← Chapters

အခန်း (၃၆၉)

Vol. 27 Ch. 369

အခန်း (၃၆၉)

Vol. 27 Ch. 369

စုလင်းအနေနှင့် ထိုအရာမျိုးကို ပြုလုပ်ရဲ၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန် သေဆုံးတော့မည်မှာ သေချာ သောကြောင့်ပင်။ စုကလန်၏ ပုန်ကန်မှုက အနှိုင်းမဲ့ ဖြစ်ပြီး ရှိရှိသမျှတည်နေရာတစ်ခုလုံးကို သူတို့က ဖိနှိပ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် သူ့အနေနှင့် အားလုံးသောသူတို့ကို တားဆီးထားနိုင်ရန်အတွက် တကယ့်ကို သွေးခင်းသည့်လမ်းတစ်ခုကို လျှောက်လှမ်းရပေမည်။

အနောက်တိုင်း ကုန်သည်များ၏ ဆိုင်များကို အဘယ်သို့ လုယက်ရဲရသနည်း။ သေလမ်းရှာနေခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။

တစ်ချိန်တည်းမှာပဲ ကျန်းယွမ်မြို့တော်ဝန်အိမ်တော်၏ အပြင်ဘက်သို့ အမိန့်တော်တစ်ခု ရောက်လာခဲ့၏။ “သတ်ကြ။ တိုက်ခိုက်ကြ။ မြို့တော်ဝန်အိမ်တော်ထဲမှာ ရှိနေတဲ့ ရှမ့်လန်ရဲ့ တပ်တွေအကုန်လုံးကို သတ်ကြ။ သူတို့အားလုံးကို သတ်ကြ”

“ဆွစ်... ဆွစ်...”

ဒါဇင်နှင့်ချီသည့် လောက်လွှဲများကို ရူးရူးမူးမူး ပစ်လွှတ်လျက် ရှိနေ၏။ မြားများကလည်း ရူးရူးမူးမူး ပစ်ခတ်နေသည်။

“ဘုန်း... ဘုန်း...”

မြို့တော်ဝန်အိမ်တော်၏ နံရံနှင့် တံခါးမကြီးတို့အား တိုင်များဖြင့် ထုနှက်ပြီး ဖြိုဖျက်ကြသည်။

ထို့အပြင် ဤအရာက မြို့ရိုးနံရံတစ်ခု မဟုတ်ချေ။ ထို့ကြောင့် အားမကောင်းသလို ထူထဲကြီးမားခြင်းလည်း မရှိချေ။ ရိုက်နှက်လိုက်သည်နှင့် တပြိုင်နက် အက်ကွဲကြောင်းကြီးများ ပေါ်ပေါက်လာခဲ့၏။ ပြင်းပြင်းထန်ထန် ထုနှက်လိုက်သည်နှင့် တပြိုင်နက် ထိုအရာက အပေါက်ကြီးများ ဖြစ်လာပေလိမ့်မည်။

အချိန်အတိုင်းအတာတစ်ခုအတွင်းမှာပဲ မြို့တော်ဝန်အိမ်တော်၏ နံရံ၌ အပေါက်များ ဖြစ်လာခဲ့၏။ မကြာခင် အပြင်ဘက် နံရံတစ်ခုလုံး ပြိုလဲသွားခဲ့၏။ မြို့တော်ဝန်အိမ်တော်၏ အထဲတွင် ရှိနေသည့် အိမ်တစ်ဝက် လောက်သည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

“လွှတ်... လွှတ်...”

စုကလန် အရာရှိများ၏ အမိန့်သံများက ကျယ်လောင်စွာပေါ်ထွက်နေသည်။ စုကလန်မှ စစ်သည်တော် ၂၀၀၀ ကျော်တို့သည် မြားများကို ပစ်လွှတ်နေကြ၏။ မြားများကို တစ်လှည့်ပြီး တစ်လှည့် အသုတ်လိုက် ပစ်လွှတ်နေခဲ့ခြင်းပင်။

“အင်း... မြားနဲ့မရဘူး။ ခဲတွေနဲ့ပြောင်း။ ပစ်... ပစ်...”

ခဏကြာပြီးနောက် ကျန်းယွမ်မြို့တော်ဝန် အိမ်တော်တစ်ခုလုံး မီးလောင်သွားခဲ့၏။

တစ်ချိန်တည်းမှာပဲ ကျန်းယွမ်မြို့တစ်ခုလုံးရှိ အိမ်တိုင်းအိမ်တိုင်း၌လည်း ကောင်းကင်ဘုံဆီသို့ တိုင်တည်ကာ ဆဲဆိုငိုယိုသည့် အသံများ ပြည့်နှက်နေ၏။ မြို့ကြီးတစ်ခုလုံးသည် ငရဲခန်းကဲ့သို့ပင် ပြောင်းလဲသွားသည်။

မြို့တော်ဝန်အိမ်တော်၏ အတွင်းမှာတော့ တကယ့်ကို အန္တရာယ်များလှချေ၏။

“အင်း တပ်မှူး... ကျွန်မတို့ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ အပြင်ကိုထွက်ပြီး ဘာလို့ မသတ်သေးတာလဲ။ မြို့တော်ဝန်အိမ်တော်တစ်ခုလုံးက မီးလောင်ကျွမ်းတော့မယ်။ ဒီအတိုင်းပဲ ဆက်ပြီးထားမယ်ဆိုရင် ကျွန်မတို့အားလုံးတောင် သေသွားနိုင်တယ်”

“အင်း... ဆယ့်သုံး... ရှမ့်က ဘယ်အချိန် ပြန်လာမယ်လို့ ပြောလဲ”

ရှမ့်ဆယ့်သုံး၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ဒေါသမီးများ ထွက်ပေါ်လျက်ရှိ၏။ သူက ကျယ်လောင်စွာ ပြောလိုက်သည်။ “မကြာခင်... မကြာခင် လာလိမ့်မယ်။ သခင် ပြန်လာပြီဆိုတာနဲ့ ကျုပ်တို့ သတ်လို့ရပြီ။ ပြီးရင် ကျုပ်တို့ ဒီမြို့ကြီးတစ်ခုလုံးမှာ ရှိတဲ့ စစ်သည်တွေအကုန်လုံးကို သတ်ပစ်ရမယ်”

အမျိုးသမီး စစ်သူကြီးတစ်ယောက်က အော်ဟစ်လိုက်၏။ “အားလုံးပဲ... ငါ့အမိန့်ကို နားထောင်ကြ။ မြို့တော်ဝန်အိမ်တော်ကို ခုခံကာကွယ်ထား။ ဒီတိုက်ပွဲမှာ ငါတို့သေသွားမယ်ဆိုရင်တောင် ဒီနေရာကနေ ခြေတစ်လှမ်းမှ ထွက်မပြေးဘူး”

“ကောင်းပါပြီ”

အပြင်ဘက်တွင်တော့ လောက်လွှဲများက ရူးရူးမူးမူးနှင့် ပစ်လွှတ်လျက် ရှိ၏။ စုကလန်မှ စစ်သည်တော်များ ကလည်း မြားများနှင့် ပစ်ခတ်လျက် ရှိ၏။ မြေပြင်တစ်ခုလုံးကလည်း တုန်ယင်လျက် ရှိနေပြီ။ မီးများကလည်း တောက်လောင်နေသည်။

စုကလန် အရာရှိက ထူးမခြားနားလို ပြောလိုက်၏။ “အထဲမှာရှိတဲ့လူတွေ အကုန်လုံး သေသွားလောက်ပြီနဲ့ တူတယ်။ အင်း... အချိန်ကျပြီ။ သူတို့ အသက်ရှင်လျက် ရှိနေသေးတယ်ဆိုရင်တောင် များများကျန်မှာ မဟုတ်ဘူး။ အရာအားလုံးကို မီးရှို့လိုက်မယ်ဆိုရင် ဒီလူတွေအားလုံး မွှန်ပြီး သေသွားမှာပဲ”

စုကလန်၏ အရာရှိသည် လက်ကို အသာမြှောက်လိုက်၏။ ချက်ချင်းပဲ လောက်လွှဲများ ပစ်ခတ်ခြင်းက ရပ်တန့်သွားခဲ့၏။ မြားသမားများ၏ ပစ်ခတ်ခြင်းကလည်း ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ “စစ်သည်တွေ အကုန်လုံး စုစည်းပြီးတော့ အထဲကို ဝင်မယ်။ ရှမ့်လန်ရဲ့ စစ်သည်အကုန်လုံးကို သုတ်သင်ပစ်မယ်”

“အားလုံးကို သုတ်သင်မယ်”

စုကလန်၏ စစ်သည်တော် ၂၀၀၀ ကျော်တို့သည် မြို့တော်ဝန်အိမ်တော်ဆီသို့ လှမ်းဝင်သွားခဲ့၏။

.........

စုလင်း၏ အရာရှိရုံးအတွင်းမှာတော့ လီချင်းချိုး၏ မျက်လုံးများသည် ပြိုင်ဘက်တစ်ယောက်တည်းပေါ်တွင်သာ ရှိ၏။ ထိုသူက တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ဘုန်းကြီး ထုဟိုင်ပင် ဖြစ်၏။ သို့ပေမည့် တစ်ဖက်လူသည် အဆိပ်မြွေတစ်ကောင်ကဲ့သို့ပင် လှည့်လည်ကာ သွားလာလျက် ရှိနေပြီး အခွင့်အရေးရလျှင် သူ့ကို တိုက်ခိုက်ရန် ချောင်းမြောင်းနေသည်။ တကယ်တမ်း ဝင်မတိုက်သေးချေ။

သို့ပေမည့် လီချင်းချိုးသည် တစ်ဖက်လူကို အခွင့်အရေးဟူ၍ မပေးချေ။ လီချင်းချိုးက အလွန်လျင်မြန်စွာဖြင့် သူ့အနား ပတ်ဝန်းကျင်တွင် ရှိနေသည့် လူများကို သတ်ဖြတ်နေခဲ့၏။ ကျွမ်းကျင်သူ ၁၀၀ ကျော်တို့သည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ သို့ပေမည့် လီချင်းချိုးကို ပြဿနာဟူ၍ ပေးနိုင်စွမ်း မရှိချေ။

တခြားတစ်ဖက်တွင် ရှိနေသည့် စစ်သည်တော်အားလုံးကလည်း အရူးကြီးကို တစ်ချက်ကလေးမှ ဒုက္ခမပေးနိုင်ပေ။

တိုက်ပွဲ၏ အစမှ အဆုံးအထိ ၁၅ မိနစ်နီးပါးခန့်သာလျှင် ကြာမြင့်၏။ အနောက်တိုင်း စစ်သည်တော် ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်တို့နှင့် တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ စစ်သည်တော်အားလုံးသည် လီချင်းချိုး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။

စုကလန်မှ စစ်သည်တော်အရာရှိကလည်း အရူးကြီး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။ အမှုထမ်းအိမ်တော်၏ အတွင်းထဲမှာတော့ မြေပြင်တည်နေရာတစ်ခုလုံးတွင် အလောင်းများဖြင့် ပြည့်နှက်လျက် ရှိနေပြီး လေထဲတွင်လည်း သွေးညှီနံ့များဖြင့် ပြည့်နှက်နေသည်။

ထုဟိုင်သည် လီချင်းချိုး၏ မီတာရာချီအဝေးတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ လီချင်းချိုးသည် ကျွမ်းကျင်သူ ၁၀၀ ကျော်တို့ကို သတ်ဖြတ်ပြီးနောက် စိတ်သက်သာရာရသလို သက်ပြင်းရှည်ကြီး ချလိုက်၏။ ဘယ်ဘက် လက်တွင် ရှိနေသည့် ဓားကို ညာဘက်လက်ဆီသို့ အသာပြောင်းလိုက်၏။ “ဘုန်းကြီး... လာပြီလား”

ထုဟိုင်သည် ရှမ့်လန်ကို စူးစိုက်ကာ ကြည့်ရှုနေ၏။ “ဓားဘုရင် လီချင်းချိုးက တကယ့်ကို အားကောင်းတယ်။ ဒါပေမဲ့ လူ ၁၀၀ ကျော်ကို သတ်ဖြတ်ပြီးတဲ့အချိန်မှာ အတွင်းအား တော်တော် ကုန်သွားလောက်ပြီ။ ဒီတော့ မင်းငါ့ကို အခုသတ်လို့နိုင်မှာ မဟုတ်ဘူး”

ထုဟိုင်က ပြောလိုက်၏။ “ဟုတ်တယ်။ ငါလည်း မင်းကို မသတ်နိုင်ဘူး”

လီချင်းချိုးက ပြန်ပြောလိုက်သည်။ “စမ်းမကြည့်ဘဲနဲ့ ဘယ်လိုလုပ်သိမှာလဲ”

ထုဟိုင်က ပြောလိုက်၏။ “အရမ်းကြီး စိတ်မလောပါနဲ့။ ကျုပ် တော်ဝင်ကပ်ဘေးဘုရားကျောင်းက ကျွမ်းကျင်သူတွေကို သွားခေါ်လိုက်မယ်။ ပြီးတော့ ဘုန်းကြီးစစ်သည်တွေ အများကြီး ရှိပါသေးတယ်”

လီချင်းချိုး၊ ရှမ့်လန်တို့သည် အလွန်အားကောင်းသည့် ရန်သူတစ်ယောက်၏ ရန်စခြင်းကို ခံနေရ၏။ ယနေ့မှစ၍ ရှမ့်လန်နှင့် တော်ဝင်ကပ်ဘေးဘုရားကျောင်းတို့သည် တစ်စုံတစ်ယောက် သေသွားမှ ပြီးဆုံးမည့် ရန်သူများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။

ထုဟိုင်သည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။ တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီမှ လူများသည် တကယ့်ကို ကောက်ကျစ်လွန်းလှချေ၏။ သို့ပေမည့် လီချင်းချိုးသည် စိတ်သက်သာရာရသလို သက်ပြင်းချမိ၏။ သူသည် အရူးကြီးနှင့် ချောင်ယောင်းအာတို့ကဲ့သို့သော သွေးမျိုးဆက်ကို ပိုင်ဆိုင်သူ တစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် သူ၏အတွင်းအားက အကန့်အသတ်ဖြင့် တည်ရှိ၏။

ကျွမ်းကျင်သူ ၁၀၀ ကျော်တို့ကို သတ်ဖြတ်ပြီးသည့်နောက် သူ၏အတွင်းအားများက ကုန်ခန်းလျက် ရှိနေလေ၏။ ထုဟိုင်သည်သာ တကယ်တမ်း ဝင်လာသည်ဆိုပါက ကျိန်းသေပေါက် ဒုက္ခရောက်မှာ သေချာသည်။

ဤအချိန်မှာတော့ ချောမောလွန်းသည့် မိန်းကလေး ဟယ်နင်နင်သည် မြေပြင်ပေါ်တွင် မတ်မတ်ရပ်ကာဖြင့် ကြောင်အလျက် ရှိနေပြီး မြေပြင်ပေါ်တွင် ရှိနေသည့် အလောင်းများကို ကြည့်ရှုနေ၏။

ဤအချိန်မှာတော့ ရှမ့်လန်သည် စုလင်း၏ ဒဏ်ရာကို ဓားဖြင့် မွှေနှောက်လျက် ရှိနေ၏။ စုလင်းကို ဓားဖြင့် တစွပ်စွပ် ထိုးသည်သာမက တစ်ဖက်လူကို သင်းလည်း ကွပ်ခဲ့သေးသည်။

ရှမ့်လန်က ပြုံးလိုက်၏။ “အစ်ကိုတော်... အင်း... ခင်ဗျားရဲ့လူတွေအားလုံး သတ်ဖြတ်ခံရလိမ့်မယ်လို့ မထင်မိဘူး မဟုတ်လား။ အစ်ကိုတော်... ခင်ဗျားက အနောက်တိုင်းစစ်သည်တော်တွေနဲ့ အမှုထမ်းတွေကို စေလွှတ်ပြီးတော့ ကျန်းယွမ်မြို့သားတွေရဲ့ ပိုက်ဆံတွေ၊ ငွေတွေကို လုယက်ခိုင်းခဲ့တယ် မဟုတ်လား။ ဒီတော့ မိသားစု၊ မိသားစုတိုင်းက သွေးမျက်ရည်တွေ ကျဆင်းနေခဲ့ပြီ။ မြို့တော်ကြီးတစ်ခုလုံးကလည်း တကယ့်ကို အသုဘပွဲကြီးလို ဖြစ်နေပြီ။

ဒီလိုကူညီပေးတဲ့အတွက် ကျေးဇူးပဲ။ ဒီလိုမီးပွင့်လေးတစ်ခု လင်းလာမှ မီးတောက်က ထပြီး တောက်တော့မှာပေါ့။ ဒီလိုမီးလေး တောက်လောင်အောင်လို့ ကူညီပေးတဲ့အတွက် ကျုပ်က ကျေးဇူးတင်တယ်။ ခင်ဗျားက မြို့ထဲမှာ ရှိနေတဲ့ လူတွေအားလုံးရဲ့ ဒေါသကို သွားပြီး ထိုးဆွခဲ့တာပဲ။

ဒီလူတွေအကုန်လုံးက ကျုပ်ရဲ့လူတွေ ဖြစ်လာလိမ့်မယ်။ ဒေါသထွက်နေတဲ့ လူပေါင်း ၁၀၀၀၀ ကျော်တို့က မြို့ထဲမှာ စုစည်းပြီး ပိုင်ရီစီရင်စုတစ်ခုလုံးကလည်း စုစည်းလာလိမ့်မယ်။ ဒါဆိုရင် ကျုပ် တစ်ယောက်တည်းနဲ့ ခင်ဗျားတို့ စုကလန်တစ်ခုလုံးရဲ့ ပိုင်နက်ကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိသွားပြီ”

ပြီးနောက် ရှမ့်လန်က ပြောလိုက်သည်။ “အရူးကြီး... စုလင်းကို ခေါ်ခဲ့။ ပြီးတော့ မြို့တော်ဝန် အိမ်ရာကို ပြန်ကြရအောင်”

အရူးကြီးသည် စုလင်းကို ကျောပေါ်သို့ အသာဆွဲတင်လိုက်၏။ ရှမ့်လန်နှင့် တခြားသောလူနှစ်ယောက်တို့သည် အမှုထမ်းအိမ်ရာဆီမှ အမြန်ဆုံး ထွက်ခွာလာခဲ့ကြ၏။

အမှုထမ်းအိမ်ရာ၏ အပြင်ဘက်သို့ ထွက်ခွာလာခဲ့ပြီးနောက် ရှမ့်လန်က အော်ဟစ်လိုက်သည်။ “ကျန်းယွမ်မြို့က လူငယ်တွေ၊ လူကြီးတွေ... ကျုပ်က မြို့တော်ဝန်ရှမ့်လန်ပဲ။ စုလင်းကို ထွက်ကြည့်လိုက်အုံး။ ခင်ဗျားတို့ကို အနိုင်ကျင့်နေတဲ့လူကို ကျုပ်ကိုယ်တိုင် သတ်ပစ်လိုက်ပြီ။ သူ ဘယ်လောက်ကြီး ဘေးဒုက္ခတွေ ခံစားရလဲဆိုတာ သိလား။ သူရဲ့အိမ်ထဲမှာ အလောင်းတွေနဲ့ ပြည့်နေပြီ။

ဒီလူတွေ ဘယ်လောက်ထိ ဆိုးဝါးလိုက်လဲ။ ခင်ဗျားတို့ အိမ်ထဲကိုဝင်ပြီး ရှိသမျှအားလုံးကို လုယက်ခဲ့တယ် မဟုတ်လား။ ခင်ဗျားတို့ စုဆောင်းထားခဲ့တဲ့ အရာအားလုံးကိုလည်း လုယူခဲ့တယ်။ ခင်ဗျားတို့ မိဘတွေကို သတ်ပြီး ခင်ဗျားတို့မိန်းမတွေကို မတရားကျင့်ခဲ့တယ်။ ဒီလူတွေနဲ့ ခင်ဗျားတို့ရဲ့ကြားမှာ ကြီးမားတဲ့ အမုန်းတရား တွေ ရှိနေတယ်ဆိုတာ သေချာနေပြီ။ ဒီသွေးကြွေးကို ကျိန်းသေပေါက် သွေးနဲ့ ပေးဆပ်မှ ဖြစ်မယ်။”

“အရူးကြီး... စုလင်းကို ဆွဲမြှောက်လိုက်” အရူးကြီးသည် စုလင်းအား တုတ်ဖြင့်ချီကာ ၁၀ မီတာခန့် နီးပါးရှိသည့် အမြင့်ထိ လှမ်းကာမြှောက်လိုက်၏။ ကျန်းယွမ်မြို့၏ အုပ်ချုပ်သူဟု ကိုယ့်ကိုယ်ကိုယ် ညွှန်းဆိုလျက် ရှိနေသည့် စုလင်းသည် အလံတိုင်ကဲ့သို့ပင် လေထဲသို့ ဆွဲတင်ခြင်းကို ခံရ၏။

“မြင်လား... ဒါ စုလင်းပဲ။ ကျန်းယွမ်မြို့ရဲ့ အုပ်ချုပ်သူဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကြေညာခဲ့တဲ့ စုလင်းပဲ။ အခု သူ သွားပြီ။ ကျုပ်က သူ့ရဲ့လူတွေအကုန်လုံးကို သတ်ခဲ့တယ်။ ကျုပ်ရဲ့လက်ထဲမှာ သူက ခွေးသေတစ်ကောင်လိုပဲ”

အားလုံး မြင်ခဲ့၏။ ကျန်းယွမ်မြို့ရှိ လူပေါင်းများစွာတို့က မြင်ခဲ့၏။ စုလင်းသည် ကျန်းယွမ်မြို့ထဲတွင် အုပ်ချုပ်သူတစ်ယောက်ကဲ့သို့ပင် ကြီးကြီးမားမား ဟိတ်ဟန်အပြည့်နှင့် နေထိုင်ခဲ့သူတစ်ယောက် ဖြစ်ပြီး အားလုံးသော သူတို့ကိုလည်း ဒုက္ခပေးခဲ့သည့် လူတစ်ယောက် ဖြစ်၏။ ယခုအချိန်မှာတော့ အလံတစ်ခုကဲ့သို့ပင် လေထဲတွင် ချိတ်ဆွဲခြင်းကို ခံထားရ၏။ အောက်ပိုင်းခန္ဓာကိုယ်သည် သင်းကွပ်ခြင်းကို ခံထားရပြီး ဖင်ကြားထဲတွင်လည်း ဓားတစ်စင်းက စိုက်လျက် ရှိသည်။

ရှမ့်လန်က အော်ဟစ်လိုက်၏။ “ကျန်းယွမ်မြို့က လူတွေ... ခင်ဗျားတို့ ပိုက်ဆံတွေ အခိုးခံလိုက်ရတယ်။ ခင်ဗျားတို့ မိဘတွေ အသတ်ခံရတယ်။ ခင်ဗျားတို့မိန်းမတွေက မတရားကျင့်ခြင်းကို ခံရတယ်။ ဒီသွေးကြွေးအတွက် လက်စားချေမှာလား၊ မချေဘူးလား”

“ဘာလို့ လက်စားမချေရမှာလဲ” ရှမ့်လန် ထိုစကားကို ပြောသည့်အချိန်မှာတော့ အရူးကြီး၏ အသံက နောက်မှ လိုက်ပါလာခဲ့သည်။

“ဟုတ်တယ်”

ဝမ်ရှောင်ရှီ၏ သားသည် သူ၏ ဘယ်ဘက်လက်ထဲတွင် အရုပ်ကျိုးပြတ်ဖြစ်လျက် ရှိနေသည့် သူ၏အဖေကို ပွေ့ထားခဲ့ပြီး သူ၏ညာဘက်ခြမ်းတွင်တော့ ဒဏ်ရာဗလပွနှင့် သူ၏အမေကို ဖေးမထား၏။

“လက်စားချေမယ်။ သေတဲ့အထိ ပြန်ပြီး တိုက်ခိုက်ရမယ်။ လက်စားချေမယ်”

သေးငယ်လွန်းသည့် မီးပွင့်လေးသည် အရာအားလုံးကို ကူးစက်လောင်ကျွမ်းနိုင်သည့် မီးကြီးအဖြစ်သို့ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်၏။ ယနေ့ ကျန်းယွမ်မြို့ထဲရှိ မိသားစုအားလုံးက ကပ်ဘေးကြီးကို ခံစားခဲ့ရပြီး သူတို့၏ နှလုံးသားထဲတွင် ရှိနေသည့် အမုန်းတရားနှင့် ဒေါသများက ထွက်ပေါ်လာခဲ့ပြီ။

ရှမ့်လန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ညီအစ်ကိုတို့... လက်နက်တွေ ကိုင်ကြ။ ရှိရှိသမျှ တံစဉ်၊ ပေါက်တူး အရာအားလုံးကို ထုတ်ခဲ့ကြ။ ပြီးရင် ကျုပ်နောက် လိုက်ခဲ့။ လမ်းမှာရှိသမျှ သူတို့လူတွေ အကုန်လုံးကို သတ်မယ်။ ကျန်းယွမ်မြို့ရဲ့ အကျင့်ပျက်ခြစားနေတဲ့ အမှုထမ်းတွေကို သတ်မယ်။ ကျန်းယွမ်မြို့က အနောက်တိုင်းစစ်သည်တွေ အကုန်လုံးကို သတ်မယ်။ ကျန်းယွမ်မြို့ရဲ့ သားရဲတွေလိုမျိုး အုပ်ချုပ်ရေးအစိုးရက လူတွေအကုန်လုံးကို တစ်ယောက်မကျန် သတ်မယ်။ စုမိသားစုရဲ့ အောက်ဆွဲတွေ အကုန်လုံးကို သတ်မယ်။

ကျန်းယွမ်မြို့မှာ ရှိတဲ့ လူတွေအကုန်လုံး .... ဒီနေ့ ကျုပ်တို့ သတ်ကြရမယ်။ ပိုင်ရီစီရင်စုမှာ ရှိတဲ့ လူတွေအကုန်လုံး စုစုစည်းစည်းနဲ့ ပုန်ကန်ရမယ်”

အရူးကြီးသည် စုလင်းအား ချိတ်ထားသည့် တိုင်ကြီးကို အသာဆွဲကိုင်ကာဖြင့် ရှေ့ဆီသို့ လှမ်းလျှောက်သွား၏။ ရှမ့်လန်၊ လီချင်းချိုးနှင့် အရူးကြီးတို့သည် ဟာလာဟင်းလင်း ဖြစ်လို့နေသည့် လမ်းကြီးများအတိုင်း မြန်မြန်ဆန်ဆန် သုတ်ချေတင်နေ၏။

တစ်ယောက်ပြီးတစ်ယောက် ဆိုသလိုပင် ကျန်းယွမ်မြို့မှ လူများသည် သူတို့၏နောက်သို့ လိုက်ပါလာခဲ့သည်။

တစ်ယောက်... နှစ်ယောက်... သုံးယောက်... ဆယ်ယောက်... ၁၀၀... ၁၀၀၀... ။

နှစ်မိုင်ခန့် ပြေးသွားပြီးနောက် ရှမ့်လန်၏ နောက်ဘက်တွင် ကျန်းယွမ်မြို့မှ လူပေါင်း ၁၀၀၀ ကျော်လောက် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ မျက်လုံးများ၌လည်း အမုန်းတရားများ၊ ဒေါသတရားများနှင့် ပြည့်နှက်နေကြ၏။

“သတ်ကြ။ သတ်ကြမယ်”

ရှမ့်လန်သည် ထိုစစ်သည်ပေါင်း ၁၀၀၀ ကျော်ကို ဦးဆောင်ပြီး အမဲရောင် လှိုင်းလုံးကြီးကဲ့သို့ပင် မြို့တော်ဝန် အိမ်တော်၏ရှေ့မှ စုမိသားစု၏စစ်တပ်ဆီသို့ လှမ်းဝင်သွားခဲ့သည်။

စကြဝဠာတစ်ခုလုံးကို သတ်ဖြတ်ခြင်းဖြင့် ရှင်းလင်းရပေလိမ့်မည်။ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကို ပြောင်းပြန်လှန်ရပေလိမ့်မည်။ လောကကြီးတစ်ခုလုံး တုန်လှုပ်သွားသည်အထိ သတ်ဖြတ်ပစ်ရပေလိမ့်မည်။

.........

ချင်နိုင်ငံ အိမ်ရှေ့စံမင်းသား အာယုထိုင်သည် နန်းမတက်ရသေးချေ။ ဤအရာက သာမန်မဟုတ်ချေ။ မူလအားဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ့အနေနှင့် မိမိကိုယ်ကို ဘုရင်တစ်ပါးအဖြစ် သတ်မှတ်ကာ တစ်နိုင်ငံလုံးကို အုပ်ချုပ်ရတော့မှာ ဖြစ်၏။

ချင်ဘုရင်တွင် သားပေါင်း ဆယ်ယောက်ကျော်ရှိ၏။ အလွန်ငယ်ရွယ်သည့် မင်းသားလေးတစ်ပါး မှလွှဲလျှင် ကျန်သည့် မင်းသားလေးပါးတို့မှာ ကျောက်ရောဂါကြောင့် သေဆုံးသွားခဲ့ပြီဖြစ်၏။ လက်ရှိ အခြေအနေ အရွယ်ရောက်ပြီးသော သားဆိုလို့ လေးယောက်သာလျှင် ကျန်ရှိတော့သည်။

ပဉ္စမမြောက်သား အာယုသာသည် မူလအားဖြင့် အာယုနာနာကို သွားရောက်တိုက်ခိုက်ရန် အမိန့်ကို ရရှိခဲ့၏။ သို့ပေမည့် စစ်တပ်ကြီးကို ခေါ်ဆောင်ကာ ခပ်ဝေးဝေးသို့ပင် မသွားခဲ့ရချေ။ ချင်ဘုရင် ရုတ်တရက် သေဆုံးမှု သတင်းက သူ့ဆီသို့ ရောက်ရှိလာခဲ့၏။ သူသည် အာယုနာနာကို ဖျက်ဆီးသတ်ဖြတ်ရန် တော်ဝင်နှင်းတောင်ဆီသို့ မသွားတော့ချေ။ ထိုအစား နှင်းတောင်နတ်ဘုရားကျောင်းဆီသို့သာ တစ်ခါတည်း ဦးတည်သွားခဲ့တော့၏။

All Chapters