲသွားကာ ဟန်မူယဲ့ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
သူက ဓားဖျားကို အရှေ့သို့ ညွှန်လိုက်သည့်အခါ ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားက ဝဲကတော့တစ်ခုနှယ် စုဝေးသွားသည်။
အလျှင်နှင့် မီးတောက်များက လေဟုန်မီးနဂါးတစ်ကောင်အဖြစ် ပေါင်းစည်းသွားကြသည်။
ဟန်မူယဲ့သည် နေရာမှာ ရပ်နေရင်း ပြုံးလိုက်သည်။ သူက လက်တစ်ဖက်ကို အနောက်ပို့ထားလျက် ဓားကိုင်ထားသော လက်ကို ဖြည်းဖြည်းချင်း မြှောက်တင်လိုက်သည်။
ဤကမ္ဘာဦးလောကထဲတွင် သူ့ကို ဓားရေးယှဉ်နိုင်သောလူ ရှိပါသေးသလော။
ဓားသွားက ညင်သာစွာ လှုပ်ခါသွားသည်။
“ ဘန်း ”
လေဟုန်မီးနဂါးက တိုက်ရိုက် ပြိုကွဲသွားသည်။
ထိုဓားချက်က အနီရောင်ဝတ်စုံနှင့် လူသားကို မိန်းမောဆွံ့အသွားစေသည်။
ဟန်မူယဲ့က ဓားမြှောက်တင်လိုက်သည့်အခါ အစိမ်းရောင်ဓားအလင်းက ဓားသွားပေါ်မှာ ထွက်ပေါ်လာသည်။
ဟန်မူယဲ့၏ ဓားနှင့် ထိပ်တိုက်တွေ့ဆုံသွားသော အနီရောင်ဝတ်စုံနှင့် လူသား၏ မီးခိုးရောင်ဓားက တုန်ယင်သွားသည်။ ထို့နောက် သူက ဓားကို မထိန်းချုပ်နိုင်တော့ပေ။ သူ့ဓားက ဟန်မူယဲ့၏ ဓား ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားသည်။
“ ရွှတ် ”
ဓားက အနီရောင်ဝတ်စုံနှင့် လူသား၏ လက်ထဲမှ လွတ်ကျသွားပြီး သူ၏ ရွှေရောင်မျက်နှာဖုံးက ဟန်မူယဲ့၏ ဓားကြောင့် နှစ်ခြမ်းကွဲထွက်သွားသည်။
ထိုအခါ အသက်ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး၏ မျက်နှာက မျက်နှာဖုံးအောက်မှာ ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးကြီးများထဲမှာ အံ့ဩထိတ်လန့်မှုဖြင့် ပြည့်နှက်နေသည်။
တစ်ဖက်လူ ထိုမျှဒေါသကြီးနေခြင်းက မထူးဆန်းတော့ပေ။
“ ဘန်း ”
ဟန်မူယဲ့၏ အနောက်တွင် ပုကျိုးတောင်ထိပ်က အပြင်းအထန် တုန်လှုပ်သွားသည်။
ကျူးရုန်က သူ၏ သွေးအနှစ်သာရနှင့် မီးတောက်စွမ်းအားကို ထိန်းချုပ်၍ မိုးကောင်းကင်သစ်ပင်၏ သစ်သားစွမ်းအားကို ဖိနှိပ်လိုက်သည်။ ထို့ကြောင့် ပုကျိုးတောင်ထိပ်ပေါ်မှ ကျောက်ဆောင်ကျောက်တုံးများက ပြိုကျပျက်စီးသွားကြသည်။