ပညာရှိပုံသဏ္ဍာန်
Vol. 97 Ch. 960
အတွေးပုံဖော်ခြင်းနယ်ပယ်ကျင့်ကြံသူဖြစ်သည့် ရှန်ကျွင်းအန်၏ အင်ပြည့်အားပြည့်တိုက်ခိုက်မှုကြောင့် ဝိညာဉ် လောင်ကျွမ်းခြင်း နယ်ပယ်ကျင့်ကြံသူမျှသာဖြစ်သော ကောက်ဝမ်ချန်းတယောက် အန္တရာယ်ရှိသော အခြေအနေနှင့် ချက်ချင်း ရင်ဆိုင်လိုက်ရ၏။
ထိုအခါ ကောက်ဝမ်ချန်းက သက်ပြင်းတချက်ချရင်း ရေရွတ်လိုက်လေသည်။
"ဘာလို့များ ဒီလောက်ထိ အလုပ်ရှုပ်ခံရတာလဲ”
တချိန်တည်းမှာပင် သူ့နောက်ကျောတွင် စာအုပ်တအုပ် ပေါ်လာ၏။ ထူးထူးဆန်းဆန်းပင် ထိုစာအုပ်မှ ရွှေရောင်အလင်းများ ဖြာထွက်လာပြီး စာမျက်နှာများသည်လည်း သူ့အလိုလို လှန်နေ၏။ ထို့နောက် စာအုပ်ထဲမှ ထွက်ပေါ်လာသော စာလုံးများဖြင့် ကောင်းကင်တခွင်လုံး ပြည့်လျှံသွားတော့သည်။
ထူးထူးဆန်းဆန်း အခြေအနေကြောင့် ရှန်ကျွင်းအန် တုန်လှုပ်သွား၏။ ထိုအချိန်မှာပင် စာလုံးများသည် ဖိနှိပ်ခြင်း"ဟူသော စာလုံးများအဖြစ် ပြောင်းလဲသွားသည်။ ထိုစာလုံးပေါ်လာသည်နှင့် ရှန်ကျွင်းအန်တယောက် တောင်ကြီးတလုံး ဖိလာသကဲ့သို့ ခံစားလိုက်ရပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလုနီးနီးပင် ဖြစ်သွား၏။
ဒဏ်ရာရထားသည့်ကြားကပင် ကောက်ဝမ်ချန်း ကောင်းကင်သို့ ထပ်မံ ပျံတက်သွား၏။ သူ့စာအုပ်မှ စာမျက်နှာများသည်လည်း တရွက်ပြီးတရွက် တရိပ်ရိပ်နှင့် လှန်နေ၏။ တဖန် စာအုပ်ထဲမှ ပညာရှိပုံရိပ်တခု ထွက်ပေါ်လာပြီး ၎င်းမှာ စုချန်းနှင့် ဆင်ဆင်တူနေလေသည်။
ထို့နောက် ကောက်ဝမ်ချန်းသည် ကဗျာတပုဒ်ကို ကျယ်လောင်စွာ ရွတ်ဆိုလိုက်၏။
ကဗျာရွတ်သံ ထွက်ပေါ်လာသည်နှင့်ပညာရှိပုံရိပ်က စုတ်တံကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်စာလုံးများဖြင့် ဖွဲ့စည်းထားသော ကြီးမားသည့် လှောင်အိမ်ကြီးတခု ရှန်ကျွင်းအန်၏ ပတ်ပတ်လည်တွင် ပေါ်ထွက်လာပြီး သူ၏ မိုးတိမ်နဂါးကို ထွက်မပြေးနိုင်အောင် ဖမ်းဆီးထားလိုက်၏။
“ဒါ ဘာလဲ”
ရှန်ကျွင်းအန် မယုံနိုင်ဟန်ဖြင့် အော်ဟစ်လိုက်သည်။ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်အဆင့်သာရှိသူက သူ့ကို ဖမ်းချုပ်ရန်ကြိုးစားခြင်းမှာ စော်ကားလွန်းရာကျနေ၏။
“ဒါ ငါ့ရဲ့ တိုက်ခိုက်ရေးပုံသဏ္ဍာန်ပဲဖြောင့်မတ်မှန်ကန်ခြင်းသီချင်း ၊ မဟာစာအုပ် ၊ ပညာရှိပုံရိပ်”
ကောက်ဝမ်ချန်း အထက်ပါအတိုင်း အော်ဟစ်လိုက်၏။ တဆက်တည်းမှာပင် သူ့လက်ထဲတွင် စုတ်တံတချောင်း ပေါ်လာသည်။ ထိုစုတ်တံမှာ သာမန် စုတ်တံမျှသာ ဖြစ်သော်လည်း သူ နှစ်ပေါင်းများစွာ ကိုင်စွဲခဲ့သည့် စုတ်တံပေတည်း။
ကောက်ဝမ်ချန်းကား အမြဲတမ်း စာပေပညာရှင်တဦး၏ ဘဝက်ိုသာ လိုလားသူ ဖြစ်၏။ ကံကြမ္မာက သူ့ကို ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ တွန်းပို့ခဲ့သော်လည်း အနုပညာသည်သာ သူ၏ စစ်မှန်သော အာရုံဝင်စားရာ ဖြစ်သည်။
စုချန်းသည် အချုပ်အနှောင်မဲ့ဂိုဏ်းမှ တပည့်များအတွက် ရာနှင့်ချီသော တိုက်ခိုက်ရေးပုံသဏ္ဍာန်များကို ဖန်တီးခဲ့သော်လည်း ကောက်ဝမ်ချန်းကား ဘယ်တခုမှ စိတ်မဝင်စားခဲ့ချေ။ ထို့ကြောင့် သူက စုချန်း၏ သွေးကို တောင်းယူကာ ကိုယ်ပိုင်တိုက်ခိုက်ရေးပုံသဏ္ဍာန်တခုကို ဖန်တီးခဲ့လေသည်။
စုချန်း၏ သွေးဗီဇခုနှစ်ပါးမဟာရုပ်သွင်လောကငယ်သည် အစွမ်းထက်သော်လည်း သားရဲများ၏ ခွန်အားကို မှီခိုနေဆဲဖြစ်၍ လူသားတဦး လိုက်သင့်သည့် စစ်မှန်သော လမ်းစဉ်မဟုတ်ဟု ကောက်ဝမ်ချန်း ယူဆထား၏။ သူ့အမြင်အရ တိုက်ခိုက်ရေးပုံသဏ္ဍာန်၏ အဓိကအနှစ်သာရသည် သားရဲများအစား လူသားတစ်ဦးမှ စတင်သင့်သည်ဟု သူ ယုံကြည်ထားလေသည်။
ထို့ကြောင့် ကောက်ဝမ်ချန်းသည် စုချန်းကိုပင် သူ့တိုက်ခိုက်ရေးပုံစံအဖြစ် သုတေသနပြုခဲ့ခြင်းပင် ဖြစ်သည်။ စုချန်းကလည်း ကောက်ဝမ်ချန်း၏အကြံကို လက်ခံခဲ့ပြီး သူ၏ သွေးကို ကြည်ကြည်ဖြူဖြူပင် ထုတ်ယူပေးခဲ့လေသည်။ ဖြောင့်မတ်မှန်ကန်ခြင်းသီချင်း နှင့်မဟာစာအုပ်တို့မှာ ဤပညာရှိပုံရိပ်ကို အသုံးပြုနိုင်ရန် ဖန်တီးထားခြင်းပင်
ဖြစ်လေသည်။
ကောက်ဝမ်ချန်း၏ စုတ်တံသည် ကောင်းကင်တွင် လှပစွာ ကခုန်နေပြီး သူ့အတွင်းစိတ်သဏ္ဍာန်မှ အစစ်မှန်ဆုံး အတွေးများကို ထုတ်ဖော်နေသည်။
ကောက်ဝမ်ချန်း၏ စွမ်းဆောင်ရည်ကိုကြည့်ရင်း ရှန်ကျွင်းအန် တုန်လှုပ်သွား၏။ သို့သော် သူသည် သာမာန်လူမဟုတ်။ အတွေးပုံဖော်ခြင်းနယ်ပယ်ပညာရှင် ဖြစ်သည်။
“ဘာပညာရှိပုံရိပ်လဲ ခွေးမသား ငါ ဖျက်ဆီးပစ်မယ်”
သူ အထက်ပါအတိုင်း အော်ဟစ်ဆဲဆိုပြီး နဂါးနက်ငါးကောင်ကို ဖန်တီးကာ ရွှေရောင်စာလုံးလှောင်အိမ်ကို တိုက်ခိုက်လိုက်၏။
ကောက်ဝမ်ချန်း၏ ဖြောင့်မတ်ခြင်း သံကြိုးများသည် နဂါးနက်များ၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် လျင်မြန်စွာ ပျက်စီးသွား၏။ ရှန်ကျွင်းအန်သည် ကောက်ဝမ်ချန်းထက် ဆယ်ဆခန့် ပိုမိုအားကောင်းလေရာ ခွန်အားသုံးကာ ရန်သူကို အနိုင်ယူရန် ကြိုးစားလိုက်ခြင်းပင်။
နောက်ဆုံးတွင် ရှန်ကျွင်းအန်၏ နဂါးငါးကောင်သည် မဟာစာအုပ်ဒိုင်းကာကို ထိုးဖောက်ကာ ကောက်ဝမ်ချန်း၏ ရင်ဘတ်ကို တည်တည့်မတ််မတ်ပင် ထိမှန်သွား၏။ ကောက်ဝမ်ချန်းတယောက် နာနာကျင်ကျင် အော်ဟစ်ပြီး နောက်သို့လွင့်စင်သွား၏။ သူအန်ထုတ်လိုက်သော သွေးများမှာ မည်းနက် နေလေသည်။
ဒဏ်ရာမှာ ပြင်းထန်လှသော်လည်း ကောက်ဝမ်ချန်းသည် ထွက်မပြေးသည့်အပြင် အရူးတယောက်ပမာ အော်ဟစ်ရယ်မောရင်း ရှန်ကျွင်းအန်ကို နည်းလမ်းမျိုးစုံနှင့် တားဆီးလျက်ရှိသည်။
ကောက်ဝမ်ချန်း၏ အရူးပမာလုပ်ရပ်သည် ရှန်ကျွင်းအန်ကို ပို၍သံသယဖြစ်သွားစေ၏။ ထို့နောက် သူ ရတနာများကို လျစ်လျူပြီး ဓားတသောင်းတောင်သို့ ချက်ချင်းပြန်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် မိုးကုတ်စက်ဝိုင်းဆီမှ အချုပ်အနှောင်မဲ့အဖွဲ့၏ တပည့်အုပ်စုကြီးတစု ရုတ်တရက် ပေါ်လာ၏။
ရာနှင့်ချီသော အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များကို မြင်လိုက်ရ၍ ရှန်ကျွင်းအန်၏ နှလုံးသားသည် တဒိန်းဒိန်းနှင့် တုန်ယင်သွား၏။ ဤအနေအထားမှာ သူတဦးတည်း ရင်ဆိုင်နိုင်သောအနေအထားမျိုးမဟုတ်မှန်း သဘောပေါက်သော ရှန်ကျွင်းအန် ချက်ချင်းထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။
ရှန်ကျွင်းအန်သည် ထွက်ပြေးရင်း ကောက်ဝမ်ချန်းကိုပါ တပါတည်း ဖမ်းခေါ်သွားရန် ကြိုးစားသော်လည်း ကောက်ဝမ်ချန်းက ထွက်ပြေးရန်မကြိုးစားသည့်အပြင် ရှေ့ကိုပါတိုး၍ တိုက်ခိုက်လိုက်သေး၏။ သူသည် ကျိုးနေသော စုတ်တံ ကို ဝှေ့ယမ်းပြီး ဖြောင့်မတ်ခြင်းသံကြိုးများဖြင့် ရှန်ကျွင်းအန်ကို နောက်တစ်ကြိမ် ထပ်မံ ပိတ်လှောင်လိုက်ပြန်သည်။
“မင်း ရူးနေတာလား"
ရှန်ကျွင်းအန် မျက်ကလဲဆန်ပြာနှင့် အငိုက်မိသွား၏။
ထိုအချိန်တွင် ယန်တိုးရှီ ဦးဆောင်သောအုပ်စုမှာ တရွေ့ရွေ့ နီးကပ်လာပြီဖြစ်သည်။ ထို့နောက် သူက အမိန့်ပေးလိုက်၏။
"တိုက်ကြစမ်း"
ရာနှင့်ချီသော အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များ ဖန်တီးလိုက်သည့် မူလစွမ်းရည်များစွာသည် ကောင်းကင်မှ မိုးသီးမိုးပေါက်ကဲ့သို့ ရွာကျလာ၏။
ရှန်ကျွင်းအန် ထောင်ချောက်မှလွတ်သည်နှင့်တပြိုင်နက် ကိုယ့်ကိုယ်ကို ကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော် ရာပေါင်းများစွာသော အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှငများ၏ စုပေါင်းအားကို သူ မည်သို့ကာကွယ်နိုင်အံ့နည်း။ စက္ကန့်ပိုင်းအတွင်း သူ့တကိုယ်လုံး အစိတ်စိတ်အမွှာမွှာပြိုကွဲပြီး အငွေ့ပျံသွားလေသည်။
“ဆရာ”
ယန်တိုးရှီ ကျယ်လောင်စွာ အော်ဟစ်ပြီး ကောင်းကင်မှ ပြုတ်ကျလာ ကောက်ဝမ်ချန်းဆီသို့ အပြေးအလွှား ခုန်ဝင်သွား၏။ ကောက်ဝမ်ချန်း၏ တကိုယ်လုံးမှာ မည်းနက်နေပြီး ဆိုးရွားသော စွမ်းအင်များ ပျံ့နှံ့နေပြီဖြစ်၍ မျှော်လင့်ချက် မရှိတော့သည်မှာ အတိုင်းသားမြင်သာနေ၏။
သို့သော် ကောက်ဝမ်ချန်း ပြုံးနေ၏။ မျက်လုံးမှ သွေးမျက်ရည်များ စီးကျနေသည့်တိုင် သူ ပြုံးနေ၏။
“ဒီနေ့ တိုက်ပွဲကြောင့် ပညာရှိပုံရိပ်မှာ ဘာတွေလိုအပ်နေသလဲဆိုတာ ငါ နားလည်သွားပြီ…”
“ဆရာ စကားမပြောပါနဲ့တော့ ကျုပ်တို့ ဂိုဏ်းကိုအမြန်ဆုံးရောက်အောင်ပြန်ပြီး ဆရာ့ကို ဆေးကုပေးမယ်"
ယန်တိုးရှီက စိတ်လှုပ်တရှားနှင့် ပြောလိုက်သည်။
ကောက်ဝမ်ချန်း ခေါင်းခါရင်း တိုးတိုးလေး ပြောလိုက်၏။
“မလိုတော့ဘူး ကျုပ်ဟာ တိုက်ခိုက်ရတာကို အမြဲတမ်း မုန်းခဲ့ပေမယ့် ကံကြမ္မာက ကျုပ်ဆန္ဒကို အမြဲတမ်းပျက်ရယ်ပြုခဲ့တယ် အခုတော့ ကျုပ် နားခွင့်ရပြီ"
ထို့နောက် ကောက်ဝမ်ချန်းက ယန်တိုးရှီ၏ နဖူးကို လက်ညှိုးဖြင့် တို့လိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု ယန်တိုးရှီ၏ နဖူးထဲသို့ တိုးဝင်သွား၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဒါဟာ ဒီကနေ့တိုက်ပွဲကနေ ကျုပ်သိလိုက်ရတဲ့ အချက်အလက်တွေပဲ မင်းက ဂိုဏ်းချုပ်ဆီရောက်အောင် ပို့ပေးပါ"
စကားဆုံးသည်နှင့် ယန်တိုးရှီ၏ ခေါင်း ငိုက်ခနဲ ဖြစ်သွား၏။
သူကား အချုပ်အနှောင်မဲ့ဂိုဏ်းကို စွန့်ခွာသွားလေပြီ။