အခန်း (၃၆၅)
Vol. 27 Ch. 365
ခဏလောက်ကြာပြီးနောက် ရှမ့်လန်၏ မြင်းသည်တော်များသည် လမ်းတစ်လျှောက်ကို အသော့နှင်လျက် ရှိနေပြီး ကျန်းယွမ်မြို့၏ လမ်းကြိုလမ်းကြားမကျန် ကျယ်လောင်စွာ အော်ဟစ်လျက် ရှိနေ၏။
“ကျန်းယွမ်မြို့က သခင်လေး၊ သခင်ကြီးတွေအားလုံး .... ရွှဲ့ပြည်နယ်က လူတွေအားလုံး ... ခင်ဗျားတို့ ခေါင်းပေါ်နင်းပြီး လုပ်ချင်တိုင်းလုပ်နေတဲ့ အနောက်တိုင်းကုန်သည်တွေကို သတ်ဖြတ်တော့မယ်”
“အနောက်တိုင်း စစ်သည်တော်တွေ အားလုံးလည်း သေဆုံးသွားခဲ့ကြပြီ။ အခု အနောက်တိုင်း ကုန်သည် တစ်ယောက်ပဲ ကျန်ခဲ့တယ်။ သူ့ကို မကြာခင်မှာ မီးအိမ်လိုပဲ မီးထွန်းညှိတော့မှာ။ မြို့တော်ဝန် အိမ်တော်ရဲ့ ဂိတ်တံခါးရှေ့မှာ အနောက်တိုင်းကုန်သည်ကို မီးအိမ်လို မီးထွန်းညှိတော့မယ်။ အားလုံးပဲ လာကြည့်ကြပါ”
….
တစ်နာရီခန့် ကြာမြင့်ပြီးနောက် လူပေါင်းတစ်ထောင်ကျော်တို့သည် ကျန်းယွမ် မြို့တော်ဝန် အိမ်တော်ဆီသို့ ရောက်ရှိလာခဲ့၏။ ကျန်းယွမ်မြို့က တကယ့်ကို ကြီးမား၏။ ရွှမ်ဝူမြို့ထက်ပင် ကြီးမား၏။ လူဦးရေ တစ်သောင်း နီးပါးခန့် ရှိ၏။ လက်ရှိအချိန်မှာတော့ လူဦးရေ၏ ဆယ်ပုံတစ်ပုံသာလျှင် ရောက်ရှိလာခဲ့၏။
အနောက်တိုင်းကုန်သည်များသည် စုကလန်၏ အောက်ဆွဲများ ဖြစ်၏။ ထို့ကြောင့် ဩဇာအာဏာလည်း ပိုင်ဆိုင်၏။ ရှမ့်လန်သည် အနောက်တိုင်းကုန်သည်များ အားလုံးကို သတ်ဖြတ်ပစ်ခဲ့ပြီး အနောက်တိုင်း စစ်သည်များကိုလည်း သတ်ဖြတ်ပစ်ခဲ့၏။ ထိုသို့ဆိုလျှင်တောင် သူတို့သည် အပြင်ဘက်သို့ ရဲရဲဝံ့ဝံ့ ထွက်မလာရဲကြချေ။
သူတို့သည် မူလအားဖြင့် စုကလန်နှင့် အနောက်တိုင်းကုန်သည်များ၏ ဆိုးဆိုးရွားရွား အနိုင်ကျင့်ခြင်းကို ခံရသည့် လူများ ဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူများ သေဆုံးသွားခဲ့ပြီ ဆိုလျှင်တောင်မှ ရဲရဲ ထွက်မလာရဲကြချေ။ သာမန်အားဖြင့် ဤကဲ့သို့သော အခွင့်အလမ်းမျိုးကို ဘယ်လိုမှ လက်လွတ်ခံနိုင်လိမ့်မည် မဟုတ်ပေ။ သို့ပေမည့် သူတို့ လာမကြည့်ရဲကြချေ။ အဘယ့်ကြောင့်ဆိုသော် စုမိသားစု လာရောက် အပြစ်ပေးမည်ကို ကြောက်လန့်သောကြောင့်ပင်။
သို့ပေမည့် လူပေါင်း တစ်ထောင်ကျော်တို့ လာကြည့်ခြင်းကပင်လျှင် ရှမ့်လန်အတွက် စိတ်ကျေနပ်စရာ ဖြစ်နေပြီ။
“မီးထွန်းညှိစမ်း” အမိန့်ပေးလိုက်၏။
အနောက်တိုင်း ကုန်သည်သည် မီးအိမ်ကြီးပေါ်တွင် မီးထွန်းညှိခြင်းကို ခံရ၏။ သူသည် ခန္ဓာကိုယ် တစ်ခုလုံး မီးများ တောက်လောင်သွားခဲ့သည်။
“ကောင်းတယ်။ ကောင်းတယ်” ပထမဦးဆုံး ကြည့်ရှုသူက အော်ဟစ်လိုက်၏။
ဒုတိယလူကလည်း အော်ဟစ်၏။ လူပေါင်းများစွာတို့က လိုက်လံ အော်ဟစ်လျက် ရှိနေ၏။ လူအုပ်ကြီးက ဒေါသထွက်လာခဲ့ကြပြီ ဖြစ်သည်။
ရှမ့်လန်က အခွင့်အရေးကို အရယူကာဖြင့် ရှေ့သို့ လှမ်းတက်ရင်း အော်လိုက်၏။ “ကျန်းယွမ်မြို့က ရွှဲ့ပြည်နယ်ပိုင်ဆိုင်ရာ မြို့တစ်မြို့ပဲ။ ဘာလို့ အနောက်တိုင်းလူတွေ ခင်ဗျားတို့ ခေါင်းပေါ်တက်ပြီး နိုင်ထက်စီးနင်း လုပ်နေခဲ့တာကို ငြိမ်ချင်သက်သက် ခံနေရမှာလဲ။ ကျုပ်တို့က ကြီးကျယ်မြင့်မြတ်တဲ့ လူတွေပဲ။ ဘယ်လိုဖြစ်ပြီးတော့ နာနာကျင်ကျင်နဲ့ ကျွန်ပြုခြင်း ခံရမှာလဲ။
ဒီကုန်သည် တစ်စု၊ ဒီလူတွေ အကုန်လုံးက နှစ်စဉ်နှစ်တိုင်း ဆိုသလို ခင်ဗျားတို့ဆီကနေပြီးတော့ ကျေးကျွန် ဘယ်လောက်များများ ယူဆောင်သွားခဲ့ကြလဲ။ အနောက်တိုင်းကုန်သည်တွေက ခင်ဗျားတို့ရဲ့ ကလေးတွေကို နှစ်စဉ်နှစ်တိုင်း ဘယ်လောက်တောင် ရောင်းချနေခဲ့ကြလဲ။ သူတို့ရဲ့ အိမ်မှာ ရွှေတွေငွေတွေ အပြည့်ပဲ။ ဒါပေမဲ့ ခင်ဗျားတို့မှာ စားစရာ ရှိလား။
ကျုပ် ... ရှမ့်လန်က ကျန်းယွမ်မြို့ရဲ့ မြို့တော်ဝန်၊ ဒီနေ့ကစပြီး အနောက်တိုင်း ကုန်သည်တွေ အားလုံးရဲ့ ရွှေတွေငွေတွေကို ခင်ဗျားတို့ ပိုင်တယ်။ ခင်ဗျားတို့ ရွှဲ့ပြည်နယ်က လူတွေ အကုန်လုံးပိုင်တယ်။ အနောက်တိုင်းကုန်သည်တွေရဲ့ အိမ်ထဲဝင်။ ရှိသမျှ ရွှေတွေငွေတွေ အကုန်လုံးကို ကြိုက်သလောက် ယူကြ။ ဒါတွေအားလုံးက ခင်ဗျားတို့ အရင်တုန်းက ပိုင်ခဲ့တဲ့ အရာတွေပဲ။ ဒါတွေ အကုန်လုံးကို ပြန်ယူ။ လူတွေ မှတ်မိသွားမှာ ကြောက်နေတာလား။ ခင်ဗျားတို့ရဲ့ မျက်နှာတွေကို အဝတ်မဲတွေ အုပ်။ ပြီးတော့ သူတို့ရဲ့ အိမ်ထဲကို ဝင်။ ရှိတဲ့ ရွှေတွေငွေတွေ ကြိုက်သလောက် ယူကြ”
လာရောက်ကြည့်ရှုသူများသည် စိတ်လှုပ်ရှားသွားမိ၏။ ကျန်းယွမ်မြို့၏ လူဦးရေ တစ်ထောင်ကျော်တို့သည် အမျိုးသမီး စစ်သည်တော် ၂၀၀ ကျော်တို့၏ ဦးဆောင်မှုနှင့်အတူ ကုန်သည် တစ်အိမ်ပြီး တစ်အိမ်ဆီသို့ သွားရောက်ပြီး ရှိသမျှကို လုယက်ကြတော့၏။ ရွှေများငွေများအားလုံးတို့သည် စုကလန်၏ နောက်ဆွဲ ကုန်သည်များ ပိုင်ဆိုင်ရာ အရာများ ဖြစ်၏။
ကျန်းယွမ်မြို့တစ်ခုလုံး အချိန်အတိုင်းအတာ တစ်ခုအတွင်း ပွက်လောရိုက်သွားခဲ့၏။ ပထမဦးဆုံး ရှမ့်လန်၏ နောက်တွင် လူတစ်ထောင်ကျော်သာလျှင် ရှိ၏။ နောက်တော့ လူတစ်သောင်းလောက် ဖြစ်လာခဲ့၏။ ကျန်းယွမ်မြို့မှ လူပေါင်းများစွာတို့သည် သူတို့၏ မျက်နှာများကို အဝတ်အုပ်ကာဖြင့် ရှမ့်လန်နောက်သို့ လိုက်ကာဖြင့် အနောက်တိုင်းကုန်သည်များ၏ ဆိုင်ထဲသို့ ဝင်ရောက်ကာ အရာအားလုံးကို လုယူနေကြသည်။
ကောင်းကင်၏ နိယာမ ၊ လောက၏ စည်းမျဉ်းစည်းကမ်း ဆိုသည်မှာ ဘာဖြစ်သနည်း။ အရာအားလုံးက အကျိုးအမြတ်ပေါ်တွင်သာ မူတည်သည်။ လူများသည် မိမိ၏ အကျိုးကိုသာလျှင် စိတ်ဝင်စားကြ၏။
ရှမ့်လန်၌ ပထမ လူဦးရေ ၂၀၀ ကျော်ခန့်သာလျှင် ရှိ၏။ ပိုင်ရီခရိုင်ကို လွယ်လွယ်ကူကူနှင့် အချိန်အတိုင်းအတာ တစ်ခုအတွင်း မည်သို့ အုပ်စိုးမည်နည်း။ သူ ဘာလုပ်သင့်သနည်း။ ဟုတ်ပေ၏။ ကြမ်းတမ်းလွန်းသည့် နည်းလမ်းကို အသုံးပြုရန်သာ ရှိသည်။
ဤအနောက်တိုင်း ကုန်သည်များသည် တရားမဝင် ကုန်သွယ်မှုများကို ပြုလုပ်ကြသည့် လူများ ဖြစ်၏။ တစ်ယောက်ချင်းစီတိုင်းက စုကလန်၏ နောက်ခံကို ပိုင်ဆိုင်သောကြောင့် အလွန် ယုတ်မာကြ၏။ ထိုသူအားလုံးတို့၏ လက်သည် ရွှဲ့ပြည်နယ်မှ လူများ၏ သွေးများ၊ မျက်ရည်များ စွန့်ထင်ပေကျံလျက် ရှိနေ၏။
ရှမ့်လန်၏ နောက်သို့ လူများ တဖြည်းဖြည်း ပိုမိုကာ လိုက်ပါလာခဲ့ကြ၏။ အဆုံးသတ်မှာတော့ ဒီရေလှိုင်းကြီး တစ်ခုကဲ့သို့ပင် ကျန်းယွမ်မြို့တစ်ခုလုံးမှ လူပေါင်းများစွာတို့နှင့် ပြည့်နှက်သွားခဲ့၏။ လုံးဝ ရပ်တန့်၍ မရနိုင်ခဲ့ချေ။ ချက်ချင်းပဲ ကျန်းယွမ်မြို့ကြီးက ပြောင်းလဲသွားပုံပေါ်သည်။
........
ညမှောင်နေပြီ ဖြစ်၏။ စုနန်၏တူ စုလင်းက ကျန်းယွမ်မြို့သို့ ပြန်လာခဲ့၏။ သူသည် အလုံးစုံ ကြောင်အသွား၏။
“ကောင်းကင်ဘုံ... ငါ ထွက်သွားတာ ဘယ်လောက်ကြာသေးလို့လဲ။ ငါ နယ်စားကြီး အိမ်တော်ဆီကို ခဏပဲ သွားရသေးတယ်။ ဒါ နာရီအနည်းငယ်ပဲ ကြာသေးတာ မဟုတ်လား။ ကျန်းယွမ်မြို့က ပြောင်းလဲသွားခဲ့ပြီလား”
အနောက်တိုင်း ကုန်သည်တစ်ဒါဇင်ကျော်တို့နှင့် နောက်တိုင်းမှ စစ်သည်တော် ၁၀၀ ကျော်တို့သည် သတ်ဖြတ်ခြင်း ခံခဲ့ရပြီး အနောက်တိုင်းကုန်သည်များ၏ ပိုင်ဆိုင်မှုများက ပြောင်သလင်းခါသွားခဲ့၏။ ပိုက်ဆံ မည်မျှဆုံးရှုံးသည်ကို နတ်ဘုရားများသာလျှင် သိရှိပေလိမ့်မည်။
ရှမ့်လန်သည် တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းသည့် လူပင်။ တစ်ရက်အတွင်းမှာပဲ ဤကဲ့သို့ ကြီးမားသည့် မုန်တိုင်းကြီး ဖြစ်အောင် မွှေနှောက်ခဲ့သည်လား။
စုလင်း၏ ကျောရိုးမှာ တစ်ခုလုံးက စိမ့်တက်သွားခဲ့၏။ သူက ပြဿနာရှာခဲ့၏။ သူ ကျိန်းသေပေါက် ဒုက္ခရောက်ပြီ ဖြစ်၏။
“ဘာကြောင့် မင်းတို့ သူ့ကို မတားဆီးတာလဲ”
စုလင်းက အော်ဟစ်လိုက်သည်။ “မင်းတို့ ပညာရှိသုံးယောက်။ မင်းတို့ရဲ့ လက်ထဲမှာ စစ်သည်ပေါင်း သုံးထောင်ကျော် ရှိတယ်။ ဘာလို့ သူ့ကို မတားဆီးခဲ့တာလဲ”
“ဆရာ ဒီမှမရှိရင် ဘယ်သူမှ တာဝန်မယူရဲပါဘူး”
ဟုတ်ပေ၏။ စုလင်းသည် ကျန်းယွမ်မြို့၏ လူတစ်ယောက်သာ ဖြစ်၏။ သူသည် အခွင့်အာဏာကို ပိုင်ဆိုင်သည် ဆိုသော်လည်း တရားဝင်ရာထူး မဟုတ်ချေ။ သို့ပေမည့် သူမရှိဘဲ မြို့တွင်းရှိ စစ်သည်များကို မည်သူမှ မသုံးမပြုရဲချေ။
“ကျန်းယွမ်မြို့ရဲ့ ဂိတ်တံခါးအကုန်လုံးကို ပိတ်ထားလိုက်။ ဘယ်သူမှ အထဲကို ဝင်ခွင့်၊ ထွက်ခွင့် မရှိဘူး”
စုလင်းက အော်ဟစ်လိုက်၏။ “စစ်သည်ပေါင်း သုံးထောင်ကျော် ချပ်ဝတ်အပြည့်ဝတ်၊ ပြီးတော့ အချိန်မရွေး တိုက်ခိုက်ဖို့ အဆင်သင့်ပြင်”
“ကောင်းပါပြီ”
စုလင်းသည် မနက်ဖြန် ရှမ့်လန်ကို သတ်ဖြတ်တော့မည်။ ထိုအရာကို သူ ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူ၏ ဦးရီးတော်ကလည်း တစ်ဖက်လူကို လက်လွတ်မပေးရန် ပြောခဲ့သည်။
“ဆရာ... ရှမ့်လန်ရဲ့ အနားမှာ လူဦးရေ ၂၀၀ ကျော်လောက်ပဲ ရှိတယ်။ ကျုပ်တို့မှာ လူဦးရေ သုံးထောင်ကျော်တောင် ရှိတာ။ သူ့ကို လွယ်လွယ်ကူကူ ဖျက်ဆီးလို့ရတယ်” ပညာရှိတစ်ယောက်က အကြံပြုလိုက်၏။
“ဓားပြကြီး နာကျည်းမှုက ကောင်းကင်အစား တရားမျှတမှုကို ရှာဖွေတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဒီတော့ ကျုပ်တို့ရဲ့ စစ်သည်ပေါင်း သုံးထောင်ကျော်က မြို့တော်ဝန်အိမ်တော်ကို ဝိုင်းပတ်ပြီးတော့ ဓားပြကြီး နာကျည်းမှုကို ဖမ်းဆီးရမယ်”
တခြားသော အမှုထမ်းတစ်ယောက်က ပြောလိုက်သည်။ “ဒီ အဆင့်နိမ့်သာမန်လူတွေက ရှမ့်လန်ရဲ့ နောက်ကို လိုက်ခဲ့တယ်ဆိုတာ သူတို့အတွက် ရစရာရှိလို့ပဲ။ ဒီလိုတွေက လူပေါင်း တစ်သောင်းလောက်တော့ ရှိတယ်။ ဒါပေမဲ့ သာမန်လူတွေပဲ။ ဒါပေမဲ့ သာမန်လူ ဆိုပေမဲ့ လူက လူပဲ။ အရေအတွက်အရ ပြောရရင် အင်အားများတယ်”
စုလင်းက ပြောလိုက်၏။ “ဒီလူတွေက အကုန်လုံးက ရှမ့်လန်ပေးတဲ့ ပိုက်ဆံကြောင့် မျက်စိကန်းသလို ဖြစ်နေတဲ့ သာမန်လူတွေပဲ။ ဒါပေမဲ့ သူတို့က ခဏလောက်ပဲ မျက်စိကန်းမှာ။ ရုတ်တရက် ရဲရင့်လာတယ်ဆိုတာ ဒီပိုက်ဆံတွေကြောင့်ပဲ။ ဒါပေမဲ့ ရေရှည် ဘယ်သူက သတ္တိရှိမှာလဲ။ ဒီလူတွေ အားလုံးက ရှမ့်လန်အတွက် အသက်သေပေးမယ်လို့ ထင်လား။ တကယ့်ကို အိမ်မက်မက်နေတာပဲ။
“အမိန့်ပေးလိုက်တော့ ဒီနေ့ကစပြီး ကျန်းယွမ်မြို့မှာ စစ်တပ်အမိန့်ချမယ်။ ဘယ်သူမှ အပြင်ဘက်ကို ခြေတစ်လှမ်း မထွက်ရဘူး။ လှည့်လည်သွားလာနေတဲ့ စစ်သည်တွေက လွဲရင် လမ်းပေါ်တက်လာတဲ့လူ ဘယ်သူ့ကိုမဆို သတ်ပစ်မယ်”
“ကောင်းပါပြီ”
ခဏလောက် ကြာပြီးနောက် မြင်းသည်တော်တစ်စုသည် ကျန်းယွမ်မြို့ထဲတွင် လှည့်လည်သွားလာလျက် ရှိနေ၏။
“စစ်တပ်အမိန့် ထုတ်ပြန်မယ်။ နေ့ပိုင်း မည်သူမှ အပြင်မထွက်ရ။ ထွက်လာတဲ့လူ အကုန်လုံး အိမ်ထဲကို ပြန်ဝင်။ ဘယ်သူမှ အပြင်မထွက်ရဘူး။ အပြင်ဘက်ကို ထွက်လာတဲ့ လူတွေအားလုံးကို သတ်ပစ်မယ်။ သနားညှာတာမှု မရှိဘဲ သတ်ပစ်မယ်” စုကလန်၏ မြင်းသည်တော်ပေါင်း ၁၀၀ ကျော်တို့သည် လမ်းများပေါ်သို့ လှည့်လည်သွားလာကာ လိုက်လံအော်ဟစ်လျက် ရှိသည်။
ထိုအရာကို ကြားသည့်အချိန်မှာတော့ ရှမ့်လန်က အံ့အားသင့်သွားခဲ့၏။ တကယ့်ကို မျက်စိပွင့်၊ နားပွင့် ဖြစ်စေခဲ့၏။ ဤကဲ့သို့ အမိန့်ထုတ်သည့်အတွက် အံ့အားသင့်ခြင်း မဟုတ်ချေ။ နေ့အချိန် အပြင်မထွက်ရ ဆိုသည့် အရာရှိနေခြင်းကြောင့် အံ့အားသင့်ခြင်းဖြစ်၏။ သူ သိသည်မှာ ညအချိန် အပြင်မထွက်ရ ဆိုသည့် အမိန့်သာလျှင် ရှိ၏။
ထိုအချိန်မှာတော့ ကျန်းယွမ်မြို့၏ မြို့တော်ဝန်ဖြစ်သည့် ရှမ့်လန်သည် လူပေါင်း တစ်သောင်းကျော်တို့ကို ဦးနှောက်ဆေး သင်ခန်းစာပေးလျက် ရှိနေ၏။ ရွှေများ၊ငွေများကို ပေးအပ်ခဲ့ပြီး အနောက်ပိုင်းကုန်သည်များ၏ ဆိုင်ထဲမှ အရာအားလုံးကို ပေးအပ်ခဲ့၏။ ထိုအရာသည် လူပေါင်း တစ်သောင်းကျော်တို့၏ ခန္ဓာကိုယ်ထဲသို့ ကြက်သွေးများ ထိုးထည့်နေသကဲ့သို့ပင် တိုက်ချင်ခိုက်ချင်စိတ်များ ဖြစ်တည်စေခဲ့သည်။
ရှမ့်လန်၏သင်ခန်းစာသည် အားလုံးတော့ သူတို့ကို ဉာဏ်အလင်း ရစေခဲ့၏။ လူပေါင်းများစွာတို့က ကြိတ်ကြိတ်တိုး အားပေးလျက် ရှိနေ၏။ ချီးမြှောက်သံများနှင့် ပြည့်နှက်နေ၏။ လူပေါင်း တစ်သောင်းကျော် တို့သည် သံပြိုင် ဆိုသလို အော်ဟစ်ကာ ချီးကျူးနေ၏။
“မြို့တော်ဝန်က တကယ့်ကို ဆန်းကြယ်တယ်။ ဘုရင်မင်းမြတ် အသက်ရှည်ပါစေ။ ရွှဲ့ပြည်နယ် နှစ်ပေါင်းသောင်းချီ တည်ရှိနေနိုင်ပါစေ”
ရှမ့်လန်က အော်ဟစ်လိုက်သည်။ “ဒီနေ့ကစပြီး ခင်ဗျားတို့အားလုံးကို ဘယ်သူမှ နင်းလျှောက်သွားဖို့ ခွင့်မပြုဘူး။ ခင်ဗျားတို့အားလုံးက ကျန်းယွမ်မြို့ရဲ့ သခင်တွေပဲ။ ရွှဲ့ပြည်နယ်ရဲ့ ပိုင်ဆိုင်သူတွေပဲ။ ရွှဲ့ပြည်နယ်သားတစ်ယောက်အနေနဲ့ ကျုပ်က တကယ့်ကို ဂုဏ်ယူဝင့်ကြွားမိတယ်”
ကျန်းယွမ်မြို့မှ လူပေါင်း တစ်သောင်းကျော်တို့က အော်ဟစ်လိုက်၏။ “ကျုပ်တို့ ဂုဏ်ယူပါတယ်”
“ဒီနေ့ကစပြီး ဒီမြို့တော်ဝန်က ခင်ဗျားတို့ရဲ့ နောက်မှာ ရှိနေမယ်။ ကျန်းယွမ်မြို့က လူတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးတွေကို ရောင်းချစရာ မလိုအပ်တော့ဘူး။ ကျေးကျွန်အဖြစ် ဖမ်းဆီးခံရမှာကို ကြောက်လန့်စရာ မလိုတော့ဘူး။ ဒီမြို့တော်ဝန်ရဲ့စကားက စကြဝဠာတစ်ခုလို တည်မြဲတဲ့အရာတစ်ခု ဖြစ်တယ်လို့ သုံးသပ်နိုင်တယ်။ ဒီနေ့ကစပြီး ခင်ဗျားတို့က ကျုပ်ရဲ့ လူတွေပဲ။ ကျုပ်က ခင်ဗျားတို့ တစ်ယောက်ချင်းစီတိုင်း ကို လေးလေးစားစားနဲ့ ကာကွယ်ပေးမယ်”
လူပေါင်း တစ်သောင်းကျော်က အော်ဟစ်လိုက်သည်။ “မြို့တော်ဝန်က တကယ့်ကို အားကောင်းတဲ့ လူတစ်ယောက်ပဲ။ ပညာရှိပါပေတယ်”
ထိုအချိန်မှာပဲ မြင်းခွာသံများ ထွက်ပေါ်လာခဲ့၏။ မြင်းသည်တော် ၁၀၀ ကျော်တို့ ရောက်ရှိလာခဲ့ပြီး ဘယ်ဘက်ခြမ်းဆီမှ ညာဘက်ခြမ်းထိ လူပေါင်း တစ်သောင်းကျော်တို့ကို တားဆီးထားခဲ့၏။
စုလင်းက မေးလိုက်သည်။ “လူတွေစုပြီး ပုန်ကန်မလို့လား”
ချက်ချင်းပဲ ကြည့်ရှုနေသူအားလုံးတို့သည် ရေခဲရေနှင့် ပက်ခံလိုက်ရသကဲ့သို့ပင် အေးစက်တည်ငြိမ်သွားခဲ့ ကြ၏။
စုလင်းသည် သူ၏ မြင့်မားသည့် မြင်းကြီးအပေါ်မှ လှမ်းကာ ပြောလိုက်သည်။ “အင်း.. မျက်နှာဖုံး ဝတ်ထားတယ်ဆိုပြီးတော့ ကျုပ် ခင်ဗျားတို့ကို မမှတ်မိဘူး မထင်နဲ့။ ပုန်ကန်ပြီဆိုရင် မိသားစု တစ်ခုလုံး အပြစ်ပေးခံရမယ်။ စစ်တပ်အမိန့် ထုတ်ပြန်ပြီးပြီ။ ဒီတော့ ငါးအထိ ကျုပ် ရေမယ်။ ဒီနေရာက ထွက်မသွားဘူး ဆိုရင် ပုန်ကန်တယ်ဆိုပြီး အသတ်ခံရမယ်။ ငါး ... လေး ... သုံး”
ရှမ့်လန်က ဘာမှ မပြောချေ။
သို့ပေမည့် ဝူလဲ့သည် မည်သို့မျှ မနေနိုင်တော့ချေ။ ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။ “ကျန်းယွမ်မြို့က မြို့သူမြို့သားတွေ အားလုံး ... ဒီလူ ရှုပ်နေတာ ကြာပြီ။ ကျန်းယွမ်မြို့ရဲ့ အိမ်တော်ထဲကို ရောက်နေတယ်။ ကျွန်မရဲ့ နောက်မှာရှိတဲ့လူက ကျန်းယွမ်မြို့တော်ဝန်ပဲ။ ဘာကို စစ်တပ်အမိန့်လဲ။ နေ့အချိန် ဘယ်သူက အပြင်ထွက်ခွင့်ကို တားဆီးရဲတာလဲ။ မြို့တော်ဝန်တစ်ယောက်ပဲ ဒါကို အမိန့်ပေးနိုင်တာ မဟုတ်လား”
အမျိုးသမီးစစ်သူကြီး ရှမ့်နုက လှမ်းကာ အော်ဟစ်လိုက်သည်။ “မြို့သူမြို့သားတွေ... ဒီနှစ်ပိုင်းအတွင်းမှာ လုံလုံလောက်လောက်နဲ့ အနိုင်ကျင့်ခံခဲ့ရပြီ မဟုတ်လား။ မြို့တော်ဝန် တစ်ယောက်လုံး ရှင်တို့ရဲ့ နောက်မှာ ရှိနေတယ်။ အရှေ့မှာ စစ်သည်တော် ရာချီလည်း ရှိနေတယ်။ ကျွန်မတို့က လူပေါင်း သောင်းချီ ရှိနေတာ။ စစ်သည်လေး နှစ်ထောင် သုံးထောင်လောက်ကို ဘာကြောက်နေမှာလဲ”
အမျိုးသမီး စစ်သူကြီး ဝူလဲ့က အော်ဟစ်လိုက်၏။ “ရှင်တို့ရဲ့လက်ထဲမှာလည်း လက်နက်တွေ ရှိနေတာပဲ။ ပေါက်တူးတွေ၊ ပုဆိန်တွေ၊ တုတ်တွေ၊ ဓားတွေ၊ အရာအားလုံးက လက်နက်တွေပဲ။ မြို့တော်ဝန်အတွက် အဆုံးအထိ ဒီသားရဲတွေကို တိုက်ခိုက်ရမယ်။ လက်နက်တွေကို ယူ။ အားလုံး တိုက်ခိုက်ဖို့ ပြင်ကြ”
ပြီးနောက် အမျိုးသမီး စစ်သည်တော်ပေါင်း ရာချီတို့သည် ရုတ်တရက် ဓားများကို ဆွဲထုတ်လိုက်ကြသည်။ “ကျွန်မတို့က မိန်းမတွေ ဖြစ်တယ်ဆိုပေမဲ့ ရှေ့မှာ မတ်မတ်ရပ်နေတယ်။ ရွှဲ့ပြည်နယ်က လူတွေ အားလုံး။ ကျွန်မတို့နဲ့ အတူ တိုက်ခိုက်ကြရအောင်”
အမျိုးသမီး စစ်သည်များ၏ သွေးများသည် ပွက်ပွက်ဆူလျက် ရှိနေ၏။ သို့ပေမည့် ဤလူများအားလုံးကို ကြောင်အအနှင့် ဖြစ်စေခဲ့၏။
စုလင်းသည် အားလုံးသောသူတို့ကို လှောင်ပြောင်သလို လှမ်းကာ ကြည့်ရှုနေ၏။ သူသည် လူပေါင်း တစ်သောင်းကျော်တို့ကို သွေးခွဲရန် အချိန်ပေးထားပုံပင်။ ဤခပ်ချောချော မြို့တော်ဝန်နောက်သို့ လိုက်ချင်သည်လား။ ပြဿနာ မရှိချေ။ လိုက်လျှင် သေပြီ ဖြစ်သည်။
အချိန်ခဏကြာပြီးနောက် စုလင်းက ရယ်မောလိုက်၏။ “သုံး၊ နှစ်”
ရုတ်တရက် အနောက်ဘက်တွင် ရှိနေသည့် စစ်သည်တော် နှစ်ထောင်ကျော်တို့က ဓားများကို ဆွဲထုတ်လိုက်၏။ သတ်ဖြတ်လိုခြင်း ဆန္ဒများက ကောင်းကင်ယံထက်ပင် ထိုးတက်သွားသည်။
“သတ် ... အားလုံးကို သတ်မယ်” စစ်သည်ပေါင်း နှစ်ထောင်ကျော်တို့က သံပြိုင် ဆိုသလို အော်ဟစ်လိုက်၏။
“တစ်”
စုလင်း၏ အမှတ်စဉ် ရေတွက်မှုက ပြီးဆုံးသွားခဲ့၏။ ချက်ချင်းပင် စိတ်လှုပ်ရှားမှုများနှင့် ပွက်ပွက်ဆူလျက် ရှိနေသည့် လူဦးရေသောင်းချီတို့သည် ခေါင်းများကိုငုံ့ကာဖြင့် တစ်ယောက်ပြီးတစ်ယောက် ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားခဲ့သည်။
ကျန်းယွမ်မြို့တွင် လူဦးရေ တစ်သောင်းကျော် ရှိ၏။ ထိုသူအားလုံးတို့သည် အစက အဆုံးအထိ ရှမ့်လန်ကို ထောက်ပံ့မည်ဟု ပြောဆိုအော်ဟစ်ခဲ့သည့် လူများ မဟုတ်ပါလား။ သို့ပေမည့် ချက်ချင်းပဲ ထွက်ခွာသွားခဲ့ကြ၏။ အားလုံးတော့ သူတို့သည် လုယူ ရရှိထားခဲ့သည့် ရွှေများငွေများကို သယ်ဆောင်ကာ ထွက်ခွာသွားခဲ့ခြင်းပင်။ မျက်စိတစ်မှိတ်အတွင်းပင် လူဦးရေ တစ်သောင်းကျော်က ထွက်ခွာသွားခဲ့၏။ မြို့တော်ဝန်၏ အိမ်တော်ရှေ့ တည်နေရာတစ်ခုလုံးက ဟာလာဟင်းလင်း ဖြစ်သွား၏။
ဝူလဲ့၏ မျက်လုံးများက နီရဲလျက် ရှိနေ၏။ ရှမ့်နု၏ မျက်လုံးများကလည်း နီရဲနေ၏။ မည်သို့ ဖြစ်ရသနည်း။ ဤလူများသည် တကယ့်ကို အသုံးမဝင်ခဲ့ချေ။ ဆိုးဆိုးရွားရွား အနိုင်ကျင့်ခံရသည်ကို အသားကျနေသည့် ပုံပင်။
သူတို့ကို ဂရုစိုက်မည့်လူများ ရောက်ရှိလာခဲ့သည် ဆိုလျှင်တောင်မှ သူတို့သည် အလုံးစုံ နိမ့်ကျသည့် စိတ်ဓာတ်များကိုသာ ပိုင်ဆိုင်၏။ လုယက်နေသည့်အချိန်တွင် စိတ်အားတက်ကြွသော်လည်း စုလင်း ရောက်ရှိလာသည့် အချိန်မှာတော့ သတ္တိဆိုသည်မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ပြီး ရှမ့်လန်နှင့် တခြားသောသူများကို ဤအတိုင်း ထားရစ်ခဲ့၏။ မိန်းမများလောက်ပင် သတ္တိမကောင်းခဲ့ချေ။
ရှမ့်လန်ဘက်တွင် လူဦးရေ သောင်းချီ တည်ရှိနေသော်လည်း အရှေ့တွင် ရှိနေသည့် လူဦးရေ စစ်သည်တော် ၁၀၀၀၊ ၂၀၀၀ ကျော်တို့နှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ အားလုံးသောသူတို့သည် စိတ်ဓာတ်တကျဖြင့် ထွက်ပြေးသွားခဲ့ပြီ ဖြစ်၏။ အခြေအနေတစ်ခုလုံးက ကြောင်အအနှင့် ကျန်ရစ်ခဲ့၏။
စုလင်းက ရုတ်တရက် ရယ်မောလိုက်သည်။ “အင်း... ညီတော်မြို့တော်ဝန်ရဲ့ အိမ်ရာကို ဒီလူတွေက ဝင်ပြီး စီးနင်းခဲ့သလိုပဲ။ မင်းကိုတော့ ကြောင်အအ ဖြစ်စေခဲ့ပြီ”
ရှမ့်လန်ကို ကြည့်ရှုရသည်မှာ စုလင်းကို ယခုမှ သတိပြုမိပုံ ပေါ်၏။
“အမ်... အစ်ကိုတော် ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။ လာ လာ လာ။ ကျုပ်ရဲ့ မြို့တော်ဝန် အိမ်တော်ထဲကို လာခဲ့ပါအုံး။ ကျုပ်ဆီမှာ ကြက် တော်တော်များများ ရှိတယ်။ ကြက်တွေ၊ ဘဲတွေ၊ ငါးတွေလည်း ရှိတယ်။ အဆင်သင့်ပဲ။ အစ်ကိုတော်ကို ဧည့်ခံရမှာပေါ့”
ရှမ့်လန်က ပြောနေတုန်းမှာပဲ ဓားဘုရင် လီချင်းချိုးသည် သူ၏ ရှေ့တွင် ရုတ်တရက် ပိတ်ရပ်ထားသည်။
စုလင်းသည် စိတ်ထဲမှ တွက်ချက်လျက် ရှိ၏။ ယခုအချိန် တိုက်ခိုက်မည်ဆိုလျှင် ရှမ့်လန်ကို သတ်ဖြတ်နိုင်မည်လား။ မဖြစ်နိုင်ပေ။ တစ်ဖက်လူ၏ ဘေးတစ်ဖက်တွင် လီချင်းချိုးကဲ့သို့သော ထိပ်တန်း ကျွမ်းကျင်သူတစ်ယောက် ရှိနေ၏။ ထို့အပြင် အရူးကြီးကလည်း ရှိနေသေး၏။ အရူးကြီးက သာမန်မဟုတ်ချေ။ သူ ကျိန်းသေပေါက် သတ်ဖြတ်နိုင်မည် မဟုတ်ချေ။
စုလင်းအတွက် ရှမ့်လန်ကို သတ်ဖြတ်ခြင်း ဆိုသည်မှာ အရေးကြီးသည့် အရာတစ်ခု ဖြစ်၏။ ထို့အပြင် ရှမ့်လန်၏ လက်အောက်တွင် ရှိနေသည့် လူဦးရေ ၂၀၀ ကျော်တို့ကလည်း ကြောက်မက်ဖွယ်ရာ ကောင်း၏။
ရှမ့်လန်၏ ဖိတ်ခေါ်မှုကို ကြားရသည့် အချိန်မှာတော့ စုလင်းက ခေါင်းကို ခါယမ်းလိုက်သည်။
“မဟုတ်သေးဘူး။ မဟုတ်သေးဘူး။ အင်း.. မင်းရဲ့ မရီးက ညစာကို ပြင်ဆင်ပြီးသွားပြီ။ အခု အိမ်ပြန်ပြီးတော့သာ မစားဘူးဆိုရင် မိန်းမစကား နားမထောင်သလို ဖြစ်မယ် မဟုတ်လား”
စုလင်းက ပြောလိုက်၏။ “ညီလေး... မနက်ဖြန်ကျရင် စားပွဲကို လာခဲ့နော်”
“မနက်ဖြန် စားပွဲဟုတ်လား။ အင်း ကျုပ် လူသုံးယောက်ကို ခေါ်လာနိုင်တယ် မဟုတ်လား”
စုလင်းက ပြောလိုက်သည်။ “ဟုတ်တယ်.. သုံးယောက်၊ သုံးယောက်”
ရှမ့်လန်က ပြောလိုက်၏။ “အင်း... ကျိန်းသေပေါက် လာရမှာပေါ့”
“ဒါဆိုရင် မနက်ဖြန်ကျရင် တွေ့မယ်” စုလင်းက ပြောလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် မနက်ဖြန် တွေ့ကြမယ်”