အောချရလောက်ပါပေ့
Vol. 10 Ch. 125
အရိုးတုတ်နှင့် ထိုသူသည် အန်လင်းအား ပစ်မှတ်ထားကာဖြင့် ဦးစွာရှင်းလင်းရန် ရည်မှန်းထားပုံရသည်။
အန်လင်း၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ဒဏ်ရာများ ရှိနေပြီး သွေးများ အတားအဆီးမဲ့ စီးကျလျက် ရှိနေသည်။
ရှောင်ချိုးသည်ပင်လျင် ကြောက်မက်ဖွယ် ဒဏ်ရာများ ရရှိထားပြီး အသိသာဆုံးမှာ အရိုးပင် ပေါ်သည့်အထိ ခုတ်ပိုင်းခံထားရသော ရင်ဘတ်မှ ဒဏ်ရာပင်ဖြစ်သည်။
ရှောင်ချိုးတွင် မည်သည့်ဝှက်ဖဲမှ မရှိမနေချေ။ အခြားသူများတွင်လည်း အခြေအနေအား ပြောင်းလဲပစ်နိုင်မည့် အရာများ ရှိမနေကြချေ။ မည်ကဲ့သို့ တိုက်ခိုက်ရမည်နည်း။
လျှပ်စီးအား လိုသလို အသုံးပြုနိုင်သော နည်းစနစ်အား အသုံးပြုရမည်လား။
ရှင်သန်ခြင်းသည် အဓိက ပြဿနာရပ်တစ်ခု ဖြစ်လျှင်တောင် သူ့အနေဖြင့် လျှပ်စီးအား လိုသလို အသုံးပြုနိုင်သော နည်းစနစ်ကို အသုံးပြုနိုင်ရန် အင်အားမစိုက်ထုတ်နိုင်ပေ။
နတ်ဘုရားခွန်အား နည်းစနစ်အား အသုံးပြုရမည်လား။
ယင်းနည်းစနစ်သည် အင်အားနည်းသူများအား အညံ့ခံရန် ဖိအားပေးနိုင် သော်လည်း အင်အားကြီးသူများ အတွက်မူ အသုံးပြုရန် မဖြစ်နိုင်ပေ။
အုတ်ခဲနက် ဆိုလျှင်ကော။
“ဟူး”
စွမ်းအားကြီးသည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်ကြုံတွေ့ရပြီး နောက်တွင် အန်လင်းအနေဖြင့် နားလည် သဘောပေါက်လိုက် ရသည်မှာ သူ့ထံ၌ ရှိနေသည့် ဝှက်ဖဲများသည် သနားစဖွယ် ကောင်းရလောက်အောင် အဆင့်နိမ့်နေခြင်းပင်။
မုန့်ထျန်း၊ ကျုံးရုံရန်နှင့် အခြားသူများသည် ရန်သူအား ပြောက်ကျား နည်းစနစ်သုံးကာ အာရုံ ပြောင်းနိုင်သော်လည်း အန်လင်းနှင့် ရှောင်ချိုးတို့သာလျှင် သတ်ကွင်းသို့ ရောက်နေကြခြင်း ဖြစ်သည်။
ယခုအခါတွင် သူ၏အသက်အား လောင်းကြေးထပ်ရုံမျှ အပ အခြားနည်း မရှိချေ။
အန်လင်း၏ မျက်နှာတွင် ကြမ်းတမ်းသည့် အမူအရာများ ပေါ်ထွက်လာသည်။ မီးကို မီးဖြင့် ပြန်တိုက်မည် ဟူသည့် နည်းလမ်းအား ရွေးချယ်လိုက်သည့် အတွက် အကာအကွယ်များ အားလုံးအား စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။ မိစ္ဆာရှင်းဓားအား ကိုင်ဆောင်ကာဖြင့် ရှေ့တည့်တည့်သို့ ထိုးသွင်းလိုက်လေသည်။
အင်မော်တယ်တစ်ပိုင်း လက်နက်တစ်ခု၏ စွမ်းအားအပြည့်ကို ထုတ်ဖော်နိုင်ရန် လုံလောက်သည့် စွမ်းအား မရှိသေးသော်လည်း ကြောက်ခမန်းလိလိ ထက်မြိနေသော မိစ္ဆာရှင်းဓားသာလျှင် သူမှီခိုနိုင်ရာ ဖြစ်သည်။
ဖူး ...
အန်လင်း၏ သွေးများသည် မြေပြင်တစ်ခုလုံးသို့ ပန်းထွက်လာသည်။
အထွတ်အထိပ် မြေကြာပန်းအတတ်အား အသုံးပြုထားသည် တောင်မှ အရိုးတုတ်သည် အန်လင်း၏ ခန္ဓာကိုယ်အား ပခုံးမှ နောက်ကျောဘက် တိုင်အောင် ကြီးမားသည့် ပြတ်ရာတစ်ခု ဖြစ်ပေါ်စေသည်။
ထိုသူသည်လည်း အံ့ဩနေမိသည်။ မိစ္ဆာရှင်းဓားသည် သူ၏ ရင်ဘတ်အတွင်း စိုက်ဝင်နေလေသည်။ ရှောင်ချိုးသည် ဤသည်အား အမိအရာ အခွင့်ကောင်း ယူကာဖြင့် သူ၏ ငွေသံတုတ်ဖြင့် ထိုသူ၏ခေါင်းသို့ လွှဲရိုက်လိုက်တော့သည်။
ငွေသံတုတ်သည် လွန်စွာမြင့်မားသည့် အရှိန်နှုန်းဖြင့် လေထုအား ခွင်းကာ ကြီးမားသည့် စွမ်းအားများကို သယ်ဆောင်လာသည်။
ယခုအနေထားဖြင့်သာ ထိုသူ အရိုက်ခံရမည်ဆိုလျှင် သူ၏ ဦးခေါင်းခွံသည် အစိတ်စိတ် အပိုင်းပိုင်း ကွဲကြေသွားပေလိမ့်မည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာပင် ထိုသူ၏ ခန္ဓာကိုယ်သည် မြွေတစ်ကောက်သဖွယ် တွန့်လိမ်သွားပြန်သည်။
“တင်”
အန်လင်းသည် ဝဲဘက်လက်အား ဆတ်ခနဲ လှုပ်ရှားကာဖြင့် အပ်နီအား ပစ်ထုတ်လိုက်သည်။ အပ်သည် အလွန်လျင်မြန်သည့် နှုန်းဖြင့် ထိုသူ၏ ဦးခေါင်းထံသို့ ဦးတည်နေသည်။
အဆိုပါ အပ်မှာ အင်မော်တယ် လက်နက်တစ်ခုဖြစ်သော လောကထွင်းအပ်မှလွဲ အခြားမရှိပေ။
အန်လင်းအနေဖြင့် အပ်အား အသုံးပြု၍ ဟင်းလင်းပြင်အား ဆုတ်ဖြဲရန် သို့မဟုတ် ဝင်္ကပါများအား ဖျက်ဆီးရန် စွမ်းအား မလုံလောက်သေး သော်လည်း ယင်းအပ်၏ ပင်ကိုစွမ်းအားသည် ပင်လျှင် အလွန်အမင်း စွမ်းအားကြီးနေခြင်း ဖြစ်သည်။
အပ်သည် လေထုအားဖြတ်ကာ ပျံသန်းသွားပြီးနောက် ချက်ချင်းဆိုသလို ထိုသူ၏ ဦးခေါင်းခွံအား ထွင်းဖောက်သွားပြီး သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်စေသည်။
လေစိတ်ဝိညာဉ်။
ခြေဖဝါးအောက်တွင် လေကွင်းများ ဖြစ်ပေါ်လာသည်။ အရှိန်မြှင့်လိုက်ပြီး နောက်တွင် အန်လင်းသည် ချက်ချင်းဆိုသလို ထိုသူ၏ရှေ့တွင် ပေါ်လာသည်။
ထိုသူသည် ဦးခေါင်းရှိ ဒဏ်ရာအား ပြန်လည်ကုစားရန် ကြိုးပမ်းလျက်ရှိသည်။ သေချာသည်မှာ လောကထွင်းအပ် တစ်မျိုးတည်းနှင့် သူ့အား သတ်ဖြတ်ဖို့ရန် မလုံလောက်ချေ။
ထို့ကြောင့် အန်လင်းသည် သူ့ထံသို့ မြင့်မားသည့် အရှိန်နှုန်းဖြင့် ပြေးသွား လိုက်ပြီးနောက် …
“သေလိုက်တော့”
အန်လင်းသည် အော်ဟစ် လိုက်ပြီးနောက် မိစ္ဆာရှင်းဓားအား အရှေ့သို့ လွှဲခုတ်ကာဖြင့် သန့်စင်သည့် အနက်ရောင် ဓားခုတ်ချက်တစ်ခုအား ဖန်တီးလိုက်သည်။
ဓားခုတ်ချက်သည် လေကို ဖြတ်သန်းသွားပြီးနောက် ထိုသူ၏ ခန္ဓာကိုယ်အား နှစ်ခြမ်းခွဲချ လိုက်လေသည်။
သွေးများသည် ရေပန်းသဖွယ် ပန်းထွက်လာသော်လည်း အန်လင်းသည် မရပ်တန့်ရဲသေးပေ။
မိစ္ဆာရှင်းဓားအား အချက်ပေါင်းများစွာ ခုတ်လွှဲပြီးနောက်တွင် ထိုလူ၏ ခန္ဓာကိုယ်အား အပိုင်းပိုင်း ဖြစ်အောင် ပိုင်းဖြတ် လိုက်တော့သည်။
“ဟောဟဲ ဟောဟဲ”
အန်လင်းသည် မောဟိုက်နေပြီး ခန္ဓာကိုယ်မှာလည်း အနည်းငယ် တုန်ယင်နေသည်။ လွန်ကဲစွာ အားစိုက်ထုတ်မှုကြောင့် သိသိသာသာ အားနည်းနေပြီ ဖြစ်သည်။
“ဘယ်ကောင်လာချင်သေးလဲ။ ပြီးတော့ မီးစွမ်းအင် အသုံးပြုနိုင်တဲ့သူတွေ ဒီအကြွင်းအကျန်တွေကို ပြာချပစ်လိုက်”
အန်လင်းသည် မြေပြင်ပေါ်ရှိ အပိုင်းပိုင်း ပြတ်နေသည့် ခန္ဓာကိုယ်အား ကြည့်ကာ စေခိုင်းလိုက်သည်။
အန်လင်း၏ ပြောကြားချက်သည် အနည်းငယ် ရက်စက် နေသော်လည်း သဘောမတူသည့်သူ တစ်ဦးမျှပင် မရှိချေ။ ဝမ်းနည်းခြင်းထက် လုံခြုံမှုရှိခြင်းက ပိုကောင်းပေသည်။
လောင်ကျိပင်သည် သူ၏ ဖွဲမီးတောက် နည်းစနစ်အား အသုံးပြုကာဖြင့် မြေပြင်ပေါ်ရှိ အသားစများအား လောင်ကျွမ်းစေလိုက်သည်။
အန်လင်းသည် သိုလှောင်လက်စွပ် အတွင်းမှ သွေးဖြည့်တင်းခြင်း ဆေးလုံး အနည်းငယ်အား ထုတ်ယူလိုက်သည်။ ရှောင်ချိုးအား အနည်းငယ် ပေးပြီးနောက်တွင် သူကိုယ်တိုင်လည်း အသုံးပြုလိုက်သည်။
သူ၏ ဒဏ်ရာများသည် အလွန်ပြင်းထန်သည့် အတွက်ကြောင့် သွေးဖြည့်တင်းခြင်း ဆေးလုံးများသည် သူ၏အခြေအနေအား တည်ငြိမ်စေရန်သာ တတ်နိုင်သည်။ အချိန်တိုအတွင်း အလုံးစုံ ပြန်ကောင်းစေရန်မူ မဖြစ်နိုင်ပေ။
ထိုအချိန်တွင် စက်ရုပ်အသံတစ်ခု ပေါ်လာပြန်သည်။ “စမ်းသပ်ခြင်း ပြီးဆုံးပါပြီ”
ချက်ချင်းဆိုသလိုပင် အရာအားလုံးသည် နောက်တစ်ဖန် အမှောင်ထုအတွင်း ကျရောက်သွားပြန်သည်။
သူတို့သည် အဖြူရောင်နယ်ပယ် တစ်ခုအတွင်းသို့ ထပ်မံ ရောက်ရှိသွားပြီးနောက် ဗဟိုချက်တွင် အနက်ရောင် ဖန်လုံးတစ်ခု ရှိနေသည်။
“တောင်ခွင်းလက်သီး”
အန်လင်းသည် အော်ဟစ်လိုက်ပြီးနောက် အနက်ရောင် ဖန်လုံးထံသို့ တောင်ခွင်းလက်သီး ပစ်သွင်းလိုက်သည်။
အန်လင်း၏ အပြုအမူကြောင့် အခြားသူများသည် အလွန်အံ့အားသင့်သွား ကြသော်လည်း သူ၏ မြန်ဆန်သည့် တွေးတောနိုင်စွမ်းအား ခေါင်းညိတ်ကာဖြင့် ထောက်ခံကြလေသည်။
ဘုန်း ...
အလွန်အားကောင်းသည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသော်လည်း ဖန်လုံးမှာမူ အပျက်အစီးမရှိသည့် အပြင် တစ်လက်မမျှပင် ရွေ့လျားသွားခြင်း မရှိချေ။
“တင်”
လောကထွင်းအပ်ဖြင့် ဖန်လုံးအား ထိုးဖောက်သော်လည်း ယင်း၏ ခံစစ်အား မချိုးဖောက်နေပေ။
“ဟေ့ ဟေ့ … အများပိုင်ပစ္စည်းကို ဘာလို့များ အခုလို ဖျက်ဆီးနိုင်ရတာလဲ” ပိုင်လင်းသည် မကျေနပ်သည့် အမူအရာဖြင့် ပြောလာသည်။
“အဲတော့ ဘာဖြစ်လဲ။ ကျုပ်နဲ့လာပြီး တိုက်ခိုက်စမ်းပါ သောက်ကောင်မ”
အန်လင်းသည် ပိုင်လင်းအား အလွန်ရွံရှာမိလေသည်။ သူမသည် ယခုထက်ထိတိုင် မကြားချင်ယောင် ဆောင်ကာဖြင့် သူတို့အား လှည့်ဖြားသွားခြင်းကို ဝန်မခံသေးချေ။
အန်လင်းသည် ထိုသို့ပြောရင်းနှင့် မိစ္ဆာရှင်းဓားအား လွှဲကာဖြင့် ဖန်လုံးထံ ပြေးသွားလေသည်။
ဝှစ် ...
အဖြူရောင်ပုံရိပ် တစ်ခုသည် သူ့နံဘေးတွင် ပေါ်လာသည်။
ဖြန်း ...
လက်ဝါးတစ်ခုသည် ပြင်းထန်သည့်အားဖြင့် အန်လင်း၏ မျက်နှာအား လာရောက် မိတ်ဆက်လေသည်။
ကြောက်မက်ဖွယ် ခွန်အားသည် အန်လင်းအား လေထဲသို့ လွင့်သွားစေပြီး မြေပြင်သို့ ပြင်းထန်စွာ ကျရောက်ပြီး ပါးစပ်မှ သွေးများ စီးကျလာစေသည်။
ပိုင်လင်းသည် အေးစက်သည့် အမူအရာနှင့် ရှိနေပြီး သူမ၏ လက်သည် ပါးရိုက်သည့် အနေအထားဖြင့် ရှိနေဆဲ ဖြစ်သည်။
လူတိုင်းသည် ထိတ်လန့်မှုကြောင့် နေရာတွင်ပင် ကြက်သေသေလျက် ရှိနေကြသည်။
ငလူး။ သူမက ဘယ်လိုဖြစ်ပြီး ရိုက်နိုင်တာတုံး။
ခဏလေး။ မဟုတ်သေးဘူး။ သူမက ဘယ်လိုဖြစ်ပြီး အကောင်လိုက်ကြီး ရှိနေရတာလဲ။
အန်လင်းသည် အားလုံးထဲတွင် အတုန်လှုပ်ဆုံး ဖြစ်ပေသည်။
အန်လင်းသည် မြေပြင်မှ ပြန်ထလိုက်ပြီးနောက် ရောင်ကိုင်း နီရဲသည့် မျက်နှာအား အသာပွတ်နေမိသည်။ သရဲတစ်ကောင်ကို မြင်လိုက်သကဲ့သို့ ပိုင်လင်းအား မယုံကြည်နိုင်မှုများဖြင့် ကြည့်နေလေသည်။
"နင်က ငါ့ကို လှောင်တယ်ပေါ့” ပိုင်လင်းသည် အေးစက်စွာ ရယ်မောလိုက်သည်။
"ခင်ဗျားမှာ ခန္ဓာကိုယ်အစစ် ရှိနေမယ်လို့ မထင်ထားမိဘူး” အန်လင်းသည် ကြောင်အလျက် သူ့အရှေ့တွင် ရှိနေသည့် ဝတ်စုံဖြူဝတ် အမျိုးသမီးအား ကြည့်နေမိသည်။
"သုတေသန အဖွဲ့အစည်းရဲ့ ညွှန်ကြားသူကိုယ်စား လာတဲ့သူက ခန္ဓာကိုယ်အစစ် မရှိနိုင်ဘူးလို့ နင့်ဘယ်သူပြောတုံး”
"ခရမ်းကြယ်စင် လူမျိုးစုရဲ့ နည်းပညာ တိုးတက်ဖွံ့ဖြိုးမှုက နင့်ရဲ့ စဉ်းစားနိုင်စွမ်းထက် ကျော်သေးတယ်။ ဒီဟာက သုတေသနလုပ်တဲ့ အဖွဲ့ခွဲလေးတစ်ခုပဲ ဖြစ်ပေမဲ့ သူ့အကြောင်းအရင်းနဲ့သူ ရှိနေပြီးသား”
"အဲတော့ ပေါက်တတ်ကရတွေ လုပ်ဖို့ စဉ်းစားမနေနဲ့။ ဖြစ်လာမဲ့ အကျိုးဆက်ကို နင်တို့တွေ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး”
ပိုင်လင်းသည် သူမတစ်ဦးတည်း ပြောနေလျက်နှင့်ပင် အန်လင်းအား စိုက်ကြည့်နေလေသည်။ အန်လင်း၏ အပြုအမူအား အလွန်အမင်း ကျေနပ်ပုံမရချေ။
"အခုတော့ သွေးမျိုးဆက် အမွေအနှစ်အတွက် အချိန်ကျပြီ” ပိုင်လင်းသည် ရုတ်တရက်ဆန်စွာဖြင့် ကြေညာလိုက်သည်။
"အဲဒီအမွေအနှစ်ကို ငါတို့အားလုံး ငြင်းပယ်တယ်။ ကျေးဇူးပြုပြီး ထွက်သွားခွင့်ပြုပါ” အန်လင်းသည် လေးလေးနက်နက် တောင်းဆိုလိုက်သည်။
လူတိုင်းသည်လည်း အပြတ်အသတ်ကို ခေါင်းညိတ်ကြလေသည်။
သွေးမျိုးဆက် အမွေအနှစ်တဲ့လား။ သူတို့သည် တိုက်ခိုက်ဖို့ရန် စီမံထားသည့် မျိုးမစစ်ကောင်များ ဖြစ်ရတော့မည်လား။
လာနောက်နေတာလား။
"ဟမ် ကောင်းပြီ။ အမွေအနှစ် လွှဲပြောင်းခြင်း စကြတာပေါ့” ပိုင်လင်းသည် အေးစက်စွာဖြင့် ပြုံးလိုက်သည်။
ချက်ချင်း ဆိုသလိုပင် အနက်ရောင် ဖန်လုံးထံများ အလင်းတန်းများ နောက်တစ်ဖန် ထွက်ပေါ်လာပြီး လူတိုင်းအပေါ်တွင် လွှမ်းခြုံသွားပြန်သည်။
"သဘာဝရဲ့ ဖိုးလမင်းမ ခင်ဗျား လူလိုပြောနေတာ နားမလည်နိုင်ဘူးလား။ ကျုပ်တို့အားလုံး ဒီနေရာကနေ အခုထွက်ချင်တယ်”
အန်လင်းသည် ဒေါသတကြီး ဖြစ်လာနေပြီ။ ပိုင်လင်းသည် သူမ၏ လှည့်ကွက် အဟောင်းအား အသုံးပြုကာဖြင့် ထိုအမွေအနှစ်ကို သူတို့ထံ ခက်ခက်ခဲခဲ ပေးအပ်နေလေသည်။
"ကုလားအုတ် ဟုတ်လား” ပိုင်လင်းသည် ပခုံးတွန့်ကာဖြင့် "ငါတို့ဆီမှာ နင်လိုချင်တဲ့ ကုလားအုတ် သွေးမျိုးဆက်တော့ မရှိဘူး။ ဒါပေမဲ့ နင်တို့ရရှိမှာကတော့ သေချာပေါက်ကို ငါတို့ရဲ့ သုတေသနခန်းက ထုတ်လုပ်ထားတဲ့ အထွတ်အထိပ် အဆင့်ရှိတဲ့ သွေးမျိုးဆက် အမွေအနှစ်ပဲ” (အန်လင်းဆဲလိုက်တဲ့ စကားလုံးက တရုတ်လို ကုလားအုတ်နဲ့ အသံသွားဆင်တာပါ)
အားလုံး : “…”
သူတို့အားလုံးတို့သည် ပိုင်လင်းနှင့် စကားပြောဆိုရန် မလိုအပ်တော့ဟု ခံစားနေရသည်။
စဉ်းတီတုံးပေါ်က အသားဖြစ်ရမယ် ပေါ့လေ။
ဒီစကားက သေချာပေါက် တစ်ခုခုပဲ။
လူတိုင်းသည် မျိုသိပ်ကာဖြင့် သက်ပြင်း ချလိုက်ကြသည်။
သူတို့ထံတွင် နည်းလမ်း မရှိတော့ချေ။ ကံကြမ္မာ အပေါ်တွင်သာ မူတည်နေပေသည်။
အမွေအနှစ်ကို မည်သူမျှ မရရှိလျှင် ပို၍ပင် ကောင်းမွန်သေးသည်။
အလင်းသည် လူတိုင်းအပေါ် လွှမ်းခြုံသွားသည့်အခါ သူတို့သည် တစ်ဦးနှင့်တစ်ဦး စိုးရိမ်ပူပန်မှု အပြည့်ဖြင့် ကြည့်နေမိသည်။ ယခင်အကြိမ်ကဲ့သို့ မျက်လုံးများအား မှိတ်မထားကြတော့ချေ။
ကောင်းကောင်းသည်မှာ လူတိုင်းသည် အတော်လေး ပုံမှန်ဖြစ်နေသည်။ စွန်းရှန့်လျန် အတွက်လည်း ပုံမှန်ပင်။
ထိုအခါမှသာ အန်လင်းသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်း ချမိလိုက်ပြီး ရုတ်တရက် ဆိုသလိုပင် ပိုင်လင်း၏ မျက်လုံးများသည် အရောင်လက်လာသည်။
"အလွန်ရှားပါးသည့် ရွှေကျီးကန်း သွေးမျိုးဆက် အမွေအနှစ်အား ရရှိသည့်အတွက် ဂုဏ်ယူပါတယ်။ ဘယ်လို ပြောရမလဲရှင်။ အရမ်းကို ကောင်းလွန်းတဲ့ အမွေအနှစ် တစ်ခုပါပဲ”
ပိုင်လင်း ညွှန်ပြနေသည့်သူမှာ အန်လင်းဖြစ်သည်။
"ကျုပ် ဟုတ်လား” အန်လင်းသည် ကြောင်အလျက် သူ့ကိုယ်သူ ညွှန်ပြမိသည်။
ပိုင်လင်းသည် ခေါင်းယမ်း လိုက်ပြီးနောက် သူမ၏ လက်ချောင်း သွယ်သွယ်သည် အန်လင်း၏ အိတ်ကပ်အား ညွှန်ပြလာသည်။
ထိုအချိန်တွင် အန်လင်း၏ အိတ်ကပ်မှု လှုပ်လာပြီး နူးညံ့သည့် ခေါင်းနီလေး ထွက်ပြူလာသည်။
သိမ်မွေ့ ညင်သာသည့် အသံလေးဖြင့် …
"အသံတွေ ကျယ်လိုက်တာရှင်”
"ကျွန်မကို အိပ်ခွင့်လေးများ မပေးနိုင်ကြဘူးလား။ ဘယ်သူတွေကများ ခေါင်းထဲမှာ စကားပြောနေ ကြတာလဲရှင်”
အန်လင်း : “…”
သောက်ခွေးနဲ့မှ။ ဘယ်လိုဖြစ်ပြီး ဒါကို မေ့သွားနိုင်ရတာလဲ။
***