← Chapters

နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု၏လျှို့ဝှက်ချက်

Vol. 97 Ch. 956

နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု၏လျှို့ဝှက်ချက်

Vol. 97 Ch. 956

အမိန့်သံထွက်ပေါ်လာသည်နှင့် စစ်သည်တိုင်းသည် ပင်လယ်ရေမျက်နှာပြင်အောက်မှ ခုန်ထွက်လာကြပြီး အသင့်စောင့်ဆိုင်းနေသော လှေများပေါ် တက်ရောက်လိုက်ကြ၏။ လှေအစင်းတိုင်း လူပြည့်သည်နှင့် ချက်ချင်းပင် ထွက်ခွာလိုက်ကြသည်။

လှေအားလုံး ချောက်နက်မှ ထွက်ခွာပြီး မကြာမီ သားရဲမဟာဧကရာဇ်များသည်လည်း ရေမျက်နှာပြင်ဆီသို့ အသီးသီး ခေါင်းပြူထွက်လာကြ၏။ သို့သော် ၎င်းမှာ အချုပ်အနှောင်မဲ့ဂိုဏ်းအတွက် ပြဿနာမဟုတ်တော့။ ယခင်တကြိမ်ကကဲ့သို့ပင် အချုပ်အနှောင်မဲ့ဂိုဏ်းမှ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များ၏ စုပေါင်းစွမ်းအားက ချောက်နက်ထွက်ပေါက်အား ပိတ်ဆို့ကာ သားရဲမဟာဧကရာဇ်များကို တားဆီးထားလိုက်ကြ၏။

သားရဲများအဖို့ကား တရွေ့ရွေ့ဝေးကွာသွားသော ရန်သူများကို ကြည့်ရင်း ဒေါသတကြီး အော်ဟစ်ကာ ကျန်နေရုံမှအပ ဘာမှမတတ်နိုင်ကြရှာ။ သူတို့၏ ဒေါသသည် သင်္ကြန်အမြောက်ပမာ မည်သည့် အစွမ်းမှရှိ။ လွန်ခဲ့သည့်နှစ်နှစ်က အသုံးပြုခဲ့သည့် ဤနည်းလမ်းကား ယခုတိုင် အသုံးဝင်နေဆဲပေတကား။

သို့သော် ပြောစရာတခုရှိသည်မှာ အချုပ်အနှောင်မဲ့ဂိုဏ်း၏ အင်အားသည် လွန်ခဲ့သော နှစ်နှစ်ကထက် ပို၍အားကောင်းလာခဲ့ခြင်းပင်။ အကြောင်းမှာ နှစ်နှစ်တာကာလအတွင်း နောက်ထပ်တပည့်၂၀၀၀ခန့်က အလင်းတုန်ခါခြင်းနယ်ပယ်သို့ ထပ်မံဝင်ရောက်သွားနိုင်သောကြောင့်ပင် ဖြစ်သည်။

အချုပ်အနှောင်မဲ့ဂိုဏ်းမှ တပည့်များ အဆင့်တက်ပုံမှာ မြန်ဆန်လှ၍ ကျုံးကျန်းကျွန်နှင့်တခြားလူများပင် အံ့သြသင့်ရ၏။ သို့သော် စုချန်းကတော့ သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပင် ပြသထားသည်။ တော်ဝင်မျိုးနွယ်စုခေါင်းဆောင်များနှင့်ချုပ်ဆိုထားသည့်စာချုပ်အရ ပျံဝဲနေသော ထာဝရရှင်သန်ခြင်းနည်းစနစ်၏ စတုတ္ထအဆင့်ကို ကျင့်ကြံလိုပါက အချုပ်အနှောင်မဲ့ဂိုဏ်းသို့ ဝင်ကိုဝင်ရပေလိမ့်မည်။

ဤအတောအတွင်း အချုပ်အနှောင်မဲ့ဂိုဏ်းသို့ ဝင်ရောက်လို၍ ဆက်သွယ်မေးမြန်းလာသည့် အနက်ရောင်ရေတပ်ဖွဲ့ဝင်များပင် ရှိခဲ့သေး၏။ စုချန်းသာ မဟာမိတ်များ၏ မျက်နှာကိုမထောက်လျင် အနက်ရောင်ရေတပ်ဖွဲ့ နှင့် ပင်လယ်ထိန်းချုပ်ရေးဌာနခွဲမှ စစ်သည်များသည်ပင် အချုပ်အနှောင်မဲ့ဂိုဏ်းဝင်များ ဖြစ်သွားလောက်ပေပြီ။

ထို့ကြောင့် အချုပ်အနှောင်မဲ့ဂိုဏ်း၏ အင်အားသည် လွန်ခဲ့သော နှစ်နှစ်အတွင်း သိသိသာသာ မြင့်တက်လာခဲ့သည်မှာ မေးခွန်းထုတ်စရာမရှိပေ။ ထို့ပြင် ရရှိခဲ့ပြီးသောအတွေ့အကြုံများကိုပါ ပေါင်းစပ်လိုက်သောအခါ ချောက်နက်၏ ထွက်ပေါက်အား ပိတ်ဆို့သည့်ကိစ္စမှာ သူတို့အတွက် များစွာ လွယ်ကူသွားခဲ့ပေပြီ။

နောက်ဆုံးတော့ ရေတပ်အုပ်စုကြီးတစုလုံး ချောက်နက်ပြင်ပသို့ အောင်မြင်စွာ ထွက်ခွာလာနိုင်ခဲ့၏။

စစ်ဆင်ရေးကား ရာနှုန်းပြည့် အောင်မြင်သွားချေပြီ။ မူလက အန္တရာယ်များလိမ့်မည်ဟု ယူဆထားသော စစ်ဆင်ရေးတွင် အနှောင့်အယှက်ကြီးကြီးမားမားပင် မကြုံလိုက်ရချေ။ အရာအားလုံးသည် စုချန်း ခန့်မှန်းထားသည့်အတိုင်း တထပ်တည်း ဖြစ်သွားခဲ့၏။

မည်သို့ဆိုစေ စစ်သည်တိုင်း စိတ်လှုပ်ရှားနေကြသည်ကတော့ အမှန်ပင်။

“ငါတို့ လုပ်နိုင်ခဲ့ပြီ ငါတို့ ချောက်နက်ကနေ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ပြီ”

စစ်သည်တဦးက ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်၏။

“ဟုတ်တယ် ငါတို့ သားရဲမဟာဧကရာဇ်တကောင်ကိုတောင် သတ်နိုင်ခဲ့သေးတယ် ငါတို့ ဒီအတိုင်းသာဆက်လုပ်နေရင် ချောက်နက်ထဲက သားရဲတွေအားလုံး မျိုးတုန်းသွားလောက်တယ်”

နောက်တယောက်က ထပ်ပြောလိုက်ပြန်သည်။

“မဟုတ်တာတွေ ငါတို့ အမြဲတမ်း ကံမကောင်းနိုင်ဘူးကွ ငါတို့အချိန်ရအောင် ဂိုဏ်းချုပ်နဲ့ဂိုဏ်းချုပ်ကတော်တို့ အသက်နဲ့ရင်းပြီး တိုက်ခိုက်နေကြတာ မင်းတို့ မမြင်ဘူးလား ဘာလဲ မင်းတို့ကောင်တွေ သူတို့ကို နေ့တိုင်း အဲဒီလို လုပ်စေချင်တာလား"

ထိုစကားကို ကြားသည်နှင့် လူတိုင်းသည် သက်ပြင်းချလိုက်ကြ၏။

“ဒါပေမဲ့ ဒီစစ်ဆင်ရေး ဒီတခါတည်းနဲ့ ပြီးသွားပြီလို့ သေချာပေါက်ပြောဖို့တော့ ခက်သေးတယ်ကွ ”

အချုပ်အနှောင်မဲ့ဂိုဏ်းမှ တပည့်တဦးက တွေးတွေးဆဆဟန်ပန်နှင့် ကောက်ချက်ချလိုက်သည်။

ဟင်..ဒီကောင် ဘာပြောချင်တာလဲ...

ထိုတပည့်က ဆက်၍ရှင်းပြလိုက်သည်။

“နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုရဲ့အာနိသင်ကို ပျက်ပြယ်စေချင်တယ်ဆိုရင် ဒီတစ်ကြိမ်တည်းနဲ့ မလုံလောက်ဘူး ဒီတိုက်ပွဲက ကြာရှည်တိုက်ရမဲ့ တိုက်ပွဲမျိုးပဲ ဒါကြောင့် သားရဲတွေကို ထပ်ပြီး သတ်ခွင့်ရအုံးမယ်လို့ ငါတော့ ယုံကြည်ထားတယ်"

လူတိုင်း ထိုစကားကို ကြားသည့်နှင့် စဥ်းစားခန်းဝင်ကုန်ကြ၏။

လှေအုပ်စုသည် တရွေ့ရွေ့ ချီတက်နေ၏။ နောက်ဆုံးတော့ ထာဝရကြည်လင်ကျွန်းသည် သူတို့၏မြင်ကွင်းထဲသို့ တဖြည်းဖြည်းနှင့် ပြန်လည်ရောက်ရှိလာလေသည်။

သို့သော် မည်သူတဦးတယောက်မှ ထိုအတွက် ဝမ်းသာသည့်ပုံမပေါ်ချေ။ ထိုအစား လူတိုင်း၏မျက်နှာများသည် တည်ကြည်လေးနက်လျက်ရှိ၏။ ဤစစ်ဆင်ရေးသည် တိုက်ပွဲ၏ အဆုံးသတ်မဟုတ်ပဲ အစမျှသာရှိသေးကြောင်း သူတို့အားလုံး နားလည်သွားကြလေပြီ။

တကယ်လည်း နောက်ထပ်ရက်များတွင် ရေတပ်အုပ်စုသည် ချောက်နက်ဆီသို့ မကြာခနပင် ခရီးထွက်ကြရ၏။

သို့သော် သူတို့အနေနှင့် ချောက်နက်အတွင်းပိုင်းကိုတော့ ဝင်ရောက်ခြင်းမရှိပဲ အမြဲလိုလို အသင့်အနေအထားနှင့်သာ စောင့်ဆိုင်းနေရလေ့ရှိ၏။

ချောက်နက်အတွင်းပိုင်းသို့ ပုံမှန်ဝင်ရောက်လေ့ရှိသူများမှာ စုချန်းနှင့် ကုချိန်းလွှာတို့ပင် ဖြစ်သည်။

စုချန်းအတွက် ရေတပ်အုပ်စု၏ အဓိကတာဝန်မှာ စစ်ဆင်ရေးအသင့်အနေအထားကို ထိမ်းသိမ်းထားရန်နှင့် လိုအပ်လာပါက သားရဲများ ချဉ်းကပ်လာခြင်းကို တားဆီးထားရန်သာ ဖြစ်သည်။ ကျန်အရာများမှာကား စုချန်းနှင့် ကုချိန်းလွှာအပေါ်တွင်သာ မူတည်နေ၏။ ထို့ကြောင့် တခါတရံတွင် စုချန်း၏ လုပ်ရပ်များက လျှို့ဝှက်ဆန်းကြယ်လှသည်ဟု လူတိုင်း ခံစားရလေ့ရှိသည်။

သို့သော် သုတေသန၏ ပင်ကိုယ်သဘာဝကိုက နက်နဲ၍ လျှို့ဝှက်ဆန်းကြယ်နေတတ်သည် မဟုတ်ပါလား။

ထို့ကြောင့် စစ်သည်များအဖို့ စုချန်း၏ သုတေသန တတ်နိုင်သမျှ ချောမွေ့မြန်ဆန်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း မျှော်လင့်နေရန်မှအပ အခြားမရှိချေ။

နန်းတော်အတွင်းရှိ သုတေသနစမ်းသပ်ခန်းတွင် ဖြစ်သည်။ စုချန်းသည် ပုလင်းကြီးတလုံးကို စိုက်ကြည့်နေ၏။ ပုလင်းထဲတွင် ချောက်နက်အတွင်းမှ သူစုဆောင်းခဲ့သည့် ရေနှင့် သာမန်ငါးတချို့ ရှိနေသည်။

ပုလင်းထဲရှိ ရေထဲတွင် မျောပါနေသော ပရမတ်အဆင့် အမှုန်အမွှားတခုကို စုချန်း လေ့လာနေခြင်းပင် ဖြစ်သည်။ ၎င်းသည် ထူးဆန်းသော မူလပစ္စည်းတမျိုးဖြစ်ပြီး သာမာန်အခြေအနေများတွင် လုံးဝတည်ငြိမ်နေကြောင်း စုချန်း တွေ့နေရ၏။

သို့သော် သက်ရှိတမျိုးမျိုးသာ ၎င်းနှင့် နီးကပ်လာပါက အနှီမူလပစ္စည်းသည် ၎င်းသက်ရှိ၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

စုချန်းအနေနှင့် ငါးများ၏ ခန္ဓာကိုယ်ပြောင်းလဲပုံကိုလည်း စောင့်ကြည့်ရန် မမေ့ချေ။ သို့သော် အဆိုပါ ပြောင်းလဲမှုသည် နှေးကွေးလွန်းပြီး ပမာဏအားဖြင့်လည်း အလွန်သေးငယ်နေ၏။ စုချန်းပင်လျင် အစပိုင်းတွင် ဤပြောင်းလဲမှုကို သတိမထားမိခဲ့ပေ။

သို့သော် ပြဿနာတခုမှာ စုချန်း၏ ပရမတ်မျက်လုံးသည် ရေထဲတွင် ဖြစ်ပျက်နေသည်များကို မြင်နိုင်သော်လည်း ငါးများ၏ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို မြင်နိုင်စွမ်းမရှိခြင်းပင်။

ထို့ကြောင့် ဤထူးဆန်းသော မူလပစ္စည်းသည် ငါးများ၏ ခန္ဓာကိုယ် ပြောင်းလဲမှုအတွက် တာဝန်ရှိသည်ဟု ခန့်မှန်းရုံမျှသာ စုချန်း တတ်နိုင်၏။ ပြောင်းလဲမှုများ ဖြစ်ပေါ်လာရသည့် အကြောင်းရင်း သို့မဟုတ် ဖြစ်ပေါ်ပုံကို သူ လုံးဝမသိ။

ပို၍အရေးကြီးသည့်အချက်မှာ ဤမူလပစ္စည်းအမှုန်အမွှားများသည် ချောက်နက်အပြင်ရောက်သည်နှင့် အလွန်လျင်မြန်စွာ ပျက်စီးသွားကြခြင်းပင်။ ထိုအခါ စုချန်းအနေနှင့် ရေနမူနာများရယူရန် ချောက်နက်ထဲသို့ အဆက်မပြတ်ပင် ဝင်ထွက်သွားလာနေရတော့၏။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီမူလပစ္စည်းဟာ သားရဲတွေ၏ ကြီးထွားမှုဖြစ်စဥ်ကို အရှိန်မြှင့်တင်ပေးတဲ့ လက်သည်ပဲဖြစ်ရမယ် ဒီမူလပစ္စည်းကို ဘယ်လိုဖျက်ဆီးရမဲသိသွားပြီဆိုရင် သားရဲတွေရဲ့ ကြီးထွားမှုဖြစ်စဥ်ကို မင်း ရပ်တန့်နိုင်ပြီပဲ”

လင်ကျွေ့လျူက မှတ်ချက်ပြုလိုက်၏။

သို့သော် စုချန်းက ခေါင်းခါပြလိုက်သည်။

“ဒါပေမဲ့ အဲဒါက ကျုပ်ရဲ့ရည်မှန်းချက် မဟုတ်သေးဘူး”

လင်ကျွေ့လျူ အံ့အားသင့်သွား၏။

“မင်း ဒီရောက်နေတာ ပင်လယ်လူသားမျိုးစိတ်အတွက် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုပြသနာကို ဖြေရှင်းပေးမလို့ပဲ မဟုတ်ဘူးလား"

စုချန်း ပြုံးလိုက်လေသည်။

“ဟုတ်ပါတယ် ဒါပေမဲ့ ခင်ဗျား ခုနက ပြောလိုက်တဲ့လမ်းကြောင်းအတိုင်းတော့ ကျုပ် လျှောက်မှာမဟုတ်ဘူး”

လင်ကျွေ့လျူ မည်သို့မှ နားမလည်နိုင်တော့။

ထိုအခါ စုချန်းက လင်ကျွေ့လျူကို မေးခွန်းထုတ်လိုက်၏။

“ဒီမူလပစ္စည်းဟာ လူသားတွေအတွက် အသုံးဝင်နိင်ချေရှိတယ်လို့များ ခင်ဗျား မတွေးမိဘူးလား"

“လူသားတွေအပေါ် ဟုတ်လား”

လင်ကျွေ့လျူ အံ့အားသင့်သွား၏။ ပြီးမှ သူက တစုံတရာကို တွေးမိဟန်ဖြင့်ထိတ်လန့်သွားလေသည်။

“မင်း ဒါကြီးကို လူသားတွေပေါ်မှာ သုံးဖို့များ စဥ်းစားနေတာလား"

“ကြီးထွားမှုဖြစ်စဉ်ကို အရှိန်မြှင့်နိုင်တဲ့ မူလပစ္စည်းတမျိုး…ဒါကို သင့်လျော်တဲ့ အခြေအနေမှာသာ အသုံးပြုမယ်ဆိုရင် အနာဂတ်မှာ ကျုပ်တို့လူသားတွေ ခုလောက်ထိ ပြင်းပြင်းထန်ထန် လေ့ကျင့်နေစရာမလိုတော့တဲ့ အခြေအနေမျိုးကို ရောက်သွားနိုင်တယ်”

စုချန်းက တည်ငြိမ်သောလေသံနှင့် ရှင်းပြလိုက်သည်။

စုချန်း၏ ကြီးမားလှသော ရည်မှန်းချက်ကြောင့် လင်ကျွေ့လျူ ဘာပြောရမှန်းပင် မသ်ိတော့ချေ။

“မင်းက ပင်လယ်သားရဲတွေအတွက် ပုံစံထုတ်ထားတဲ့ အရာတခုကို လူသားတယောက်ပေါ်မှာ သုံးချင်နေတယ်ဆိုတော့ ကျုပ်ဖြင့် ဘာပြောရမှန်းတောင် မသိတော့ဘူး”

သို့သော် စုချန်း ပြန်ဖြေသည်မှာကား

"ဒီမူလပစ္စည်းဟာ အစကတည်းက တစုံတယောက် သုံးဖို့ ပုံစံထုတ်ထားတာမျိုးလဲ ဖြစ်နိုင်သေးတယ်”

ဟင်...

လင်ကျွေ့လျူ ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်သည်။

စုချန်း၏အသံ ထွက်ပေါ်လာပြန်၏။

“ပိတ်လော့ ရှင်းပြပေးပါအုံး”

ပိတ်လော့၏ အသံ ထွက်ပေါ်လာလေသည်။

“အာကင်နာနိုင်ငံတော်ကြီးကောင်းစားစဥ်ခေတ်မှာ ရည်မှန်းချက်ကြီးမားတဲ့ စိတ်ကူးစိတ်သန်းတွေ အများကြီး ပေါ်ပေါက်ခဲ့ဖူးတယ် အဲဒီထဲက တချို့ကို ပြောရမယ်ဆိုရင် ထာဝရရှင်သန်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာသန်မာအားကောင်းလာခြင်း၊ မှတ်ဉာဏ်လွှဲပြောင်းခြင်း၊ သက်ရှိပုံစံထိန်းချုပ်ခြင်းနဲ့တခြားတခြားသော စိတ်ကူးတွေပဲပေါ့ ပြီးတော့ အဲ့ဒီစိတ်ကူးတွေထဲက တခုကတော့ သက်ရှိပုံစံဆင့်ကဲပြောင်းလဲခြင်းပဲ”

တကယ်တော့ ပိတ်လော့၏ ဝိညာဥ်သည် စမ်းသပ်ခန်းတွင်မရှိပဲ လျောင်ယဲ့နိုင်ငံ ကျူးအိမ်တော်တွင် ရှိနေ၏။

သို့သော် လင်ကျွေ့လျူကတော့ ပိတ်လော့၏အသံကို ယခုမှသာကြားဖူးသော်လည်း မည်သို့မှ အံ့သြဟန်မပေါ်။ သူ့ကို တကယ်အံ့သြစေသည်မှာ ပိတ်လော့၏ စကားများသာ ဖြစ်သည်။

“ဒီတော့ အာကင်နာနိုင်ငံတော်ဟာ တကယ်ပဲ ဒီစိတ်ကူးကို အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ ဆိုလိုတာလား"

ပိတ်လော့က စိတ်ရှည်လက်ရှည်ပင် ရှင်းပြလိုက်ပြန်သည်။

“ပြင်ပကမ္ဘာတွင် မရှင်သန်နိုင်ပဲ ချောက်နက်ထဲမှာပဲ တည်ရှိနေနိုင်တဲ့ ဒီလိုမူလပစ္စည်းမျိုး သဘာဝအတိုင်း ဖြစ်လာဖို့ဆိုတာ ရာခိုင်နှုန်းအတော်ကို နည်းတယ် ဒီတော့ ဒါဟာ တစုံတယောက် ဖန်တီးထားတာမျိုးပဲ ဖြစ်လိမ့်မယ် ကျုပ်သိထားသလောက်ကတော့ အာကင်နာပညာရှင်တချို့ဟာ ဒီနည်းပညာမှာ အောင်မြင်မှုတချို့ ရခဲ့ဖူးကြတယ်ဆိုတာပဲ ကောနီဂါတယောက်တည်း နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုလို အံ့မခန်းစက်ပစ္စည်းကို ဖန်တီးနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ သူ့ရှေ့က အာကင်နာပညာရှင်တယောက်ယောက် ဖန်တီးထားတဲ့အမွေအနှစ်ကို သူ လက်ဆင့်ကမ်းဆက်ခံတယ်ဆိုတာက ပိုပြီး ဖြစ်နိုင်ချေရှိတယ်"

“ဒါဆို…”

“ဆိုလိုတာက အာကင်နာနိုင်ငံတော်ဟာ ဆင့်ကဲပြောင်းလဲခြင်းနည်းပညာတရပ်ကို တီထွင်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး"

စုချန်းက ဝင်ပြောလိုက်၏။

“ဒီတော့ ကျုပ်တို့ လုပ်ဖို့လိုတာက ဒါကို အောင်မြင်အောင် လုပ်ဖို့ပဲ”

All Chapters