အထွတ်အထိပ်မျိုးနွယ်များ၏ အကြံအစည်....
Vol. 46 Ch. 692
" အဲ့ဒီအလွှာဆယ့်တစ်တွေက ကိုယ်ပွားတွေ ဖန်တီးနိုင်ခဲ့ရင်တောင် ဒီကို လာရဲမှာ မဟုတ်ဘူး။ နဂါးငွေ့တန်းကြယ်သခင်ရဲ့ ပြိုင်ဘက်ကင်းခွန်အားနဲ့ဆို ဘယ်သူက ထပ်ပြီး ကြိုးစားရဲမှာလဲ။ "
လူသားမျိုးနွယ်မဟာမိတ်မှ အလွှာဆယ့်တစ် အင်အားကြီးသူများက စောင့်ကြပ်ရသည်ကို အလွန်စိတ်ချမ်းသာနေကြသည်။ ယခင်က ယခုအချိန်ဆိုလျှင် သူတို့က အခြားမျိုးနွယ်များနှင့် အသည်းအသန် တိုက်ခိုက်နေရပြီဖြစ်သည်။
အင်အားကြီးမားသော ကပ်ဘေးမျိုးနွယ်ပင် ဖိအားကြောင့် အောင်မြင်ခြင်းပလ္လင်မှ ဆုတ်ခွာရသော အခြေအနေများနှင့် အကြိမ်များစွာ ကြုံတွေ့ခဲ့ဖူးသည်။ သို့သော် ယခု လုသားမျိုးနွယ်မဟာမိတ်မှ အင်အားကြီးသူများက အလွန်ပင် သက်သောင့်သက်သာ ဖြစ်နေကြသည်။ မဟာစစ်မြေပြင်က သူတို့အတွက် အားလပ်ရက်အနားယူသကဲ့သို့ ဖြစ်နေသည်။
" အဲ့ဒီအထွတ်အထိပ်မျိုးနွယ်တွေက နဂါးငွေ့တန်းကြယ်သခင်ကို ခုခံဖို့ မျှော်လင့်ချင်မရှိလို့ စစ်မြေပြင်ရဲ့ လွှမ်းမိုးမှုကို စွန့်လွှတ်လိုက်တာ ဖြစ်နိုင်လား။ "
" ဖြစ်နိုင်ခြေများတယ်။ နဂါးငွေ့တန်းကြယ်သခင်ရဲ့ ခွန်အားက အရမ်းသန်မာတယ်။ ကံကောင်းတာက နဂါးငွေ့တန်းကြယ်သခင်က ငါတို့လူသားမျိုးနွယ်က ဆင့်ကဲပြောင်းလဲသူဖြစ်နေတာပဲ။ "
" နဂါးငွေ့တန်းကြယ်သခင်က ကြီးမြတ်သူအဆင့်ကို ဘယ်တော့ ကြိုးစားမလဲမသိဘူး။ "
" အာ နဂါးငွေ့တန်းကြယ်သခင်က အသက်တစ်ထောင်တောင် မပြည့်သေးဘူး။ ငါ သူ့အရွယ်တုန်းကဆို စစ်မြေပြင်ငယ်အကြောင်းတောင် မကြားဖူးသေးဘူး။ "
လုသားမျိုးနွယ်မဟာမိတ်မှ ဆင့်ကဲပြောင်းလဲသူများက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ကြသည်။
အောင်မြင်ခြင်းပလ္လင်၏ နက်ရှိုင်းသောနေရာတွင် လင်းယွမ်က ထိုင်နေသည်။
" လူသားမျိုးနွယ်မဟာမိတ်က အင်အားကြီးသူတွေက အတော်စိတ်အေးလက်အေး နေနေကြတာပဲ။ " လင်းယွမ်က ပလ္လင်၏ အသေးစိတ်အချက်အလက်တိုင်းကို ထိန်းချုပ်ရင်း တွေးလိုက်သည်။
" ကျွန်တော် သူတို့ကို အခုသတိပေးလိုက်ပါမယ်။ " ရွှမ်ယွမ်ယိုက ဘေးတွင် ရိုသေစွာ ရပ်ပြီး ပြောလိုက်သည်။
" ဘယ်လိုအားသာချက်တွေပဲ ရှိရှိ ဒါက စစ်မြေပြင်ဖြစ်ပြီး ဘယ်အချိန်မှာမှ ပေါ့လျှော့လို့မရဘူး။ " လင်းယွမ်က ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ရွှမ်ယွမ်ယိုက ပြောလိုက်သည်။
သို့သော် အမှန်တကယ်တွင် သူ၏ စိတ်ထဲမှ တွေးမိနေသည်။ နဂါးငွေ့တန်းကြယ်သခင်က ထိုမျှအောင်မြင်မှုရရှိထားပြီး လက်ရှိအခြေအနေမှာ ဘာလို့စိတ်အေးလက်အေး မနေနိုင်ရတာလဲ။
" ကျုပ် အခုသွားပြီး သတိပေးလိုက်ပါမယ်။ " ရွှမ်ယွမ်ယိုက လေးစားစွာ ထွက်ခွာသွားသည်။
" အထွတ်အထိပ်မျိုးနွယ်တွေရဲ့ တန်ပြန်တိုက်ခိုက်မှုက ဘယ်အချိန်မှာ ဘာကို အားကိုးပြီး ရောက်လာမလဲမသိဘူး။ "
အထွတ်အထိပ်မျိုးနွယ် ဆယ့်တစ်ခုက လူသားမျိုးနွယ်မဟာမိတ်က စစ်မြေပြင်အား ပထမဆုံး လွှမ်းမိုးသွားသည်ကို လက်ပိုက်ကြည့်နေမည်မဟုတ်ပေ။ ထို့အပြင် ၎င်းက စစ်ပွဲလွှမ်းမိုးမှုပင် မဟုတ်ဘဲ ကြီးမြတ်သူအဆင့် လက်နက်ရာချီ ပါဝင်နေသည်။
အထွတ်အထိပ်မျိုးနွယ် ဆယ့်တစ်ခုက ကြီးမြတ်သူအဆင့် လက်နက်ရာချီ ဆုံးရှုံးမှုကို လက်ခံနိုင်မည်မဟုတ်ပေ။ လင်းယွမ်ကလည်း ထိုအကြောင်းကို သိသောကြောင့် ကြီးမြတ်သူအဆင့် လက်နက်များကို ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ပို့ပြီး အထွတ်အထိပ်မျိုးနွယ်များ၏ တန်ပြန်တိုက်ခိုက်မှုကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ကြယ်နယ်မြေတစ်ခုတွင် ဖန်ကောင်းမို၊ ထျန်းယုမန်နှင့် အခြားအထွတ်အထိပ်မျိုးနွယ်များမှ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများ၏ စိတ်အသိများက ထိုနေရာသို့ ဆင်းသက်လာကြသည်။
မဟာစစ်မြေပြင်တွင် သူတို့က မျိုးနွယ်ကာကွယ်ရေးလက်နက်များကို အသုံးပြုပြီး နဂါးငွေ့တန်းကြယ်သခင်ကို ကြောက်ရွံ့၍ ထောင့်များတွင် ပုန်းအောင်းနေခဲ့ရသည်။ ထို့ကြောင့် တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်ရန် ကြယ်စကြာဝဠာကိုသာ အသုံးပြုခဲ့ရသည်။
" နဂါးငွေ့တန်းကြယ်သခင်ကို ဘယ်လိုကိုင်တွယ်ကြမလဲ။ " ထျန်းယုမန်က စတင် ပြောဆိုလိုက်သည်။ မဟာစစ်မြေပြင်မှ အခြေအနေက ထျန်းယုမျိုးနွယ်၏ ဘိုးဘေးကို ဒေါသထွက်စေခဲ့သော်လည်း သူတို့ လုပ်နိုင်သည်မှာ အနည်းငယ်သာ ရှိသည်။
" နဂါးငွေ့တန်းကြယ်သခင်ကို ကိုင်တွယ်ဖို့ မလွယ်ဘူး။ ငါတို့မျိုးနွယ်ရဲ့ အလွှာဆယ့်နှစ် အခြေခံကို သုံးရင်တောင် သူ့ကို အနိုင်ယူနိုင်မယ်လို့ မသေချာဘူး။ "
" မှန်တယ်။ ပြီးတော့ အလွှာဆယ့်နှစ် အခြေခံကို အသက်သွင်းတာကလည်း ငါတို့အတွက် ကြီးမားတဲ့ ဖိအားတွေ ဖြစ်စေတယ်။ ကြာကြာထိန်းထားနိုင်မှာ မဟုတ်ဘူး။ "
အလွှာဆယ့်တစ် အင်အားကြီးသူများက တစ်ယောက်ပြီး တစ်ယောက် ပြောဆိုလိုက်ကြသည်။
" ကောင်းပြီ။ " ဖန်ကောင်းမိုက တိုက်ရိုက်ပြောလိုက်သည်။ " ငါတို့မျိုးနွယ်က နဂါးငွေ့တန်းကြယ်သခင်ရဲ့ အသက်အနှစ်သာရကို အားနည်းသွားစေနိုင်တဲ့ ချိန်ခွင်ရတနာကို ထုတ်သုံးဖို့ ဆန္ဒရှိတယ်။ ဒါဆို သူက အလွှာဆယ့်နှစ် အခြေခံကို အသက်မသွင်းနိုင်အောင် လုပ်နိုင်တယ်။ "
ထိုစကားများက အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ချိန်ခွင်ရတနာနှင့် ပက်သက်၍ သူတို့အများစုက တစ်ခါမှ မကြားဖူးကြသော်လည်း နဂါးငွေ့တန်းကြယ်သခင်၏ အသက်အနှစ်သာရကို လျှော့နည်းသွားစေနိုင်ခြင်းက အမှန်ပင် ကြောက်စရာကောင်းလှသည်။
" ချိန်ခွင်ရတနာ " ကပ်ဘေးမျိုးနွယ်မှ အင်အားကြီးသူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
သူက သူ၏ မျိုးနွယ် ကြီးမြတ်သူထံမှ ထိုရတနာအကြောင်း ကြားဖူးသည်။ ၎င်းက မယုံကြည်နိုင်စရာကောင်းပြီး ဖရိုဖရဲဟင်းလင်းပြင်မှ ဆင်းသက်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။
" အသက်အနှစ်သာရ ဘယ်လောက်ထိ အားနည်းသွားအောင် လုပ်နိုင်မှာလဲ။ " ထျန်းယုမန်က ချက်ချင်း မေးလိုက်သည်။
" မင်းတို့ အလွှာဆယ့်တစ် ဘယ်နှစ်ယောက်ပေးနိုင်လဲအပေါ် မူတည်တယ်။ " ဖန်ကောင်းမိုက ချက်ချင်း ပြောလိုက်သည်။
နဂါးငွေ့တန်းကြယ်သခင်၏ အသက်အနှစ်သာရကို အားနည်းစေရန်အတွက် သူတို့က အရင်ဆုံး အဆင့်တူ အသက်အနှစ်သာရကို ထောက်ပံ့ပေးရမည်ဖြစ်သည်။ ထောက်ပံ့သော အသက်အနှစ်သာရက အပြီးတိုင် ဆုံးရှုံးသွားမည်ဖြစ်သောကြောင့် ၎င်းက အလွှာဆယ့်တစ် အင်အားကြီးသူတစ်ယောက်တည်း မလုံလောက်ပေ။
ဖန်ကောင်းမို၏ ခန့်မှန်းချက်အရ အလွှာဆယ့်တစ် တစ်ယောက်က အသက်အနှစ်သာရ၏ ဆယ်ပုံတစ်ပုံကို ထောက်ပံ့ခြင်းက ထင်ရှားသော သက်ရောက်မှု ရှိမည်မဟုတ်ပေ။ အလွှာဆယ့်တစ် အထွတ်အထိပ် ဆယ်ယောက်က သူတို့ အသက်အနှစ်သာရ၏ ဆယ်ပုံတစ်ပုံကို ထောက်ပံ့ပေးလျှင် စုစုပေါင်း အသက်အနှစ်သာရက အလွှာဆယ့်တစ် အထွတ်အထိပ်တစ်ယောက်နှင့် ညီမျှသွားသည်။
ဖန်ကောင်းမိုက အခြားအထွတ်အထိပ်မျိုးနွယ် ဆယ်ခုမှ အလွှာဆယ့်တစ် အထွတ်အထိပ် တစ်ရာကို စုဆောင်းရန် စီစဉ်ထားပြီး ထောက်ပံ့ပေးသော အသက်အနှစ်သာရက အလွှာဆယ့်တစ် အထွတ်အထိပ် တစ်ယောက်၏ အသက်အနှစ်သာရထက် ဆယ်ဆအထိ ရောက်သွားပေလိမ့်မည်။
ထိုသို့ဆိုလျှင် လဲလှယ်နေစဉ်အတွင်း ဆုံးရှုံးမှုများ ရှိလျှင်တောင် နဂါးငွေ့တန်းကြယ်သခင်အပေါ် အလွှာဆယ့်တစ် အထွတ်အထိပ်တစ်ယောက်၏ အသက်အနှစ်သာရ လေးဆမှ ငါးဆအထိ သက်ရောက်မှု ရှိပေလိမ့်မည်။
နဂါးငွေ့တန်းကြယ်သခင်က အစွမ်းထက်ပြီး သူ၏ အသက်အနှစ်သာရက သန်မာလျှင်တောင် နောက်ဆုံးတွင် သူက အလွှာဆယ့်တစ်သာ ရှိသေးသည်။ အလွှာဆယ့်တစ် အထွတ်အထိပ်တစ်ယောက်၏ အသက်အနှစ်သာရ၏ လေးဆမှ ငါးဆအထိ လဲလှယ်ပြီးနောက် သူက ခုခံနိုင်စွမ်းရှိတော့မည်မဟုတ်ပေ။ အနည်းဆုံးတော့ သူ၏ ခွန်အားက ကျဆင်းသွားပြီး အလွှာဆယ်နှစ် အခြေခံကို အသက်သွင်းနိုင်တော့မည်မဟုတ်ပေ။
" အလွှာဆယ့်တစ် ဘယ်နှစ်ယောက်လဲ။ "
အထွတ်အထိပ်မျိုးနွယ်ဆယ်ခုမှ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများက အမူအရာများ အနည်းငယ် ပြောင်းလဲသွားပြီး အနည်းငယ် တုန့်ဆိုင်းသွားကြသည်။
အသက်အနှစ်သာရက နောက်ပြောင်စရာမဟုတ်ပေ။ အထူးသဖြင့် အလွှာဆယ့်တစ် အထွတ်အထိပ်များ၏ အသက်အနှစ်သာရဖြစ်သည်။ အလွှာဆယ့်တစ် အထွတ်အထိပ်များက မျိုးနွယ်တိုင်း၏ မျှော်လင့်ချက်ဖြစ်ပြီး သူတို့၏ အသက်အနှစ်သာရ ဆယ်ပုံတစ်ပုံကို အလွယ်တကူ ဆုံးရှုံးစေမည်မဟုတ်ပေ။
" ဖန်ကောင်းမို အဲ့ဒါက နဂါးငွေ့တန်းကြယ်သခင်ကို တကယ် ကိုင်တွယ်နိုင်မယ်ဆိုတာ မင်းသေချာလား။ " ထျန်းယုမန်က ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။
သူတို့က နဂါးငွေ့တန်းကြယ်သခင်ကို ဖြေရှင်းနိုင်ပြီး ကြီးမြတ်သူအဆင့် လက်နက်များကို ပြန်လည်ရယူနိုင်လျှင် သူတို့အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်မည်မဟုတ်တော့ပေ။
" စိတ်ချပါ။ လုံးဝ ကိုင်တွယ်နိုင်လိမ့်မယ်။ " ဖန်ကောင်းမိုက ယုံကြည်မှု ရှိစွာ ပြောလိုက်သည်။
အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းပြီးနောက် အထွတ်အထိပ်မျိုးနွယ်ဆယ်ခုက အလွှာဆယ့်တစ် အထွတ်အထိပ် အင်အားကြီးသူ တစ်ရာကို စုစည်းရန် သဘောတူခဲ့ကြသည်။ သူတို့အသက်အနှစ်သာရ၏ ဆယ်ပုံတစ်ပုံကို လဲလှယ်ပြီး နဂါးငွေ့တန်းကြယ်သခင်၏ အသက်အနှစ်သာရကို ဆုံးရှုံးစေမည်ဖြစ်သည်။
ယုမျိုးနွယ်က ချိန်ခွင်ရတနာကို ပေးအပ်ထားသောကြောင့် သူတို့က အလွှာဆယ့်တစ် အင်အားကြီးသူများကို ပေးစရာမလိုတော့ပေ။ ယုမျိုးနွယ်မှ လွဲ၍ ကပ်ဘေးမျိုးနွယ်ကလည်း အလွှာဆယ့်တစ် အင်အားကြီးသူများစွာကို ပေးအပ်ခြင်းမရှိပေ။
ကပ်ဘေးမျိုးနွယ်ဝင်အရေအတွက်က အလွန်နည်းပါးပြီး အလွှာဆယ့်တစ် အင်အားကြီးသူများ၏ အရေးပါမှုက အခြားမျိုးနွယ်များထက် သာလွန်သည်။ ကပ်ဘေးမျိုးနွယ်က အလွှာဆယ့်တစ် အင်အားကြီးသူများစွာကို မပေးခဲ့သော်လည်း သူတို့က နဂါးငွေ့တန်းကြယ်သခင်ကို ဝိုင်းရံတိုက်ခိုက်ချိန်တွင် လျို့ဝှက်လက်နက်များ ပိုမိုအသုံးပြုရန် သဘောတူခဲ့ကြသည်။
ထိုအချက်ကြောင်း ထျန်းယုမျိုးနွယ်နှင့် အင်းဆက်မျိုးနွယ်တို့က မကျေမနပ်ဖြစ်ခဲ့သော်လည်း သူတို့လုပ်နိုင်သော အရာမရှိပေ။ ကပ်ဘေးမျိုးနွယ်ဝင်များက အလွန်သန်မာပြီး အလွှာဆယ့်တစ် အင်အားကြီးသူများကို ပေးအပ်ရန် မလိုအပ်တော့ပေ။
အချိန်များကုန်လွန်လာပြီး မျက်စိတ်တစ်မှိတ်အတွင်း ဆယ်နှစ်ကြာသွားခဲ့သည်။
ကြယ်များ၏ တစ်နေရာတွင် ဖန်ကောင်းမိုက ရွှေရောင်ချိန်ခွင်၏ အပေါ်တွင် ပျံဝဲနေသည်။ အထွတ်အထိပ်မျိုးနွယ်များမှ အင်အားကြီးသူများက အနည်းငယ် အားနည်းနေပုံရပြီး ရွှေရောင်ချိန်ခွင်၏ ဘယ်ဘက်တွင် စုဝေးနေကြသည်။ သူတို့၏ ခန္ဓာကိုယ်မှ သိမ်မွေ့သော စွမ်းအားများ ထွက်ပေါ်နေပြီး ချိန်ခွင်ကို ဘယ်ဘက်သို့ စောင်းသွားစေခဲ့သည်။