ကျန်းရီ သေကိုသေရမယ်
Vol. 1 Ch. 46
အတွင်းအား ပေါက်ကွဲလက်ဝါး...ဒီကောင်လေးက ဒါကို ကျင့်ကြံတာ အောင်မြင်သွားတာလား။
ဈေးထောင့် တစ်နေရာတွင် ကြီးကြပ်သူယန်၏ မျက်နှာသည် အံ့အားသင့်မှုများနှင့် ပြည့်လျက်ရှိသည်။ ကြီးကြပ်သူယန်သည် သိုင်းလေ့ကျင့်ခန်း အတွင်း မည်သည့်တာဝန်မှ လုပ်စရာရှိ မနေသောကြောင့် ကျန်းရီးသည် အများနှင့်တစ်ယောက် ယှဉ်ပြိုင်သောပွဲကို စိန်ခေါ်လိုက်သည် ဟူသော သတင်းကို ကြားလျှင်ကြားချင်း သူအပြေးလာခဲ့ခြင်း ဖြစ်သည်။ သူသည် ကျန်းရီ၏ ပွဲတိုင်းကို အသေးစိတ် ကြည့်နေလေရော အချိန်တိုင်းတွင် ဆွံ့အနေ ရလေသည်။ ယခုမူ ကျန်းရီသည် မပြည့်စုံသော ကျင့်စဉ်တစ်ခုကို ပြီးမြောက် အောင်မြင်အောင် ကျင့်ကြံနိုင်သည်ကို သိရှိသွားသည့်အခါ ပို၍ပင် အံ့အားသင့် သွားရသည်။
သူသည် နောက်ဆုံးမှ ကျန်းရီမှာ အရူးတစ်ယောက် မဟုတ်ကြောင်း နားလည် သွားခဲ့သည်။ ကျန်းရီသည် သိုင်းခန်းမနှင့် အလောင်းအစား လုပ်ရဲသည်မှာ သူ့တွင် ဝှက်ဖဲရှိနေ၍ ဖြစ်သည်။ သူ့တွင် သာမန်ထက် လွန်ကဲသော ဝှက်ဖဲနှစ်ခုတောင်ရှိသည်။ တစ်ခုမှာ အတွင်းအား ပေါက်ကွဲ လက်ဝါးဖြစ်၍ တစ်ခုမှာ သူ၏ ဆန်းကြယ်သော တိုက်ပွဲဝင်စွမ်းအား ဖြစ်သည်။
ကျန်းရီ၏ အင်အားသည် ရုတ်တရက် တိုးလာခြင်း မဟုတ်သော်လည်း အချိန်တိုအတွင်း တိုးလာခဲ့ခြင်း ဖြစ်သည်။ စောစောက ထုတ်လွှတ်လိုက်သော လက်ဝါးသည် ကနဦး အဆင့်သာ ရှိသေးသော်လည်း အားကောင်းလွန်းလှသည်။ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်သာ ရှိနေသေးသော သာမန်လူ တစ်ယောက်သည် ထိုမျှ အားကောင်းလွန်းသည့် အင်အားကို ထုတ်ဖော်ရန်မှာ မဖြစ်နိုင်ချေ။
ကြီးကြပ်သူယန်သည် ကျန်းရီ ဖန်တီးလိုက်သော အနက်ရောင် အလင်းများ ယှက်သန်းနေသည့် အပြာရောင် အတွင်းအားကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ပွဲကြည့်စင်ထက်မှ အင်အားကြီး လူများသည်လည်း ၎င်းကို သတိပြုမိ လိုက်ကြသည်။ ထိုအနက်ရောင် အလင်းတို့သည် လူတိုင်း၏ နှလုံးသားကို ခြောက်ခြား သွားစေသည်။ ဘယ်အရာမှန်း မည်သူမှ မသိကြသော်လည်း ၎င်းသည် ကျန်းရီ၏ အင်အားများ ရုတ်တရက် တိုးလာရခြင်းနှင့် ဆက်စပ်နေမည်ဟု အကြမ်းဖျင်း ခန့်မှန်းမိသည်။
သူသည် လွန်ခဲ့သော နှစ်ဝက်ကမှ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်သာ ရှိသေးသည်၊ ယခုမူ ပါရမီရှင် ထိပ်ဆုံး ဆယ်ယောက်မှ တစ်ယောက်ဖြစ်သော လျှိုဟဲကို အနိုင်ယူလိုက်သည်။
ကြီးကြပ်သူယန်သည် တောက်ပနေသော ကြယ်တစ်စင်းကို မြင်နေရသည်လားဟုပင် တွေးမိသည်။ သူသည် အနီးရှိ သိုင်းခန်းမမှ အစောင့်ကို တိုးတိုးပြောလိုက်သည်...
“အထီးကျန်ဝံပုလွေကို စောင့်ကြည့်ပေးထား...ပြဿနာတစ်ခုခုရှိရင် ငါ့ကို ချက်ချင်းလာပြီး အကြောင်းကြား...ငါသိုင်းခန်းမ သခင်ကို သွားပြီး တွေ့ဦးမယ်”
ဒီလို အားကောင်းတဲ့ ဖျက်ဆီးအား
ကြီးကြပ်သူယန်သည် သိုင်းခန်းမသခင် မည်သို့တွေးမည်ကို မသိသော်လည်း သူ့ရင်တွင်းမှ ကျန်းရီ၏ အဆင့်အတန်းသည် မိုးထိုးအောင် မြင့်မားနေပြီ ဖြစ်သည်။ သူသာ ကျန်းရီနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ထား နိုင်ပါလျှင် သူ့အတွက်ရော၊ သိုင်းခန်းမ အတွက်ပါ ကောင်းလိမ့်မည်ဟုပင် တွေးတော နေခဲ့သည်။
“ဒီ၅၃၆ အကြောင်း သွားပြီး စုံးစမ်းချေ”
ပွဲကြည့်စင်ထက်မှ ကျီထျန်းသည် အစောင့်တစ်ဦးကို တိတ်တဆိတ် အမိန့်ပေးလိုက်သည်။ လမ်ဂိုဏ်းချုပ်သည်လည်း သူ၏ အမှုထမ်းတစ်ဦးကို တိတ်တဆိတ် အမိန့် ပေးလိုက်သည်။ လျှိုဟဲကို အနိုင်ယူလိုက်သော စွမ်းရည်သည် ကျန်းရီ၏ တန်ဖိုးကို သက်သေပြ နေခဲ့သည်။
လျှိုဟဲသည် ဆေးကုသ ခံနေရသော်လည်း လျှိဂိုဏ်းချုပ်သည် လျှိုဟဲအား ရှုံးထွက်ပွဲစဉ်တွင် ပြန်လည်ပါဝင် နိုင်ရန်အတွက် သူ့အာဏာများကို အသုံးပြု လိုက်သည်။ သို့သော် လျှိုဂိုဏ်းချုပ်သည် သူ့ဂိုဏ်းမှာ အရှက်ကွဲ သွားရသောကြောင့် ဒေါသထွက် နေဆဲပင်...
“ကျွန်တော်တို့ ဘာလုပ်သင့်လဲ...ဂိုဏ်းချုပ်”
ကျန်းဂိုဏ်း ဘက်တွင်မူ ကျန်းယွင်ရှစ်သည် ကိုယ်ကို ကိုင်း၍ တိုးတိုး မေးလိုက်သည်။ သူသည် မူလက ကျန်းရီကို မကျေနပ်သော်လည်း ထိုတိုက်ပွဲ ပြီးသွားသည့်အခါတွင် တွေဝေမှုများ ရှိလာပြီဖြစ်သည်။ ကျန်းရီတွင် ထိုမျှသော စွမ်းရည်ရှိ နေမှတော့ ကျန်းဂိုဏ်းအတွင်းသို့ ပြန်ခေါ်ရန် အကောင်းဆုံးဖြစ်သည်။ ထို့ပြင် လက်ထောက် စစ်သူကြီးသည် ကျန်းယွင်ဟိုင်မှာ လော့ကဲအရှင်၏ မျက်နှာသာပေးခြင်းကို ခံရသည်ဟု ပြောခဲ့သည်။ သူသာ အမှန်တကယ် သေဆုံးသွားခဲ့ခြင်း မဟုတ်လျှင် ဒုက္ခလှလှ တွေ့တော့မည် မဟုတ်ပါလား
“ကျွန်တော်တို့ ဘာလုပ်သင့်လဲဆိုတာက ဘာအဓိပ္ပါယ်လဲ...ဒီခွေးကောင်က အသက် မရှင်သင့်ဘူး”
ကျန်းယွင်ရှဲသည် ထူးဆန်းစွာ ဝင်ပြောလာခဲ့သည်။ ကျန်းယွင်ရှင်သည်ကား တိတ်ဆိတ်နေဆဲ ဖြစ်ကာ ခဏကြာသော် ခေါင်းရမ်းလိုက်သည်။
“လူသစ်လက်ခံပွဲ အခမ်းအနားပြီးမှ ဆုံးဖြတ်ကြတာပေါ့”
“အစ်ကို”
မာဂိုဏ်းဘက်ခြမ်းတွင် မာဖေး၏ အဖေ မာယုံကျိသည် ထိတ်လန့်သွားခဲ့သည်။ ဆယ်ပွဲ ပြီးဆုံးသွားသော ကျန်းရီသည် အစောင့်တစ်ယောက်နှင့် မှတ်တမ်းတစ်ခု ပြုလုပ်ပြီး သိုင်းခန်းမဆီ ဦးတည်သွားနေခဲ့ပြီ ဖြစ်သည်။ သူသည် လူအုပ်ကြားထဲသို့ ဝင်ရောက် ပျောက်ကွယ်တော့မည့် ဆဲဆဲတွင် မာယုံကျိသည် ပို၍ပင် တုန်လှုပ်လာခဲ့သည်။ မာဂိုဏ်းချုပ်သည်ကား စကားတစ်ခွန်းမှ မဆိုခဲ့သေးပေ။
“မင်းက ဘာလို့ တုန်လှုပ်နေတာလဲ”
မာဂိုဏ်းချုပ်သည် မာယုံကျိကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“မင်းရဲ့သားက အမှိုက်ဆိုတာ မင်းသိတယ်...ဒါတောင် မင်းက မင်းရဲ့သားကို တခြားလူလက်ထဲ ထည့်ပေးဖို့ အဖိုးတန် လက်နက်ကို ပေးလိုက်သေးတယ်လား...မာဖေးက အနှေးနဲ့အမြန် မသန်မစွမ်း ဖြစ်ကို ဖြစ်လာရမှာပဲ...ဒါပေမယ့် ငါတို့ မာဂိုဏ်းရဲ့ သိက္ခာကို တခြားတစ်ယောက်က လာနင်းချေမှတော့ ဒါကို ဒီအတိုင်း မထားလိုက်နိုင်ဘူး...မစိုးရိမ်နဲ့...ငါ့မှာ အစီအစဉ် ရှိပါတယ်...ဒီကောင်လေး သေကိုသေရမယ်”
ပွဲကြည့်စင်ထက်ရှိ အခန်းငယ်တွင်မူ ရေခဲကဲ့သို့ အေးစက်စက် အလှလေး ဆရာမစုသည် မျက်မှောင်ကျုံ့ကာ အချိန်အတော်ကြာ စဉ်းစားနေသော်လည်း ဘာမှမတွေးနိုင်ခဲ့ပေ။ သူမသည် နောက်လှည့်ကာ သင်တန်းကျောင်းမှ အသက်အကြီးဆုံး ဆရာကို မေးလိုက်သည်...
“အကြီးအကဲဖူး...၅၃၆ရဲ့ အင်အားက ဘာလို့ ဒီလောက် ထူးဆန်းနေတာလဲ...ရှင့်ရဲ့ ဗဟုသုတတွေနဲ့ တစ်ခုခုများ တွေးမိတာ ရှိလား''
ဆရာမစု၏ စကားလုံးများသည် ကျီထျန်းနှင့် ကျန်လူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ သူတို့သည်လည်း လှည့်ကြည့်လိုက်ကြသော် အကြီးအကဲဖူသည် ခေါင်းရမ်းလိုက်သည်။
“ငါလည်း သေချာမသိဘူး...ငါ့အတွက် ဒီလိုမြင်ကွင်းမျိုးကို မြင်ရတာ ပထမဆုံးအကြိမ်ပဲ...ဒီကောင်လေးက အရမ်းကို ခန့်မှန်းရခက်တယ်....''
“ဘန်း”
တစ်ဖက်စင် ပေါ်တွင်မူ ကျီထင်ယွီသည် ပြိုင်ဘက်ကို လက်ဝါးရိုက်ချက် တစ်ခုနှင့် စင်ပေါ်မှ ကျသွားအောင် ရိုက်ချလိုက်သည်။ သူမသည် ကျန်းရီ ထွက်သွားရာဘက်သို့ ကြည့်လိုက်ရင်း သူမ၏ မျက်ခုံးများ မြင့်တက်သွားကာ တီးတိုးရေရွတ်လိုက်သည်။
“အထီးကျန်ဝံပုလွေ...ယိကျန့်...သခင်လေးယိ...ဘာပဲဖြစ်ဖြစ်ပါ...ထင်ယွီက ရှင့်ကို အထင်သေးခဲ့မိတယ်...ရှင်သာ ပွဲတစ်ရာကို အနိုင်ရသွားခဲ့ရင် ထင်ယွီ ကိုယ်တိုင်လာပြီး ရှင့်ကို တောင်းပန်ပါ့မယ်....”
***
အခြားသော ပြိုင်ပွဲများသည် စိတ်လှုပ်ရှား ကောင်းသော်လည်း ကျန်းရီ၏ တိုက်ပွဲသည် သူတို့ စိတ်ထဲတွင် စွဲထင်နေသောကြောင့် မည်သို့မှ အထွေအထူး မခံစား ရတော့ပေ။ စင်ပေါ်ရှိ လူလေးယောက်တွင် သုံးယောက်သည် ကောင်းကင်တောင်ပံမြို့မှ ပါရမီရှင်များ ဖြစ်ရာ သူတို့၏ နိုင်ပွဲများသည် အံ့အားသင့်စရာ မဟုတ်ပေ။
အပြာရောင် ဝတ်စုံဝတ် လူငယ်၏ သရုပ်မှန်သည်လည်း ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်။ သူ့အမည်သည် ဟဲသောက်ဖြစ်ပြီး ဟဲဂိုဏ်းမှ သခင်လေးတစ်ယောက် ဖြစ်သည်။ ဟဲဂိုဏ်းသည် ကောင်းကင်တောင်ပံ မြို့အနီးမှ မြို့လေး တစ်မြို့တွင် တည်ရှိပြီး ဟဲဂိုဏ်း၏ အဆင့်အတန်းသည် ကောင်းကင်တောင်ပံမြို့မှ ဂိုဏ်းကြီး ငါးဂိုဏ်းအောက် မလျော့ပေ။ ယခုတွင် ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ လူသစ်လက်ခံပွဲ အခမ်းအနား ကျင်းပရာ သူတို့သည် အခွင့်အရေးကောင်း တစ်ခုကို မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။
တစ်နာရီအတွင်းတွင် ကျီထင်ယွီသည် ဆယ်ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ကျန်းဟန်ရွှေနှင့် လမ်ချမ်ချမ့် တို့သည်လည်း မရှေးမနှောင်းမှာပင် ပြီးဆုံး သွားခဲ့လေသည်။ ဝတ်စုံပြာဝတ် လူငယ် ဟဲသောက်သည် နောက်ဆုံးမှ ဆယ်ပွဲကို ပြီးမြောက် သွားခဲ့လေသည်။
အများနှင့်တစ်ယောက် ယှဉ်ပြိုင်ပွဲများ ရပ်နားလိုက်ပြီးနောက် ရှုံးထွက်ပွဲစဉ်များ စတင် ကျင်းပကြသည်။ သို့သော် အများနှင့်တစ်ယောက် ယှဉ်ပြိုင်ပွဲ၏ မြင့်မားလှသော အဆင့်အတန်းကြောင့် ရှုံးထွက် ပွဲစဉ်များမှာ အတော်လေး ပျင်းစရာ ကောင်းနေလေသည်။ ရှုံးထွက်ပွဲစဉ်ရှိ ပြိုင်ပွဲဝင်များ အားလုံးသည် အတော်လေး စိတ်ဓာတ်ကျနေပေသည်။ အများနှင့်တစ်ယောက် ယှဉ်ပြိုင်ပွဲမှ ပြိုင်ပွဲဝင် ငါးယောက်လုံးသည် ဆယ်ပွဲဆက်တိုက် အနိုင်ရထားပြီး ဖြစ်သည်။ သူတို့ ငါးယောက်လုံးသာ ဆက်လက်အနိုင်ရ၍ ငါးနေရာလုံးကို ယူသွားလျှင် မည်သို့ လုပ်မည်နည်း သူတို့၏ ပြိုင်ပွဲအားလုံးသည် အဓိပ္ပါယ် ကင်းမဲ့သွားပေလိမ့်မည်။
ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ဆရာသုံးယောက်သည်လည်း ချက်ချင်း ထွက်ခွာ သွားပေသည်။ လက်ရှိပွဲများသည် သူတို့၏ စိတ်ကို မဆွဲဆောင်နိုင်ရာ နောက်တစ်နေ့၏ အများနှင့်တစ်ယောက် ယှဉ်ပြိုင်ပွဲအကြောင်းကိုသာ တွေးတောတော့မည်။
ကျန်းရီသည် နောက်နေ့ ပြိုင်ပွဲမှာ ပို၍ပြင်းထန်မည်ကို သဘောပေါက်လေသည်။ ယနေ့ သူ့၌ ရွေးချယ်စရာ မရှိသောကြောင့် ကျန်းဂိုဏ်းမှ သိုင်းပညာရပ်များနှင့် မာဖေးထံမှ လူယူလာခဲ့သော အဖိုးတန် လက်နက်တို့ကို သုံးလိုက်ရလေရာ သူ့သရုပ်မှန် ပေါ်သွားပြီ ဖြစ်ကြောင်း သူသိလေသည်။ ကျန်းဂိုဏ်းနှင့် မာဂိုဏ်းတို့သည် သူ့ကို သေချာပေါက် သိသွားလေပြီ...ထို့ကြောင့် နောက်ရက်များသည် သူ့အတွက် အန္တရာယ် များလွန်းနေပြီး သူ့အသက်ကိုတောင် ဆုံးရှုံးရနိုင်ချေ ရှိလေသည်။
သူသည် သူ့အနာဂတ်တွင် မည်သို့ ဖြစ်မည်ကို မသိသော်လည်း သူတတ်နိုင်သလောက် ကြိုးစားရပေမည်။ ထို့ကြောင့်ပင် သူသည် ပြိုင်ပွဲပြီးသည်နှင့် သိုင်းခန်းမသို့ ပြန်လာကာ အနားယူ မနေတော့ဘဲ ဒဏ်ရာများကို ချက်ချင်း ကုသပြီး ဆုံးရှုံးသွားသော အတွင်းအားများကို ပြန်လည်ဖြည့်ဆည်း နေခဲ့သည်။ တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရပေမည်။
“ရှပ်...ရှပ်...ရှပ်”
နှစ်နာရီမျှ ကျင့်ကြံပြီးနောက် လျှိုဟဲကြောင့် ဒဏ်ရာရသွားသော သူ့လက်ကောက်ဝတ်သည် ပြန်ကောင်းလုနီးပါး ဖြစ်သွားပြီ ဖြစ်သည်။ ကျန်းရီသည် အပြင်မှ ထွက်ပေါ်လာသော ခြေသံများကြောင့် သတိဝင်လာရသည်။
“အထီးကျန်ဝံပုလွေ”
မျက်နှာတွင် အရေးအကြောင်းများ ရှိနေသော လူအိုကြီး တစ်ယောက်သည် လမ်းလျှောက်ပြီး အခန်းတွင်း ဝင်လာခဲ့သည်။ သူသည် ပြုံးပြလိုက်ရာ သူ့မျက်နှာပေါ်မှ အရေးကြောင်းများသည် ပို၍ ထင်ရှားလာရသည်။ ကျန်းရီသည် ထိုအပြုံးကို မြင်လိုက်ရသောအခါ ရင်ထဲမှပင် နွေးထွေးသွားရသည်။ သူတို့နှစ်ယောက်သည် သွေးသား မတော်စပ်ကြသော်လည်း ထိုလူကြီးနှင့် လအနည်းငယ် အတူနေထိုင်ခဲ့ရာ လူအိုကြီး၏ ကြင်နာမှုများသည် သူ့အား စိတ်သက်သာရာ ရစေသည်သာ။
“ကြီးကြပ်သူ”
ကျန်းရီသည် မတ်တပ်ရပ်ရန် ပြင်လိုက်ရာ ကြီးကြပ်သူယန်သည် မလိုကြောင်း လက်ယမ်း ပြလိုက်သည်။ သူသည် ကြွေပုလင်း တစ်လုံးကို ထုတ်ယူလာကာ ပြုံးပြလာခဲ့သည်။
“မင်းဟာမင်းသာ ဆက်ပြီး ကျင့်ကြံနေ...ငါမင်းကို အရေးတကြီး ပြောစရာ မရှိဘူး...ဒါက မင်းရဲ့ အတွင်းအားတွေကို မြန်မြန်ပြန်ပြီး ဖြည့်ဆည်းဖို့ အကူအညီရမယ့် မြေကမ္ဘာအဆင့် ဆေးလုံးတွေပဲ...ဒါတွေကို သိုင်းခန်းမသခင်က ချီးမြှင့်လိုက်တာ''
“မြေကမ္ဘာအဆင့်ဆေးတွေ”
ကျန်းရီ၏ မျက်လုံးများတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြတ်ပြေး သွားခဲ့သည်။ မြေကမ္ဘာ အဆင့်ဆေးတွေက အရမ်းကို ဈေးကြီးတဲ့ဟာတွေဘဲ...ခန်းမသခင်က ဘယ်တုန်းက ဒီလောက် သဘောကောင်း သွားတာလဲ...ကျန်းရီသည် အလျင်အမြန်ပင် သဘောပေါက်သွားခဲ့ပြီး ကြီးကြပ်သူယန်ကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။
“ကြီးကြပ်သူယန်...ကျေးဇူးတင်ပါတယ်”
“ကောင်းပြီ...မဟုတ်တာတွေ တွေးမနေနဲ့တော့...မင်းဟာမင်း ပြိုင်ပွဲနဲ့ ကျင့်ကြံဖို့အကြောင်းပဲ စဉ်းစား...မင်းနိုင်နေသရွေ့ သိုင်းခန်းမက မင်းကို မြေကမ္ဘာ အဆင့်ဆေးတွေ နေ့စဉ် ထောက်ပံ့ပေးမယ်...မင်း ဒဏ်ရာရရင်တောင် စိုးရိမ်နေစရာ မလိုဘူး...မင်းမသေသေးသရွေ့ မင်းနောက်ရက်တွေမှာ ဆက်ပြီး ပြိုင်ပွဲဝင်နိုင်အောင် သိုင်းခန်းမက ကူညီမယ်”
ကြီးကြပ်သူယန်သည် လက်ယမ်းလိုက်ရင်း အပြင်ဘက်သို့ လျှောက်သွားခဲ့သည်။ တံခါးဝသို့ ရောက်သော် သူသည် တစ်ခုခုကို သတိရသွားဟန်နှင့် အလေးအနက် ပြောလာခဲ့သည်။
“ဟုတ်သားပဲ...ခန်းမသခင်က မင်းအတွက် စကားတစ်ချို့ ပါးလိုက်သေးတယ်...မင်းက မြေကမ္ဘာအဆင့် သိုင်းပညာရပ်ရဲ့ သဘာဝလွန် အဆင့်ကို ရောက်ချင်တယ်ဆိုရင် ပညာရပ်ရဲ့ အနှစ်သာရကို နားလည်ဖို့လိုတယ်...သူက ဒီအတွင်းအား ပေါက်ကွဲ လက်ဝါးအကြောင်း အများကြီး မသိဘူးတဲ့...ဒါပေမယ့် သူက မင်းကို ‘ပေါက်ကွဲ’ ဆိုတဲ့ စာလုံးတစ်ခုကိုတော့ အာရုံစိုက်စေချင်တယ်”
ကြီးကြပ်သူယန် ထွက်သွားသည်နှင့် ကျန်းရီ၏ မျက်လုံးများသည် တောက်ပလာခဲ့သည်။ သိုင်းခန်းမက သူ့ကို ထောက်ပံ့ပေး နေသရွေ့ သူ့တွင် ဘာမှ စိုးရိမ်စရာ မရှိပေ...သူသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုများ ခံစားလာရပြီး စိတ်ဓာတ်လည်း တက်ကြွလာခဲ့သည်။ သူသည် ပြိုင်ပွဲတစ်ရာကို သေချာပေါက် နိုင်ရမည်ဟုလည်း စိတ်ဆုံး ဖြတ်လိုက်သည်။
ပေါက်ကွဲတယ်လား
သူသည် မြေကမ္ဘာအဆင့် ဆေးတစ်လုံးကို စားလိုက်ပြီး စတင်ကျင့်ကြံ နေလိုက်သည်။ သူသာ အတွင်းအား ပေါက်ကွဲလက်ဝါး၏ သဘာဝလွန်အဆင့်ကို ရောက်ရှိသွားပါလျှင် ပွဲတစ်ရာကို နိုင်ရန် အခွင့်အရေး ရှိသွားပြီ ဖြစ်သည်။
ညသည် ကုန်ဆုံး သွားခဲ့သည်။
နောက်တစ်နေ့ မနက်တွင် ကျန်းရီသည် စောစောနိုး လာခဲ့သည်။ မနက်စာစား ပြီးသည်နှင့် သူသည် ဈေးနေရာသို့ ထွက်လာခဲ့လိုက်သည်။ သူသည် ခြေဆယ်လှမ်းမျှ လှမ်းပြီးသော် နောက်သို့ လှည့်ကြည့်လိုက်သည်။ သူသည် နားကပ်တစ်ဖက်ဝတ်ထားသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်နှင့် ကြီးကြပ်သူ ယန်တို့သည် သိုင်းခန်းမ၏ လေသာဆောင် တစ်ခုတွင် ရပ်လျက် သူ့ကို ကြည့်နေသည်ကို သတိပြုမိလိုက်သည်။ သူသည် ရုတ်တရက် မျက်နှာဖုံးကို ချွတ်ကာ ခေါင်းညွှတ်၍ အရိုအသေ လှမ်းပေးလိုက်သည်။
ထို့နောက် သူသည် တာဝန်ကျနေသော အစောင့်ထံ မျက်နှာဖုံးကို ပစ်ပေးလိုက်သည်။ ထို့နောက် သူသည် ခြေလှမ်းကျဲကြီးများနှင့် စင်ပေါ်သို့ တက်ခဲ့လိုက်သည်။ သူ၏ သရုပ်မှန် ပေါ်သွားပြီး ဖြစ်ရာ ထပ်မံ၍ ဖုံးကွယ်နေစရာ မလိုတော့ပေ။
“ဝှစ်”
သူသည် ခြေထောက်တွင် အတွင်းအားများ သုံးလိုက်ပြီး စင်ပေါ်သို့ ခုန်တက်လိုက်သည်။ ပွဲကြည့်စင်သို့ ကြည့်လိုက်သော် အာဏာရှိ အဖွဲ့အစည်းများ မရောက်သေးသည်ကို တွေ့လိုက်ရသည်။ သူသည် မျက်လုံးများကို မှိတ်၍သာ ပြိုင်ပွဲစတင်မည့် အချိန်ကို စောင့်နေလိုက်သည်။
“သူပဲ...အစ်ကို ဟေးချီ...အဲဒါသူပဲ”
ဈေး၏ အရှေ့ဘက် ထောင့်တွင် သခင်လေး တစ်ယောက်သည် ကျန်းရီကို ဒေါသတကြီး ကြည့်နေခဲ့သည်။ သူ့မျက်ဝန်းများတွင် ခါးသီးမှုများနှင့် ပြည့်နေခဲ့ပြီး ကျန်းရီကို အရှင်လတ်လတ် အရေဆုတ် ပစ်တော့မည်နှယ် စိုက်ကြည့်နေခဲ့သည်။
ဖန်းယွီဆောင်ကြာမြိုင် အနောက်ဘက်တွင် သူ၏ ဒန်တျန်းသည် ကျန်းရီကြောင့် ပျက်စီး သွားခဲ့ရသည်။ သူသည် ကျန်းရီကို ရှာတွေ့နိုင်ရန် လပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ပေ...ထိုအချိန်များသည် မာဖေးအတွက် အိပ်မက်ဆိုးလိုပင်...ကျန်းရီအသက်ရှင်နေသရွေ့ သူကောင်းကောင်း အနားယူနိုင်မည် မဟုတ်ပေ။
“မာဖေး...လုံလောက်ပြီ”
မာဟေးချီသည် မာဖေး၏ ပခုံးကို ပုတ်လိုက်သည်။ သူသည် ကျန်းရီကို စိုက်ကြည့်နေရင်း သရော်လိုက်သည်...
“မစိုးရိမ်နဲ့...ငါ့အဖေက အကုန်စီစဉ် ပြီးသွားပြီ...ဒီနေ့လည်း ငါကိုယ်တိုင် စင်ပေါ်သွားမယ်....ကျန်းရီ...သေကိုသေရမယ်”
***