← Chapters

အားလုံးပြီးသွားပြီ

Vol. 1 Ch. 48

အားလုံးပြီးသွားပြီ

Vol. 1 Ch. 48

ဘယ်လိုပြိုင်ပွဲ အမျိုးအစားပင်ဖြစ်စေ အင်အားကို စမ်းသပ်ခြင်း တစ်မျိုးသာ ဖြစ်သည်။ ထို့ကြောင့်ပင် ပြိုင်ပွဲတွင် လက်နက် အသုံးပြုခြင်းကို မတားမြစ်ခဲ့ဘဲ လူသတ်ခြင်းကိုသာ တားမြစ်ထားခြင်း ဖြစ်သည်။ အရင်က သွေးထွက်သံယို ကိစ္စများသည် သာမန်သာ ဖြစ်သော်ငြား ယခု ရက်စက်မှုနှင့် ယှဉ်လျှင်မူ ဘာမှမဟုတ်တော့ပေ။ မာဂိုဏ်းသားများသည် ဘာကိုမှ ကြောက်ရွံ့ခြင်း မရှိသော်ငြား  ကျန်းရီ၏ ရက်ရက်စက်စက် အပြုအမူတို့ကို မြင်လိုက်ရသောအခါ ဆွံ့အသွား ကြလေသည်။ ကျန်းရီ၏ အပြုအမူတို့သည် ရှိနေကြသော လူတိုင်း၏ စိတ်ကို ရိုက်ခတ် သွားလေသည်။

ဒီကမ္ဘာတွင် အံ့သြစရာ ကောင်းလောက်အောင် အစွမ်းထက်သော ဒဏ်ရာ ပျောက်ဆေးများ ရှိသည်။ ဓားဒဏ်ရာနှင့် အရိုးကျိုးသွားခြင်းက ပြဿနာ မဟုတ်ပေ။ လူမသေသေးသရွေ့ အပြည့်အဝ ပြန်လည် ကောင်းမွန် လာနိုင်သည်။ သို့သော် ခြေလက်များ ပြင်းပြင်းထန်ထန် ထိခိုက်သွားလျှင် သို့မဟုတ် ဒန်တျန်း ပျက်စီးသွားလျှင်မူ ထိုသူသည် တစ်သက်တာ အမှိုက်ဖြစ်သွားပေမည်။ ဒဏ္ဍာရီများတွင် ထာဝရ ရှင်သန်သူအဆင့် ဆေးလုံးသည် ဒန်တျန်းကို ပြန်လည်ကောင်းမွန်စေ နိုင်သည်ဟု ဆိုကြသော်လည်း ကောင်းကင် တောင်ပံမြို့၏ မည်သည့် ဂိုဏ်းကများ တတ်နိုင်ပါမည်နည်း။

မာဂိုဏ်းသည်လည်း မတတ်နိုင်ပေ။ ထို့ကြောင့် မာဂိုဏ်းချုပ် မာခွေသည် ထိုင်ခုံတစ်လုံးကို ရိုက်ချကာ မတ်တပ်ရပ်လိုက်သည်။

“အားလုံးပဲ....ဒီကောင်လေးက သူများရဲ့ ဒန်တျန်းကို ဖျက်ဆီး ပစ်လောက်တဲ့အထိ ရက်စက်လွန်းတယ်...သူ့ကို ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ အဆိုပြုပါတယ်”

မာဂိုဏ်းချုပ်၏ အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်နှင့် ဈေးတစ်ခုလုံးသည် တိတ်ဆိတ် သွားကြသည်။ လူတိုင်း၏ အကြည့်သည် ပွဲကြည့်စင် အထက်သို့ ရောက်ရှိ သွားလေသည်။ ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ဆရာသုံးယောက်သာ ကျန်းရီကို ရက်စက်သည်ဟု ဆုံးဖြတ်လျှင် သူသည် ပြိုင်ပွဲမှ ထုတ်ပယ်ခံရနိုင်သည်။

“ဟုတ်တယ်...ကျွန်တော်လည်း ၅၃၆က အရမ်းလွန်တယ်လို့ ခံစားရပါတယ်...ကျွန်တော်ကလည်း သူ့ကို ထုတ်ပယ်ဖို့ အဆိုပြုပါတယ်”

အေးစက်စက် အသံသည် ထွက်ပေါ်လာလျှင် လူအုပ်သည် ဆွံ့အသွားကြသည်။ ပွဲကြည့်စင်ကို ပုတီးစေ့ခြယ် အလွှာပါးလေးနှင့် ခြားထားရာ အခန်းအတွင်းရှိ လူများကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော် ကျန်းယွင်ရှဲ၏ အသံဖြစ်မှန်း လူတိုင်း အသေအချာ ကြားလိုက်ရသည်။ ကျန်းဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်က ကျန်းဂိုဏ်းသား တစ်ယောက်ကို ထုတ်ပယ်ဖို့ အဆိုပြုတယ်...ဒါက...အတွင်းရေးတွေ များလား။

လျှိုဂိုဏ်းချုပ်သည်လည်း မီးလောင်ရာ လေပင့်လေသည်...

“တကယ်ကို ရက်စက်လွန်းပါတယ်...တစ်ယောက်ယောက်ရဲ့ ဒန်တျန်းကို ဖျက်စီးပစ်တာက အဲ့လူကို သတ်လိုက်တာထက် ပိုပြီး ရက်စက်ပါတယ်”

ကျီထျန်းသည် ဘာမှမပြောဘဲ ဆရာသုံးယောက်ကိုသာ ကြည့်လိုက်သည်။

“ကျွန်တော့်အမြင်ကို မပြောတော့ပါဘူး...ဆရာသုံးယောက် ပြောတာက ပိုပြီး သင့်တော်မယ် ထင်ပါတယ်...ဆရာတို့ ဘယ်လို ထင်ပါသလဲ''

ငယ်ရွယ်သော အမျိုးသားဆရာသည် ခေါင်းညိတ် လိုက်သည်။

“ကျွန်တော်ကလည်း ဒါကို ရက်စက်တယ်လို့ ထင်ပါတယ်...ဒီလို စရိုက်မျိုးက ကျောင်းမှာလည်း ပြဿနာတွေဘဲ ဖြစ်စေမယ်လို့ ထင်ပါတယ်”

“ဝိုး”

ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ဆရာတစ်ယောက်သည် သူ့အမြင်ကို ထုတ်ဖော် လိုက်သောအခါ လူတို့သည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ထိုဆရာက ဤသို့နှယ် ပြောလာမှတော့ ကျန်းရီသည် သေချာပေါက် အထုတ်ခံရမည်သာ။

“ကျွန်တော် ကန့်ကွက်ပါတယ်”

အော်သံကျယ်ကျယ် တစ်ခုသည် ထွက်ပေါ် လာခဲ့သည်။ မျက်ဝန်းပေါင်း များစွာတို့သည် ညာဘက်ပခုံးကို ဆုပ်ကိုင်၍ ပွဲကြည့်စင်ပေါ် ခုန်တက်လာသော ကျန်းရီထံ ရောက်ရှိနေကြသည်။ သူ့ပခုံးထက်မှ သွေးစက်တို့သည် စီးကျနေကာ သူလျှောက်သွားရာ လမ်းတစ်လျှောက်တွင် နီစွေးစွေးအရောင် ထင်ကျန်လျက် ရှိသည်။

သွေးအလွန်အကျွံ ဆုံးရှုံးမှုကြောင့် ကျန်းရီ၏ နူးညံ့သော မျက်နှာသည် ဖြူဖျော့နေခဲ့သည်။ သူ၏ အနက်ရောင် ဝတ်ရုံသည်လည်း စုတ်ပြဲနေခဲ့ပြီး သွေးချင်းချင်းနီနေသော သူ့ဒဏ်ရာများကို ဖွင့်ဟပြသလျက်ရှိသည်။ သို့သော် သူ့မျက်နှာတွင် မည်သည့်ခံစားချက်မှ ပေါ်လွင်မနေဘဲ ပွဲကြည့်စင်ထက်သို့သာ တစ်စိုက်မတ်မတ် လျှောက်သွား နေခဲ့သည်။

သူသည် အခန်းငယ်၏ အပြင်ဘက်သို့ ရောက်လျှင် ပုတီးစေ့ခန်းစီးကို ဖြတ်၍ လူတိုင်းကို ကြည့်လိုက်သည်။ သူ့အကြည့်သည် ကျန်းယွင်ရှန်၊ ကျန်းယွင်ရှဲနှင့် ကျန်းယွင်ရှစ်တို့အပြင် မာဂိုဏ်းချုပ်တို့ကို ကြည့်သောအခါတွင် ခဏရပ်တန့်နေခဲ့သည်။ ထို့နောက်တွင်မှ သူသည် ကျီထျန်းနှင့် ဆရာသုံးယောက်ကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း အားယူကာ စကားပြောလိုက်သည်...

“ဂုဏ်သရေရှိ အကြီးအကဲတို့ခင်ဗျာ....ကျွန်တော်ကျန်းရီက ပြိုင်ပွဲရဲ့ ဘယ်စည်းမျဉ်းကိုများ ချိုးဖောက်မိလဲလို့ မေးချင်ပါတယ်...ဘာကြောင့် ကျွန်တော့်ကို ထုတ်ပယ်မှာလဲ...စည်းမျဉ်းတွေမှာ လက်နက် အသုံးပြုတာကို တားမြစ်ထားလို့လား...ပြိုင်ဘက်ကို အန္တရာယ်ရှိတဲ့ အခြေအနေ ရောက်အောင် မလုပ်ရဘူးဆိုတဲ့ စည်းမျဉ်းများ ရှိလို့လား...စောစောက ပွဲတွေကို မမြင်ခဲ့ဘူးလား...ကျွန်တော် အစတည်းက ဒီလို ရက်ရက်စက်စက် နည်းလမ်းတွေ သုံးခဲ့လို့လား...ကျွန်တော့် သည်းခံနိုင်တဲ့ အတိုင်းအတာ တစ်ခုထိ ရောက်အောင် ဖိအားပေး မခံခဲ့ရရင် ကျွန်တော် ဒီလိုမျိုး ရက်ရက်စက်စက် ပြုမူပါ့မလား”

“မာဂိုဏ်းချုပ်...ခင်ဗျားရဲ့ ဂိုဏ်းသားတွေက ကျွန်တော့်ကို မသန်မစွမ်း ဖြစ်အောင် လုပ်နေကြတယ်...ကျွန်တော့်မှာသာ အစွမ်းအစမရှိရင် ကျွန်တော့်လက်တစ်ချောင်းကို ဆုံးရှုံးလိုက်ရပြီပေါ့...အဲ့ဒီ ကိစ္စသာ ဖြစ်လာခဲ့မယ်ဆိုရင်....ခင်ဗျား ဂိုဏ်းသားကို အရမ်းရက်စက်တယ်လို့ ခင်ဗျားပြောမှာလား...သူ့ကို ထုတ်ပယ်ပေးဖို့ ခင်ဗျား တောင်းဆိုမှာလား”

“ဖောက်...ဖောက်...ဖောက်...ဖောက်”

ကျန်းရီ၏ ပခုံးထက်မှ သွေးများသည် တစ်စက်စက် ကျနေဆဲဖြစ်ရာ ပွဲကြည့်စင်၏ ကြမ်းပြင်ကို ကျနေသံများ ထွက်ပေါ်နေခဲ့သည်။ ပွဲကြည့်စင်ထက်ရှိ လူတိုင်းသည် တိတ်ဆိတ် နေကြသည်။ သို့သော် မကြာခင်မှာပင် မာဂိုဏ်းချုပ်သည် ပြန်ပြောလာခဲ့သည်။

“ကောင်လေး...မင်းက ဘယ်လိုတောင် အတင့်ရဲတာလဲ...မင်းကို ဆက်ပြီး တိုက်ခိုက်ခွင့်ပြုရင်တောင် နိုင်မှာမို့လား...ပြီးတော့ မင်းရက်စက်တယ် ဆိုတာက ငါတစ်ယောက်တည်းရဲ့ အမြင်မှ မဟုတ်တာ...ဟီး..ဟီး...မင်းရဲ့ ကျန်းဂိုဏ်းက အကြီးအကဲ ကျန်းယွင်ရှဲကလည်း လက်ခံတာပဲကို”

“မာခွေ...မင်း...”

ကျန်းယွင်ရှဲသည်လည်း သူ၏ သာမန်စကားလေး တစ်ခွန်းသည် မာဂိုဏ်းချုပ်အတွက် အကျိုးအမြတ် ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲပေ။ သူသည် ကျန်းရီသည် ကျန်းဂိုဏ်းမှ ဖြစ်ကြောင်းပင် ထည့်ပြော သွားလိုက်သေးသည်။

“ဟား..ဟား..ဟား”

ကျန်းရီ၏ ရယ်သံကျယ်ကျယ်သည် ကျန်းယွင်ရှဲ၏ စကားသံကို ပြတ်တောက် သွားစေခဲ့သည်။ သူသည် မာခွေကို တည်တည်ငြိမ်ငြိမ် ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော်နိုင်ရင်ရော ဘယ်လိုလုပ်မလဲ...စောင့်ကြည့်လိုက်ပါ...ခင်ဗျားသာ ဆန္ဒရှိရင် မာဟေးချီကို လာပြီး စမ်းကြည့်ခိုင်းလို့ရတယ်...ပြီးတော့ ကျွန်တော်တို့ ကျန်းဂိုဏ်းကို ထည့်ပြောမနေပါနဲ့...ကျန်းဂိုဏ်းရဲ့အမြင်မှာ ကျွန်တော်က ခွေးတစ်ကောင်လောက်တောင် အဆင့်မရှိဘူး...သူတို့က ကျွန်တော့်ကို ဆူးညှောင့်ခလုတ် တစ်ခုလို သဘောထား နေကြပြီးတော့ ကျန်းဂိုဏ်းကနေတောင် ကန်ထုတ် နေချင်ကြသေးတာ...အကြီးအကဲ ယွင်ရှဲဆိုရင် ကျွန်တော့်ကို သေစေချင်နေတာလေ...ဟုတ်တယ်မလား...ခွီး...ကျွန်တော် ကျန်းရီက အဆင့်အတန်း နိမ့်လွန်းပါတယ်....ကျန်းဂိုဏ်းသားဆိုတဲ့ ဂုဏ်ပုဒ်ကို မခံယူဝံ့ပါဘူး”

“ဟမ်...''

ကျန်းရီ၏ စကားဖြင့် ထိုးနှက်မှုသည် လူတိုင်းကို ဆွံ့အ သွားစေသည်။ ကျီထင်ယွီနှင့် ကျန်းဟန်ရွှေတောင် ပြိုင်ပွဲများကို ရပ်တန့် နေခဲ့ကြသည်။ ကျန်းရီ၏ အစောပိုင်း စကားများသည် တစ်ခုခုမှားယွင်း နေကြသည်ဟု လူတိုင်း ထင်ခဲ့ကြသော်လည်း ရှင်းပြမှု အဆုံးတွင် လူတိုင်း ရှင်းရှင်းလင်းလင်း သဘောပေါက်သွားကြသည်။

ဈေးထဲတွင် ဂိုဏ်းပေါင်းစုံမှ ဂိုဏ်းသားများစွာ ရှိကြသည်။ ထိုအထဲတွင် မည်သူကများ အထက်လူကြီးများ၏ ရှေ့တွင် ဤအမူအရာဖြင့် စကားပြောရဲ ပါသနည်း...အရေးအကြီးဆုံးသည်ကား သူ့စကားလုံးများသည် လုံးဝကို ရိုင်းစိုင်းနေသည် မဟုတ်လား....သူ့စကားကို အဓိပ္ပါယ် ပြန်ဆိုရမည် ဆိုလျှင် သူသည် ကျန်းဂိုဏ်းသားတစ်ယောက် မဖြစ်ချင်တော့ဟု ဆိုလိုခြင်းဖြစ်သည်။ ဒါက သစ္စာဖောက်တာ မဟုတ်ဘူးလား...ကျန်းရီများ ရူးသွားတာလား။

“ကျန်းရီ...ခွေးကောင်...ဒီကျေးဇူးကန်းတဲ့ အကောင်ကတော့...ဂိုဏ်းက မင်းကို မျှမျှတတ ဆက်ဆံ…”

ကျန်းယွင်ရှဲသည် ဒေါသတကြီး ပေါက်ကွဲတော့သည် သတ်ဖြတ်ချင်သော အရှိန်အဝါတို့သည် သူ့ကိုယ်မှ ဖြာထွက်လာခဲ့သည်။ သူသည် ကျန်းရီကို ထသတ်တော့မလို့ပင်....သို့သော် သူသည် ပါးစပ်ဟ လိုက်ပြီးမှ ဒီနေရာက ဘာဆိုတာနှင့် ဘယ်သူတွေ ရှိနေလဲဆိုတာ ချက်ချင်း သဘောပေါက် သွားသည်။ လက်ရှိအချိန်တွင် စကားများများ ပြောလေလေ အမှားပါလေလေ ဖြစ်သည်။ ကျန်းဂိုဏ်းသည် များစွာ အရှက်ကွဲ ပေလိမ့်မည်။

“ယွင်ရှဲ...တိတ်တိတ်နေ”

ကျန်းဂိုဏ်းချုပ် ကျန်းယွင်ရှန်သည်ကား ကျန်းယွင်ရှဲထက် ပို၍ စဉ်းစားဉာဏ်ရှိသည်။ သူ့စိတ်ထဲတွင် ဒေါသများ ဖုံးလွှမ်းနေခဲ့ပြီး ကျန်းရီကို အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ချင်နေခဲ့သည်။ သို့သော် သူသည် မျက်နှာထက်တွင် စိတ်ပျက်သည့် အမူအရာတစ်ခု ဖန်တီးလိုက်ပြီး အသာအယာ သက်ပြင်းချကာ ကျန်းရီကို စကားပြောလိုက်သည်။

“ကျန်းရီ...မင်းနဲ့ ယွင်ရှဲကြားမှာ ရှိတဲ့ ရန်ငြိုးတွေကို ငါနားလည်ပါတယ်...မင်းက ဂိုဏ်းကနေ ထွက်ချင်နေတဲ့ အတွက်လည်း ငါမင်းကို အပြစ်မတင်ပါဘူး...ဒါပေမယ့် ကျန်းဂိုဏ်းက ဂိုဏ်းသားတွေကို ဘယ်တော့မှ မစွန့်ပစ်ဘူး...ပြီးတော့ မင်းက အပြစ်တစ်ခုခုကို မကျူးလွန်သရွေ့ ဂိုဏ်းက မင်းကို ဘယ်တော့မှ မထုတ်ပယ်ဘူး...အခု တော်လောက်ပြီ...ပြိုင်ပွဲပြီးမှ ဂိုဏ်းကို ပြန်ပြီး ဒီကိစ္စတွေကို ဆွေးနွေးကြတာပေါ့”

“အမြော်အမြင် ရှိလိုက်တာ”

ကျန်းယွင်ရှန်၏ စိတ်ရှည်လက်ရှည် ဖျောင်းဖျမှုကို လူအများက လက်မထောင် ရလေသည်။ သူသည် စကားအနည်းငယ်နှင့်ပင် အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ် လိုက်နိုင်သည်။ အပြင်လူများ၏ အမြင်တွင် ကျန်းရီသည် ကျန်းယွင်ရှဲနှင့် ရန်ငြိုးရှိသောကြောင့် ကျန်းဂိုဏ်းမှ ဒေါသကို ခံစားရခဲ့ ပုံပေါ်သည်။ ထို့ကြောင့် သူသည် ထိုသို့သော စကားများကို အော်ပြောကာ ကျန်းဂိုဏ်း၏ ဂုဏ်သရေကို ဖျက်ဆီးခဲ့သည်။ ထိုအရာသည် ကျန်းရီ၏ အမှားသာ ဖြစ်သည်။ သို့သော် ကျန်းယွင်ရှန်သည် ကျန်းရီကို အပြစ်မတင်သည့်အပြင် သူ့ကို ထောက်ပံ့ကာ ကြင်နာမှုကို ပြသရန် ကြိုးစားနေသည်။

အပြင်မှ လူများသည် အခြေအနေ တစ်ခုလုံးကို နားမလည်သော်လည်း အခန်းတွင်း ထိုင်နေကြသူများသည် အမြော်အမြင် ရှိကြသူများသာ ဖြစ်လေတယ်...သူတို့သည် အသေးစိတ်ကို မသိကြသော်လည်း မြင်နိုင်ပေသည်။ ကျန်းရီလို ဆယ့်ငါးနှစ်အရွယ် လူငယ်လေးက ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ သူ့ဂိုဏ်းကို ဘယ်လိုလုပ်ပြီး လူသိရှင်ကြား ဆန့်ကျင်ရဲမှာလဲ...ဘာလို့ သူက ဂိုဏ်းရဲ့ အပယ်ခံဖြစ်ကြောင်း ပြောပြဖို့ ကြိုးစားနေတာလဲ....သူ့ခေါင်းများ တစ်ခုခု ထိခိုက်ထားတာလဲ...သိသိသာသာပင် လုံးဝမဖြစ်နိုင်ပေ

သို့သော် ကျန်းရီသည် ဘာမှပြန် မပြောခဲ့ပေ။ ကျန်လူများသည်လည်း အတွင်းရေး ကိစ္စများတွင် ဝင်မပါလိုသောကြောင့် ဆရာသုံးယောက်ကိုသာ ကြည့်လိုက်သည်။

“၅၃၆က ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို မဖောက်ဖျက်ခဲ့ဘူး...ဒါကြောင့် ငါက သူ့ကို ထုတ်ပယ်ဖို့ ငြင်းဆိုတယ်”

လူတိုင်း၏ မျှော်လင့်ချက်ကို ဆန့်ကျင်၍ ရေခဲနှယ် အေးစက်သော အလှလေးသည် ပြောလာခဲ့ပေသည်။ ဘာကိုမှ မခံစားရသော သူမသည် မနေ့က ကျန်းရီကို မနှစ်မြို့ ဖြစ်နေခဲ့ပြီး အခုသူ့ဘက်မှာ ရှိနေတယ်တဲ့လား။

ငယ်ရွယ်သော အမျိုးသားဆရာ၏ မျက်နှာသည် ပျက်သွားခဲ့သည်။ အနှီဆရာမစုသည် သူ့အမြင်ကို ဆန့်ကျင်နေသည်မှာ သူ့မျက်နှာကို ဖြတ်ရိုက်သလိုပင်...သို့သော် သူမချေပနိုင်ခင်တွင် အသက်အကြီးဆုံးဆရာ အကြီးအကဲဖူသည် ပြောလာခဲ့သည်။

“သူက လူမသတ်ဘူးဆိုရင် ပြိုင်ပွဲစည်းမျဉ်းကို ဖောက်ဖျက်တယ်လို့ ပြောလို့မရဘူး...ပြိုင်ပွဲကို ဆက်ပြိုင်စေ”

အကြီးအကဲဖူ၏ ကြည်လင်ပြတ်သားသော အသံထွက်ပေါ်လာမှသာ ကျန်းရီသည် စိတ်သက်သာရာ ရသွားခဲ့သည်။ သူသည် ဆရာမစုနှင့် အကြီးအကဲဖူကို ရည်ရွယ်ကာ ကြည့်လိုက်ရင်း အရိုအသေ ပေးလိုက်ပြီး စင်ပေါ်သို့ ပြန်တက်သွားခဲ့သည်။

သူသည် စင်ပေါ်သို့ ရောက်လျှင် ရောက်ချင်း မာဟေးချီကို ကြည့်ကာ အော်ဟစ်လိုက်သည်။

“မာဟေးချီ...ငါ့လက်မောင်း တစ်ဖက်က မတိုက်ခိုက်နိုင်တော့ဘူး...ငါ့ကိုယ်ရဲ့ အစိတ်အပိုင်း ခြောက်ခုက ဒဏ်ရာရနေတယ်...ငါ့ရဲ့ အတွင်းအားကလည်း တစ်ဝက်လောက် ကုန်နေပြီ...မင်းသာ ယောက်ျားဆိုရင် စင်ပေါ်ကို အခုချက်ချင်း တက်လာခဲ့...ဒါမှမဟုတ်...မင်းကြောက်နေတာ ဆိုရင်လည်း မင်းဂိုဏ်းက နောက်ထပ် လူနှစ်ယောက် ထပ်လွှတ်လိုက်ဦး”

ယုံကြည်မှု လွန်ကဲလိုက်တာ...ရဲတင်းလိုက်တာ...ရူးသွပ်လိုက်တာ။

ထိုအရာများသည် လူတိုင်း၏  ကျန်းရီကြောင့် ဖြစ်ပေါ်လာရသော အတွေးများ ဖြစ်သည်။ ဒဏ်ရာတွေ ဒီလောက်ပြင်းနေပါရက် သူက ပြန်မကုစားရုံတင်မကဘူး ပါရမီရှင် ထိပ်ဆုံး ဆယ်ယောက်ထဲက မာဟေးချီကို စိန်ခေါ်နေတယ်...သူက သေချင်နေတာလား...ဒါမှမဟုတ် သူမနိုင်တော့ဘူးဆိုတာ သိလို့ ဒေါသတွေကို ပုံချနေတာလား။

“ဟား..ဟား..ဟား”

မာဟေးချီ၏ ရယ်သံသည် ထွက်ပေါ်လာခဲ့ပြီး သူသည် စင်ပေါ်သို့ တက်လာခဲ့သည်။ ယခုအချိန်တွင်  သူသာ စင်ပေါ်သို့ တက်မလာပါလျှင် တစ်မြို့လုံး၏ အထင်သေးခြင်းကို ခံရပေလိမ့်မည်။ စင်ပေါ်သို့ ရောက်သည်နှင့် သူသည် ကျန်းရီကို သတ်ချင်စိတ် အပြည့်နှင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

“အထီးကျန်ဝံပုလွေ...ကျန်းရီပဲ ခေါ်ရမလား...မင်းက ငါနဲ့ တိုက်ချင်တာလား...ငါမင်းရဲ့ ဒန်တျန်းကို ဖျက်ဆီးလိုက်မှာ မကြောက်ဘူးလား''

“သူတော်ကောင်း ယောင်ဆောင်နေတာ ရပ်လိုက်တော့...မင်းက ငါ့ကို ထိခိုက်အောင် လုပ်ချင်လွန်းလို့ မစောင့်နိုင်တော့ဘူးမလား...လာစမ်းပါ...မင်းကသာ ငါ့ဒန်တျန်းကို ဖျက်ဆီးပစ်နိုင်ရင် ငါတစ်ခွန်းမှ မကျေမနပ် မပြောဘူး”

အော်ဟစ်လိုက်ပြီး ကျန်းရီသည် မာဟေးချီထံ တစ်ဟုန်ထိုး ပြေးဝင် သွားခဲ့သည်။ သူ၏ သွေးများ ဆုံးရှုံးမှုကြောင့် အတော်လေး အားနည်းနေပြီ ဖြစ်သည်။ သူသာ ပြိုင်ပွဲကို မြန်မြန် အဆုံးမသတ်နိုင်လျှင် သူရှုံးရ ပေလိမ့်မည်။

မာဟေးချီသည်လည်း နောက်ဆုတ်ရမည့် အစား ကျန်းရီထံ ပြေးဝင်လာခဲ့သည်။ သူ့လက် များသည်လည်း သိမ်းငှက်လက်သည်း အသွင်ပြောင်းသွားကာ ကျန်းရီ၏ ခေါင်းထံ ရက်ရက်စက်စက် ကုတ်ချလိုက်သည်။

“ချလွမ်”

ကံတရား၏ ဓားစိမ်းသည် ကျန်းရီ၏ အင်္ကျီလက် အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် လက်နက်အတွင်း အတွင်းအားများ ထည့်လိုက်ပြီးသည်နှင့် သူ၏ ဘယ်ဘက်လက်သည် လှုပ်ရမ်းသွားကာ မာဟေးချီထံ လက်သီး ပုံရိပ်သုံးခု ထုတ်လွှတ်လိုက်သည်။ ကျန်းရီသည် ပုံရိပ်ယောင် လက်သီးကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ သူ့လက်တွင်းရှိ လက်နက်နှင့် ဆိုလျှင် ပုံရိပ်ယောင်ဓား ဖြစ်သွားပြီ ဖြစ်သည်။

“ပရိယာယ်တွေ...ငါ့ရဲ့နဂါးနက် ကြာပွတ်ကို ကြည့်ထား”

တောက်ပနေသော ဓားပုံရိပ်သုံးခု သူ့ထံ ဝင်လာသည်ကို မြင်သော်လည်း မာဟေးချီသည် အနည်းငယ်တောင် တုန်လှုပ် မသွားခဲ့ပေ။ သူသည် အနက်ရောင်ကြာပွတ် တစ်ခုကို ထုတ်ယူလိုက်ပြီး ကျန်းရီ၏ ကံတရားရဲ့ ဓားစိမ်းကို လှမ်းဆွဲ ယူလိုက်သည်။ အရှိန်သည် မြန်လွန်းနေရာ လူအများ၏ မျက်လုံး များသည်ပင် ဝေးဝါးသွားရသည်။

“ဘန်း”

အနက်ရောင် ကြာပွတ်သည် ကျန်းရီ၏ ဓားနှင့် ရင်ဆိုင်သွားသည်နှင့် ကျန်းရီ၏ ဘယ်ဘက်လက်သည် လှုပ်ခါသွားရသည်။ သူ၏ ဟူခို့အမှတ်နေရာ(လက်မနှင့် လက်ညှိုးကြားနေရာ)သည်လည်း နာကျင်သွားပြီး သူ၏ ဓားသည်လည်း ပိတ်မိသွားလေသည်။ အနှီကြာပွတ်သည် အတော်လေး ထူးဆန်းပေသည်။ ၎င်းသည် အသက်ရှိနေသည့်နှယ် ကျန်းရီ၏ လက်မောင်း တစ်ဝက်ခန့်ကို ခိုင်ခိုင်မြဲမြဲ ရစ်ပတ် ထားလေသည်။

“ကျန်းရီ...ငါက မာဖေးနဲ့ မာယွမ်အတွက် သွေးကြွေးကို ပြန်ယူတော့မယ်”

မာဟေးချီသည် ကျန်းရီ၏ မျက်နှာအမူအရာသည် ကြောက်ရွံ့သည် အမူအရာသို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်ကို သူသတိပြုမိလိုက်သည်။ သူသည် ကြာပွတ်ကို လက်တစ်ဖက်ဖြင့် ဆွဲလိုက်ကာ ကျန်းရီကို သူ့ထံ ဆွဲယူလိုက်သည်။ သူ၏ အခြားလက်တစ်ဖက်သည်ကား သိမ်းငှက် လက်သည်းအသွင် ပြောင်းသွားကာ ကျန်းရီ၏ ဝမ်းဗိုက်ဆီ ကုတ်ချလိုက်လေသည်။ သူ၏ ပစ်မှတ်သည်ကား ကျန်းရီ၏ ဒန်တျန်းနေရာ ဖြစ်သည်။

“အားလုံးပြီးသွားပြီ…”

သိုင်းခန်းမ၏ လေသာဆောင်ထက်မှ ကြီးကြပ်သူ ယန်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။ ကျန်းရီ၏ ဘယ်ဘက်လက်သည် အချည်နှောင်ခံ ထားရပြီး ညာဘက်လက်သည် မတိုက်ခိုက်နိုင် ဖြစ်နေခဲ့သည်။ သွေးများစွာ ဆုံးရှုံးထားရပြီး အတွင်းအားများလည်း လျော့နည်းနေရာ သူသည် မာဟေးချီ၏ ပြိုင်ဘက် မည်သို့ ဖြစ်နိုင်မည်နည်း...သူ၏ ဒန်တျန်း ပျက်စီးသွားရန်မှာ အသေးအဖွဲသာ ဖြစ်သည်။

သိုင်းခန်းမ သခင်သည် ခေါင်းကို ယမ်းလိုက်သည်။ သူ၏ ငွေရောင်နားကပ်လေး ထံမှ ချက်ခနဲ ဟူသော မြည်သံသည်ပင် ပီပီသသ ထွက်ပေါ် လာခဲ့သည်။ သူသည် ခြားနားစွာ ပြောလာခဲ့သည်။

“အားလုံးပြီးသွားပြီ...ဒါပေမယ့်...ပြီးသွားမှာက မာဟေးချီပဲ”

***

All Chapters