ဓားတစ်သောင်းတောင်၏အန္တရာယ်
Vol. 97 Ch. 957
မနက်ခင်း၏ လေပြေသည် လေထုကိုဖြတ်၍ အသော့လေး တိုက်ခတ်နေ၏။
စုချန်းသည် လေသာဆောင်ပေါ်တွင် ရပ်ရင်း အဝေးဆီသို့ ငေးကြည့်နေသည်။ ဆိပ်ကမ်းဆီမှ ရေတပ်ပေါင်းစု လှေအသီးသီး၏ အဖြူရောင်ရွက်များ တလူလူလွင့်နေသည်ကို လှမ်းမြင်နေရ၏။ သာယာလှသော မနက်ခင်းအခါသမယပင် ဖြစ်သည်။
“ဂိုဏ်းချုပ် ရှုခင်းကြည့်ဖို့ အချိန်ရသွားပြီလား”
သူ့နောက်ဆီမှ ကြည်လင်ချိုအေးသော အသံတသံကို စုချန်း ကြားလိုက်ရ၏။
အထူးတလည် လှည့်ကြည့်စရာမလိုပဲမည်သူမည်ဝါမှန်း စုချန်း ချက်ချင်းသိလိုက်သည်။ သူ ဟက်ခနဲ တချက်ရယ်မောရင်း ပြောလိုက်၏။
“ဘယ်ကလာဗျာ ကျုပ် မနေ့က တညလုံး စမ်းသပ်နေတာ နည်းနည်း ပင်ပန်းသွားတာနဲ့ ခနတဖြုတ် အနားယူရအောင် ထွက်လာတာပါ ဟော ခုကျတော့ မင်းသမီးက ကျုပ် အပျင်းကြီးနေတယ် ထင်သွားပြီ"
မင်းသမီးဝက်မင်စတာ ပြုံးရယ်ရင်း စုချန်းဆီသို့ လျှောက်လာ၏။
“မထင်ရဲပါဘူးရှင် ဂိုဏ်းချုပ် လုပ်ပြခဲ့တာတွေက သာမာန်မှမဟုတ်တာပဲ ကျွန်မဖြင့် ဒီလိုအနေအထားထိ ရောက်လာလိမ့်မယ်လို့ တခါမှတောင် ထင်မထားမိဘူး"
မည်သူမျှ မသွားရဲသော ချောက်နက်နယ်မြေအတွင်း အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ခြင်းကို မင်းသမီးဝက်မင်စတာက ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။
သို့သော် စုချန်းက ခေါင်းခါလိုက်၏။
"ချောက်နက်ကို စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်တာက ကျုပ်တို့ရဲ့ ရည်မှန်းချက် မဟုတ်သေးဘူး ကျုပ်တို့အနေနဲ့ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုပြသနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ဆက်ပြီး ရှာဖွေရဦးမယ် ဖြစ်နိုင်ရင် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုကို ကျုပ်တို့အတွက် အသုံးချနိုင်အောင်ပါ ကြိုးစားရအုံးမယ်"
“ဂိုဏ်းချုပ် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုကို အသုံးချဖို့ ရှင်တကယ်ပဲ ကြိုးစားနေတာလား"
မင်းသမီး ဝက်မင်စတာက အထက်ပါအတိုင်း မေးပြီး စုချန်းကို စိုက်ကြည့်နေ၏။
စုချန်းကလည်း သူမကို လိမ်လည်ရန် မကြိုးစားချေ။
“ပင်လယ်သားရဲတွေရဲ့ ကြီးထွားမှုကို အရှိန်မြှင့်နိုင်စွမ်းရှိတဲ့ ဒီပစ္စည်းရဲ့ အနှစ်သာရကို ကျုပ်တို့တို့ ထုတ်ယူနိုင်မယ် ပြီးရင် ဒါကို တိုးတက်အောင် လုပ်နိုင်မယ်ဆိုရင် လူသားတွေအတွက် အများကြီး အကျိုးရှိနိုင်တယ်"
“ဂိုဏ်းချုပ်စု ရှင်ကတော့ လူသားမျိုးနွယ်တခုလုံးအတွက် တကယ့် ကောင်းချီးတခုပါပဲလေ ဒါပေမဲ့ လူသားအားလုံးကတော့ ဒီလို ထင်ပုံမပေါ်ပါလား"
မင်းသမီး ဝက်မင်စတာက သက်ပြင်းချရင်း ပြောလိုက်သည်။
စုချန်း မျက်မှောင်ကုတ်လိုက်သည်။
“မင်း တခုခုကို ပြောဖို့ ကြိုးစားနေပုံပဲ"
“ဂိုဏ်းချုပ်စုကို ထိခိုက်နစ်နာအောင် လုပ်ဖို့ ရည်ရွယ်ထားတဲ့ လူတချို့ ရှိနေတယ်ဆိုတဲ့ သတင်းကို လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ကျွန်မတို့ ရရှိခဲ့တယ်”
“ကျုပ်ကို ထိခိုက်အောင် လုပ်ချင်တဲ့လူတွေ အများကြီးပါပဲလေ"
“ဒီတစ်ခါတော့ မတူဘူးရှင့် သူတို့က ဂိုဏ်းချုပ်ကို တိုက်ရိုက် တိုက်ခိုက်ဖို့ ရည်ရွယ်တာ မဟုတ်ဘူး အဲဒီအစား သူတို့ ဓားတစ်သောင်းတောင်ကို တိုက်ခိုက်ကြလိမ့်မယ်"
စုချန်း၏ မျက်လုံးအစုံ လက်ခနဲ တောက်ပသွား၏။
လက်ရှိတွင် အချုပ်အနှောင်မဲ့ဂိုဏ်း၏ အင်အားအများစုမှာ ပုံရ်ိပ်တထောင်ကျွန်းသို့ ရောက်နေကြသည်ဖြစ်လေရာ အချုပ်အနှောင်မဲ့ဂိုဏ်းမှာ အတော်လေး အင်အားနည်းနေ၏။
ဤသတင်းကို သူမ မည်သည့်နေရာမှ ကြားရမှန်းကိုတော့ စုချန်းက မင်းသမီး ဝက်မင်စတာအား မေးမနေတော့ချေ။ အကြောင်းမှာ ပင်လယ်လူသားများတွင် ကိုယ်ပိုင် သတင်းစုဆောင်းရေး ကွန်ယက် ပိုင်ဆိုင်ထားမည်မှာ သေချာနေသောကြောင့်ပင်။
ခေတ္တ စဉ်းစားပြီး စုချန်းက မေးလိုက်၏။
“ကြည့်ရတာ ကျန့်ကျူးရှန်း ပြဿနာရှာနေပြီထင်တယ်”
ဝက်မင်စတာ ရယ်မောလိုက်သည်။
“ရှင့်ညဏ်ပညာကတော့ တကယ့်ကို အံ့သြစရာပဲ ဒါပေမဲ့ ဒီတခါတော့ သူတယောက်တည်း မဟုတ်ဘူး လောင်စန်းနိုင်ငံက လူတချို့လည်း ဒီကိစ္စမှာ ပါဝင်နေတယ်လို့ သိရတယ် ဒါ့အပြင် လီဝုယီကိုယ်တိုင်တောင် ပါဝင်နေဖို့များတယ်"
“လီဝုယီ ဟုတ်လား”
စုချန်း အံ့အားသင့်သွား၏။
“သူက ဒီလောက်တောင် အမြင်ကျဉ်းမြောင်းသတဲ့လား သူ ဘာလို့ ဒီလိုလုပ်ရတာလဲ”
“တခါတလေမှာ အမြင်ကျဉ်းတာပဲဖြစ်ဖြစ် အမြင်ကျယ်တာပဲဖြစ်ဖြစ် အရေးမကြီးရှင့် သူ့မှာလဲ ကိုယ်ပိုင်ရည်ရွယ်ချက်တချို့ ရှိနေနိုင်တာပဲလေ”
စုချန်း၏စိတ်ထဲတွင် လီတောက်ဟုန်ကို ချက်ချင်းသတိရသွားလေသည်။
လီဝုယီတွင် လီတောက်ဟုန်အတွက် လက်စားချေလိိုစိတ်များ ရှိနေသလား။
သို့မဟုတ် တခြားအကြောင်းရင်းများ ရှိနေသလား။
တဖန် စုချန်းက သူတို့လက်မှ ထွက်ပြေးလွတ်မြောက်သွားသော ဝိညာဥ်မျိုးစိတ်ဝင်အား ရုတ်တရက် သတိရမိပြန်သည်။
ထို့နောက် သီအိုရီတခု သူ့ခေါင်းထဲတွင် တဖြည်းဖြည်း ပုံပေါ်လာ၏။
ထို့နောက် စုချန်း ပြုံးလိုက်လေသည်။
စုချန်း၏ အပြုံးကြောင့် ဝက်မင်စတာ အံ့အားသင့်သွားသည်။
“ဂိုဏ်းချုပ်”
သို့သော် စုချန်းက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်၏။
“စိတ်မပူပါနဲ့ ကျုပ်ရဲ့ရန်သူတွေ အမှားကြီးတခု လုပ်မိသွားလို့ ကျုပ် ရယ်မိတာပါ တကယ့်တော့ ဓားတစ်သောင်းတောင်ကို ကျုပ်တို့ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်လို့ ထင်ရပေမယ့် ကျုပ်ကိုယ်တိုင်ကသာ တကယ့် အခြေခံအုတ်မြစ်ပဲ ဒီကိုရောက်နေတဲ့ ဂိုဏ်းရဲ့ ထိပ်တန်းတပည့်တွေနဲ့ အတူပေါ့လေ ဒီတော့ သူတို့ အိမ်အလွတ်တလုံးကို ဖျက်ဆီးတော့ကော ဘာဖြစ်သွားမှာလဲ … ပြီးတော့ သူတို့ အနိုင်ရမှာတောင် မဟုတ်ဘူး”
“သူတို့ အနိုင်ရမှာ မဟုတ်ဘူး ဟုတ်လား”
ဝက်မင်စတာ အံ့အားသင့်သွား၏။
“ဟုတ်တယ်”
စုချန်းက ပြန်ဖြေလိုက်သည်။
“သူတို့ရဲ့ အကြီးမားဆုံး အမှားကတော့ ဓားတသောင်းတောင်ကိုတိုက်ဖို့ နှစ်နှစ်ကြာအောင် စောင့်နေတာပဲ"
အချုပ်အနှောင်မဲ့ဂိုဏ်းတွင် တပည့်ပေါင်း ရှစ်သောင်း (၈၀,၀၀၀)ရှိသည့်အနက် ငါးသောင်း (၅၀,၀၀၀)သည် ဤခရီးစဉ်တွင် လိုက်ပါလာခဲ့၏။ ဆိုလိုသည်မှာ သုံးသောင်း (၃၀,၀၀၀) ကို နောက်ချန်ထားခဲ့သည်ဟု ဆိုလိုလိုက်ခြင်းပင်။
နှစ်နှစ်တာကာလအတွင်း စုချန်းနှင့်လိုက်ပါလာသည့် တပည့်များအနက် အယောက်၂၀၀၀သည် အလင်းတုန်ခါခြင်းနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့၏။ သို့ဆိုလျင် ဓားတစ်သောင်းတောင်တွင် မည်သို့ရှိမည်နည်း။
သူတို့တွင်လည်း အယောက်တထောင်ခန့်သည် အလင်းတုန်ခါခြင်းနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ကြ၏။
ယခုအချိန်တွင် သွေးဗီဇကန့်သတ်ချက်များ မရှိတော့၍ အချုပ်အနှောင်မဲ့ဂိုဏ်းမှ တပည့်များသည် ပေါင်းပင်များကဲ့သို့ နေရာတိုင်းတွင် အခြေခိုင်စွာ ကြီးထွားနေကြလေပြီ။
စုချန်းကဲ့သို့ ဂိုဏ်း၏ လက်ရှိအခြေအနေကို မည်သူမျှ မသိနိုင်ချေ။
အချိန်သာလုံလုံလောက်လောက်ရပါက အချုပ်အနှောင်မဲ့ဂိုဏ်းဝင်များသည် အံ့ဖွယ်တခုကို ဖန်တီးရန် လုံလောက်သည်ထက် ပိုနေကြောင်း သူ ကောင်းကောင်းကြီး သိထား၏။
ထို့ကြောင့် ယခုအချိန်တွင် သူ့အတွက် အရေးအကြီးဆုံး အလုပ်မှာ ကြိုတင်သတင်းပေးထားရန်သာ ဖြစ်သည်။
ကံကောင်းသည်မှာ ပိတ်လော့သည် ယခုအချိန်ထိ ကျူးမျိုးနွယ်စုနှင့်အတူ ရှိနေသေး၏။ ထို့ကြောင့် စုချန်းအနေနှင့် ဤသတင်းကို တစ်မိနစ်အတွင်း အချုပ်အနှောင်မဲ့ဂိုဏ်းသို့ အရောက်ပေးပို့နိုင်ပေလိမ့်မည်။
အချုပ်အနှောင်မဲ့ဂိုဏ်းတွင်ဖြစ်သည်။
အချုပ်အနှောင်မဲ့ဂိုဏ်းမှ ဂိုဏ်းအုပ်များအနက် ကောက်ဝမ်ချန်းတဦးသာ ဂိုဏ်းတွင် ကျန်နေရစ်ခဲ့၏။ ကောက်ဝမ်ချန်းသည် ပင်ကိုယ်အားဖြင့် အတော်လေး ပျင်းရိသူဖြစ်ပြီး တိုက်ခိုက်ခြင်းထက် စာဖတ်ခြင်းကိုသာ ပို၍နှစ်သက်သူ ဖြစ်သည်။ ထို့ကြောင့် သူသည် မူလချီစွမ်းအားပညာရှင် ဖြစ်သည့်တိုင် စိတ်အားထက်သန်စွာ ကျင့်ကြံရမည်ကိုတော့ အတော်လေး ဝန်လေး၏။
သို့သော် ကံကြမ္မာက သူ့ကို ကောင်းကင်ဘုံလက်သီးတပ်ရင်းသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် အချုပ်အနှောင်မဲ့ဂိုဏ်းဝင်ဖြစ်လာကာ ဤအဆင့်သို့ တက်လှမ်းလာနိုင်ခဲ့၏။ သို့သော် သူသည် တိုက်ခိုက်ခြင်းကို မုန်းတီးသူဖြစ်လေရာ ကောင်းကင်ဘုံလက်သီးတပ်ရင်း ၏ ခေါင်းဆောင် ခုနစ်ဦးအနက် ခွန်အားအနိမ့်ဆုံးသူ ဖြစ်သည်။
သို့တိုင်အောင် ကောက်ဝမ်ချန်းက ဤအချက်ကို အနည်းငယ်မျှ ဂရုမစိုက်။ သူ၏ ရည်မှန်းချက်များက တခြားနေရာတွင်သာ ရှိနေသည်မဟုတ်ပါလား။ ကျင့်ကြံခြင်းသည် စစ်သားတဦးအတွက် လိုအပ်ချက်ဖြစ်သော်လည်း ကောင်ဝမ်ချန်းကတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများကိုသာ အထူးတလည် စိတ်ဝင်စား၏။ ထို့ကြောင့်လည်း သူ့အနေနှင့် အချုပ်အနှောင်မဲ့ဂိုဏ်း၏ အုပ်ချုပ်ရေးတာဝန်များကို ကျေကျေနပ်နပ်ကြီး ယူထားခြင်းပင် ဖြစ်လေသည်။
အချုပ်အနှောင်မဲ့ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော လူသုံးဦး ရှိ၏။ စုချန်းကတော့ ပထမဆုံးလူဖြစ်မည်မှာ မေးခွန်းထုတ်နေစရာပင် မလိုချေ။ ပျံဝဲနေသောထာဝရရှင်သန်ခြင်းကျင့်စဥ်ကို တီထွင်သူနှင့် ဂိုဏ်းချုပ်တဦးဖြစ်သည့် စုချန်းကို တပည့်တိုင်းက ဘုရားတဆူဂူတလုံးသဖွယ် ကိုးကွယ်ကြ၏။ ဒုတိယလူမှာ လီကုံးရှန်ပင် ဖြစ်သည်။ အတွေ့အကြုံရင့် တပ်မှူးတဦးပီပီ လီကုံးရှန်သည် တပည့်များကို တင်းတင်းကျပ်ကျပ် စီမံခန့်ခွဲပြီး စည်းကမ်းလိုက်နာစေ၏။ ထို့ကြောင့် ဂိုဏ်းမှတပည့်တိုင်းက လီကုံးရှန်ကို ကြောက်လန့်ကြလေသည်။ တတိယလူမှာ ကောက်ဝမ်ချန်းပင် ဖြစ်သည်။ ကောက်ဝမ်ချန်းသည် ဂိုဏ်း၏ ကိစ္စသေးငယ်မှန်သမျှကို စီမံခန့်ခွဲရန် တာဝန်ရှိ၏။ ထို့ကြောင့် စုချန်းနှင့် လီကုံးရှန်တို့ကို ဂိုဏ်း၏ပုံရိပ်ဟုဆိုနိုင်ပြီး ကောက်ဝမ်ချန်းကတော့ ကျန်သည့် အသေးအမွှားကိစ္စများကို ကိုင်တွယ်ရလေ့ရှိသည်။
တနည်းအားဖြင့် ကောက်ဝမ်ချန်းကို အချုပ်အနှောင်မဲ့ဂိုဏ်း၏ အိမ်တော်ထိန်းနှင့်တူသည်ဟု ဆိုနိုင်၏။ သူသာမရှိလျင် ကိစ္စအများအပြားမှာ အကြီးအကျယ် အဆင်မပြေဖြစ်သွားနိုင်သည်။
ဤယနေ့တွင်ကား ကောက်ဝမ်ချန်းသည် လက်ဖက်ရည်သောက်ရင်း အစီရင်ခံစာများကို စိတ်အေးလက်အေးပင် ဖတ်ရှုနေ၏။
ထိုအချိန်မှာပင် တပည့်တဦး အလျင်အမြန် ဝင်လာပြီး သတင်းပို့လိုက်သည်။
“ဂိုဏ်းအုပ်ခင်ဗျာ ကျူးမျိုးနွယ်စု ဆီက အရေးပေါ် အကြောင်းကြားစာတစောင် ရောက်လာပါတယ်"
“ဒီကို ယူခဲ့စမ်း”
ကျောက်စိမ်းပြားပေါ်တွင် ထင်ဟပ်နေသည့်စာများကိုဖတ်ရင်း ကောက်ဝမ်ချန်း မျက်မှောင်ကုတ်သွား၏။ သူ့မျက်နှာမှာလည်း အထူးပင် အေးစက်တင်းမာသွားသည်။
"တွေ့ကြသေးတာပေါ့ကွာ တိုးရှီနဲ့ တခြားလူတွေကို ခေါ်လိုက်စမ်း”
တခနအကြာတွင် ကောက်ဝမ်ချန်း၏အခန်းတွင် လူများဖြင့် ပြည့်နှက်သွား၏။ သူတို့အားလုံးမှာ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အလားအလာကောင်းများ ပြသနိုင်ခဲ့သည့် တပည့်များပင် ဖြစ်သည်။
“ဂိုဏ်းချုပ်ဆီက သတင်းရောက်လာတယ် ရေအလျင်နိုင်ငံနဲ့ လောင်စန်းနိုင်ငံတို့ဟာ ဓားတစ်သောင်းတောင်ကို တိုက်ခိုက်ဖို့ စီစဉ်နေကြတယ်တဲ့ လျောင်ယဲ့နိုင်ငံလဲ ပါဝင်နိုင်ခြေ အလွန်များတယ်လို့သိရတယ် ဒီကိစ္စကို မင်းတို့အားလုံး ဘယ်လိုထင်ကြလဲ”
“နိုင်ငံသုံးနိုင်ငံ ကျုပ်တို့ကို ပူးပေါင်းတိုက်ခိုက်မယ်ပေါ့ ဒါ အမှန်ပဲလား”
လူတိုင်း ထိတ်လန့်သွားကြပြီး အသံပေါင်းစုံထွက်လာ၏။
“ဂိုဏ်းချုပ်က ဘာများပြောသလဲ ဂိုဏ်းအုပ်ကြီး”
တပည့်တဦးက မေးလိုက်သည်။ ကောက်ဝမ်ချန်းက ပြန်ဖြေလိုက်၏။
“ဂိုဏ်းချုပ်ပြောတာကတော့ သူရောက်နေတဲ့ ပင်လယ်ချောက်နက်ဟာ အရမ်းဝေးတယ်၊ ပြီးတော့ အဲ့ဒီမှာလဲ သိပ်မကြာခင် တိုက်ပွဲကြီးဖြစ်တော့မယ်လို့ ပြောတယ် ဒါကြောင့် သူ့အနေနဲ့ ကျုပ်တို့ကို စစ်ကူပေးနိုင်မှာမဟုတ်ဘူး ကျုပ်တို့ ကိုယ့်ဘာသာကိုယ် နည်းလမ်းရှာရလိမ့်မယ် သူက ကျုပ်တို့ ဘာပဲဆုံးဖြတ်ဆုံးဖြတ် လက်ခံဖို့အသင့်ရှိတယ်"
ဤစကားကို ကြားသည်နှင့် စုချန်း၏ ရည်ရွယ်ချက်ကို လူတိုင်း နားလည်သွားကြ၏။
ထိုအခါ သန်မာထွားကြိုင်းသောတပည့်တဦးက ထရပ်ပြီး ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။
"ဒါဆို ဘာမှပြောနေစရာမလိုတော့ဘူး ကျုပ်တို့ သူတို့ကို အသေခံပြီး တိုက်မယ်”
ထိုတပည့်မှာ တခြားသူမဟုတ်။ ကောက်ဝမ်ချန်း အထူးနာမည်တပ်ခေါ်ခိုင်းလိုက်သည့် ယန်တိုးရှီပင် ဖြစ်သည်။
“ကျုပ်တို့တဂိုဏ်းတည်းနဲ့ နိုင်ငံသုံးနိုင်ငံရဲ့အင်အားကို မယှဥ်နိုင်လောက်ဘူး သူတို့နဲ့ တိုက်ရိုက် ရင်ဆိုင်ဖို့ကြိုးစားတာက နည်းနည်း လွန်ကဲရာရောက်နေမယ်ထင်တယ်"
တစုံတယောက်က သူ့အမြင်ကို ပြန်ပြောလိုက်၏။
“နိုင်ငံသုံးနိုင်ငံ ဆိုပေမဲ့ စစ်သားတချို့ကိုပဲ ပို့မှာပါ သူတို့ရဲ့ ဧကရာဇ်တွေ တကယ်ကိုယ်တိုင် ပေါ်လာဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
အသားအရေဖြူလျော်လျော်နှင့် ပညာတတ်ပုံပေါက်နေသူတဦးက ဆိုလိုက်ပြန်သည်။ သူ၏အမည်မှာ ကျုလန်ပင် ဖြစ်သည်။
“သူတို့ရဲ့ စစ်တပ်တတပ်လုံး မဟုတ်ပဲ တချို့တဝက်ပဲလာရင်တောင် ကျုပ်တို့အနေနဲ့ ရင်ဆိုင်ဖို့ခက်နေတုန်းပဲ ဒါကြောင့် ဂိုဏ်းကို နေရာပြောင်းထားတကာက အကောင်းဆုံး အခွင့်အရေးလို့ ထင်တာပဲ”
ကြည်လင်ခန်းမမှ တပည့်တဦးက ပြောလိုက်ပြန်သည်။
“မင်းက ထွက်ပြေးမယ်လို့ ဆိုလိုတာလား”
ယန်တိုးရှီ၏ လေသံမှာ ရွံရှာဟန်ပေါက်နေ၏။
“ထွက်ပြေးတာ မဟုတ်ဘူး နေရာရွှေ့တာ ကျုပ်တို့ရဲ့ တာဝန်က ဂိုဏ်းရဲ့ဘဏ္ဍာတွေကို ကာကွယ်ဖို့ပဲ ကျုပ်တို့ ပြန်တိုက်ဖို့ ကြိုးစားရင် ဒီမှာရှိတဲ့ တပည့်သုံးသောင်းရဲ့ အသက်အတွက် ဘယ်သူတာဝန်ခံမှာလဲ မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေကို ဘယ်သူက စောင့်ရှောက်မလဲ ကျင့်ကြံမှုနည်းစနစ်တွေကို ဘယ်သူက လက်ဆင့်ကမ်းမလဲ”
အထက်ပါအတိုင်း တပည့်များသည် အချင်းချင်း ငြင်းခုံနေကြ၏။ မည်သို့ဆိုသေ ကောက်ဝမ်ချန်းကတော့ နောက်ဆုံး ဆုံးဖြတ်ချက်ချနိုင်သည့် အာဏာကို ကိုင်စွဲထားဆဲပင် ဖြစ်သည်။
ကောက်ဝမ်ချန်းသည် စကားတလုံးမျှ မပြောဘဲ တိတ်ဆိတ်နေ၏။ အချိန်အတော်ကြာပြီးမှ သူက အောက်ပါအတိုင်း ပြောလိုက်လေသည်။
“ဂိုဏ်းချုပ်က သူ့အစား ဂိုဏ်းကို စီမံခန့်ခွဲဖို့ ကျုပ်ကို ညွှန်ကြားထားတယ် ဒါကြောင့် ကျုပ်အနေနဲ့ အမှားမလုပ်ဝံ့ဘူး ကျုပ်ဟာ တိုက်ပွဲတွေကို မုန်းတီးတယ် ကျင့်ကြံခြင်း အခြေခံရှိပေမယ့် တိုက်ခိုက်ရတာကို မကြိုက်ဘူး ဒါပေမဲ့ ကံကြမ္မာက ကျုပ်ကို တိုက်ပွဲထဲကိုပဲ ထပ်ခါတလဲလဲ ဆွဲခေါ်နေတယ် ဘယ်တတ်နိုင်ပါ့မလဲ ဒါကိုက ကျုပ်ရဲ့ ကံကြမ္မာ ဖြစ်ကောင်းဖြစ်နိုင်တာပဲ ဘယ်လိုပဲဖြစ်ဖြစ် အရေးကြုံလာရင် ကျုပ်တို့အနေနဲ့ ကိုယ့်တာဝန်ကို ကိုယ်ကျေမှရမယ် ကျုပ်တို့ရဲ့ရဲဘော်ရဲဘက်တွေ ပင်လယ်ပြင်တနေရာမှာ သူတို့အသက်ကို စွန့်စားနေချိန်မှာ ကျုပ်တို့က ဒီမှာ သက်တောင့်သက်သာနဲ့ အနားယူနေကြတယ် ဒီလိုအချိန်မှာ စမ်းသပ်မှုတခု ရောက်လာတယ် ကျုပ်တို့ ဘယ်လို တုံ့ပြန်သင့်လဲ ထွက်ပြေးရမှာလား ဒါမှမဟုတ် ထိပ်တိုက်ရင်ဆိုင်သင့်သလား"
ထို့နောက် သူက ခေါင်းမော့ရင်း လူတိုင်းကို ကြည့်လိုက်သည်။
“ကျုပ်ဟာ အုပ်ချုပ်ရေးပိုင်းကိုပဲ ဝါသနာပါတယ် တိုက်ခိုက်ရတာကို မုန်းတီးတယ် ဒါပေမဲ့ တိုက်ပွဲတခု ရောက်လာရင် ကျုပ် ကြောက်နေမှမဟုတ်ဘူး ဒါကြောင့် ကျုပ်တို့အနေနဲ့ ရန်သူတွေကို ရဲရဲရင့်ရင့် ရင်ဆိုင်ပြီး သူတို့ကို မောင်းထုတ်မယ် ကျုပ်တို့ရဲ့ နယ်မြေကို ကျူးကျော်ဝင်ရောက်တဲ့သူ ဘယ်သူ့မဆို… အားလုံးကို သတ်မယ် ဒါ ကျုပ်ရဲ့ဆုံးဖြတ်ချက်ပဲ"