← Chapters

သရုပ်မှန် ပေါ်သွားခြင်း

Vol. 1 Ch. 45

သရုပ်မှန် ပေါ်သွားခြင်း

Vol. 1 Ch. 45

သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း သတ္တမအဆင့်လား။

ကျန်းယွင်ရှန်နှင့် ကျန်းယွင်ရှဲတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများသည် ဒေါသများ ဖုံးလွှမ်း နေခဲ့သည်။ မူလက သူတို့သည် ကျန်းရီအား သူတို့၏ စိတ်တွင်း၌ သေမိန့် ချထားခဲ့ပြီး ဖြစ်သည်။ ယခုတွင်မူ သူတို့သည် ကျန်းရီအား အကြိမ်ကြိမ် သတ်နိုင်ရန်ပင် ဆုတောင်း နေကြသည်။

သူတို့သည် နှစ်တစ်ထောင် သွေးဂျင်ဆင်းအား  အင်အားတိုးစေရန် စားသုံးခဲ့သည်ဟု ကျန်းရီ ပြောခဲ့သည်ကို ပြန်တွေး နေခဲ့ကြသည်။ ကျန်းရီသည် ကျန်းဂိုဏ်းသား တစ်ယောက်ဖြစ်သည်။ အဲဒီနေ့က ဖြစ်ရပ်သာ မရှိခဲ့ပါလျှင် ကျန်းဂိုဏ်းသားတို့သည်  ကျန်းရီ၏ အင်အားများ ရုတ်တရက် တိုးတက် သွားသောကြောင့် ပျော်ရွှင်မိကြပေလိမ့်မည်။ သို့သော် သူတို့ နှစ်ယောက်သည် ကျန်းရီကို သစ္စာဖောက်အဖြစ် ယူဆထားပြီး ဖြစ်သည်။ သူတို့အား ကိစ္စအများကြီး ဖုံးကွယ်ထားခဲ့သောကြောင့် ကျန်းရီသည် မည်မျှပင် အားကောင်း လာစေကာမူ သူတို့သည် ကွပ်မျက်ရမည်ဟု ခံစားနေခဲ့ ရသည်။

“၅၃၆...ကိုးပွဲဆက် အနိုင်ရတယ်”

လူအိုကြီး၏ အသံသည် ထွက်ပေါ်လာသည်နှင့် ကျန်းရီ၏ အသံစူးစူးသည်လည်း ကပ်ပါလာခဲ့သည်...

“နောက်တစ်ယောက်”

အားလုံး တိတ်ဆိတ်နေကြသည်မှာ အခြားစင်မြင့်များထက်မှ တိုက်ပွဲများပင် ရပ်တန့် သွားသယောင် ထင်ရသည်။ ဈေးတစ်ခုလုံးတွင် ကျန်းရီ၏ မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲနေသော အသံသာ ပဲ့တင်ထပ် သွားခဲ့သည်။

ဘယ်သူမှ စင်ပေါ်သို့ တက်မလာခဲ့ပေ။ မာဟေးချီနှင့် အခြားမာ ဂိုဏ်းသားတို့သည် နှုတ်ခမ်းများမဲ့ သွားကြသော်လည်း သူတို့ကိုယ် သူတို့ ထိန်းထားလိုက် ကြလေသည်။ မာဂူသည် ထွက်သွားခဲ့ပြီး ဂိုဏ်းကို အရှက်ရ စေခဲ့သည်။ နောက်ထပ် မာဂိုဏ်းသား တစ်ယောက်သည် ထွက်သွားခဲ့ပြီး ထပ်မံ ရှုံးနိမ့်ခဲ့ပါလျှင် မာဂိုဏ်း၏ ဂုဏ်သတင်းသည် ထိခိုက်ရပေမည်။ အရေးအကြီးဆုံးသည်ကား ကျန်းရီ၏ ကျင့်ကြံဆင့်သည် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့်ဟု လူတိုင်း ထင်ကြသော်လည်း အင်အား အစစ်အမှန်ကို ဘယ်သူမှ မသိကြပေ။ မသေချာဘဲ မည်သူက စင်ပေါ်သို့ သတိမဲ့စွာ တက်သွားဝံ့မည်နည်း။

“ငါ စမ်းကြည့်တာပေါ့”

အဖြူရောင် ပုံရိပ်တစ်ခုသည် စင်ပေါ်သို့ အသာလေး မျောလွင့် လာသည်မှာ လေပေါ်တွင် လမ်းလျှောက်လာ သကဲ့သို့ပင်။ သူ၏ သေသပ်လှသော အပြုအမူတို့သည် ပရိတ်သံထံမှ ချီးကျူးသံများကို ဖိတ်ခေါ် လိုက်လေသည်။

လျှိုဟဲ

ကျန်းရီသည် ဆွံ့အသွားရသည်။ လျှိုဟဲသည် ပါရမီရှင် ထိပ်ဆုံး ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူက တကယ်ကို အစောကြီး တက်လာတာလား။

“ကောင်းတယ်...ဂိုဏ်းချုပ်လျှို... ခင်ဗျားသားက တကယ့်ကို ရဲရင့်တာပဲ”

လမ်ဂိုဏ်းမှ အကြီးအကဲ တစ်ယောက်သည် လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်လျှင် ကျန်လူများသည် တညီတညွတ်တည်း ထောက်ခံ လာကြလေသည်။ ဆရာများနှင့် လက်ထောက် စစ်သူကြီးသည်ပင် လျှိုဟဲကို ကြည့်လာကြလေသည်။ လက်ရှိအခြေအနေတွင် စင်ပေါ်ကို တက်ရဲခြင်းမှာ အဓိပ္ပာယ်နှစ်မျိုး ထွက်လေသည်။ ပထမတစ်မျိုးမှာ သူ၏ စွမ်းအားကို ယုံကြည်မှု ရှိသောကြောင့် ဖြစ်ပြီး နောက်တစ်ခုမှ သူရူးနေ၍ ဖြစ်ရပေမည်။ သူသည် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း အဋ္ဌမအဆင့်သို့ ရောက်ရှိထားသော ဆယ့်ခြောက်နှစ်အရွယ် ပါရမီရှင် ဖြစ်သည်။ သူရူးနေသည်မှာ ဖြစ်နိုင်ပါ့မလား။

လျှိုဂိုဏ်းချုပ် လျှိုဖုန်းသည် အသာအယာ ပြုံးလိုက်ပြီး စိတ်ထဲတွင်တော့ ကြိတ်၍ ကျိန်ဆဲ လိုက်သည်။ လျှိုဟဲ၏ ဦးနှောက်သည် တစ်ခုခုများ မှားယွင်းနေသည်လား ဒီအခြေအနေမှာ စင်ပေါ်ကို တက်သွားတယ် ကျန်းရီ၏ အင်အားသည် ခန့်မှန်း၍ မရနိုင်ပေ...လျှိုဟဲသာ ရှုံးသွားလျှင် သူ့ ဂုဏ်သိက္ခာများကို လွှင့်ပစ် လိုက်ရပေတော့မည်။

ကျန်းရီသည် ကိုးပွဲဆက်တိုက် အနိုင်ရထားပြီး ဖြစ်သည်။ လျှိုဟဲကိုသာ အနိုင်တိုက်နိုင်ပါလျှင် သူသည် ဆယ်ပွဲဆက်တိုက် အနိုင်ရခြင်း ဖြစ်ပေတော့မည်။ လျှိုဟဲသည် အားအကောင်းဆုံး ပြိုင်ပွဲဝင်များထဲမှ တစ်ယောက်ဖြစ်ရာ ကျန်းရီသာ သူ့ကို အနိုင်တိုက်နိုင်လျှင် ပွဲ၁၀၀ကို နိုင်ရန် အခွင့်အရေး ရှိသည်ဟု အဓိပ္ပာယ်ရလေသည်။

ပွဲကြည့်စင်ထက်မှ မျက်လုံးတိုင်းသည် ကျန်းရီ၏ စင်မြင့်ထက်တွင်သာ ရှိနေခဲ့ကြသည်။ လူအများစုသည် ထိုတိုက်ပွဲအတွက် အတော်လေး စိတ်လှုပ်ရှား နေကြပေသည်။

“လျှိုဟဲ...သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း အဋ္ဌမအဆင့်...အကို အထီးကျန် ဝံပုလွေက သင်ကြား ပြသပေးပါဦး”

လျှိုဂိုဏ်း၏ အကြီးဆုံး သခင်လေး ဖြစ်သောကြောင့် လျှိုဟဲ နှိမ့်ချတတ်ပြီး တည်ငြိမ်သော ဟန်ပန်အမူအရာ ရှိလေသည်။ သူသည် ကျန်းရီကို တည်တည်ငြိမ်ငြိမ် ခေါင်းညွှတ်ပြ လိုက်ခဲ့သည်။ သူ့မျက်လုံးတွင် တိုက်ပွဲဝင်လို စိတ်တို့ ပြည့်နေခဲ့သည်။

အခြားတစ်ယောက်သည် ယဉ်ကျေးစွာ ဆက်ဆံလာပါက ကျန်းရီသည်လည်း ပြန်လည် အခွင့်အရေး ပေးသည်သာ...သူသည် သူ၏ မာနကြီးသော အမူအရာတို့ကို ရုတ်သိမ်းလိုက်ကာ  လျှိုဟဲကို ခေါင်းညိတ် ပြလိုက်သည်...

“အထီးကျန်ဝံပုလွေ... သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့်...အကိုလျှိုက အရင်စပါ”

“ဒါဆို ကျွန်တော် ယဉ်ကျေး မနေတော့ပါဘူး”

လျှိုဟဲသည် အော်ဟစ် လိုက်ပြီးသည်နှင့် ခြေတစ်ဖက်ကို ဆောင့်နင်း လိုက်သည်မှာ စင်မြင့်ပင် လှုပ်ခါ သွားရသည်။ သူ့ကိုယ်သည် ကျန်းရီထံ လေအလျင်နှင့် ပြေးဝင်လာခဲ့သည်။ သူ့အရှိန်နှုန်းသည် မြန်လွန်းနေရုံသာမက သူ၏ ခန္ဓာကိုယ်သည်လည်း လေထဲတွင် မျောလွင့် နေခဲ့သည်မှာ လှုပ်ရှားမှုကို  ခန့်မှန်းရန် ခက်ခဲလှသည်။

“လေပြည်ကကြိုး”

ကျန်းရီ၏ မျက်လုံးအိမ်များသည် ကျဉ်းမြောင်းသွားခဲ့ပြီး သူသည် လျှိုဟဲကို အဆက်မပြတ် ကြည့်နေရင်း နောက်သို့ အလျင်အမြန် ဆုတ်လိုက်ရသည်။ သူသည် လျှိုဂိုဏ်းမှ ဂိုဏ်းသားများနှင့် လေ့ကျင့် တိုက်ခိုက်ဖူးရာ လေပြည်ကကြိုး၏ စွမ်းရည်ကို ခံစားဖူးလေသည်။ လျှိုဟဲသည် လျှိုဂိုဏ်းမှ အခြားဂိုဏ်းသားများထက် ကျင့်ကြံဆင့် အများကြီး မြင့်ရာ သူ၏ လေပြည်ကကြိုးသည်ကား ပို၍ပင် ခန့်မှန်းရ ခက်လေသည်။

ထိုသိုင်းပညာသည် အမြင့်စားအဆင့် အဆင့်မြင့် ပညာရပ်ဖြစ်ပြီး အသုံးပြုသူကို လေကဲ့သို့ ခန့်မှန်းရ ခက်သွားအောင် လုပ်ဆောင်ပေး နိုင်လေသည်။ တစ်စုံတစ်ယောက် ထိုပညာရပ်ကို အသုံးပြုလိုက်သည်နှင့် သူသည် လေကဲ့သို့ မျောလွင့် သွားမည်ဖြစ်ကာ တစ်ဖက်လူ၏ တိုက်ခိုက်မှုများသည် အချည်းအနှီးသာ ဖြစ်သွားပေလိမ့်မည်။ အသုံးပြုသူသည် ရန်သူနှင့် နီးကပ်လာလျှင် တစ်ဖက်လူသည် ရှောင်တိမ်းရန် ခက်ခဲသွားမည်ဖြစ်ကာ တိုက်ခိုက်ခံရမည်ကို စောင့်နေရရုံသာ တတ်နိုင်ပေလိမ့်မည်။ ထို့ကြောင့်ပင် လျှိုဂိုဏ်းသား တစ်ယောက်နှင့် ရင်ဆိုင်သည့်အခါတွင် အနားသို့ ကပ်ခွင့်မပေးပဲ တစ်ချက်တည်းနှင့် အနိုင်တိုက်နိုင်ရန် အခွင့်အရေးကို ရှာရပေမည်။

လျှိုဟဲသည် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း အဋ္ဌမအဆင့်တွင်ရှိသည်။ ကျန်းရီသည် အနက်ရောင် အတွင်းအားကို မသုံးဘဲ လျှိဟဲ၏ ချည်းကပ်လာမှုကို တားဆီးနိုင်ပါမည်လား။

အဖြေသည် ရှင်းပါသည်...

လျှိုဟဲသည် အနီးသို့ အလျင်အမြန် ရောက်ရှိလာကာ သူ၏ ရှည်လျား ဖြူဖွေးသော လက်အစုံသည် တိုက်ခိုက်လာခဲ့သည်။ ကျန်းရီသည် လက်ကိုအမြန် ဆန့်ထုတ်ကာ ခုခံလိုက်ရသည်။ သူတို့၏ လက်များ တိုက်မိသွားသည့် အခါတိုင်းတွင် ကျန်းရီသည်ကို နောက်ကို ဆုတ်နေရသည်။ သူသည် တိုက်ပွဲထဲသို့ သွေးရူးသွေးတန်း ပြေးဝင်မသွားဘဲ လွတ်မြောက်ရန်သာ ကြိုးစားလိုက်သည်။ သို့သော် လျှိုဟဲသည် သူ့နောက်မှ အရိပ်တစ်ခုကဲ့သို့ ပါလာကာ အဆတ်မပြတ် လက်ဝါး ရိုက်ချက်များ ထုတ်လွှတ်လိုက်သည်။

အခြေအနေသည် ရှင်းပါသည်။ ကျန်းရီသည် ရှောင်တိမ်း၍သာ နေရပြီး လျှိုဟဲသည် ဆက်တိုက် တိုက်ခိုက်နေခဲ့သည်။ လျှိုဟဲသည် အင်အားအပြည့် မတိုက်ခိုက်သေးသည်မှာ သိသာသည်။ ကျန်းရီသည် လျှိုဟဲနှင့် ထိပ်တိုက်ရင်ဆိုင်သည့် အခါတိုင်းတွင် နောက်သို့သာ ဆုတ်နေရသည်။ တစ်ခါတစ်ရံတွင် သူသည် စင်ပေါ်မှ ပြုတ်ကျလု မတတ်ပင် ဖြစ်သွားနေခဲ့သည်။

“မဆိုးဘူး...ဂိုဏ်းချုပ်လျှို...ခင်ဗျားသားက တကယ့်ကို ထက်မြက်တယ်...၅၃၆က အတော်လေး ဉာဏ်နီဉာဏ်နက် များတာကို သူသိတယ်...ဒါကြောင့် သေသေချာချာ တိုက်ခိုက်ပြီးတော့ ပရိယာယ်ထဲ ကျမသွားအောင် လုပ်နိုင်တယ်...ကျွန်တော့်အမြင်...လျှိုဟဲက သေချာပေါက်ကို လွယ်လွယ်နဲ့ နိုင်နိုင်တယ်”

ပွဲကြည့်စင်ထက်မှ မာဂိုဏ်း၏ အကြီးအကဲတစ်ယောက်သည် ချီးမွမ်းလာခဲ့သည်။ လူတိုင်းသည်လည်း သဘောတူစွာ ခေါင်းညိတ်လာကြသည်။ သူတို့ မြင်ရသည်မှာ ကျန်းရီ၏ အမြန်နှုန်းသည် ပို၍ နှေးကွေးလာခဲ့ပြီး တိုက်ခိုက်နှုန်းသည်လည်း လျော့ကျလာခဲ့သည်။ ထိုအရာသည် မောပန်းလာခြင်း၏ အမှတ်အသား ဖြစ်ကာ ဟန်ဆောင်၍ မရနိုင်ပေ။

လူတိုင်း၏ စိတ်ထဲတွင် သံသယများ ထွက်ပေါ် လာရပြန်သည်။ ကျန်းရီက တကယ့်ကို သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့်များလား...မဟုတ်လျှင် သူ့လှုပ်ရှားမှုများသည် ထိုမျှလောက် နှေးကွေး နေစရာမလိုပေ...မေးစရာသည်ကား....သူစောစောက မာဂူကို မည်သို့ အနိုင်ယူခဲ့သနည်း။

ကျီထျန်းနှင့် ဆရာသုံးယောက် အပါအဝင် မည်သူမှ ကျန်းရီ၏ အင်အား အစစ်အမှန်ကို မခန့်မှန်းနိုင်ပေ။ သူတို့သည် မျက်မှောင်များ ကျုံ့လျက်သာ ကျန်းရီ၏ လှုပ်ရှားမှုတိုင်းကို မျက်ခြေမပြတ် ကြည့်နေခဲ့ကြသည်။

လျှိုဟဲသည်လည်း ကျန်းရီ၏ လှုပ်ရှားမှုများကို သေသေချာချာ မြင်နေရသည်သာ...သူ့တွင် ကျန်းရီကို စင်ပေါ်မှ ကန်ချရန် အခွင့်အရေးများစွာ ရှိနေသော်လည်း သူသည် စိတ်ထိန်း ထားခဲ့သည်။ ကျန်းရီသည် ကိုးပွဲဆက်တိုက် အနိုင်ရထားခဲ့ပြီး မာဂူကိုလည်း စင်ပေါ်မှ အသာအယာ ကန်ချခဲ့သည်ဖြစ်ရာ သူ့အင်အားသည် ဒီလောက်တော့ မနည်းနိုင်ပေ။ သူသည် လက်ရှိအခြေအနေကို ထိန်းထားကာ ကျန်းရီ သည်းမခံနိုင်တော့ဘဲ လှုပ်ရှားလာမည့် အချိန်ကို စောင့်နေလိုက်သည်။

ကျန်းရီသည် ဆက်လက် သည်းမခံ နိုင်တော့ပေ။ သူ၏ ဟူခို့အမှတ်နေရာ(လက်ဖမိုးဘက်ရှိ လက်မနှင့် လက်ညှိုးကြား အချိုင့်) နှစ်ခုလုံးသည် ထိခိုက်ထားပြီ ဖြစ်ရာ အတွင်းအား များသည်လည်း တဖြည်းဖြည်း ယုတ်လျော့ လာလေသည်။ လျှိုဟဲသည် ဟာကွက် မရှိသေးပေ။ ဒီအတိုင်းသာ ဆက်သွားနေပါလျှင် သူရှုံးနိမ့် ပေတော့မည်။

အနက်ရောင် အတွင်းအား

သူ၏ ဒန်တျန်းထဲတွင် အနက်ရောင် အတွင်းအား ခြောက်မျှင်သာ ကျန်တော့သည်။ ကျန်းရီသည် အံကြိတ်ကာ အနက်ရောင် အတွင်းအား တစ်မျှင်ကို သူ၏ လက်သီးအင်အား တိုးလာစေရန် သုံးလိုက်ရသည်။ သူသည် လျှိုဟဲ၏ တိုက်ခိုက်မှုကို ရှောင်တိမ်း နေရာမှ ရုတ်တရက် ပုံရိပ်ယောင် လက်သီးကို သုံးလိုက်ကာ လျှိုဟဲ၏ ဦးခေါင်း၊ ဘယ်ဘက်ရင်အုံနှင့် ခန္ဓာကိုယ် အောက်ပိုင်းတို့ကို ထိုးချလိုက်သည်။

“နောက်ဆုံးတော့ သည်းမခံ နိုင်တော့ဘူးလား''

လျှိုဟဲ၏ မျက်လုံးများတွင် ကျေနပ်သည့် အရိပ်အယောင် ဖြတ်ပြေးသွားခဲ့ပြီး သူ့ကိုယ်သည် လေနှင့်အတူ မျောလွင့် သွားခဲ့သည်။ သူသည် ကျန်းရီ၏ လက်သီးကို ရင်ဆိုင်ရန် လက်သင်္ကေတများ ပြုလုပ်လိုက်သည်။

မျှော်လင့် ထားသလိုပင် ကျန်းရီ၏ လက်သီးများသည် ပျက်ပြယ် သွားရလေသည်။ ကျန်းရီ၏ တိုက်ခိုက်မှုနှုန်းသည် နှေးကွေးလွန်း နေခဲ့သည်။ ပုံရိပ်ယောင် လက်သီးသုံးခုသည် လျှိုဟဲအတွက် ဘာမှမဟုတ်ပေ။ ဆယ်ခု ဆိုလျှင်တောင် သူရပ်တန့် နိုင်ပေသည်။

“ဘန်း”

လျှိုဟဲသည် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် စူးရှရှ နာကျင်မှု တစ်ခုသည် သူ၏ ဘယ်လက်ဆီမှ ပျံ့နှံ့ လာသောကြောင့် ဖြစ်သည်။ ကျန်းရီသည် သူ့ထံသို့ လျှပ်စီးအလျင်နှင့် ပြေးလာသည်ကို မြင်လိုက်လျှင် သူ့မျက်နှာသည် လေးနက် သွားခဲ့သည်။ အံအားသင့် နေရင်းမှာပင် သူသည် နောက်သို့ ဆုတ်ရန် ချက်ချင်း လှုပ်ရှားလိုက်သည်။

“ပုံရိပ်ယောင် လက်သီး”

ကျန်းရီသည် သူ၏ အရှိန်အဝါကို ထုတ်လွှတ် လိုက်သည်။ သူ၏ မျက်လုံးများသည် ကြောက်စရာကောင်းအောင် တောက်ပနေခဲ့ပြီး တစ်ချိန်တည်းမှာပင် လက်နှစ်ဖက်လုံးနှင့် ပုံရိပ်ယောင် လက်သီးများ ထုတ်လွှတ်လိုက်သည်။ လက်သီးခြောက်ခုသည် လျှိုဟဲထံ ပျံ့လွင့် သွားခဲ့သည်။

“ဟမ်''

လျှိုဟဲသည် နောက်သို့ ရှောင်လိုက်ကာ လက်ဝှေ့ယမ်း၍ တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။ သူသည် ကျန်းရီ၏ တိုက်ကွက်ကို သတိထားပြီး ဖြေရှင်းရန် ပြင်ဆင် ထားခဲ့သည်။

“ကျွတ်စ်...ကျွတ်စ်”

ရုတ်တရက် လျှိုဟဲသည် စုတ်သပ်သံ တစ်ခုကို ကြားလိုက်ရသောကြောင့် အံ့အားသင့် သွားလေသည်။ သူ၏ အကြည့်တို့သည် ကျန်းရီ၏ ညာဘက်လက်ထံ ရောက်ရှိ သွားခဲ့လေသည်။ အစိမ်းရောင် တောက်နေသော ဓားမြှောင်လေး တစ်ချောင်းသည် ကျန်းရီ၏ လက်အတွင်းတွင် ထိုးထွက်နေခဲ့သည်။ သူသည် စိတ်သက်သာရာ ရသွားခဲ့သည်။ ကျန်းရီသည် သူ၏ ပွဲသိမ်း တိုက်ကွက်ကို ထုတ်သုံးလိုက်ပေပြီ...

“အဖိုးတန်လက်နက်....ဟမ့်”

ကျန်းရီ၏ လက်အတွင်းတွင် အစိမ်းရောင် တောက်နေသော ဓားမြှောင်လေးကို မြင်လိုက်သောအခါ လျှိုဟဲသည် နှာခေါင်း ရှုံ့လိုက်သည်။ သူတို့ဂိုဏ်းတွင်လည်း အဖိုးတန် လက်နက်များ ပိုင်ဆိုင်ပေသည်။ သို့သော် လျှိုဂိုဏ်း၏ တိုက်ခိုက်နည်းများသည် လက်နက်များနှင့် မသင့်တော်သောကြောင့် လျှိုဟဲသည် လက်နက်များ သုံးရသည်ကို သဘောမကျချေ။ နောက်ဆုတ်မည့်အစား လျှိုဟဲသည် သူ့လက်များကို လက်သည်းအသွင် ပြောင်းလဲလိုက်သည်။ လက်သည်းများသည် အရိပ်အသွင် ပြောင်းလဲသွားခဲ့ပြီး ကျန်းရီ၏ ညာလက်ရှိရာသို့ ဦးတည် သွားခဲ့သည်။

တစ္ဆေအရိပ် လက်သည်း

၎င်းသည် လျှိုဂိုဏ်း၏ ကျော်ကြားသော အလယ်အလတ်အဆင့် အဆင့်မြင့် သိုင်းပညာ ဖြစ်သည်။ လေပြည်ကကြိုးနှင့် တွဲဖက်ပြီး အသုံးပြုလိုက်လျှင် ပြီးပြည့်စုံသော ကိုယ်ခံပညာရပ် ဖြစ်သွားလေသည်။

ထင်ထားသည့်အတိုင်း လျှိုဟဲသည် ကျန်းရီ၏ ညာဘက်လက်ကို အေးအေးဆေးဆေးပင် ဖမ်းဆုပ် လိုက်လေသည်။ သူသည် ကျန်းရီ၏ လက်များကို ပြေလျော့ သွားအောင် အားသုံးကာ ဖိချလိုက်သည်။ လက်နက်တွင် ထည့်သွင်းထားသော အတွင်းအား များသည်လည်း ပျောက်ကွယ် သွားခဲ့သည်။ သူသည် အသာအယာ ပြုံးလိုက်ပြီး ဓားမြှောင်ကို ဆွဲယူလိုက်ကာ ပွဲကို အဆုံးသတ်ရန် ပြင်လိုက်သည်။

“ဟမ်...သေစမ်း”

လျှိဟဲသည် ရုတ်တရက် မလုံခြုံတော့သလို ခံစားလိုက်ရသည်။ သူသည် ကျန်းရီ၏ ညာလက်ကို အလျင်အမြန် ကြည့်လိုက်သည်။ သူထိုလက်ကို မြင်သောအခါတွင် ခြောက်ခြား သွားရလေသည်။ ကျန်းရီ၏ ညာလက်တွင် အတွင်းအားများ စုစည်းနေခဲ့သည်။ ထိုအတွင်းအားများသည် သူ၏လက်တွင် ထူးဆန်းစွာ လည်ပတ်နေခဲ့ပြီး အနက်ရောင် အနည်းငယ် လင်းလက်နေသော အပြာရောင် အတွင်းအားများ ဖြစ်သည်။ ၎င်းသည် မြင်လိုက်ရသော သူအား နှလုံးသားမှပင် ခြောက်ခြား သွားစေနိုင်သော ခံစားချက်ကို ပေးလေသည်။

ငါလှည့်စား ခံလိုက်ရပြီ...ဒါကမှ သူ့ရဲ့ ပွဲသိမ်းတိုက်ကွက်ပဲ…

လျှိုဟဲသည် ဆွံ့အနေရာမှ သတိဝင်လာခဲ့သည်။ သူသည် အလျင်အမြန် နောက်ဆုတ် လိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ ကျန်းရီသည် သူ၏ လက်ဝါးကို လျှိုဟဲ၏ ဘယ်ဘက်လက်ထံ ရိုက်ချလိုက်လေသည်။

“ဘန်း”

အတွင်းအား ပေါက်ကွဲသံများသည် ပတ်ဝန်းကျင်သို့ပင် ပျံ့နှံ့သွားခဲ့သည်။ လျှိုဟဲ၏ ကိုယ်သည် လွင့်စင် ထွက်သွားခဲ့ပေသည်။ ကျန်းရီသည်လည်း ပြင်းထန်သော အားကြောင့် ခြေလှမ်း တော်တော်များများ ဆုတ်လိုက်ရလေသည်။ လျှိုဟဲ၏ ဘယ်ဘက်လက်သည် သွေးများရွှဲနေခဲ့ပြီး အဖြူရောင် အရိုးများပင် ပေါ်နေလေသည်။ သူသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့သည်မှာ သိသာသည်။

“ချလွမ်”

ဓားမြှောင် လွတ်ကျသွားသောကြောင့် ထွက်ပေါ်လာသော အသံသည် လူတိုင်း၏ ရင်ထဲတွင် ပဲ့တင် ထပ်သွားခဲ့သည်။ ပရိတ်သတ်၏ မျက်နှာများသည် တည်ကြည်သွားကာ လေးစားသော အသွင်များ ဖြစ်ပေါ် လာကြသည်။ လူတိုင်းသည် အစက ကျန်းရီသည် ကံကောင်းနေကာ အနိုင်ရရန် သူ၏ ပရိယာယ်များကိုသာ အားကိုး နေခဲ့သည်ဟု ယူဆခဲ့ကြသည်။ ယခုမူ ကျန်းရီ၏ အင်အားကို မည်သူမျှ သံသယ မဝင်ရဲတော့ပေ။

ပြိုင်ပွဲဝင် အားလုံးတွင် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း နဝမ အဆင့်တွင်ရှိသော ကျီထင်ယွီနှင့် ကျန်းဟန်ရွှေမှ တစ်ပါး ထူးဆန်းသည့် လှုပ်ရှားမှု ပညာရပ်ကို တတ်မြောက်ထားသူ လျှိဟဲကို မည်သူက အနိုင်ယူနိုင်မည်နည်း။

“ကံတရားရဲ့ ဓားစိမ်း”

ထိုခဏတွင် အံကြိတ်သံများစွာသည် ထွက်ပေါ်လာခဲ့သည်။ မာဂိုဏ်းမှ အကြီးအကဲများ အပါအဝင် ဂိုဏ်းသား အများစု၏ မျက်လုံးထဲတွင် သတ်ချင်ဖြတ်ချင် စိတ်များ ထင်ဟပ်လာကြသည်။

အစိမ်းရောင် ဓားမြှောင်သည်ကား ကံတရား၏ ဓားစိမ်းဟု အမည်တွင်လေသည်...အနှီဓားသည် မာဂိုဏ်းမှ မာဖေး၏ အဖေအား ချီးမြှင့်ထားခဲ့ခြင်း ဖြစ်သည်။ တစ်ကြိမ်တွင် မာဖေးသည် မသန်မစွမ်း ဖြစ်သွားခဲ့ပြီး သူ၏ ဓားမြှောင်သည်လည်း အလုခံလိုက်ရသည်။ ဒီလို မတော်တဆမှုကြီးက ဘယ်လိုလုပ်ပြီစ အဖုံးကွယ်ခံ ထားရတာလဲ...ယခုမူ ကံတရားရဲ့ ဓားစိမ်းသည်လည်း ပြန်ပေါ် ထွက်လာခဲ့ပြီး ကျန်းရီ၏ သရုပ်မှန်သည်လည်း ပေါ်ပေါက်သွားခဲ့ပြီ ဖြစ်သည်။

***

All Chapters