← Chapters

ခွဲထုတ်တိုက်ခိုက်ခြင်း

Vol. 97 Ch. 959

ခွဲထုတ်တိုက်ခိုက်ခြင်း

Vol. 97 Ch. 959

ရှန်ကျွင်းအန်တယောက် ကောက်ဝမ်ချန်းကို လိုက်လံဖမ်းဆီးနေချိန်မှာပင် ဓားတသောင်းတောင်အနီးတဝိုက်တွင်လည်း အခြေအနေသည် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။

ကောက်ဝမ်ချန်းထွက်ပေါ်လာချိန်တွင် သူနှင့်အတူ အချုပ်အနှောင်မဲ့ဂိုဏ်း၏ တပည့်တချို့လည်း အတူတကွ လိုက်ပါလာခဲ့၏။

အတိအကျပြောရလျင် တပည့်ဆယ့်နှစ်ယောက်ပင် ဖြစ်သည်။

၎င်းတို့ တဦးစီတွင်လည်း ကောက်ဝမ်ချန်းကဲ့သို့ပင် ကိုယ်ပိုင်ရတနာတချို့ ပိုင်ဆိုင်ထားကြလေရာ ရှန်ကျွင်းအန်ဘက်မှ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်ဆယ့်နှစ်ယောက်သည်လည်း ၎င်းတို့နောက်မှ လိုက်ပါသွားကြပြန်၏။

အရာအားလုံးသည် အလွန် သဘာဝကျနစွာ ဖြစ်ပျက်နေ၏။ မျက်စိတမှိတ်အတွင်းမှာပင် မူလတိုက်ပွဲအစပြုရာနေရာ၌ အလင်းတုန်လှုပ်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်များသာ ကျန်ရစ်တော့သည်။

ထ်ိုအခါ စစ်သည်များအားလုံး တယောက်မျက်နှာကိုတယောက်ကြည့်ကာ အကဲခတ်လိုက်ကြ၏။ ၎င်းတို့၏ခေါင်းဆောင်များကိုယ်တိုင် လောဘဇောတိုက်နေပြီဖြစ်ရာ သူတို့သည်လည်း ခေါင်းဆောင်များ၏ ခြေရာကိုလိုက်နင်းရန် အသီးသီး ဆုံးဖြတ်လိုက်ကြ၏။

စုချန်းကိုယ်တိုင်သည်လည်း ဤလုပ်ရပ်မျိုးကို မကြာခန ပြုလုပ်ခဲ့ဖူး၏။ ယခုတော့ ဝဋ်လည်သည်ဟုသာ ဆိုရပေတော့မည်။

သို့နှင့် ကျူးကျော်တိုက်ခိုက်သူများသည် ဆာလောင်နေသော လင်းတများကဲ့သို့ ဓားတသောင်းတောင်ကို ဝိုင်းအုံတိုက်ခိုက်ကြတော့၏။ ထိုအခိုက်အတန့်တွင် ၎င်းတို့၏ စစ်ရထားများသည်လည်း ဝုန်းဒိုင်းကြဲပစ်ခတ်နေကြလေရာ အရာအားလုံး ဗြောင်းဆန်နေလေသည်။

သို့သော် ခနအကြာတွင် ပတ်ဝန်းကျင်ရှုခင်း ပြောင်းလဲသွားကြောင်းကို ကျူးကျော်တိုက်ခိုက်သူများ သတိထားမိသွားကြ၏။ အကြောင်းမှာ ၎င်းတို့၏ ရန်သူများသည် ကစဥ့်ကလျားဖြစ်ရမည့်အစား စနစ်တကျနှင့် ၎င်းတို့ကို ဝိုင်းပတ်ပိတ်ဆို့ထားသောကြောင့်ပင်။

အချုပ်အနှောင်မဲ့ဂိုဏ်းမှ တပည့်များကား ကျူးကျော်သူများကို ခုခံရန် စုပေါင်းတိုက်ကွက်ကို ခင်းကျင်းထားကြလေပြီ။ ကြည့်နေသလောက် အချုပ်အနှောင်မဲ့ဂိုဏ်းတွင် တပည့်အတော်များများ ကျန်နေသေးသည့်ပုံပေါ်နေသည်။

သို့တည်းမဟုတ် သူတို့ကနဦးမြင်ခဲ့ရသည့် ကစဥ့်ကလျားပြေးလွှားနေကြသော အချုပ်အနှောင်မဲ့ဂိုဏ်းသားများသည် ပုံရိပ်ယောင်များပေလား။

လူတိုင်း ကြောင်အန်းအန်းဖြစ်ကုန်ကြ၏။

သူတို့ ကနဦး မြင်တွေ့ခဲ့ရသည့် မြင်ကွင်းက ပုံရိပ်ယောင်သာ ဖြစ်နေခဲ့လျင် အချုပ်အနှောင်မဲ့ဂိုဏ်းသည် ဤအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပုံပေါ်နေသည်။

သို့သော် ၎င်းတို့ ရင်ဆိုင်နေရသော ရန်သူများ၏ အင်အား မှာ သာမန်သာ ဖြစ်ကြောင်း သဘောပေါက်လိုက်၍ လူတိုင်း ချက်ချင်းစိတ်သက်သာရသွားကြ၏။

အချုပ်အနှောင်မဲ့ဂိုဏ်းမှ တပည့်တဦးက အလံကိုမြှောက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"တိုက်ကြ"

"တိုက်"

တပည့်များအားလုံး ပြိုင်တူအော်ဟစ်ကြွေးကြော်ပြီး ဓား၊ လှံ၊ ပုဆိန်စသည့် လက်နက်အသီးသီးကိုဆွဲထုတ်ကာ ရန်သူများထံသို့ ပစ်လွှတ်လိုက်ကြသည်။ လက်နက်အစုအဝေးကြီးသည် လမ်းကြောင်းတလျှောက် အရာအားလုံးကို ချေမှုန်းပစ်တော့မည့်ဟန်ပန်နှင့် ရန်သူများထံသို့ တိုးဝင်သွား၏။

သူတို့ထံတိုးဝင်လာသော ဓားလှံလက်နက်အစုအဝေးကြီးကိုကြည့်ရင်း အလင်းတုန်ခါခြင်းနယ်ပယ် ကျင့်ကြံသူအယောင်ငါးဆယ်က သေခြင်းတရားကို သယ်ဆောင်လာဟန်ရှိသည့် လေပွေလှိုင်းကြီးကို ဖော်ထုတ်လိုက်၏။ ထိုအခါ လက်နက်အစုအဝေးကြီးသည်ကြောက်မက်ဖွယ်လေပွေလှိုင်းထဲတွင် ကြေမွပျက်စီးကုန်ကြလေသည်။

သို့သော် အချုပ်အနှောင်မဲ့ဂိုဏ်းဝင်များအနေနှင့် စိုးရိမ်ပူပန်ဟန်မပေါ်။ ထို့နောက် ၎င်းတို့ကို ဦးဆောင်နေသော ခေါင်းဆောင်ငယ်က အမိန့်ပေးလိုက်ပြန်သည်။

"မီးတောက်တွေ"

ထို့နောက် တလောကလုံးကို မီးလောင်တိုက်သွင်းပစ်မည့်ဟန်ရှိသည့် မီးလျံလှိုင်းလုံးကြီး ထပ်မံထွက်ပေါ်လာပြန်သည်။ တပ်ရင်းတရင်းစာ လူများ၏ စုပေါင်းစွမ်းအားမှာ တော်ရုံတန်ရုံလူများပင် အလေးအနက်ထားခုခံရလောက်အောင် ကြောက်စရာကောင်း၏။

သို့သော် အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင် ငါးဆယ်ဟူသည် အရည်အသွေးသာမက အရေအတွက်ကိုလည်း ဆောင်နေသော သဘောတွင် ရှိပေသည်။ စစ်သည်တထောင်အားလောက်နှင့်တော့ သူတို့ကို လွှမ်းမိုးနိုင်ရန်မှာ မလွယ်လှ။

ထိုအခါ အလင်းတုန်ခါခြင်းနယ်ပယ် ကျင့်ကြံသူများသည် တယောက်မျက်နှာကိုတယောက် ကြည့်ပြီး ရယ်မောရင်း လေလှိုင်းတခုကိုဖော်ထုတ်ကာ မီးကိုငြိမ်းသတ်လိုက်ကြသည်။

ထို့နောက် တဦးက ပြောလိုက်၏။

"ဒီကောင်တွေ အတော်ကို ကောက်ကျစ်တာပဲ ဒါပေမဲ့ အင်အားကတော့ မှုလောက်စရာမရှိဘူး ဒီတော့ ဒီပရိယာယ်တွေက ဘာသုံးစားလို့ရမှာလဲ"

"ဟုတ်တယ် ကဲ အချိန်ကုန်ပါတယ် အားလုံးကို ရှင်းပစ်လိုက်ကြရအောင်"

တခြားလူများကလည်း စိတ်ပါလက်ပါပင် ထောက်ခံလိုက်ကြသည်။

သို့သော် ထိုအချိန်မှာပင် အချုပ်အနှောင်မဲ့ဂိုဏ်းဘက်မှ နောက်ထပ်အဖွဲ့သစ်တဖွဲ့ ထပ်မံပေါ်ပေါက်လာပြန်၏။

"နောက်တဖွဲ့တဲ့လား ဒီကောင်တွေ ကိုယ့်ကိုယ်ကို သေကြောင်းကြံနေတာပဲကွ"

တယောက်က ရယ်မောလှောင်ပြောင် လိုက်၏။

"ခနလေး ဒီအဖွဲ့က တခုခု လွဲနေသလိုပဲ"

တယောက်ကပြောရင်း သူတို့ထံ ဦးတည်လာသော ရန်သူများကို လက်ညိုးထိုးပြလိုက်သည်။

တကယ်လည်း အချုပ်အနှောင်မဲ့ဂိုဏ်းဘက်မှ အဖွဲ့သစ်သည် အင်အား တထောင်ခန့်သာ ရှိသော်လည်း ၎င်းတို့၏ အရှိန်အဝါမှာ များစွာ ထူးခြားနေ၏။ လက်စသတ်တော့ အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်အဖွဲ့ပေတကား။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

နောက်ထပ် လှည့်စားမှုပဲ ဖြစ်ရမယ်...

ဟုတ်တယ်... အဲဒီအတိုင်းပဲနေမယ်...

လူတိုင်း ထိုသို့ တွေးလိုက်ကြ၏။

တပ်ဖွဲ့တဖွဲ့တွင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်နှင့် သွေးဆူပွက်ခြင်းနယ်ပယ် ကျင့်ကြံသူ ထောင်ပေါင်းများစွာ ပါဝင်နေခြင်းသည် ပုံမှန်ဖြစ်သော်လည်း အလင်းတုန်လှုပ်ခြင်းနယ်ပယ်ကျင့်ကြံသူ တထောင်ဖြစ်နေခဲ့လျင်တော့ ပုံမှန်မဟုတ်နိုင်တော့ချေ။

ထ်ုအတွေးနှင့်အတူ အချုပ်အနှောင်မဲ့ဂိုဏ်း၏ အဖွဲ့သစ်မှာ ပုံရိပ်ယောင်သက်သက်သာဖြစ်ကြောင်း သူတို့ ပို၍ယုံကြည်သွားကြ၏။

ထိုအချိန်မှာပင် အဖွဲ့သစ်က တိုက်စစ်စဖွင့်လိုက်သည်။

အဖွဲ့သစ်ကို ဦးဆောင်လာသူက အချက်ပြလိုက်ရာ ကြောက်မက်ဖွယ် မီးတောက်လှိုင်းကြီးတလှိုင်း ရှေ့သို့တိုးထွက်သွား၏။ အနှိုင်းမဲ့ဧကရာဇ်နယ်ပယ် ကျင့်ကြံသူတဦးတည်းသာ ပြသနိုင်မည့်စွမ်းအားမျိုးကို စစ်သည် တစ်ထောင်အဖွဲ့က ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။

သို့သော် ဤအချက်ကြောင့်ပင် လောင်စန်းနိုင်ငံကျူးကျော်သူများ၏ စိတ်ထဲတွင် ပုံရိပ်ယောင်သာဖြစ်သည်ဟူသော ထင်မြင်ချက်ကို ပို၍ခိုင်မာသွားစေ၏။

စစ်မှန်သော အလင်းတုန်ခါခြင်းနယ်ပယ် ကျင့်ကြံသူများဟူသည် လွတ်လပ်သော စိတ်ဝိညာဥ်ပိုင်ရှင်များဖြစ်လေရာ ဤမျှ တစိတ်တဝမ်းတည်းပူးပေါင်းတိုက်ခိုက်ဖို့ဟူသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

သို့နှင့် ၎င်းတို့သည် ကိုယ့်ကိုယ်ကိုပင် ကာကွယ်ရန် မကြိုးစားတော့ပဲ အတိုင်းသား ရပ်ကြည့်နေကြ၏။ ဤသို့နှင့် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များက ၎င်းတို့ကို ဝါးမြိုသွားတော့သည်။

အကယ်၍ ၎င်းတို့သာ ရှောင်တိမ်းရန် သို့မဟုတ် ခုခံရန်ကြိုးစားပါက ဝါရင့် အလင်းတုန်ခါခြင်းနယ်ပယ် ကျင့်ကြံသူများပီပီ ဤမျှ ကြေကွဲဖွယ်ရာအခြေအနေမျိုးနှင့် အသက်ပျောက်သွားလိမ့်မည်မဟုတ်ချေ။ ရန်သူကို အထင်သေးခြင်း၏ အကျိုးပေတည်း။ ယခုတော့ ကျူးကျော်လာသူတပ်ဖွဲ့၏ အဓိကအင်အားသည် တချီတည်းနှင့် ကြေမွပျက်စီးသွားရလေပြီ။

အချိန်တချို့ကြာသွားလေပြီ။ တိုက်ပွဲမှာ ပို၍ပြင်းထန်လာ၏။ အချုပ်အနှောင်မဲ့ဂိုဏ်းမှာ တပည့်များကား မြေမျက်နှာသွင်ပြင်အားသာချက်၊ မူလပုံစံများ၊ မူလကိရိယာလက်နက်များ၊ ဆေးလုံးများ နှင့် အခြားလျှို့ဝှက်ကျွမ်းကျင်မှုများကို တွင်တွင်ကြီးအသုံးပြုကာ တော်ဝင်အစောင့်တပ်၏ ထိုးစစ်ကို တွန်းလှန်နေကြ၏။ ထိုအချိန်တွင် အချုပ်အနှောင်မဲ့ဂိုဏ်းဝင် အလင်းတုန်ခါခြင်းနယ်ပယ် ချီစွမ်းအားပညာရှင်များသည်လည်း အားကောင်းသောရန်သူများကို အထက်တွင်ဖော်ပြခဲ့သည့် နည်းလမ်းအတိုင်း ထပ်မံအငိုက်ဖမ်းတိုက်ခိုက်ရန် ပြင်ဆင်နေကြ၏။

အချုပ်အနှောင်မဲ့တွင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ပေါင်း တထောင် ခန့်ရှိသော်လည်း ၎င်းတို့အားလုံးနီးပါးသည် ထိုအဆင့်သို့ ရောက်ခါစလူများသာ ဖြစ်ကြသည်။ ထို့ကြောင့် ရန်သူတပ်ဖွဲ့တွင်ပါဝင်လာသော အတွေးပုံဖော်ခြင်းနယ်ပယ်ကျင့်ကြံသူတဦး၊ ဝါရင့် ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ် ကျင့်ကြံသူ ဆယ့်နှစ်ဦး နှင့် အလင်းတုန်ခါခြင်းနယ်ပယ် ကျင့်ကြံသူ ငါးဆယ်တို့၏အင်အားကို အထင်သေးစရာမဟုတ်ပေ။ ၎င်းတို့အနေနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် အနိုင်ရခဲ့လျှင်ပင် ပေးဆပ်မှုက အတော်လေးကြီးမားဖွယ်ရာ ရှိနေ၏။

ထို့ကြောင့် အကောင်းဆုံးသောချဉ်းကပ်မှုမှာ ထိုလူအုပ်စုအား သီးခြားစီ ခွဲထုတ်ပစ်ရန်ပင် ဖြစ်သည်။ ထို့နောက် ၎င်းတို့ အားနည်းသွားသည်နှင့် တချက်တည်းဖြင့် ရှင်းပစ်ရပေလိမ့်မည်။

ဤနည်းဗျူဟာမှာ အလွန်ခေတ်နောက်ကျနေသည်ဆိုသော်လည်း ယခုတိုင် ထိရောက်နေဆဲပင် ဖြစ်သည်။

အလင်းတုန်ခါခြင်းပညာရှင်ငါးဆယ်ကိုသတ်ဖြတ်ပြီးနောက် ယန်တိုးရှိီက ပြောလိုက်၏။

"ကဲ ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင် ဆယ့်နှစ်ယောက်ကိုပါ ရှင်းပစ်ရအောင်"

ထို့နောက် သူတို့အဖွဲ့သည် အဖွဲ့ဆယ့်နှစ်ဖွဲ့ အဖြစ် ခွဲထုတ်လိုက်ပြီး မတူညီသောလမ်းကြောင်းများသို့ ဦးတည် ပျံသန်းသွားကြ၏။ ငါးစာများ မည်သည့်နေရာသို့ ထွက်ပြေးရမည်ကို သူတို့အနေနှင့် ကြိုတင်သတ်မှတ်ပြီးသားပင် မဟုတ်ပါလား။ သူတို့တဖွဲ့စီတွင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် အယောက် ရှစ်ဆယ်ခန့်စီ ပါဝင်နေ၏။

ပုံမှန်အားဖြင့်ဆိုလျင် ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ် ကျင့်ကြံသူတဦးကို ရင်ဆိုင်ရန်မှာ အလင်းတုန်ခါခြင်းနယ်ပယ် ကျင့်ကြံသူ ဆယ်ဦးဆိုလျင် လုံလောက်ပြီဟု ဆိုနိုင်သည်။ ယခု သူတို့အဖွဲ့က အယောက်ရှစ်ဆယ်ထိ အင်အားသုံးထားလေရာ ပစ်မှတ်များကို အမြန်ဆုံးရှင်းပစ်နိုင်ရန် ရည်ရွယ်ထားကြောင်း မြင်သာနေ၏။

ထိုမျှသာမကသေး သူတို့အနေနှင့် ပစ်မှတ်များရှိရာသို့ အမြန်ဆုံးရောက်အောင်သွားရန်လည်း လိုအပ်နေ၏။ အချိန်ကြာသွားပါက ငါးစာအဖြစ် တာဝန်ယူထားသူများ အန္တရာယ် ကျရောက်သွားနိုင်၏။

ထိုအထဲတွင်မှ အန္တရာယ်အများဆုံးသူမှာ ကောက်ဝမ်ချန်းပင် ဖြစ်သည်။

အကြောင်းမှာ သူ မျှားခေါ်လာသည့်ရန်သူသည် အားလုံးထဲတွင် အသန်မာဆုံးသူ ဖြစ်နေသောကြောင့်ပင်။

ကောက်ဝမ်ချန်းသည် လေကိုခွင်းကာ ရှေ့သို့တဟုန်ထိုးပျံသန်းနေ၏။

"ဟားဟားဟားဟား မင်း ဘယ်လောက်အထိ ပြေးနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ် မင်း အသက်ရှင်ချင်ရင် မင်းလက်ထဲက တန်ဖိုးကြီးပစ္စည်းမှန်သမျှ ငါ့လက်ထဲအပ်လိုက် ဒါဆို မင်းကို လွှတ်ပေးဖို့ ငါ ကတိပေးတယ်"

ရှန်ကျွင်းအန်က ကျယ်လောင်စွာ ရယ်မောရင်း အမိန့်ပေးလိုက်၏။ သူ့ပုံစံမှာ အတော်လေး စိတ်ဓာတ်မြင့်မားနေပုံပင်။

သူ့ရန်သူသည် လက်ရှ်ိအချိန်ထိ မူလကိရိယာခြောက်မျိုးကို ထုတ်ယူသုံးစွဲပြီး ဖြစ်သည်။ ထိုတခုချင်းစီ၏ တန်ဖိုးမှာ မသေးလှ။ ထိုအခါ ရှန်ကျွင်းအန်မှာ ပို၍ပင် လောဘဇောတိုက်လာတော့၏။

ကံမကောင်းသည်မှာ ကောက်ဝမ်ချန်းထုတ်ယူသုံးစွဲပြနေသည့် မူလကိရိယာတိုင်းမှာ ခုခံကာကွယ်ရေးနှင့် သက်ဆိုင်သည့်ပစ္စည်းများချည်းသာ ဖြစ်နေ၍ ရှန်ကျွင်းအန်အဖို့ ကောက်ဝမ်ချန်းကို ဖမ်းမိရန်တော့ ခက်ခဲနေဆဲပင်။

ဟင် နေပါအုံး...

ဒီကောင်ထုတ်သုံးနေတဲ့ မူလကိရိယာတိုင်းက ထွက်ပြေးဖို့နဲ့ကာကွယ်ဖို့အတွက်ပဲ သုံးတဲ့ဟာတွေ ဖြစ်နေပါလား...

တဖြည်းဖြည်းနှင့် တခုခုမှားယွင်းလာသကဲ့သို့ ရှန်ကျွင်းအန် ခံစားလာရ၏။

သူသည် စိတ်မြန်သူ ဖြစ်သော်လည်း ငနုံငအတော့ မဟုတ်။

တစုံတခုကို တွေးမိသွားပြီး ချက်ချင်းဆိုသလို ရှန်ကျွင်းအန်က ပျံသန်းနေသည့်အရှိန်က်ိုလျှော့ပြီး ကောက်ဝမ်ချမ်းကို မေးလိုက်သည်။

"မင်း ငါ့ကို တမင်မျှားခေါ်နေတာလား"

ကောက်ဝမ်ချန်း အလန့်တကြား ဖြစ်သွား၏။ သွားပြီ။ အလိမ်ပေါ်သွားချေပြီ။

ရှန်ကျွင်းအန်၏ မေးခွန်း ဆက်လက်ထွက်ပေါ်လာပြန်သည်။

"ငါ့ကို ပြောစမ်း ဓားတသောင်းတောင် မှာ မင်းတို့ ဘယ်လို လှည့်ကွက်မျိုးတွေ လုပ်ထားသလဲ"

ကောက်ဝမ်ချန်း ပါးစပ်ပိတ်ထား၏။ ဤအခြေအနေတွင် သူ လုပ်နိုင်သည့် အကောင်းဆုံးအရာမှာ ပါးစပ်ပိတ်ထားရန်ပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ရှန်ကျွင်းအန် ၏ စိတ်မသက်မသာဖြစ်နေသော ခံစားချက် ပို၍သာ ဆက်လက် ကြီးထွားလာနေ၏။

ဤတာဝန်သည် အိမ်ရှေ့မင်းသားက သူ့ကို ယုံကြည်၍ခိုင်းထားသော တာဝန်ဖြစ်သည်။ အိမ်ရှေ့မင်းသား၏ မျှော်လင့်ချက်ကို မည်သို့မျှ ပျက်စီးခံ၍မရ။

အထက်ပါအတိုင်း တွေးမိသည်နှင် ရှန်ကျွင်းအန် နောက်လှည့်ပြီး ဓားတသောင်းတောင်သို့ ဦးတည်ပျံသန်းလိုက်တော့သည်။

သို့သော် ကောက်ဝမ်ချန်းအနေနှင့်လည်း ရှန်ကျွင်းအန်က်ို လက်လွတ်မခံနိုင်။ ထိုအခါ သူက အပြေးအလွှားပင် တားဆီးရန် ကြိုးစားလိုက်၏။

သို့သော် သူ အနီးကပ်ရုံမျှ ရှိသေးသည်။ ရှန်ကျွင်းအန် ရုတ်တရက်ပြန်လှည့်လာပြီး တိမ်နဂါးလက်သည်းဖြင့် ကောက်ဝမ်ချန်း၏ မျက်နှာကို ကုတ်ချလိုက်သည်။

ကောက်ဝမ်ချန်း အကြီးအကျယ် ထိတ်လန့်သွား၏။ သူ့ခန္ဓာကိုယ်သည်လည်း ရိပ်ခနဲ ပျောက်ကွယ်သွားပြီး အဝေးတနေရာတွင် ပြန်ပေါ်လာ၏။

"ဟင် စုချန်းရဲ့ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ပါလား"

ရှန်ကျွင်းအန် တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူ ညစ်ကျယ်ကျယ်ဟန်ဖြင့် ပြောလိုက်သည်။

"မင်းမှာ အစွမ်းရှိရင် ငါ့ကိုလာတားလေ မဟုတ်ရင်တော့ ငါ သွားတော့မယ်"

ထို့နောက် သူက နောက်လှည့်ပြေးသွားပြန်ရာ ကောက်ဝမ်ချန်းက လိုက်လံတားဆီးရပြန်သည်။ ဤအနေအထားသည် ကောက်ဝမ်ချန်းအဖို့ မနိုင်ဝန်ကိုထမ်းနေရသည်နှင့် တူနေ၏။ သို့သော် မတတ်နိုင်။ သူ့အနေနှင့် ရှန်ကျွင်းအန်ကို မဖြစ်ဖြစ်အောင် တားဆီးရမည်သာ။ အကြောင်းမှာ ရှန်ကျွန်းအန်သာ ပြန်သွားပါက သူ့တို့အစီအစဥ် ပျက်စီးသွားနိုင်သောကြောင့်ပင်။

ကောက်ဝမ်ချန်းသည် ရှန်ကျွင်းအန်ဆီသို့ တဟုန်ထ်ိုး ခုန်ဝင်လာ၏။

"ကောင်းတယ် လာခဲ့စမ်း"

အထက်ပါအတိုင်း ကြုံးဝါးရင်း ရှန်ကျွင်းအန်က လက်သည်းဖြင့် ထပ်မံကုတ်ဆွဲလိုက်သည်။

ထိုအခါ ကောက်ဝမ်ချန်းက အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို နောက်တကြိမ် ထုတ်သုံးလိုက်၏။ သို့သော် သူ ပြန်ပေါ်လာသည့်အချိန်မှာပင် ရှန်ကျွင်းအန်၏ အော်သံထွက်ပေါ်လာပြီး ကောက်ဝမ်ချန်း၏ တကိုယ်လုံး တောင့်တင်းသွားတော့သည်။

ထိုအချိန်မှာပင် ရှန်ကျွင်းအန်၏ ရိုက်ချက်က ကောက်ဝမ်ချန်းကို ထိမှန်သွားလေသည်။

ကောက်ဝမ်ချန်းကား တချီတည်းနှင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားလေပြီ။

All Chapters