ပြန်လည်တိုက်ခိုက်ခြင်း
Vol. 97 Ch. 961
"ဝမ်ချန်း အသက်စွန့်သွားပြီ"
စုချန်းသည် လေသာဆောင်တွင် ရပ်ကာ အပြင်ကိုငေးကြည့်ရင်း တိုးတ်ိတ်ငြင်သာသော အသံနှင့် ပြောလိုက်သည်။
သူ့နောက်တွင် လီကုံးရှန်၊ ရှီကိုင်းဟွမ်၊ ချူယင်ဝမ်၊ ချန်ထျန်းဟိုင်၊ ကျန်မောက်စီနှင့် လင်ချောက်ချွန်တို့ ရှိနေကြ၏။ ထိတ်လန့်စရာကောင်းသော သတင်းကြောင့် လူတိုင်း မျက်လုံးပြူးကုန်ကြသည်။
ရှီကိုင်းဟွမ် တုန်ရင်သောအသံနှင့် မေးလိုက်သည်။
"သူ ဘယ်လို သေသွားတာလဲ"
စုချန်းက ပြန်ဖြေလိုက်၏။
"အိမ်ရှေ့မင်းသားရဲ့လူ ရှန်ကျွင်းအန်နဲ့ တိုက်ခိုက်ရင်း ကျဆုံးသွားတာ"
"အိမ်ရှေ့မင်းသား ဟုတ်လား... အဲ့ဒီခွေးသူတောင်းစားကို ကျုပ် သတ်ပစ်မယ်"
ချန်ထျန်းဟိုင် ဒေါသတကြီးနှင့် ကြုံးဝါးလိုက်သည်။
သူ့အနေနှင့် အိမ်ရှေ့မင်းသားကို ချက်ချင်း သွားရောက်သတ်ဖြတ်မည်ဟု မဆိုခဲ့ခြင်းပင်လျင် သူ့ရင့်ကျက်လာမှုကို ပြသနေ၏။ သို့သော် သူ ခံစားနေရသည့် မုန်းတီးမှုနှင့် ဒေါသတို့မှာ ဤရင့်ကျက်မှုကြောင့် လျော့ပါးသွားသည်ဟုတော့ ဆို၍မရချေ။
"သတ်ရမှာပါ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ လက်ရှိတာဝန်ကို အရင်ပြီးမြောက်အောင် လုပ်ရမယ်"
ချူယင်ဝမ်က ဝင်ထောက်လိုက်သည်။
သူမအနေနှင့် စုချန်း မပြောနိုင်သည့် ကိစ္စတချို့ရှ်ိနေကြောင်း သဘောပေါက်၍ ဝင်ရောက်ပြောဆိုလိုက်သည့် သဘောပင်။
ချန်ထျန်းဟိုင်၏ မျက်လုံးများ နီရဲနေ၏။
"ဘယ်လောက်ကြာအောင် ထပ်စောင့်ရအုံးမှာလဲ"
ဤမေးခွန်းကိုတော့ ချူယင်ဝမ် မဖြေနိုင်။ ထို့ကြောင့် သူမက စုချန်းကို လှည့်ကြည့်လိုက်သည်။
စုချန်းက ပြန်ဖြေလိုက်၏။
"သုံးနှစ်"
"သုံးနှစ်ကြာအောင် ထပ်စောင့်ရဦးမှာလား"
"ကျုပ်တို့ အတော်လေး ခရီးပေါက်နေပြီပဲ ဘာလို့ သုံးနှစ်တောင် ထပ်စောင့်ရအုံးမှာလဲ"
ရှီကိုင်းဟွမ် မမေးပဲ မနေနိုင်တော့။ စုချန်း၏ အခြေအနေကို သူ သိထားသည် မဟုတ်ပါလား။
စုချန်းက ပြန်ဖြေလိုက်ပြန်၏။
"ဘာကြောင့်လဲဆိုတော့ အဲဒါ ကျုပ် ထာဝရညနဲ့ သဘောတူထားတဲ့ ရက်စွဲဖြစ်လို့ပဲ"
"သူပေးထားတဲ့အချိန် အားလုံးကို အသုံးချဖို့ လိုအပ်လို့လား"
လင်ချောက်ချွန်ကား စုချန်း၏ စကားကို နားမလည်နိုင်ပဲဖြစ်နေ၏
အချိန်ဖြုန်းနေခြင်းသည် မည်သို့အကျိုးရှိနိုင်မည်နည်း။
"လိုတယ်"
စုချန်း၏ လေသံက ပြတ်သားလှသည်။
"အချိန်အားလုံးကို ပြည့်ပြည့်ဝတ အသုံးချရမယ်"
စုချန်းအနေနှင့် အတိအကျတော့ ရှင်းပြခြင်းမရှိ။ သို့သော် လူတိုင်း ဤဆုံးဖြတ်ချက်၏ အဓိပ္ပာယ်ကို တဖြည်းဖြည်း နားလည်လာကြ၏။
စုချန်း၏ စိတ်ထဲတွင် သတ်မှတ်ထားသည့် တကယ့်ပြိုင်ဘက်မှာ ထာဝရည ပင် ဖြစ်သည်။ အကြောင်းမှာ သူ့အား တစ်ချိန်က အနိုင်ယူခဲ့သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်နေသောကြောင့်ပင်။
ကျန်မောက်စီက မေးလိုက်ပြန်သည်။
"ဒါနဲ့ အချုပ်အနှောင်မဲဲ့ဂိုဏ်း အခြေအနေက ဘယ်လိုရှိသလဲ ဂိုဏ်းချုပ်"
"ရန်သူတွေကို ပြတ်ပြတ်သားသားပဲ အနိုင်ယူနိုင်ခဲ့တယ် ကျုပ်တို့ဘက်က ဝမ်ချန်း တစ်ယောက်တည်းပဲ အသက်စတေးခဲ့ရတယ်"
လူတိုင်း သက်ပြင်းချလိုက်ကြ၏။ ဤသည်ကိုက ကောက်ဝမ်ချန်း၏ စိတ်နေသဘောထားပင် ဖြစ်သည်။ ကောက်ဝမ်ချန်းကား ဆုံးရှုံးမှုနည်းစေရန်အတွက် မိမိကိုယ်ကို အမြဲစတေးရဲသူပေတည်း။
လီကုံးရှန်က မှတ်ချက်ပြုလိုက်ပြန်၏။
"ကျုပ်တို့ဘက်က အပြတ်အသတ် အနိုင်ရခဲ့တဲ့အတွက် လောင်စန်းနိုင်ငံအနေနဲ့ ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားမယ်မထင်ဘူး"
လက်စားချေသည့်ကိစ္စကို အသာထား၊ ဤတပွဲတည်းနှင့် လောင်စန်းနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အရှိန်အဝါမှာ အကြီးအကျယ် ထိခိုက်ခဲ့ရလေပြီ။ ထို့ကြောင့် လောင်စန်းနိုင်ငံနှင့် အချုပ်အနှောင်မဲ့ဂိုဏ်းတို့အကြား ပွင့်ပွင့်လင်းလင်း ရန်သူများ ဖြစ်သွားကြပြီဟု ဆိုနိုင်၏။
စုချန်းက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ် ဒါကြောင့် အခြေအနေတခုလုံးကို စီမံခန့်ခွဲဖို့ ကျုပ်အနေနဲ့ ချောက်ချွန်ကို ပြန်ပို့ဖို့ စီစဉ်ထားတယ်"
လင်ချောက်ချွန်ကို လီကုံးရှန်၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် အားလုံးက ယူဆထားကြ၏။ သူ့ ဉာဏ်ပညာနှင့် ကျင့်ကြံမှုအဆင့်အတန်းအရ သူ့ကို ပြန်ပို့ခြင်းမှာ အလွန်ကောင်းမွန်သော အကြံပင် ဖြစ်သည်။
သို့သော် ချူယင်ဝမ်က မျက်မှောင်ကုတ်လိုက်၏။
"သူတစ်ယောက်တည်းနဲ့ ဖြစ်ပါ့မလား"
စုချန်း ပြုံးလိုက်သည်။
"ဖြစ်ပါတယ် သူ့မှာ လက်ဆောင်တချို့လဲ ပါသွားမှာပဲလေ"
ပထမအကြိမ် တိုက်ပွဲတွင် စုချန်းက စစ်ကူမပို့ခဲ့ခြင်းမှာ လောင်စန်းနိုင်ငံဘက်မှ အချုပ်အနှောင်မဲ့ဂိုဏ်း၏ အင်အားကို မသိသေး၍ စစ်သည်အများအပြား စေလွှတ်မည်မဟုတ်ဟု ယူဆထားသောကြောင့်ပင် ဖြစ်သည်။
သို့သော် ပွဲဦးထွက်တွင် ဆုံးရှုံးမှုကြီးမားခဲ့ပြီဖြစ်၍ကို လောင်စန်းနိုင်ငံ၏ နောက်လာမည့် တိုက်ခိုက်မှုမှာ သေချာပေါက် ပြင်းထန်လာတော့မည်ဖြစ်သည်။ ယခုတစ်ကြိမ် စစ်ကူမပို့လျင် အချုပ်အနှောင်မဲ့ဂိုဏ်းအနေနှင့် အလုံးစုံပျက်သုဥ်းသွားနိုင်၏။
"စိတ်မပူပါနဲ့ သူတို့အတွက် လက်ဆောင်ကြီးတခု ပြင်ဆင်ထားတယ် လင်မျိုးနွယ်စုအနေနှင့် စိတ်တိုင်းကျ အဝသောက်ရပါလိမ့်မယ်"
အထက်ပါအတိုင်းပြောရင်း စုချန်းက လက်ညှိုးဖြင့် လေသာဆောင်လက်ရန်းကို ပွတ်ဆွဲလိုက်ရာ နက်ရှိုင်းသော အရာတခု ထင်ကျန်ခဲ့၏။
ထိုညမှာပင် လင်ချောက်ချွန်တယောက် အချုပ်အနှောင်မဲ့ဂိုဏ်းသို့ ပြန်သွားခဲ့၏။
တချိန်တည်းမှာပင် ရှန်ကျွင်းအန်နှင့်တော်ဝင်အစောင့်တပ်စစ်သားများ သေဆုံးသွားသည့်သတင်းက တလောကလုံးကို အကြီးအကျယ် ဂယက်ရိုက်နေခဲ့လေပြီ။
ရှန်ကျွင်းအန် သေဆုံးသွားသတဲ့လား...
တော်ဝင်အစောင့်တပ်သား သုံးထောင် အသတ်ခံခဲ့သတဲ့လား...
ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်ဆယ့်နှစ်ယောက်နဲ့ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အယောက်ငါးဆယ် တယောက်မှပြန်မလာကြဘူးတဲ့လား...
တပ်တစ်တပ်လုံး ပျက်စီးသွားသတဲ့လား...
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ...
အချုပ်အနှောင်မဲ့ဂိုဏ်းတဂိုဏ်းလုံးက ဤစွမ်းဆောင်ရည်မျိုး ပြခဲ့လျင်တော့ အတော်အသင့် နားလည်နိုင်စရာရှိနေသေးသည်။ သို့သော် လူသူမရှိသလောက်ကင်းမဲ့နေသည့် ဓားတစ်သောင်းတောင်က အတွေးပုံဖော်ခြင်းနယ်ပယ်ကျင့်ကြံသူတဦး ဦးဆောင်သည့် စစ်တပ်တစ်တပ်ကို ဖျက်ဆီးပစ်နိုင်ခဲ့ခြင်းကတော့ တရားလွန်နေ၏။
ထို့နောက်တွင်တော့ မည်သို့သော ရိုက်ခတ်မှုများ ဖြစ်ပေါ်လာမည်ကို လူတိုင်း ခန့်မှန်းနိုင်လောက်ပေသည်။
ကျူးကျော်သူများဘက်မှ ဆုံးရှုံးခဲ့သည့်အင်အားသည် သာမာန်အင်အားမဟုတ်။ ထိုစစ်သည်များသည် ပြည်နယ်ကြီးတခုကို တွန်းလှန်နိုင်စွမ်းရှိကြ၏။
အထူးသဖြင့် အတွေးပုံဖော်ခြင်းနယ်ပယ်ကျင့်ကြံသူတဦး၏ အဆင့်အတန်းကို တော်ဝင်မျိုးနွယ်စုကြီးများအကြားတွင် အဓိက မှီခိုအားထားရာ တခုအဖြစ် သတ်မှတ်နိုင်၏။ ယခုတော့ ၎င်းတို့ထဲမှ တဦးက မရှုမလှနှင့်အဆုံးသတ်ခဲ့ရလေပြီ။
ထို့အပြင် တော်ဝင်အစောင့်တပ်၏ မူလချီစွမ်းအင်ပညာရှင်သုံးထောင်သည်လည်း အဆင့်နိမ့်ကျင့်ကြံသူများသာဖြစ်သော်လည်း ၎င်းတို့သည် အိမ်ရှေ့မင်းသား၏ ကိုယ်ရံတော်များ ဖြစ်၍ တော်ဝင်မိသားစုကို အသက်ပေး၍ သစ္စာရှိကြသူများ ဖြစ်သည်။
ယခုတိုက်ပွဲတွင် ထိုကိုယ်ရံတော်များပါ အသက်ပေးလိုက်ရချေပြီ။ အိမ်ရှေ့မင်းသားအနေနှင့် ဤကိစ္စကို မည်သို့ ရှင်းပြမည်နည်း။ အိမ်ရှေ့မင်းသား၏သိက္ခာ အကြီးအကျယ် ညှိုးနွှမ်းရစေသည့် ကိစ္စပင် ဖြစ်သည်။ ထို့ကြောင့် သိက္ခာဆည်ရေးအတွက် ချက်ချင်း လက်တုံ့ပြန်ရန် လိုအပ်ပေလိမ့်မည်။
သို့သော် အချုပ်အနှောင်မဲ့ဂိုဏ်းအနေနှင့် အလွန်အမင်း အင်အားကြီးလာနေ၍ ငြိမ်းချမ်းမှုယူလိုက်ခြင်းက စစ်ပွဲကိုဖိတ်ခေါ်ခြင်းထက် ပိုကောင်းသည်ဟု ယူဆနေသူတချို့လည်း တကယ်ပင် ရှိနေ၏။
ဤသို့နှင့် ကွဲပြားခြားနားသော အယူအဆနှစ်မျိုး ပြိုင်တူပင် ပေါ်ပေါက်လာတော့သည်။
ရာနှင့်ချီသော နန်းတွင်းအရာရှိများသည် ဤကိစ္စနှင့်ပတ်သက်၍ အဆက်မပြတ်ပင် ငြင်းခုံတိုက်ခိုက်နေကြ၏။ သို့သော် နောက်ဆုံးတွင် လက်တုံ့ပြန်ရန် တောင်းဆိုသူများက တဖြည်းဖြည်း အသာစီးရလာလေသည်။
ထိုအတွက်လည်း အကြောင်းပြချက်ကိုယ်စီက ရှိနေ၏။ ထိုအကြောင်းပြချက်များအနက် ပထမတချက်မှာ အရှက်ရခြင်း၊ ဂုဏ်သိက္ခာထိပါးခြင်းမှာ မည်သို့မှ လက်မခံနိုင်စရာဖြစ်၍ ပြန်လည်သိက္ခာဆည်ရန် လိုအပ်သည်ဟု လူအများစုက ယူဆထားသောကြောင့်ပင် ဖြစ်သည်။ ဒုတိယတချက်မှာကား အချုပ်အနှောင်မဲ့ဂိုဏ်း၏ တည်ရှိမှုသည် တော်ဝင်မျိုးနွယ်စုများအတွက် အမြဲတမ်း အတားအဆီးတခု ဖြစ်နေသောကြောင့်ပင်။
စုချန်း၏ သွေးဗီဇမလိုအပ်သော ကျင့်ကြံခြင်းနည်းစနစ်များသည် တော်ဝင်မျိုးနွယ်စုများ နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့သည့် အခြေခံအုတ်မြစ်ကို လှုပ်ခါနေ၏။ လှုပ်ခါသည့် အရှိန်အဟုန် ပိုမိုပြင်းထန်လာသည်နှင့်အမျှ စုချန်းအပေါ် တော်ဝင်မျိုးနွယ်စုများ၏ သည်းခံနိုင်မှုအတိုင်းအတာမှာလည်း တဖြည်းဖြည်း လျော့နည်းလာမည်မှာ သေချာနေသည်။
အတိုချုပ်ပြောရလျင် နောင်လာလတ္တံ့သောတိုက်ပွဲသည် မည်သို့မှ ရှောင်လွှဲ၍မရနိုင်တော့ချေ။
အင်အားစု အသစ်တခု ပေါ်ပေါက်လာတိုင်း အင်အားစုဟောင်းများက ၎င်းတို့၏အရှိန်အဝါ၊ အဆင့်အတန်းများကို ကာကွယ်ရန် ကြိုးပမ်းတတ်ကြ၏။ ဤနည်းအားဖြင့် စစ်ပွဲများ အမြဲတစေ ဖြစ်ပွားလေ့ရှိကြောင်း သမိုင်းက သက်သေပြထားပြီးသားပင် မဟုတ်ပါလား။
တိုက်ခိုက်ရန် အဆိုကို အတည်ပြုခဲ့ပြီးနောက် စစ်သားများ စတင် စစ်ရေးပြင်ကြတော့၏။ သို့သော် အဖွဲ့အစည်းတခုအနေနှင် အင်အား ကြီးမားလေလေ လှုပ်ရှားမှုက နှောင့်နှေးလေလေပင် ဖြစ်သည်။
လောင်စန်းနိုင်ငံသည်လည်း အလွန်အင်အားကြီးမား၍ စစ်ပြင်ရန် အချိန်တခုယူရမည်မှာ သေချာနေ၏။
လောင်စန်းနိုင်ငံ စစ်ပြင်နေစဥ်ကာလမှာပင် အဖိုးကြီးတဦးနှင့် လူငယ်သုံးဦးသည် ရှည်လျားရစ်ခွေမြို့တော်သို့ ရောက်ရှိလာလေသည်။
"ဟေး အဖိုးကြီး နည်းနည်း မြန်မြန် သွားလို့မရဘူးလား"
ညတစ္ဆေ စိတ်မရှည်ဟန်ဖြင့် လက်ယပ်ခေါ်လိုက်သည်။ သူမ၏နောက်တွင် အဖိုးကြီးတဦး စိတ်အေးလက်အေးနှင့် လျှောက်လာနေ၏။ ထိုအဖိုးကြီးကား တခြားမဟုတ်။ လင်ကျွေ့လျူပေတည်း။
"ဘယ်လောက်တောင် အမှတ်ရစရာကောင်းလိုက်သလဲဆိုတာကွာ အိမ်ကိုတောင်လွမ်းသွားပြီ"
အဖိုးကြီးက လမ်းလျှောက်ရင်း တီးတိုးရေရွတ်လိုက်သည်။
"ငါက သုတေသနလုပ်ရင်းနဲ့ စိတ်အေးလက်အေးပဲ နေချင်တော့တာ ဒါပေမဲ့ အခုတော့ ဒီကောင်လေးစုချန်းက ငါ့ကို ဒီနေရာကို ပို့လိုက်ပြီ ဒီကောင်ဟာ ငါ့ရဲ့ သွေးဗီဇပေါင်းစပ်တဲ့နည်းစနစ်တွေကို သင်ယူပြီးတာနဲ့ ငါ့ကို မျက်နှာလွှဲခဲပစ်လုပ်တော့တာပဲ စိတ်ပျက်လိုက်တာ ငါ့နှယ် စိတ်ပျက်လိုက်တာ"
အဖိုးကြီးသည် စွန့်ပစ်ခံရသည့် မိန်းကငယ်လေးတဦးသဖွယ် ဗြစ်တောက်ဗြစ်တောက်နှင့် ပြောဆိုနေ၏။
ချန်းဟယ် ရယ်မောလိုက်သည်။
"ထားလိုက်စမ်းပါ အဖိုးကြီးရာ ဘယ်သူ့ကို လိမ်ရမှာမို့လို့ ဒီလိုတွေပြောနေတာတုန်း ဂိုဏ်းချုပ်က ဒီအခွင့်အရေး ပေးလိုက်တော့ အဖိုးကြီး ပျော်နေတာ ကျုပ်တို့ အားလုံး သိတယ် ပရမ်းပတာဘုရင်က သူသွားလေရာမှာ အမြဲတမ်းပြသနာတွေကို ဖြစ်ပေါ်စေတတ်တယ် ဒီတစ်ကြိမ် ပြသနာမရှာရင်တော့ အဖိုးကြီး ဒီဘွဲ့နဲ့ မထိုက်တန်ဘူးလို့ ဆိုရမှာပဲ"
"မင်း စကားများတယ်"
ယဲ့ဖန်းဟန်က ချန်းဟယ်ကို ဇာက်ပိုးအုပ်ရင်း ပြောလိုက်သည်။
ရှေ့မှဦးဆောင်နေသည့် ညတစ္ဆေက လောဆော်လိုက်သည်။
"မြန်မြန် ကျွန်မတို့ ရှင်သန်ခြင်းကျောင်းတော်ရဲ့ဌာနခွဲက ရှေ့နားလေးမှာပဲ"
အလိုက်ကန်းဆိုးမသိပဲ လူသိရှင်ကြားလုပ်နေသည့် ညတစ္ဆေကိုကြည့်ရင်း သူတို့သုံးယောက်လုံး ဘာပြောရမှန်းမသိပဲ ဖြစ်သွား၏။ ထိုအခါ ညတစ္ဆေက ထပ်ပြောလိုက်ပြန်သည်။
"အရေးမကြီးတော့ဘူး ဘာပဲဖြစ်ဖြစ် သိပ်မကြာခင် ရှင်သန်ခြင်းကျောင်းတော်က လူကြားထဲရောက်လာတော့မှာပဲလေ"
"ဒီစကားကတော့ အမှန်ပဲကွ"
ထိုအခိုက်အတန့်မှာပင် လူတဦး လမ်းကြားထဲမှ ထွက်ပေါ်လာပြီး ညတစ္ဆေရှေ့တွင် ရပ်လိုက်သည်။ သူ့၏ မျက်နှာတွင်ကား ကျေးဇူးတင်စိတ်များ ပြည့်နှက်လျက်ရှိသည်။
"လူအများစုရဲ့ သဘောထားကို ဆန့်ကျင်ပြီး မင်းကို ဒီတာဝန်အတွက် စေလွှတ်ခဲ့တာ တကယ်မှန်သွားတယ် နှစ်နှစ်အတွင်းမှာ မင်း အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီ"
တကယ်တော့ ညတစ္ဆေသည် ချီမင်းဖန်၏ အမိန့်အရ စုချန်းကို လာရောက်ရှာဖွေခြင်းပင် ဖြစ်သည်။
ချီးမင်းဖန်ကိုယ်တိုင်သည်လည်း ရှင်သန်ခြင်းကျောင်းတော်ကို မြေအောက် အကြမ်းဖက်အဖွဲ့အစည်းမှ လူသိရှင်ကြားရပ်တည်နိုင်သည့် အဖွဲ့အစည်းအဖြစ် ပြောင်းလဲရန် အကြီးအကျယ် ထောက်ခံသူဖြစ်သည်။
သို့သော် ရှင်သန်ခြင်းကျောင်းတော်အပေါ် ကျန်နိုင်ငံများ၏ သဘောထားက အတော်လေး တင်းမာနေ၏။ သူတို့အနေနှင့် ညှိနှိုင်းရန်ပင် အခွင့်အရေး မရကြရှာ။
ဤအခြေအနေတွင် ချီမင်းဖန်၏ အာရုံက အချုပ်အနှောင်မဲ့ဂိုဏ်းဖက်သို့ လှည့်လာခြင်းပင်။ ဆိုလိုသည်မှာ စုချန်း၏ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုစစ်ဆင်ရေးကို ရှင်သန်ခြင်းကျောင်းတော်က ကူညီမည်၊ စုချန်းဘက်မှလည်း ရှင်သန်ခြင်းကျောင်းတော် လူသိရှင်ကြားအဖွဲ့အစည်းတခု ဖြစ်လာရေးကို ကူညီပေးရန်ပင် ဖြစ်သည်။
သို့သော် စုချန်းသည် လောင်စန်းနိုင်ငံနှင့် ထိုက်တိုက်မတွေ့လိုသဖြင့် ညတစ္ဆေကိုပင် မစောင့်ပဲ ကြိုတင်ထွက်ခွာသွား၏။ ညတစ္ဆေ သူ့နောက်သို့ လိုက်လာပြီးနောက်တွင်ပင် စုချန်းက အဖြေပေးရန် ငြင်းဆန်နေဆဲပင် ဖြစ်သည်။
သို့သော် ဤတကြိမ်တွင် အခြေအနေက လုံးဝပြောင်းလဲသွားခဲ့လေပြီ။ လောင်စန်းနိုင်ငံ၏ ဓားတစ်သောင်းတောင်အပေါ် လုပ်ရပ်သည် နှစ်ဖက်အကြား ဆက်ဆံရေးကို လုံးဝ ဖျက်ဆီးပစ်ခဲ့လေပြီ။ ဤအခြေအနေတွင် စုချန်းအနေနှင့် ဘာကိုမျှ ငဲ့ကွက်နေစရာမရှိတော့။ သူလုပ်ရမည်မှာ သူ့ဘက်သို့ ပါဝင်နိုင်လောက်သည့် အဖွဲ့အစည်းမှန်သမျှကို ပွင့်ပွင့်လင်းလင်း စည်းရုံးရန်ပင် ဖြစ်သည်။
ရှင်သန်ခြင်းကျောင်းတော်အနေနဲ့ အရိပ်ထဲမှာ ဆက်ပြီး ပုန်းမနေချင်တော့ဘူးတဲ့လား...
ကောင်းပြီလေ...
ထိုအတွက် ရှင်သန်ခြင်းကျောင်းတော်ထံသို့ စုချန်း စေလွှတ်လိုက်သူမှာကား လင်ကျွေ့လျူပင် ဖြစ်သည်။
လင်ကျွေ့လျူကို မြင်သည်နှင့် ချီမင်းဖန်၏ စိတ်ထဲတွင် အလွန်အန္တရာယ်ကြီးမားသော ခံစားချက်တရပ်ကို ခံစားလိုက်ရ၏။
ထို့နောက် ထိုအဖိုးကြီး မည်သူမည်ဝါမှန်း ချီမင်းဖန် ချက်ချင်း သဘောပေါက်သွား၏။
"ပရမ်းပတာဘုရင်ကို ဂါရဝပြုပါတယ်"
လင်ကျွေ့လျူ ရယ်မောလိုက်သည်။
"ဟိုကလေးနဲ့ မင်းနဲ့ အဆက်အသွယ် ရထားပုံရတယ် ကောင်းတာပေါ့ ငါ အချိန်ကုန်သက်သာသွားပြီ ဒီတစ်ခေါက် ငါ လာတာ လင်မင်းချီကို သူ့ရာဇပလ္လင်ပေါ်ကနေ ဆွဲချဖို့ပဲ ရှင်သန်ခြင်းကျောင်းတော်အနေနဲ့ နဂါးကြီးရဲ့ သစ္စာရှိလက်အောက်ခံ ဖြစ်ချင်တယ်ဆိုရင် စစ်သား ဘယ်လောက် ပေးနိုင်မလဲ"
ချီမင်းဖန် ချွေးပြန်သွား၏။ တလမ်းလုံးကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားသည့်တိုင် လူအများကြားတွင် ပုန်ကန်မည့်အကြောင်းကို ထုတ်ပြောရခြင်းမှာ သူ့အတွက် တကယ်ကြီး ခက်ခဲနေသေး၏။ ထိုအခါ သူက ရယ်မောရင်း ပြောလိုက်သည်။
"အရေးကြီးတဲ့ ကိစ္စဆိုတော့ ကျေးဇူးပြုပြီး ကျုပ်နဲ့အတူ လိုက်ခဲ့ပါ အသေးစိတ် ဆွေးနွေးကြတာပေါ့"
"ဟွန့် ဘာများကြောက်နေစရာလိုသလဲကွာ ဒီအနီးအနားမှာ ပိုးကောင်တွေ မြွေတွေ ဘယ်လောက်တောင်ရှိသလဲဆိုတာ ငါ ခံစားလို့ရနေတာပဲ"
ဟင်...
ချီမင်းဖန် အံ့အားသင့်သွား၏။
ထိုအချိန်မှာပင် လင်ကျွေ့လျူက လက်ဟန်ပြလိုက်ရာ အရိပ်တရိပ် လွင့်မြောလာပြီး သူ့လက်ထဲသို့ ရောက်လာ၏။
ထိုလူကို မြင်သည်နှင့် ချီမင်းဖန် မျက်လုံးပြူးသွားလေသည်။
"ဒီကောင် ရှင်သန်ခြင်းကျောင်းတော်က မဟုတ်ဘူး"
"အမှန်ပဲ ပြီးတော့ မင်းနေရာက တကယ်တမ်းကျတော့ သိပ်လျှို့ဝှက်ပုံမပေါ်ပါလား"
လင်ကျွေ့လျူ ရယ်မောပြီး ထိုလူ၏ နဖူးပေါ်သို့ လက်ဝါးတင်လိုက်၏။
"ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို့ မှတ်လိုက် လောလောဆယ် ငါ့အတွက် လက်အောက်ခံတွေ လိုနေတယ် မင်းကို ငါ့ရဲ့ စစ်သည် ဖြစ်ခွင့်ပေးလိုက်မယ်"
ထို့နောက် စွမ်းအင်လှိုင်းတလှိုင်းသည် သူ့လက်ဖဝါးမှ ထိုလူ၏နဖူးဆီသို့ စီးဆင်းသွား၏။ စက္ကန့်ပိုင်းမျှအကြာမှာပင် ထိုလူက မြေပြင်ပေါ် ဒူးထောက်ရင်း ပြောလိုက်လေသည်။
"သခင်ကို ဂါရဝပြုပါတယ်"
စိတ်ဝိညာဥ်ထိန်းချုပ်ခြင်းလား...
ပရမ်းပတာဘုရင် ဤနည်းစနစ်မျိုး တတ်ကျွမ်းထားကြောင်း ချီမင်းဖန် ကြားပင်မကြားဖူး။
ထိုအချိန်မှာပင် ညတစ္ဆေက မျက်စောင်းထ်ိုးပြီး အောက်ပါအတိုင်း ပြောလိုက်လေသည်။
"ဟွန့် စုချန်းက ကျူးမျိုးနွယ်သွေးဗီဇကနေ ဆေးနည်းနည်းပဲ ဖော်စပ်ထားတာ ဒါကို အဖိုးကြီးက ချွေတာပြီးမသုံးဘူး ဘာလို့ အသုံးမကျတဲ့ကောင်တွေအတွက် ဖြုန်းတီးနေရတာတုန်း"
လင်ကျွေ့လျူ ဒေါသထွက်သွား၏။
"မင်းက ဘာသိလို့လဲ ဒီကောင်ဟာ ကိုယ့်ကိုယ်ကို ဖုံးကွယ်တဲ့နေရာမှာ အလွန်ကျွမ်းကျင်ပြီး ရှင်သန်ခြင်းကျောင်းတော်ရဲ့တည်နေရာကိုတောင် ရှာနိုင်ခဲ့တယ် သူ မယုံနိုင်လောက်အောင် ကျွမ်းကျင်တဲ့ ခြေရာခံသမား ဖြစ်ရမယ် လူတွေကို သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားသက်သက်နဲ့ အကဲဖြတ်လို့မရဘူးကွ အခုချိန်မှာ ငါ့အတွက် လူပေါင်းစုံလိုအပ်နေတာဆိုတော့......"
သို့သော် ညတစ္ဆေကား သူ ရှင်းပြသည်ကို နားမထောင်ပဲ ထွက်ခွာသွားခဲ့လေပြီ။
ပရမ်းပတာဘုရင်သည် အခြားသူများရှေ့တွင် ဩဇာအာဏာ ပြကောင်းပြနိုင်ပေလိမ့်မည်။ သို့သော် ညတစ္ဆေ၏ ရှေ့တွင်တော့ အမြဲတမ်း ရှုံးနိမ့်ခဲ့ချေသည်တကား။