စကြာဝဠာတစ်ခုလုံး တုန်လှုပ်သွားခြင်း....
Vol. 46 Ch. 698
" ရွှမ်ယွမ် အရမ်းမောက်မာမနေနဲ့။ နဂါးငွေ့တန်းကြယ်သခင်က ဘယ်လောက်အစွမ်းထက်ထက် ကြီးမြတ်သူအဆင့်ကို ကြိုးစားရင် ကျဆုံးသွားနိုင်တဲ့ အန္တရာယ်ရှိနေတုန်းပဲ။ "
" အမှန်ပဲ။ ကြီးမြတ်သူအဆင့်ကို အောင်မြင်ဖို့ နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ်က ဖြစ်နိုင်ခြေကို တိုးမြှင့်ပေးရင်တောင် တကယ်အောင်မြင်နိုင်မလားဆိုတာ ကံအပေါ် မူတည်နေတုန်းပဲ။ "
အလွှာဆယ့်နှစ် ကြီးမြတ်သူများက စစ်မြေပြင်ကို လက်လျှော့ခဲ့သော်လည်း စိတ်ဓာတ်အရ အရှုံးမပေးပေ။ ကြီးမြတ်သူအဆင့်ကို ကြိုးစားမည့် အလွှာဆယ့်တစ်သက်ရှိများက အရာအားလုံး ပြည့်မီသောအခါ ကံကောင်းမှုက အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လာသည်။
နဂါးငွေ့တန်းကြယ်သခင်က ကံမကောင်းလျှင် ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပိုမိုသန်မာနေလျှင်တောင် ကြီးမြတ်သူအဆင့်ကို ကြိုးစားရာတွင် ကျရှုံးနိုင်သေးသည်။
" အဲ့ဒါက မင်းတို့ စိတ်ပူရမယ့်အရာ မဟုတ်ဘူး။ " ကြီးမြတ်သူရွှမ်ယွမ်က ဂရုမစိုက်ဘဲ ပြောလိုက်သည်။ " မင်းတို့ ပြန်သွားပြီး လူသားမျိုးနွယ်နဲ့ နယ်မြေပိုင်းခြားဖို့ စီစဉ်ပါ။ "
" ဟားဟားဟား မင်း အဲ့ဒီအဘိုးကြီးတွေရဲ့ အမူအရာကို မြင်လိုက်ရမှာ။ " VR ကမ္ဘာတွင် ကြီးမြတ်သူရွှမ်ယွမ်က လင်းယွမ်ကို ကြည့်ပြီး ရယ်မောပြောလိုက်သည်။
အတိတ်မှ စစ်ပွဲများတွင် လူသားမျိုးနွယ်မဟာမိတ်က ထိုအထွတ်အထိပ်မျိုးနွယ်များကိ အနိုင်ရရှိခဲ့သော်လည်း ယခုကဲ့သို့ စိတ်ဓာတ်ကျပြီး ထွက်သွားခဲ့ခြင်းမှာ ပထမဆုံးဖြစ်သည်။
" ဒီလိုအခွင့်အရေးမျိုး တစ်ကြိမ်ပဲရတာ နှမြောစရာပဲ။ " ကြီးမြတ်သူရှချင်က သက်ပြင်းချလိုက်သည်။
" တစ်ကြိမ်ပဲလား။ " လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။
ကြီးမြတ်သူရှချင်၏ စကားအရ နှစ်တစ်သိန်းကြာတိုင်း မဟာစစ်မြေပြင်တစ်ခုက စစ်ပွဲအတွက် ဖွင့်လှစ်မည်ဖြစ်သည်။ နှစ်တစ်သိန်းက ကြာမြင့်သည်ဟု ထင်ရသော်လည်း အလွှာဆယ့်တစ်သက်ရှိများအတွက် ခဏသာဖြစ်သည်။
လင်းယွမ်၏ အစီအစဉ်အရ ကြီးမြတ်သူအဆင့်ကို မကြိုးစားမီ ဖရိုဖရဲနိယာမကို နားလည်ခြင်းက အကောင်းဆုံးဖြစ်သောကြောင့် သူက အလွှာဆယ့်တစ်တွင် ခဏနေရန် စီစဉ်ထားခဲ့သည်။ သူက နောက်ထပ် စစ်ပွဲတစ်ခု စတင်ချိန်ထိ စောင့်မည်ဖြစ်သည်။
" နောက်ထပ် စစ်ပွဲမှာ အဲ့ဒီအဘိုးကြီးတွေက မင်းကို ပါဝင်ခွင့်ပေးတော့မှာမဟုတ်ဘူး။ " ကြီးမြတ်သူရှချင်က ရှင်းပြလိုက်သည်။
" သူတို့က ကျွန်တော်ကို စစ်ပွဲမှာ ပါဝင်ခွင့်မပေးဘူးလား။ " လင်းယွမ်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
" မင်းကို ပါဝင်ခိုင်းပြီး အရှုံးပေးဖို့ စောင့်နေရမှာလား။ " ကြီးမြတ်သူရှချင်က ခေါင်းခါလိုက်သည်။ " စစ်ပွဲရဲ့ ရလဒ်က ရှုံးနိမ့်မှာ သေချာနေရင် ဘယ်သူက တိုက်ခိုက်မှာလဲ။ "
" ဒါကြောင့် နောက်ထပ်စစ်ပွဲမစခင် အဲ့ဒီအဘိုးကြီးတွေက မင်းကို ပါဝင်ခွင့်တားမြစ်ဖို့ စည်းမျဉ်းအသစ်ကို ချမှတ်ကြလိမ့်မယ်။ " ကြီးမြတ်သူရှချင်က ဖြည်းညင်းစွာ ပြောလိုက်သည်။
စစ်ပွဲကြီးမစတင်မီ လင်းယွမ်က သူ၏ ခွန်အားကို ပြသခဲ့ခြင်းမရှိဘဲ သူက အသစ်တက်လှမ်းလာသော အလွှာဆယ့်တစ် တစ်ယောက်သာ ဖြစ်သည်။ သူက အလွှာဆယ့်တစ် အင်အားကြီးသူတစ်သောင်းကျော်ကို သတ်ပစ်လိုက်သည့်အချိန်တွင် နောက်ကျသွားပြီဖြစ်ပြီး စစ်ပွဲအလယ်တွင် စည်းမျဉ်းများကို ပြောင်းလဲ၍ မရတော့ပေ။
သို့သော် နောက်ထပ်စစ်ပွဲတွင် အထွတ်အထိပ်မျိုးနွယ်များက စည်းမျဉ်းအသစ်များကို သေချာပေါက် ထည့်သွင်းပြီး လင်းယွမ်ကို စစ်မြေပြင်သို့ ဝင်ခွင့်ပြုမည်မဟုတ်ပေ။
" ကျွန်တော်နားလည်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
စစ်ပွဲများက လောင်းကစားကဲ့သို့ပင် ပါဝင်သူများကို အနိုင်ရရန်အတွက် မျှော်လင့်ချက်အချို့ ပေးရန် လိုအပ်သည်။ မျှော်လင့်ချက်မရှိလျှင် သဘာဝအတိုင်း ပါဝင်သူ ရှိတော့မည်မဟုတ်ပေ။ လူသားမျိုးနွယ်က စစ်ပွဲများတွင် ဆက်လက်ပါဝင်ခွင့်ပေးနေလျှင် စစ်ပွဲတွင် အထွတ်အထိပ်မျိုးနွယ်များက ပါဝင်တော့မည်မဟုတ်ပေ။
" အလွှာဆယ့်တစ်နဲ့ မဟာစစ်မြေပြင်တစ်ခုရဲ့ စည်းမျဉ်းတွေကို လွှမ်းမိုးနိုင်တာ မင်းက ငါတို့စကြာဝဠာမှာ ပထမဆုံးနဲ့ နောက်ဆုံးဖြစ်လိမ့်မယ်။ " ကြီးမြတ်သူရှချင်က ခံစားချက်များနှင့် ပြောလိုက်သည်။
တစ်ချိန်တည်းတွင် လင်းယွမ်က သူတို့၏ လူသားမျိုးနွယ်မဟာမိတ်မှ ဆင့်ကဲပြောင်းလဲသူဖြစ်သည့်အတွက် ကျေးဇူးတင်မိကြသည်။ အခြားအထွတ်အထိပ်မျိုးနွယ်တွင် လင်းယွမ်ကဲ့သို့ သက်ရှိတစ်ယောက်ရှိလျှင် လူသားမျိုးနွယ်ကလည်း အခြားမျိုးနွယ်များကဲ့သို့ ဖြစ်နေပေလိမ့်မည်။
" ဒါနဲ့ မင်း ကြီးမြတ်သူအဆင့် လက်နက်တွေကို ဘယ်လိုလုပ်မလဲလို့ ရွှမ်ယွမ်က မေးနေတယ်။ အဲ့ဒီအဘိုးကြီးတွေက လက်နက်တွေကို အရင်းအမြစ်တွေနဲ့ ပြန်လဲချင်နေကြတယ်။ " ကြီးမြတ်သူရွှမ်ယွမ်က မေးလိုက်သည်။
အင်းဆက်မျိုးနွယ်သာ ထိုအကြံရှိသည်မဟုတ်ဘဲ အခြားအထွတ်အထိပ်မျိုးနွယ်မှ အလွှာဆယ့်နှစ် ကြီးမြတ်သူများကလည်း ကြီးမြတ်သူအဆင့် လက်နက်များကို အရင်းအမြစ်များနှင့် လဲလှယ်ချင်နေကြသည်။
လင်းယွမ်က ကြီးမြတ်သူအဆင့် လက်နက် ခြောက်ရာကျော်ရှိပြီး ၎င်းတို့ထဲမှ အရေးပါသော အစိတ်အပိုင်းက သက်ဆိုင်ရာ မျိုးနွယ်များမှ အင်အားကြီးသူများအတွက် သင့်တော်လှသည်။ ကြီးမြတ်သူအဆင့် လက်နက်တစ်ခုကို ဆုံးရှုံးခြင်းနှင့် အသစ်ပြန်လည်ရှာဖွေခြင်းက ထင်သလောက် မရိုးရှင်းပေ။
" ကြီးမြတ်သူက ဘယ်လိုထင်လဲ။ " လင်းယွမ်က မေးလိုက်သည်။
ဖြစ်နိုင်လျှင် လင်းယွမ်က ထိုကြီးမြတ်သူအဆင့် လက်နက်များကို လူသားမျိုးနွယ်နှင့် လဲလှယ်လိုဆဲ ဖြစ်သည်။
" အဲ့ဒီအဘိုးကြီးတွေနဲ့ လဲလှယ်လိုက်။ ငါတို့ လူသားမျိုးနွယ်က မင်းနဲ့ လဲလှယ်ဖို့ လုံလောက်တဲ့ အရင်းအမြစ်တွေ မရှိဘူး။ " ကြီးမြတ်သူရှချင်က လင်းယွမ်၏ ရည်ရွယ်ချက်ကို နားလည်ပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။
" ကောင်းပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" မင်းရဲ့ တောင်းဆိုချက်ကို ပြောပါ။ ငါ အဲ့ဒီအဘိုးကြီးတွေကို ပြောလိုက်မယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
အထွတ်အထိပ်မျိုးနွယ်များက ကြီးမြတ်သူအဆင့်များကို လဲလှယ်လိုသောကြောင့် လင်းယွမ်က သဘာဝအတိုင်း စည်းမျဉ်းများကို သတ်မှတ်နိုင်သည်။
မဟာစစ်မြေပြင်တွင် ဖြစ်ပျက်သမျှက အထူးသဖြင့် အင်းဆက်မျိုးနွယ်၏ အသွင်ပြောင်းလဲခြင်းဧကရီ ဝင်ရောက်လာခြင်းနှင့် လင်းယွမ်က အလွှာဆယ့်နှစ် အခြေခံကို အသုံးမပြုဘဲ သူ၏ ကိုယ်ပိုင်ခွန်အားနှင့် အလွှာဆယ့်တစ် အင်အားကြီးသူတစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့သည့်သတင်းက မျိုးနွယ်အများအပြားသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
" နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ် တစ်သောင်းကျော်ကို ပြင်ပစွမ်းအားမပါဘဲ သတ်လိုက်တာလား။ "
" အဲ့ဒါက အလွှာဆယ့်တစ်လား။ နဂါးငွေ့တန်းကြယ်သခင်က ကြီးမြတ်သူမဟုတ်ဘူးဆိုတာ သေချာလား။ "
" သတင်းက အမှန်ပဲ။ အထွတ်အထိပ်မျိုးနွယ်တွေက စစ်မြေပြင်ကို စွန့်လွှတ်ပြီး စစ်ပွဲက နှုတ်ထွက်သွားကြပြီ။ "
" နဂါးငွေ့တန်းကြယ်သခင်ရဲ့ စိတ်စွမ်းအားက အလွှာဆယ့်နှစ် ရောက်နေပြီလို့ ကြားတယ်။ အသွင်ပြောင်းလဲခြင်းဧကရီကိုယ်တိုင် ထုတ်ပြောခဲ့တာပဲ။ "
" စိတ်စွမ်းအား အလွှာဆယ့်နှစ်လား။ နဂါးငွေ့တန်းကြယ်သခင်က ဘယ်လိုအောင်မြင်ခဲ့တာလဲ။ "
" မှန်တယ်။ စိတ်စွမ်းအားကို တိုးမြှင့်ဖို့က အရမ်းခက်ခဲတာတောင် သူက အလွှာဆယ့်နှစ်ကို ရောက်သွားတာ့လား။ "
စကြာဝဠာထဲမှ အထူးသက်ရှိများအပါအဝင် သက်ရှိများစွာက ထိုသတင်းကို လျင်မြန်စွာ ရရှိခဲ့ကြသည်။ သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ကြီးမြတ်သူအဆင့် လက်နက်ကိုင်ဆောင်ထားသူများ အပါအဝင် အလွှာဆယ့်တစ် တစ်သောင်းကျော်ကို ရှင်းလင်းခဲ့ခြင်း၊ သူ၏ စိတ်စွမ်းအားက အလွှာဆယ့်နှစ်သို့ ရောက်ရှိနေခြင်းတို့ ဖြစ်သည်။
ထိုကိစ္စက နဂါးငွေ့တန်းကြယ်သခင် အလွှာဆယ့်တစ်သို့ တက်လှမ်းခဲ့သည်ထက် ပို၍ ဂယက်ထစေခဲ့သည်။
" နဂါးငွေ့တန်းကြယ်သခင်က အသက်ဘယ်လောက်လဲ။ "
" အသက်တစ်ထောင်တောင် မပြည့်သေးဘူး။ "
" အသက်တစ်ထောင်မပြည့်သေးဘဲ ဒီလိုစွမ်းအားမျိုးရှိတာ နဂါးငွေ့တန်းကြယ်သခင်က ကြီးမြတ်သူတစ်ယောက် ဟန်ဆောင်ထားတာလား။ "
" မင်းတို့ရူးနေလား။ နဂါးငွေ့တန်းကြယ်သခင်က ကြီးမြတ်သူတစ်ယောက်ဆိုရင် စစ်မြေပြင်ထဲကို ဘယ်လိုလုပ်ဝင်နိုင်မှာလဲ။ အခြားကြီးမြတ်သူတွေကရော သူတို့မျိုးနွယ်ဝင်တွေ သတ်ခံရတာကို ထိုင်ကြည့်နေမှာလား။ "
စကြာဝဠာထဲတွင် မရေတွက်နိုင်သော သက်ရှိများက နဂါးငွေ့တန်းကြယ်သခင်အကြောင်း ဆွေးနွေးနေကြသည်။ သံသယများရှိသော်လည်း အထွတ်အထိပ်မျိုးနွယ်များက စစ်မြေပြင်ထိန်းချုပ်ခွင့်ကို စွန့်လွှတ်ခဲ့ကြသောကြောင့် သတင်းက အမှန်ဖြစ်နိုင်သည်။
လင်းယွမ်က အသက်တစ်ထောင်မပြည့်မီ အလွှာဆယ့်တစ်သို့ တက်လှမ်းခဲ့ခြင်းကပင် စကြာဝဠာတစ်ခုလုံးကို ကျော်ကြားစေခဲ့သည်။ ယခု မဟာစစ်မြေပြင်မှ အဖြစ်အပျက်က စကြာဝဠာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
VR ကမ္ဘာတွင်....
" ရှောင်ယွမ် လူတိုင်းက နဂါးငွေ့တန်းကြယ်သခင်ဟာ စကြာဝဠာတစ်ခုလုံးမှာ ကြီးမြတ်သူအဆင့်နဲ့ အနီးစပ်ဆုံးလို့ ဘာလို့ ပြောနေကြတာလဲ။ "
လင်းချောင်ချန်က မေးလိုက်သည်။ " နဂါးငွေ့တန်းကြယ်သခင်က သားမဟုတ်လား။ "
လင်းယွမ်က နဂါးငွေ့တန်းကြယ်သခင်ဖြစ်သည်ကို လင်းချောင်ချန်က သိထားခဲ့သည်။ သို့သော် ယခု နဂါးငွေ့တန်းကြယ်သခင်နှင့် ပက်သက်သော ကောလဟာလများစွာ ထွက်ပေါ်နေခဲ့သည်။
၎င်းက လင်းချောင်ချန်ကို မယုံကြည်နိုင်ဖြစ်စေသည်။ အကြောင်းမှာ ဆွေးနွေးမှုများက နဂါးငွေ့တန်းကြယ်သခင်မှာ အခြားအထွတ်အထိပ်မျိုးနွယ်များမှ အလွှာဆယ့်တစ် အင်အားကြီးသူများကို ဖျက်ဆီးနိုင်သူအဖြစ် ဖော်ပြနေသောကြောင့် ဖြစ်သည်။
" ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
သူ၏ မိဘများက အင်တာနက်ပေါ်မှ ကိစ္စများကို စိတ်မဝင်စားသော်လည်း မဟာစစ်မြေပြင်မှ သူ၏ လုပ်ဆောင်မှုများက အလွန်မယုံကြည်နိုင်စရာကောင်းပြီး လူသားမျိုးနွယ်သာမက အခြားမျိုးနွယ်များထိ ပျံ့နှံ့နေခဲ့သည်။
" အကိုကတော့ တကယ် အံ့မခန်းပဲ။ " လင်းယိက လေးစားစွာ ပြောလိုက်သည်။
သူမ၏ မိဘများနှင့် ယှဉ်လျှင် လင်းယိက ထိုကိစ္စကို ကောင်းကောင်းနားလည်သည်။ အထူးသဖြင့် ရှမိသားစု၏ ဘိုးဘေးက သူမကို အလွန်ယဉ်ကျေးစွာ ဆက်ဆံနေခြင်းက သက်သေပြနေသည်။