← Chapters

ရန်သူများရောက်ရှိလာခြင်း

Vol. 97 Ch. 958

ရန်သူများရောက်ရှိလာခြင်း

Vol. 97 Ch. 958

ရှန်ကျွင်းအန်သည် တိမ်တိုက်များပေါ်တွင် လေကဲ့သို့ အလွန်လျင်မြန်စွာ ရွေ့လျားနေ၏။ သူ့မျက်နှာမှာ အထူးပင် လေးနက်တည်ကြည်လျက် ရှိသည်။

တကယ်တော့ ဤစစ်ဆင်ရေးကိုဆင်နွှဲရန် သူကိုယ်တိုင်က တောင်းဆိုခဲ့ခြင်းပင် ဖြစ်သည်။ အိမ်ရှေ့မင်းသားကလည်း သူ့အပေါ် မျက်နှာသာပေးကာ လိုက်လျောခဲ့၏။ ထို့ကြောင့် သူ့အနေနှင့် ဤအခွင့်အရေးကို အကောင်းဆုံး အသုံးချရန် ဆုံးဖြတ်ထား၏။

အထက်ပါအတိုင်း တွေးတောရင်း ရှန်ကျွင်းအန်က သူ့လက်အောက်ငယ်သားများကို လောဆော်လိုက်၏။

"ကဲ အားလုံးပဲ ကျုပ်တို့ မြန်မြန်လေးသွားလိုက်ရအောင် ကျုပ်တို့အနေနဲ့ ညမရောက်ခင် ဓားတစ်သောင်းတောင်ကို ရောက်နေဖို့လိုတယ်"

"ကျုပ်တို့ ညဘက်ကျမှ ဝင်တိုက်ကြမှာမလား"

လူရှီဝမ်က မေးလိုက်၏။

ရှန်ကျွင်းအန်က မာန်ပါပါနှင့် ပြန်ဖြေလိုက်သည်။

"စစ်ပွဲတပွဲမှာ အမြန်နှုန်းဆိုတာ သိပ်ပြီးအရေးကြီးတယ်ကွ"

သူသည် စစ်ရေးဆိုင်ရာမဟာဗျူဟာစာအုပ်များကို များများစားစား ဖတ်ဖူးသူ မဟုတ်လေရာ အဘယ်ကြောင့် အမြန်နှုန်းက အရေးကြီးမှန်း ဂဃနဏ သိသည်မဟုတ်။ ပါးစပ်ထဲတွေ့ရာ လျှောက်ပြောလိုက်သည့် သဘောမျှသာ ဖြစ်သည်။

လူရှီဝမ်ကမူ ရှန်ကျွင်းအန်ထက် ပို၍ တွေးခေါ်တတ်၏။ သို့သော် သူ့စကားကို ရှန်ကျွင်းအန် နားထောင်မည့် အခြေအနေ မရှိမှန်း သဘောပေါက်၍ ပါးစပ်ပိတ်ထားလိုက်လေသည်။

ဤစစ်ဆင်ရေးကို သုံးနိုင်ငံ ပူးပေါင်းစစ်ဆင်ရေးဟုဆိုသော်လည်း လောင်စန်းနိုင်ငံကသာ အဓိကတိုက်စစ်ကို တာဝန်ယူထားရ၏။

ကျန့်ကျူရှန်းအနေနှင့် ပင်လယ်သားများ၏ စောင့်ကြည့်ခြင်းကို ခံနေရ၍ ထင်တိုင်းကြဲနိုင်စွမ်းမရှိ။ ထို့အပြင် ဓားတစ်သောင်းတောင်သည် ရေအလျင်နိုင်ငံနှင့် ဝေးကွာလွန်း၍ သူ့အနေအထားက မြှောက်ပေးသည့်အဆင့်သာ ရှိသည်။ သို့သော် သူက စည်းလုံးမှုကို ပြသသည့်အနေဖြင့် မူလချီစွမ်းအားပညာရှင်တချို့ကိုတော့ စေလွှတ်ခဲ့သေး၏။ သို့သော် ထိုသူများမှာလည်း တော်ဝင်မိသားစု မှ မဟုတ်ကြချေ။

လီဝုယီက ပို၍ပင် ဆိုးနေသေးသည်။ သူ့အဓိကတာဝန်မှာ ကျူးမျိုးနွယ်များ ဤစစ်ဆင်ရေးတွင် ဝင်ရောက်မစွက်ဖက်နိုင်စေရန် ထိမ်းချုပ်ထားရေးသာ ဖြစ်သည်။ ထို့ကြောင့် သူက ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အဆင့် ချီစွမ်းအားပညာရှင်တချို့ကိုသာ စစ်ကူအဖြစ် စေလွှတ်ခဲ့၏။

ဤအနေအထားကို ကြည့်လျင် ကျန်နှစ်နိုင်ငံအနေနှင့် နောက်ဆက်တွဲဘာတွေဖြစ်လာမည်ကိုသာ စောင့်ကြည့်နေကြောင်း ထင်ရှားနေ၏။

မည်သို့ဆိုစေ ဤစစ်ဆင်ရေးကို လောင်စန်းတနိုင်ငံတည်းကသာ ကြီးကြီးမားမား ရင်းနှီးမြုပ်နှံထားသည်မှာ ထင်ရှားနေ၏။

အဖွဲ့ခေါင်းဆောင် ရှန်ကျွင်းအန်သည် အတွေးပုံဖော်ခြင်းနယ်ပယ်ကျင့်ကြံသူ တဦးဖြစ်သည်။ မူလကမ္ဘာကြီးတွင် ကျင့်ကြံသူတဦးက အတွေးပုံဖော်ခြင်းနယ်ပယ်အဆင့်သို့ရောက်သွားလျင် ထိပ်ဆုံးအဆင့်သို့ ရောက်ခါနီးပြီဟု ယူဆ၍ရ၏။ အကြောင်းမှာ လူသားမျိုးနွယ်တွင် အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ကျင့်ကြံသူအရေအတွက်ကို အလွယ်တကူ ရေတွက်နိုင်သောကြောင့် ပင် ဖြစ်သည်။ ကုမျိုးနွယ်စုတွင် အနှိုင်းမဲ့ဧကရာဇ်နယ်ပယ် ကျင့်ကြံသူ ဆယ့်နှစ်ဦးထိ ပိုင်ဆိုင်ထားသည်မှလွဲ၍ ကျန်အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများမှာ နိုင်ငံအသီးသီး၏ ဧကရာဇ်များသာ ဖြစ်ကြသည်မဟုတ်ပါလား။

ဧကရာဇ်များကိုယ်တိုင်ကတော့ စစ်ထွက်မည်မဟုတ်၍ ကန့်သတ်စစ်ပွဲတပွဲတွင် အတွေးပုံဖော်ခြင်းနယ်ပယ် ကျင့်ကြံသူများကိုသာ အင်အားအကြီးဆုံးသူများဟု သတ်မှတ်ရမည်မှာ အမှန်တရားပင်တည်း။

တကယ်လည်း အတွေးပုံဖော်ခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်တဦး၏ အင်အားသည် စစ်သား ထောင်သောင်းချီ ပါဝင်သော စစ်တပ်တစ်တပ်၏ အင်အားနှင့် ညီမျှပေသည်။

သူတို့၏ တပ်ဖွဲ့တွင် ရှန်ကျွင်းအန် အပြင် ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်ကျင့်ကြံသူ ဆယ့်နှစ်ဦး၊ အလင်းတုန်ခါခြင်းနယ်ပယ် ကျင့်ကြံသူ ငါးဆယ်ခြောက်ဦး နှင့် တော်ဝင်အစောင့်တပ်မှ စစ်သည်သုံးထောင်ခန့်အထိ ပါဝင်နေ၏။ သူတို့အားလုံးမှာ အိမ်ရှေ့မင်းသား၏ ကိုယ်ပိုင်စစ်သားများ ဖြစ်နေသည်ကို ကြည့်လျင် အိမ်ရှေ့မင်းသား မည်မျှ စိတ်ဓာတ်ပြတ်သားနေကြောင်း မြင်သာပေသည်။

မှန်ပါသည်။ ကျန့်ကျူးရှန်းက ဤအခြေအနေကို စတင် မီးထိုးပေးခဲ့သူဖြစ်သည်။ သို့သော် ဤစစ်ဆင်ရေးကို လောင်စန်းနိုင်ငံ၏ အိမ်ရှေ့မင်းသား လင်ဝမ်ကျွန်းက အဓိက ကျောထောက်နောက်ခံပေးခဲ့ခြင်းပေတည်း။

စုချန်းသည် ကောင်းကင်ဘုံလက်သီးတပ်ရင်းပြသနာတွင် လင်ဝမ်ကျွန်းကို အကြီးအကျယ် အထိနာစေခဲ့၏။ ဤပြသနာကြောင့် သူသည် သတ်ဖြတ်သူသုတ်သင်ဖယ်ရှားရေးတပ်မတော်၏ ဒုတပ်မှူးရာထူးမှ ဖယ်ရှားခံခဲ့ရပြီး ဗိုလ်ချုပ်အဆင့်ထိ ရာထူးအချခံခဲ့ရ၏။

ထိုအခြေအနေတွင် လင်ဝမ်ကျွန်းတယောက် အိမ်ရှေ့မင်းအရာမှ အချခံရပြီဟု လူတိုင်းက ယူဆခဲ့ကြ၏။ သို့သော် လင်ဝမ်ကျွမ်းကား ကြံ့ကြံ့ခံနိုင်ခဲ့၏။ ကံကြမ္မာကို ပြောင်းပြန်လှန်နိုင်ခဲ့၏။ ယခုဆိုလျင် လင်ဝမ်ကျွန်း၏ အနေအထားက တနိုင်ငံလုံးရှိ စစ်သည်များကို ကွပ်ကွဲခွင့်ရသည့်အခြေအနေသို့တိုင် တက်လှမ်းနိုင်ခဲ့လေပြီ။

လူ့ဘဝ၏ အနိမ့်အမြင့် အတက်အကျများဟူသည်ကား ခန့်မှန်းရခက်လှချေသည်တကား။

အာဏာကို ပြန်ရပြီးနောက် လင်ဝမ်ကျွန်း၏ ပထမဆုံးဦးစားပေးအလုပ်မှာ စုချန်းကို သင်ခန်းစာ ပေးရန်ပင် ဖြစ်သည်။ စုချန်းသည် သူ့အပေါ် လုပ်ခဲ့သမျှအတွက် သေချာပေါက် ပြန်လည်ပေးဆပ်ရပေလိမ့်မည်။

ရှန်ကျွင်းအန်သည်လည်း အိမ်ရှေ့မင်းအလိုပြည့်စေရန် ဓားတစ်သောင်းတောင်ကို သွေးဖြင့်လွှမ်းသွားစေရမည်ဟု ဆုံးဖြတ်ထား၏။

တပ်ဖွဲ့သည် အရှိန်အဟုန်နှင့် ချီတက်လာရာ နေမဝင်မီမှာပင် မြို့သို့ရောက်လာကြသည်။ ခရီးရောက်မဆိုက်မှာပင် ယခင်က တစပြင်မျှသောဒေသကြီး သိသိသာသာ ပြောင်းလဲသွားသည်ကို သူတို့ သဘောပေါက်လိုက်ကြ၏။

အမြင့်ဆုံးသောတောင်ထွတ်ပေါ်တွင် နန်းတော်ကြီးတဆောင် ရှိနေပြီး ၎င်း၏ စုလစ်မွန်းချွန်များသည် တိမ်တိုက်များအတွင်း ထိုးဖောက်ဝင်ရောက်သွားကြ၏။ ပင်မနန်းဆောင်ကြီးကို ဝန်းရံထားသော အဆောက်အအုံများသည်လည်း စီတန်းလျက်ရှိကြလေရာ အမြင်အားဖြင့် များစွာ ခန့်ညားလှတော့သည်။

ရှန်ကျွင်းအန်၏ မျက်လုံးအစုံတွင် ထူးဆန်းသောအရိပ်အယောင်များ ယှက်သန်းလာ၏။

"ဒီလောက် ကြီးမားတဲ့အဆောက်အအုံမျိုးကိုတောင် ဆောက်ရဲတယ်ဆိုတော့ ရဲတင်းလှချည်လား ဘာလဲ ဒီကောင်တွေ သူပုန်ထဖို့ စီစဉ်နေကြတာလား"

ဤကာလမျိုးတွင် ကြီးကြီးမားမား အဆောက်အအုံမျိုးကို ဆောက်လုပ်ခြင်းသည် ပုန်ကန်မှုနှင့် တကယ်ပင် ဆက်စပ်မှုရှိနေ၏။ အကြောင်းမှာ ဧကရာဇ်နန်းတော်ထက် ကြီးကျယ်ခမ်းနားသော အဆောက်အအုံမျိုး ပိုင်ဆိုင်ထားခြင်းမှာ ဧကရာဇ်၏ သြဇာအာဏာကို မခန့်မလေးစားလုပ်ရာရောက်နေသောကြောင့်ပင်။

သို့သော် ဓားတစ်သောင်းတောင်သည် နိုင်ငံသုံးနိုင်ငံ၏ နယ်နိမိတ်များ ဆုံရာတွင် တည်ရှိပြီး လူသူကင်းမဲ့သော ဒေသမျိုး ဖြစ်သည်။ ထို့ပြင် အချုပ်အနှောင်မဲ့ဂိုဏ်းတွင် တပည့်ပေါင်း ရှစ်သောင်းနီးပါး ရှိလေရာ အဆောက်အဦးများစွာ ဆောက်လုပ်ထားခြင်းမှာ သဘာဝကျသောလုပ်ရပ်သာ ဖြစ်သည်။ ထို့ကြောင့် ရှန်ကျွင်းအန်၏ စကားက စတင်တိုက်ခိုက်ရန် အကြောင်းပြသည့်စကားထက် မပိုချေ။

မည်သို့ဆိုစေ ယုတ္တိရှိသော ဆင်ခြေ ကို ရှာတွေ့လိုက်သဖြင့် သူ ဝမ်းသာအားရ ဖြစ်သွား၏။

"အားလုံးပဲ မြင်ကြပြီမလား တကယ်တမ်းမှာ အချုပ်အနှောင်မဲ့ဂိုဏ်းဟာ နယ်စပ်ကို စောင့်ကြပ်ဖို့ တာဝန်ယူထားသင့်ပေမဲ့ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဒီကောင်တွေ ပိုက်ဆံရှာနေကြတယ် ဒါ တော်ဝင်မိသားစုကို လှည့်ဖျားတာနဲ့ အတူတူပဲ ဒီ တော့ ဓားပြတွေ အရိုင်းအစိုင်းကောင်တွေကို တစ်ခါတည်း အပြီးသတ် ချေမှုန်းပစ်ဖို့က ငါတို့ရဲ့ တာဝန်ပဲ"

ရှန်ကျွင်းအန်၏ အော်ဟစ်ကြွေးကြော်သံအဆုံးတွင်တော့ စစ်ရထားများ ကောင်းကင်မှ ဆင်းသက်လာကြ၏။ လင်ဝမ်ကျွန်း၏ တော်ဝင်အစောင့်တပ် များပင် ဖြစ်သည်။

အိမ်ရှေ့မင်းသား ၏ ကိုယ်ပိုင်တပ်များပီပီ တော်ဝင်အစောင့်တပ်သည် ချမ်းသာကြွယ်ဝ၏။ ထို့ကြောင့် စစ်သား ဆယ်ဦး လျှင် စစ်ရထားတစီးကျစီ ခွဲခြမ်းပေးထားနိုင်လေသည်။

အဆိုပါ စစ်ရထားများသည် တိမ်ထိုးလွန်းပျံယာဉ်များထက်ပင် အရည်အသွေးမြင့်မားသည့် ပျံသန်းရေးမူလကိရိယာများ ဖြစ်ကြသည်။ အစောင့်တပ်တစ်တပ်လုံးပေါင်းလျင် စစ်ရထားသုံးရာတိတိ ပိုင်ဆိုင်ထား၏။

ရှန်ကျွင်းအန်ကား ခရီးရောက်မဆိုက်မှာပင် တိုက်စစ်စဖွင့်လိုက်လေပြီ။ သူ့စစ်ရေးဗျူဟာသည် ရိုးစင်းခြင်း၊ တိုက်ရိုက်ဆန်ခြင်း၊ ကြမ်းတမ်းခြင်းနှင့် ရက်စက်ခြင်းစသော သူ့ပင်က်ိုယ်စရိုက်များကို ထင်ဟပ်နေသည်။

စစ်ရထား သုံးရာသည် မိုးပေါ်မှကြွေကျလာသည့် ဥက္ကာပျံများကဲ့သို့ ဆင်းသက်လာကြပြီး တစီးချင်းစီမှဒါဇင်ပေါင်းများစွာသော မီးလုံးများကို ပစ်လွှတ်လိုက်ကြ၏။ ရုတ်တရက်ဆိုသလို ကောင်းကင်မှ မီးလျံမိုးရွာကျ လာသကဲ့သို့ ထင်မှတ်ရသည်။

အချုပ်အနှောင်မဲ့ဂိုဏ်းသည် ရှန်ကျွင်းအန်၏ ရုတ်ခြည်းတိုက်စစ်ကြောင့် အငိုက်မိသွားဟန်ပေါ်သည်။ မည်သို့မှ ခုခံနိုင်စွမ်းမရှိသကဲ့သို့ ဖြစ်နေကြ၏။

မီးလုံးများသည် နန်းတော်နံရံများကို တည့်တည့်မတ်မတ်ပင် ထိမှန်သွားပြီး ဟုန်းဟုန်းတောက် မီးလောင်ကျွမ်းတော့သည်။ ဟိုမှသည်မှ ထွက်ပေါ်လာသည့် အထိတ်တလန့်အော်သံများကို ကြားနေရသော်လည်း မည်သူမျှ အသင့်အနေအထားတွင် ရှိနေပုံမပေါ်ချေ။

လူတချို့သာလျင် ကောင်းကင်သို့ ပျံတက်လာကြ၏။ ဦးဆောင်သူက ကျယ်လောင်စွာ အော်ဟစ်မေးမြန်းလိုက်သည်။

"ဘယ်သူလဲကွ အချုပ်အနှောင်မဲ့ဂိုဏ်းကို စော်ကားရဲတာ"

ထိုသူမှာ တခြားလူမဟုတ်။ ကောက်ဝမ်ချန်းပင် ဖြစ်သည်။

"စော်ကားတာမဟုတ်ဘူး မင်းတို့ဂိုဏ်းကို ဖျက်ဆီးဖို့ ရောက်လာတာကွ"

ရှန်ကျွင်းအန်က ကျယ်လောင်စွာ ရယ်မောရင်း ကောက်ဝမ်ချန်းကို လက်ညိုးနှင့်ရွယ်လိုက်လေသည်။

ထိုအခိုက်မှာပင် ကောင်းကင်သည် မှောင်မိုက်သွားဟန်ရှိပြီး ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါတခုက ကောက်ဝမ်ချန်းကို လွှမ်းမိုးလာ၏။

"အတွေးပုံဖော်ခြင်းနယ်ပယ်ပါလား"

ကောက်ဝမ်ချန်းသည် ဝိညာဉ်လောင်ခြင်းနယ်ပယ်တွင်သာ ရှိနေသေး၍ ကျရှန်ကျွင်းအန်နှင့် ကျင့်ကြံခြင်းနယ်ပယ် တဆင့်လုံးပင် ကွာခြားနေသည်။ ထိုအခါ သူက အိပ်ကပ်ထဲမှ ပစ္စည်းတခု ကို ထုတ်ယူလိုက်လေသည်။

ထိုပစ္စည်းမှာ သေးငယ်သော မှန်တချပ်ဖြစ်သည်။ သို့သော် မှန်ချပ်သည် ကြည့်နေရင်းနှင့် တဖြည်းဖြည်း ကြီးလာနေ၏။ ၎င်းသည် ရှန်ကျွင်းအန်၏ လက်ညှိုးကို ကြားဖြတ်ပိတ်ဆို့ထားလိုက်လေသည်။ မှန်သည် ပို၍ တောက်ပလာပြီး တိုက်ခိုက်မှုက သူ့ထံသို့ ပြန်လှည့်လာသည်က်ို ရှန်ကျွင်းအန် တွေ့လိုက်ရ၏။

"အလင်းပြန်မှန်ပါလားဟ"

အတွေးပုံဖော်ခြင်းနယ်ပယ် ကျင့်ကြံသူတဦး၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်သည်က်ို ကြည့်လျင် ဤမှန်သည် အနည်းဆုံး ဒုတိယအဆင့်မူလကိရိယာ ဖြစ်မည်မှာ သေချာနေသည်။

တကယ်လည်း ကောက်ဝမ်ချန်းသည် ဒုတိယအဆင့် မူလကိရိယာကို ပိုင်ဆိုင်ထား၏။ ထိုမျှသာမကသေး သူ့အနေနှင့် အရေးကြီးအခြေအနေများတွင် ထုတ်သုံးနိင်သည့် တခြားရတနာများလည်း ရှိနေနိုင်သေးသည်။

အချုပ်အနှောင်မဲ့ဂိုဏ်းသည် အလွန်ချမ်းသာကြွယ်ဝသည်ဟု ရှန်ကျွင်းအန် ကြားဖူးထား၏။ ယခုတော့ ထိုစကားက အမှန်တရား ဖြစ်နေကြောင်း ထင်ရှားနေခဲ့ပေပြီ။

ရှန်ကျွင်းအန်၏ မျက်လုံးထဲတွင် လောဘတက်သည့် အရိပ်အယောင်များ ယှက်သန်းလာ၏။ ထို့နောက် သူက နောက်လှည့်ရင်း အော်ဟစ်အမိန့်ပေးလိုက်လေသည်။

"မင်းတို့အားလုံး ဘာရပ်လုပ်နေကြတာလဲ ဝင်တိုက်ကြစမ်း ဒီကောင့်ကိုတော့ငါ့အတွက် ထားခဲ့"

ထို့နောက် သူ ကောက်ဝမ်ချန်းကို ဖမ်းဆုတ်ရန် ဟန်ပြင်လိုက်၏။ ဒုတိယအဆင့် မူလကိရိယာလောက်ကိုတော့ သူ အရေးစိုက်စရာမလိုသေး။

မမျှော်လင့်ပဲ ကောက်ဝမ်ချန်းက အလင်းပြန်မှန် ကို ချက်ချင်းပင် ဖယ်ရှားလိုက်သည်။ ထို့နောက် တိမ်တိုက်တခု သူ့ခြေထောက်အောက်တွင် ချက်ချင်း ပေါ်လာပြီး ရှန်ကျွင်းအန်နှင့် ဝေးရာသို့ သူ့ကို ခေါ်ဆောင်သွားပြန်၏။

၎င်းကိုကြည့်ရင်း ရှန်ကျွင်းအန် အားရပါးရပင် ရယ်မောလိုက်၏။

"ကောင်းတယ် သိပ်ကောင်းတယ် မင်းမှာ ရတနာတွေ များများရှိလေ ငါ ပိုပျော်လေပဲ"

တဖန် သူ့ပုံသဏ္ဌာန်သည် တဖျတ်ဖျတ်လင်းလက်သွားပြီး ကောက်ဝမ်ချမ်းကို ဖမ်းဆီးရန် ကြိုးပမ်းလိုက်ပြန်သည်။

ရှန်ကျွင်းအန်ကား အသိလွတ်နေလေပြီ။ သူ့စိတ်ထဲတွင် ကောက်ဝမ်ချမ်းကို ဖမ်းဆီးပြီး ရတနာများကို သိမ်းပိုက်ရန်မှတပါး အခြားမရှိတော့။

အခြေအနေကို အကဲခတ်နေသော လူရှီဝမ်က သတိပေးလိုက်၏။

"တပ်မှုး သူ့နောက် ထပ်မလိုက်နဲ့တော့ တိုက်ပွဲကို ကွပ်ကဲဖို့ တပ်မှုးကို ကျုပ်တို့လိုတယ်"

"ငါ့ရှေ့ကဖယ်စမ်း ဘာကွပ်ကဲနေစရာလိုသလဲ တွေ့တဲ့ကောင်ကို တွေ့တဲ့နေရာမှာ သတ်ကြ ဒီကောင်တွေ အကုန်အလကားကောင်တွေချည်းပဲ"

ရှန်ကျွင်းအန် ဒေါသတကြီးနှင့် ဆဲဆိုပြီး ကောက်ဝမ်ချန်းနောက်သို့ ထပ်ချပ်မကွာပင် လိုက်ပါသွား၏။

သူ့အတွက်တော့ ဓားတသောင်းတောင် သည် လုယက်ခံရရန် စောင့်နေသည့် ဘဏ္ဍာတိုက်ကြီးနှင့် အတူတူသာ။ အချုပ်အနှောင်မဲ့ဂိုဏ်းဝင်များသည်လည်း အားနည်းသူများသာ ဖြစ်သည်။ ထို့ကြောင့် သူ့စစ်သားများကို အထူးတလည် ကွပ်ကဲနေစရာမလို။

အထက်ပါအတိုင်းတွေးရင်း ရှန်ကျွင်းအန်သည် ကောက်ဝမ်ချန်းကို အားသွန်ခွန်စိုက်ပင် လိုက်လံဖမ်းဆီးနေ၏။ သို့သော် ကောက်ဝမ်ချန်းသည် ကာကွယ်ရေးကိရိယာအများအပြားကို ပိုင်ဆိုင်ထားဟန်တူသည်။ ရှန်ကျွင်းအန် သူ့အနီးသို့ရောက်လာတိုင်း ထိုကိရိယာများကို ထုတ်သုံးပြီး လွတ်အောင်ရှောင်ထွက်သွားနိုင်၏။

သို့သော် ရှန်ကျွင်းအန်မှာ လုံးဝ စိတ်ဓာတ်မကျသည့်အပြင် ပို၍ပင် စိတ်အားထက်သန်လာလေသည်။

အလင်းပြန်မှန်၊ ကောင်းကင်ထွက်ပြေးတိမ်၊ ဒေါသမီးတောက်ယပ်တောင်...

ကောက်ဝမ်ချန်း ထုတ်သုံးနေသည့် ရတနာများကိုမြင်လေလေ ရှန်ကျွင်းအန်မှာ ပို၍ဝမ်းမြောက်လေလေ ဖြစ်နေ၏။

ဤသို့နှင့် တယောက်ကပြေး တယောက်ကလိုက်ရင်း သူတို့နှစ်ယောက် အတော်ပင် ခရီးပေါက်လာကြလေသည်။

All Chapters