မိုက်လွန်းသော
Vol. 1 Ch. 47
“ရှပ်...ရှပ်...ရှပ်”
ဈေးလမ်းမထက်တွင် လူငယ်တစ်စုသည် ခမ်းနားစွာ လျှောက်လာကြသည်။ လူပေါင်းများစွာ၏ အာရုံကို ဆွဲဆောင်ထားသော သခင်လေး တစ်ယောက်သည် လူငယ်တစ်စုကို ဦးဆောင် လာခဲ့သည်။ သူ့ကို လူပေါင်းများစွာက အဝေးမှပင် နှုတ်ဆက်နေကြသည်။
“ကောင်းသောနေ့ပါ...သခင်လေး”
“ကောင်းသောနေ့ပါ...သခင်လေးဟန်ရွှေ”
ကျန်းဟန်ရွှေသည် လျှောက်လာရင်း သူ့ကို နှုတ်ဆက် နေကြသော လူများကို ဖော်ဖော်ရွေရွေ ပြုံးပြကာ ခေါင်းညိတ် ပြနေခဲ့သည်။ မကြာမီတွင်ပင် သူ၏ အပြုံးသည် အေးခဲ သွားခဲ့သည်။ သူ့နောက်မှ လိုက်လာကြသော ကျန်းဂိုဏ်းသား တစ်စုသည်လည်း ခြေလှမ်းများ ရပ်တန့်သွား ကြလေသည်။ လူတိုင်း၏ အကြည့်သည် စင်ပေါ်တွင် ရပ်နေသော အနက်ရောင် ဝတ်စုံဝတ် ပိန်ပိန်ပါးပါး လူငယ်ထံတွင်သာ ကျရောက်နေခဲ့သည်။ သူတို့ထဲမှ တစ်ယောက်သည် အလန့်တကြား ဆိုလာခဲ့သည်။
“ကြည့်ဦး...အဲ့ဒါကျန်းရီမလား...သူက ဘာလို့ စင်ပေါ် ရောက်နေတာလဲ''
ကျန်းဟန်ရွှေ၊ ကျန်းကူရွှေနှင့် ကျန်းရူလန် အပါအဝင် လူတိုင်းသည် အသိဝင် လာကြသည်။ ကျန်းဟန်ရွှေ၏ မျက်လုံးများတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့ပြီး သက်ပြင်းချရင်း ဆိုလာခဲ့သည်။
“ဘာလို့လဲဆိုတော့...ကျန်းရီက...အထီးကျန်ဝံပုလွေမို့ပဲ”
“ဘာ”
ကျန်းဂိုဏ်းသားများ၏ မျက်လုံးများသည် ပြူးကျယ်ဝိုင်းစက် သွားကြသည်။ သူတို့သည် ကျန်းရီကို အထူးအဆန်း သတ္တဝါနှယ် စိုက်ကြည့် နေကြသည်။ သူက သူ့ဒန်တျန်း ချိတ်ပိတ် ခံထားရတဲ့ အသုံးမကျတဲ့ကောင် မဟုတ်ဘူးလား...ခြောက်လအတွင်းမှာ သူက ဒီလောက်တောင် အဆင့်မြင့် သွားခဲ့တယ်...သူ့ကျင့်ကြံနှုန်းကလည်း မယုံနိုင်စရာ ကောင်းအောင် မြန်လွန်းနေတယ်...ပြီးတော့ မနေ့က လျှိဟဲကို သူ အနိုင်တိုက်ခဲ့တယ်။
“ယိကျန့်..ကျန်းရီ”
တစ်ဖက်တွင်လည်း ကျီထင်ယွီသည် ကျီဂိုဏ်းသား တစ်စုနှင့် လျှောက်လာခဲ့သည်။ သူမ၏ မျက်လုံးများသည် ကျန်းရီအပေါ် ကျရောက်သွားသည့်အခါ ရှုပ်ထွေးသော ခံစားချက် တစ်ချို့ကို ခံစားလိုက် ရလေသည်။ သူမ၏ အဆင့်အတန်းသည် အမြဲတမ်း မြင့်မားခဲ့သည်။ ကောင်းကင်တောင်ပံ မြို့အတွင်းတွင် သူမ၏ စိတ်ဝင်စားမှုရသော ယောက်ျားများမှာ အများကြီး မရှိချေ။ သို့သော် ကျန်းရီသည်ကား သိသိသာသာပင် စိတ်ဝင်စားစရာ ကောင်းလေသည်။
“ဒီအထီးကျန် ဝံပုလွေက မျိုးရိုးမြင့်တဲ့ပုံ ပေါ်တယ်...သူရဲ့အဆင့်အတန်းက ကျန်းဟန်ရွှေ၊ မာဟေးချီနဲ့ လျှိုဟဲတို့လောက် မမြင့်မားပေမယ့် သူ့ရဲ့ ပုံစံတွေက ငါ့အပေါ် သက်ရောက်မှု ရှိတယ်...”
ရီလင်းရွှယ်သည် လူအုပ်ထဲတွင် ရပ်နေရင်း စင်ပေါ်မှ ကျန်းရီကို ကြည့်နေခဲ့သည်။ သူမ၏ နှလုံးသားသည် မဖော်ပြနိုင်သော ခံစားချက် မျိုးစုံကို ခံစားနေ ရလေသည်။ လွန်ခဲ့သည့် လများတွင် သူမသည် ကျန်းရီ၏ ပြိုင်ဘက်ကင်းမှုကို ပထမဆုံး သတိပြုမိခဲ့သည်။ သို့သော် သူမ၏ အဆင့်အတန်းကြောင့် သူသည် သူမအတွက် သင့်တော်သည်ဟု မထင်ခဲ့ပေ။ ယခုတွင်မူ သူမသည်သာ ကျန်းရီနှင့် မသင့်တော်သောသူ ဖြစ်ပုံပေါ်နေသည်။
“မြို့စားရောက်ရှိလာပါပြီ...ပြိုင်ပွဲတွေ စတင်ပါတော့မယ်”
ကျီထျန်း၊ ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ဆရာသုံးယောက်နှင့် အနောက်ဘက် မြို့စောင့်တပ်မှ အုပ်ချုပ်သူများ ရောက်လာကြသောအခါ လူတို့၏ ဂုဏ်ပြုသံများ ထွက်ပေါ်လာကြသည်။ ဂိုဏ်းကြီး ငါးခုမှ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများလည်း ရောက်ရှိလာပေပြီ...ကျန်းယွင်ရှန်နှင့် သူ့အဖွဲ့သည် ကျန်းရီကို မြင်လိုက်လျှင် မျက်နှာများ ပျက်သွားကြသည်။ ကျန်းရီသည် သူ့ကိုယ်သူ ဖော်ပြလိုက်သည်မှာ သူတို့၏ မျက်နှာများကို ဖြတ်ရိုက် လိုက်သကဲ့သို့ပင်။
“အများနဲ့တစ်ယောက် ပြိုင်ပွဲကို စတင်ကြတာပေါ့”
လူအိုကြီး၏ အသံ ထွက်ပေါ်လာသည်နှင့် ပရိတ်သတ် တစ်သောင်းကျော်သည်လည်း စိတ်လှုပ်ရှား လာကြသည်။ ယနေ့ ပြိုင်ပွဲများသည် ပို၍ပင် ကြည့်ကောင်းတော့မည်။ ယနေ့တွင် စိန်ခေါ်သူ ငါးယောက်တို့သည် ပြိုင်ပွဲ ဆယ်ပွဲကို ခက်ခက်ခဲခဲ တိုက်ရတော့မည် ဖြစ်သည်။
လူအိုကြီး၏ စကားဆုံးသည်နှင့် ပြိုင်ပွဲဝင် တစ်ဦးသည် စင်ပေါ်သို့ ချက်ချင်း ခုန်တက်လာခဲ့သည်။ လူတိုင်းသည် ကြည့်လိုက်သော် မျှော်လင့်ထားပြီးသား အမူအရာများ ဖြစ်သွားကြသည်။
စင်ပေါ်သို့ တက်လာသော သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်တွင် ရှိပြီး ကောင်းကင်တောင်ပံမြို့အတွင်း ကျော်ကြားလေသည်။ သူသည် မာဂိုဏ်းမှ ဖြစ်ပြီး ကျန်းရီ၏ စင်ပေါ်သို့ တက်လာခဲ့ခြင်း ဖြစ်သည်။ မာဂိုဏ်းသည် ကျန်းရီကို အမှုန့်ကြိတ်တော့မည် ဖြစ်သည်မှာ ထင်ရှားသည်။
“ဟား..ဟား..ဟား”
ကျန်းရီသည် တည်တည်ငြိမ်ငြိမ်ပင် ရယ်မောလိုက်သည်။ ကျန်းဂိုဏ်းက မလှုပ်ရှားလျှင် မာဂိုဏ်းက လှုပ်ရှားလိမ့်မည် ဖြစ်ကြောင်း သူသိနေခဲ့သည်။
မာဂိုဏ်းသားသည် စင်ပေါ်သို့ ရောက်သည်နှင့် စကားတစ်ခွန်းမှ မဆိုဘဲ ကျန်းရီကို မီးတောက်တော့မတတ် စိုက်ကြည့်ရင်း ပြေးလာခဲ့သည်။
ကျန်းရီသည် အနက်ရောင် အတွင်းအား တစ်မျှင်ကို မျက်လုံးဆီ ပို့ဆောင်လိုက်သည်။ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်သည် သူ့ကို ဖိအားမပေးနိုင်သော်လည်း သူသတိထားမှသာ အသက်ရှည်ရှည် နေရပေလိမ့်မည်။
“သခင်လေးဟဲနဲ့ တိုက်ကြည့်တာပေါ့”
တစ်ဖက်တွင် လျှိုဂိုဏ်းမှ လူငယ်တစ်ယောက်သည် စင်ပေါ်သို့ တက်လာခဲ့သည်။ သူ၏ ပစ်မှတ်သည် ဝတ်စုံပြာနှင့်လူငယ် ဟဲသောက်ဖြစ်သည်။ လျှိုဟဲသည် လွန်ခဲ့သည့်နေ့က ရှုံးနိမ့်ခဲ့ရာ လျှိုဂိုဏ်းမှာ အရှက်ရရသည်။ လျှိုဂိုဏ်းသည် ဟဲသောက်ကို ဆွဲချကာ သူတို့ဂိုဏ်း၏ ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ချင်ပုံ ပေါ်လေသည်။
“မိန်းကလေးလမ်...ကျွန်မကို သင်ကြားပေးပါ”
ရီလင်းရွှယ်သည် စင်ပေါ်သို့ ပျံတက်လာကာ လမ်ချမ်ချမ့်နှင့် ရင်ဆိုင်လိုက်သည်။ ရီဂိုဏ်း၏ အားအကောင်းဆုံးသော လူငယ်မှာ ရီလုံယွိ ဖြစ်သော်လည်း သူ၏ လက်ရှိအင်အားနှင့် နေရာငါးနေရာမှ တစ်နေရာကို မရနိုင်ပေ။ သို့သော် ကောင်းကင်တောင်ပံ မြို့တွင်းမှ ဂိုဏ်းငယ်လေးများသည် စိန်ခေါ်သူ ငါးယောက်ကို အနိုင်တိုက်နိုင်ရန် အကျိုးတူ ပူးပေါင်း လိုက်ကြသည်။ သူတို့သာ အောင်မြင်သွားလျှင် ဂိုဏ်းငယ်လေးများမှ လူငယ်များတွင် ပိုမိုအခွင့်အရေး ရပေမည်။
အခြားဂိုဏ်းကြီး နှစ်ခုမှ လူငယ်မျိုးဆက်များသည်ကား ကျန်းဟန်ရွှေနှင့် ကျီထင်ယွီကို ပစ်မှတ်ထားနေကြသည်။ ထိုနှစ်ယောက်သည် နှစ်နေရာ ရရန် သေချာနေသော်လည်း မကြိုးစားကြည့်ဘဲ ရလဒ်ကို ဘယ်လိုသိမည်နည်း...ထိုနှစ်ယောက် ခြေချော်လက်ချော်ဖြစ်ကာ ရှုံးနိမ့်သွားရင်ရော။
ယနေ့ပွဲစဉ်များ၏ ပထမဆုံး တိုက်ပွဲများသည် အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းလေသည်။ ပရိသတ်များနှင့် ပွဲကြည့်ထက်မှ အာဏာရှိသူများပင် အများကြီး မျှော်လင့် ထကြလေသည်။ လူအများစုသည်ကား ကျန်းရီနှင့် ဟဲသောက်ကိုသာ မျက်ခြည်မပြတ် ကြည့်နေခဲ့ကြသည်။ ထိုနှစ်ယောက်သည် ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်ရတော့မည်မှာ သေချာနေသည်။
“သွားစမ်းပါ”
ကျန်းရီသည် မာဂိုဏ်းမှ လူ၏ တိုက်ခိုက်မှုကို အသာအယာပင် ရှောင်တိမ်း လိုက်သည်။ ထို့နောက် သူသည် ပြိုင်ဘက်၏ ရင်ဘတ်ထံ လက်ဝါးရိုက်ချက် တစ်ခုနှင့် တုံ့ပြန်လိုက်သည်။ သူ၏ အမြင်အာရုံနှင့် အမြန်နှုန်းတို့ကြောင့် သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်ရှိ ပြိုင်ဘက်ကို အနိုင်ယူရန် အနက်ရောင်အတွင်းအားကိုပင် သုံးနေရန် မလိုပေ။
သူ၏ ပရိယာယ်ကြွယ်သော တိုက်ခိုက်မှုကြောင့် ပြိုင်ဘက်သည် စင်ပေါ်မှ ဆင်းရန်နှင့် အရိုက်ခံရန် တစ်ခုကို ရွေးချယ်ရမည် ဖြစ်လာခဲ့သည်။ လူတိုင်းသည် ကျန်းရီ၏ အင်အားကို မြင်သည်နှင့် နောက်ဆုတ်ရန်သာ ရွေးကြမည် ဖြစ်သည်။ သို့သော် သူ၏ ပြိုင်ဘက်သည် နောက်ဆုတ် မသွားသောကြောင့် ကျန်းရီမှာ အံ့အားသင့် သွားရသည်။ ထိုသူသည် နောက်ဆုတ်မည့်အစား အင်္ကျီလက်အတွင်းမှ ဓားမြှောင်ကို ထုတ်ယူကာ ကျန်းရီ၏ ဘယ်ဘက်ပခုံးထံ ရက်စက်စွာ ထိုးချလိုက်သည်။
လက်ရှိ အခြေအနေတွင် ကျန်းရီသည် သူ၏ လှုပ်ရှားမှုများကို မတားဆီး နိုင်တော့ရာ ဘေးဘက်သို့သာ တိမ်းရှောင်လိုက်ပြီး ရန်သူကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
“ဘန်း”
မာဂိုဏ်းသားသည် စင်ပေါ်မှ လွင့်ကျသွားခဲ့ပြီး ကျန်းရီ၏ ပခုံးမှလည်း သွေးများ စီးကျလာခဲ့သည်။ သူသည် ဆေးတစ်လုံးကို အမြန်ထုတ်ကာ စားလိုက်ပြီး သွေးတိတ်အောင် ထိန်းလိုက်လေသည်။ ကျန်းရီသည် စင်ပေါ်သို့ ခုန်တက်လာသော နောက်တစ်ယောက်ကို မြင်လိုက်လျှင် သူ့မျက်လုံးများ စူးရှ သွားခဲ့သည်။ သူချက်ချင်း နားလည်လိုက်ပေပြီ။
အားကုန် တိုက်ရမယ့် ပွဲဘဲ။
မာဂိုဏ်းသည် နည်းလမ်း တစ်ခုကို ကောင်းကောင်း ပြင်ဆင်ခဲ့ ပုံပေါ်သည်။ သူတို့သည် သူတို့ ဂိုဏ်းသားများကို ကျန်းရီနှင့် တိုက်ခိုက်ရန် စေလွှတ်မည်။ ပြိုင်ပွဲတွင် သတ်ဖြတ်ခြင်းကို ခွင့်ပြုမထားရာ ကျန်းရီသည် သူတို့ကို ဘယ်လောက် ဒဏ်ရာရအောင် လုပ်လုပ် သူတို့တွင် အရှုံးမရှိပေ။ အလွန်ဆုံးမှ ဒဏ်ရာကုဖို့ ဆေးများ ကုန်ဆုံးမည်သာ ရှိသည်။ တစ်ဖက်တွင် သူတို့သည် ကျန်းရီကို ဒဏ်ရာရစေ၍ အတွင်းအားများ ကုန်ခန်းအောင် လုပ်၍ ရပေသည်။ နောက်ဆုံးတွင်မှ မာဟေးချီသည် စင်ပေါ်တက်ကာ ပွဲသိမ်း အနိုင်ယူပေလိမ့်မည်။ ထိုနည်းလမ်းသည် ရိုးရိုင်းရှင်းရှင်းနှင့် သက်ရောက်မှုအား ကောင်းပေသည်။
“ရက်စက်တဲ့နေရာမှာ ပြိုင်ပြီး ကစားချင်တာလား...ကောင်းပြီလေ...ဘယ်သူပိုပြီး ကစားတတ်လဲ ကြည့်ကြတာပေါ့”
ပြိုင်ဘက်သည် သူ့ထံ သားရိုင်း တစ်ကောင်နှယ် ပြေးဝင်လာသည်ကို မြင်လျှင် ကျန်းရီသည်လည်း ရက်စက်သော အရှိန်အဝါတို့ကို ထုတ်လွှတ် လိုက်လေသည်။ သူသည် နေရာတွင်ပင် ရပ်ကာ ပြိုင်ဘက်၏ လက်သီး ကျရောက်လာမည်ကို စောင့်နေလိုက်သည်။ ထို့နောက်တွင် သူသည် အနက်ရောင် အတွင်းအား တစ်မျှင်ကို လက်သီးဆီ ပို့လိုက်သည်။ သူသည် ပြိုင်ဘက်၏ ထိုးနှက်မှုကို တိုက်ရိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
“ဗုန်း”
လက်သီးနှစ်ခု ရင်ဆိုင်မိသည်နှင့် ကျန်းရီသည် ခြေသုံးလှမ်းခန့် ဆုတ်လိုက်ရပြီး သူ့ပြိုင်ဘက်သည်ကား ခြေလှမ်းများစွာ ဆုတ်လိုက်ရလေသည်။ သူ့ပြိုင်ဘက်၏ ညာဘက်လက် ဝတ်ရုံစသည် စုတ်ပြတ်နေခဲ့ပြီး လက်မှ သွေးများ စိမ့်ထွက်နေခဲ့သည်။ သူ့ပြိုင်ဘက်၏လက် ထိခိုက်သွားသည်မှာ သေချာသည်။
“ဝှစ်”
ကျန်းရီသည် သူ့ပြိုင်ဘက်ဆီ ပြေးသွားခဲ့ပြီး လက်သီးခြောက်ခုကို ပြိုင်ဘက်ဆီ ထိုးချ လိုက်လေသည်။ ထင်ထားသည့်အတိုင်း ရန်သူသည် မရှောင်တိမ်းခဲ့သလို လွတ်မြောက်အောင်လည်း မကြိုးစားခဲ့ပေ။ ထိုသူသည် ဓားမြှောင် တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ရက်စက်စွာ ထိုးချခဲ့ပြန်သည်။ သူ၏ အစီအစဉ်မှာ ထင်ရှားသည်။ သူဒဏ်ရာရခဲ့လျှင်တောင် ကျန်းရီကို ဆွဲချသွားရန် ဖြစ်သည်။
“ချလွမ်...ချလွမ်”
မာဂိုဏ်းသား၏ ဓားမြှောင်သည် အစိမ်းရောင် အလင်းတစ်ခု၏ ဖြတ်တောက်ခြင်း ခံလိုက်ရပြီး သတ္ထုသံများ ထွက်ပေါ်လာခဲ့လေသည်။ ဓားသည် ရုတ်တရက် နှစ်ပိုင်းကျိုး သွားခဲ့လေသည်။ ထို့နောက် ကျန်းရီသည် ပြိုင်ဘက်၏ ဦးခေါင်းထံ လက်သီးပြင်းပြင်းတစ်ချက် ထိုးချလိုက်ပြီး ခြေထောက်ကို မြှောက်ကာ ပြိုင်ဘက်ကို လွင့်ထွက်သွားအောင် ကန်ချလိုက်သည်။
“အား”
မာဂိုဏ်းသား၏ ခြောက်ခြားဖွယ် အော်သံသည် ထွက်ပေါ်လာခဲ့သည်။
ဒီကံတရားရဲ့ ဓားစိမ်းက တကယ့်ကို အဖိုးတန်လက်နက်ပဲ..ဒါက သတ္တုကိုတောင် လွယ်လွယ် ဖြတ်တောက်နိုင်တယ်။
ကျန်းရီသည် သူ့လက် အတွင်းမှ အစိမ်းရောင် ဓားကို စိုက်ကြည့် နေခဲ့သည်။ မာဂိုဏ်းသား များမှာ ဒေါသထွက်လွန်း၍ သွေးအန်လု မတတ်ပင်။
“မာရီ...မင်းသွား”
မာဟေးချီသည် ဒဏ်ရာရသွားသော ဂိုဏ်းသားကို ဆေးကုသရန် ပြန်သယ်ခိုင်း လိုက်သည်။ သူသည် မည်းမှောင်နေသော အမူအရာဖြင့် နောက်တစ်ယောက်ကို အမိန့်ပေးလိုက်လေသည်။ ယနေ့တွင် မာဂိုဏ်းသည် ဘယ်လောက်ပင် ကုန်ကျပါစေ ကျန်းရီကို ဆွဲချမည် ဖြစ်သည်။ မာဂိုဏ်း၏ လူငယ်မျိုးဆက်မှ အားအကောင်းဆုံးသော လူငယ်များ ဒဏ်ရာရသွားလျှင်တောင် ကျန်းရီကို ဆွဲချနိုင်ရမည်။
“ဝှစ်”
နောက်ထပ် မာဂိုဏ်းသား တစ်ယောက်သည် ရောက်ရှိလာခဲ့ပြန်သည်။ မာဟေးချီသည် နေရာတစ်နေရာ လိုချင်လျှင် ကျန်းရီကို ဖယ်ရှားနိုင်ရမည် ဖြစ်သည်။ တိုက်ပွဲများသည် ဆက်လက် ဖြစ်ပွားခဲ့ပြီး မာဂိုဏ်း၏ ပရိယာယ်သည်လည်း ထင်ရှားလာခဲ့သည်။ သူတို့သည် သူတို့လူများကို စင်ပေါ်သို့ ဆက်တိုက်စေလွှတ်နေခဲ့သည်။ ကျန်းရီသည် ဆက်လက် အနိုင်ရနေသေးသော်လည်း သူ့ကိုယ်ပေါ်တွင် ဒဏ်ရာ လေးခုလောက် ရနေပြီ ဖြစ်သည်။ မာဂိုဏ်းသားများသည် ဒဏ်ရာရမည်ကို မကြောက်ဘဲ ကျန်းရီကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု ချန်ထားနိုင်ရေးကိုသာ ကြိုးစားနေကြသည်။
ကျန်းရီသည် အတော်လေး ဒေါသထွက် နေပေပြီ။ သူဘယ်လောက်ပင် ဒေါသထွက်ထွက် လူမသတ်ရဲပေ။ သူသာ လူသတ်လိုက်လျှင် ချက်ချင်း ထုတ်ပယ် ခံရပေမည်။
ခုနှစ်ကြိမ်မြောက်တိုက်ပွဲ။
သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်ရှိ နောက်တစ်ယောက်သည် ပေါ်လာခဲ့ပြန်သည်။ မာဂိုဏ်းသည် သူတို့၏ ထူးချွန်သော ဂိုဏ်းသားများ အားလုံးကို ယနေ့တွင် စင်ပေါ်သို့ တင်ပေးရန် ပြင်ဆင်ထားပုံရသည်။ ကျန်းရီတွင် အနက်ရောင် အတွင်းအား ခြောက်မျှင်သာ ကျန်ရှိတော့သည်။ သူ့တွင် ဒဏ်ရာလည်း ငါးခုရှိနေပြီ ဖြစ်သည်။ မာဟေးချီ ပြုံးနေသည်ကို မြင်လျှင် ကျန်းရီ၏ ဒေါသတို့ ပေါက်ကွဲ သွားရသည်။
“မင်းတို့တွေက ငါ့ကို ဖိအားပေး နေကြတာပဲ”
ကျန်းရီသည် အော်ဟစ်လိုက်ပြီး မာဂိုဏ်းသားထံ ဒေါသထွက်နေသော နဂါးတစ်ကောင်နှယ် ပြေးဝင်သွားခဲ့သည်။ သူသည် မည်သည့် သိုင်းပညာကိုမှ မသုံးဘဲ ကံတရားရဲ့ ဓားစိမ်းကို ကိုင်ကာ ပြိုင်ဘက်ကို ထိုးချလိုက်သည်။
ခုနှစ်ပွဲ မြောက်သာ ရှိသေးသည်။ ဒီအတိုင်း ဆက်သွားနေပါလျှင် ကျန်းရီသည် ရှုံးနိမ့်တော့မည် ဖြစ်သည်။ သူသာ ရှုံးသွားလျှင် သိုင်းခန်းမသည် သူ့ကို မည်သည့် အထောက်အပံ့မှ ပေးတော့မည်မဟုတ်သလို သူသည်လည်း မာဂိုဏ်း သို့မဟုတ် ကျန်းဂိုဏ်း၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံရပေမည်။ သူသည် အနိုင်အရှုံးကို တွေးမနေတော့ဘဲ လက်ရှိ အခြေအနေတွင်သာ အာရုံစိုက်ထားလိုက်တော့သည်။
“ကောင်းတယ်”
ကျန်းရီ၏ လက်ရှိအခြေအနေကို မြင်လျှင် မာဂိုဏ်းသားသည် မည်သည့် အမူအရာမှ မပြခဲ့ပေ။ သူသည် နောက်ဆုတ်မသွားဘဲ ရှေ့သို့ တိုးလာခဲ့ပြီး သူ့ရင်ဘတ်ထံ ဝင်ရောက်လာသော ဓားစိမ်းကို လျစ်လျူရှု ထားခဲ့သည်။ သူသည် ချက်ချင်းပင် ဝတ်ရုံလက် အတွင်းမှ ဓားမြှောင်ကို ထုတ်လိုက်ပြီး ကျန်းရီ၏ ညာဘက် လက်မောင်းထံ ထိုးစိုက်ချလိုက်သည်။
“မင်းက ငါ့လက်ကို ပြတ်သွား စေချင်တာလား...ဒါဆို မင်းကို မသန်စွမ်း ဖြစ်အောင် လုပ်ပေးမယ်”
ကျန်းရီသည် ဒေါသတကြီး ဖြစ်သွားခဲ့ပြီး သူ့ညာဘက် ပခုံးကို လှည့်ခံလိုက်သည်။ ဓားမြှောင်သည် သူ့ပခုံးကို စိုက်သွားခဲ့သော်လည်း သူသည် သူ့ဓားကို အောက်သို့ စိုက်ချကာ ပြိုင်ဘက်၏ ဝမ်းဗိုက်ဆီ ထိုးစိုက်လိုက်လေသည်။
“ခရက်”
ကျန်းရီ ညာဘက် ပခုံးမှ အရိုးနှစ်ချောင်းသည် ကျိုးသွားခဲ့သည်။ သို့သော် မာဂိုဏ်းသား၏ ဒန်တျန်းသည်ကား ရော်ဘာ ဘောလုံးတစ်ခုကဲ့သို့ ပေါက်သွားခဲ့လေသည်။ သူ၏ ဝမ်းဗိုက်သည်လည်း ရှုံ့တွသွားခဲ့ပြီး သူ၏ ဒန်တျန်းသည် ပျက်စီးသွားခဲ့သည်။ သူသည် ကျန်းရီကြောင့် တစ်သက်တာလုံး မသန်မစွမ်း ဖြစ်သွားရပေတော့မည်။
ပြိုင်ပွဲက အခုမှတကယ့်ကို မိုက်သွားတာ။
***