← Chapters

အကြံကိုယ်စီ

Vol. 97 Ch. 962

အကြံကိုယ်စီ

Vol. 97 Ch. 962

အလွှာတထောင်တောင်ကြားတွင် ဖြစ်သည်။

ဤဒေသ၏ ပထဝီအနေအထားသည် လောင်စန်းနိုင်ငံ၏ အနောက်ဘက်တွင် တည်ရှိပြီး ဝေးလံခြောက်သွေ့သောဒေသဖြစ်၍ ဖြတ်သွားဖြတ်လာမရှိသလောက် နည်းလှ၏။

ဤဒေသတွင် နေထိုင်ကြသူများမှာလည်း လူသားအနည်းငယ်မှအပ အများစုမှာ လမင်းစန္ဒာမျိုးနွယ်များ ဖြစ်ကြ၏။ လမင်းစန္ဒာနှင့် တောင်ရိုးကမ်းပါးမျိုးနွယ်များဟူသည်ကား လူသားလက်အောက်ခံ မျိုးနွယ်စုကြီးနှစ်စုပင် ဖြစ်လေသည်။

နောက်ပိုင်းတွင် တောင်ရိုးကမ်းပါးမျိုးနွယ်များကို ဓားတသောင်းတောင်တွင် သံမဏိမှ နေရာချထားပေးခဲ့သော်လည်း ယခုတိုင် ကိုယ်ပိုင် နေရာဟူ၍ မရှိကြသေးချေ။ သူတို့နှင့်စာလျင်တော့ လမင်းစန္ဒာမျိုးစိတ်တို့က ပို၍ ကံကောင်းသည်ဟု ဆိုနိုင်၏။ အကြောင်းမှာ ၎င်းတို့တွင် ကိုယ်ပိုင် နယ်မြေတခုကို ပိုင်ဆိုင်ထားခြင်းကြောင့်ပင်။

လမင်းစန္ဒာမျိုးစိတ်ဝင်များသည် ညဘက်တွင်သာ လှုပ်ရှားတတ်ပြီး သစ်ပင်ထူထပ်သော ဒေသများတွင် နေထိုင်ကြသူများဖြစ်လေရာ အများစုမှာ လုပ်ကြံသတ်ဖြတ်ရေးသမားများအဖြစ် လုပ်ကိုင်တတ်ကြ၏။

သို့သော် ယနေ့တွင်တော့ အရိပ်ထဲမှ လမင်းစန္ဒာမျိုးစိတ်ဝင်တို့ လူရှေ့သို့ပေါ်ပေါ်တင်တင် ထွက်လာခဲ့ကြလေပြီ။လမင်းစန္ဒာမျိုးစိတ်ဝင်တိုင်းလိုလိုသည် ရိုးရှင်းသော အစိမ်းရောင်ဝတ်ရုံများ ဝင်ဆင်ထားကြလေရာ ၎င်းတို့နောက်ရှိ သစ်ရွက်များနှင့်ပင် အမြင်မှားလောက်စရာ ဖြစ်နေ၏။

အလယ်တွင် ရပ်နေသည့် သက်လတ်ပိုင်းအရွယ် လမင်းစန္ဒာမျိုးစိတ်ဝင်အမျိုးသမီးတဦးသာ အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားလေသည်။ သူမ၏ခေါင်းတွင်ကား ပန်းပွင့်သရဖူတခု ဆင်မြန်းထားလေရာ အလွန်တင့်တယ်လှပသော အသွင်ကို ဆောင်နေ၏။

ထိုအမျိုးသမီးမှာ တခြားမဟုတ်။ လမင်းစန္ဒာမျိုးစိတ်၏ ဘုရင်မ ညဉ့်အလှပင် ဖြစ်သည်။

လမင်းစန္ဒာဘုရင်မသည် ၎င်းတို့ဘက်သို့ ဦးတည်လာနေသည့် ဧည့်သည်များကို ကြည့်ရင်း နွေးထွေးစွာ ပြုံးလိုက်၏။

“အမေ”

ညတစ္ဆေတယောက် အထက်ပါအတိုင်း အော်ခေါ်ပြီး ညဉ့်အလှ၏ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်၏။

လမင်းစန္ဒာလူ့အဖွဲ့အစည်းတွင် အမျိုးသမီးများကို အလေးထားသဖြင့် ညတစ္ဆေသည်လည်း လမင်းစန္ဒာမျိုးစိတ်၏ မင်းသမီးတပါးဖြစ်လာသည်မှာ မဆန်းလှ။

ဤအချက်ကပင် ရှင်သန်ခြင်းကျောင်းတော်ရှိ သူမ၏ အဆင့်အတန်းက အဘယ်ကြောင့် သာမန်မဟုတ်သည်ကို ရှင်းပြနိုင်ပေလိမ့်မည်။ ရှင်သန်ခြင်းကျောင်းတော်နှင့် လမင်းစန္ဒာမျိုးစိတ် ဤနှစ်ရပ်လုံးသည် မြေအောက်အဖွဲ့အစည်းများဖြစ်ကြလေရာ သူတို့အချင်းချင်း အပြန်အလှန် ဆက်ဆံမှု ရှိခြင်းမှာ သဘာဝကျပေသည်။

ညဉ့်အလှသည် သမီးဖြစ်သူ၏ ဦးခေါင်းကို ကြင်နာစွာ ပွတ်သပ်လိုက်၏။

“သမီးလေး... အိမ်ကထွက်သွားတာကြာလှပြီ အခုမှပဲ ပြန်လာဖို့ စဉ်းစားတယ်ပေါ့လေ”

“ဟွန့် ဒီအဖိုးကြီးကြောင့်သာမဟုတ်ရင် သမီးက ပြန်လာအုံးမှ မဟုတ်ဘူး အပြင်မှာ ပျော်နေတဲ့ဟာကို”

ညတစ္ဆေက နှုတ်ခမ်းစူရင်း ပြောလိုက်လေသည်။

ထိုအချိန်မှာပင် ထိုအဖိုးကြီး သို့မဟုတ် လင်ကျွေ့လျူ လျှောက်လာနေ၏။

ညတစ္ဆေကိုကြည့်ရင်း လင်ကျွေ့လျူ ရယ်မောလိုက်လေသည်။

“ညဉ့်အလှမိန်းကလေး ဒီတော့ ဒီကလေးမက တကယ်ပဲ မင်းရဲ့သမီးပေါ့ ဟုတ်လား ဒါကြောင့်မို့ စမြင်ကတည်းက မင်းနဲ့တူပါတယ် ထင်နေတာ"

ညတစ္ဆေက စူးစမ်းဟန်ဖြင့် မေးလိုက်၏။

“ဒါဆို အဖိုးကြီးက အမေ့ကို မှတ်မိတယ်ပေါ့ ဟုတ်လား"

ညဉ့်အလှက ခေါင်းခါလိုက်သည်။

“သူ မမှတ်မိတာပဲ ကောင်းပါတယ်”

သူတို့စကားပြောနေသည်ကိုနားထောင်ရင်း ယဲ့ဖန်းဟန်နှင့် ချန်းဟယ်တို့နှစ်ယောက် တယောက်မျက်နှာကိုတယောက် ကြည့်လိုက်ကြသည်။ သူတို့၏စိတ်ထဲတွင်လည်း သို့လောသို့လောနှင့် တွေးတောမိနေကြ၏။ ဧကန္တ ညတစ္ဆေသည် လင်ကျွေ့လျူ၏ သမီးများ ဖြစ်နေလေမည်လား။ သို့သော် လင်ကျွေ့လျူ၏ ညဉ့်အလှကို ဆက်ဆံပုံအရ ဤအချက်ကလည်း မဖြစ်နိုင်ချေ။

ထိုအချိန်မှာပင် လင်ကျွေ့လျူက ပြောလိုက်သည်။

“ညဉ့်အလှမိန်းမလေး ဒီလို မပြောစမ်းပါနဲ့လေ မင်းအဖေနဲ့အမေဟာ တချိန်က ငါနဲ့မိတ်ဆွေရင်းချာတွေပဲမလား”

ညဉ့်အလှက ပြန်ပြောလိုက်၏။

“ကျွန်မရဲ့ အဖေနဲ့အမေတင် မဟုတ်ဘူး လမင်းစန္ဓာမျိုးစိတ်တစိတ်လုံး ရှင်နဲ့အတူ ပြဿနာတွေ ရှာခဲ့မှန်း ကျွန်မကောင်းကောင်းသိတာပေါ့ ဒါပေမဲ့ ရှင်ကတော့ အဲဒီသွေးဗီဇပေါင်းစပ်တဲ့သုတေသနကို မစွန့်လွှတ်နိုင်ပဲ ကိုယ့်ကပ်ဆိုးကို ကိုယ်တိုင်ဖိတ်ခေါ်ခဲ့တယ် နောက်ဆုံးတော့ ခုနှစ်ပြည်ထောင်က ဝင်တိုက်ပြီး ရှင် ရှုံးသွားတယ် ကျွန်မတို့ကိုပါ ဆိုးရွားတဲ့ အခြေအနေမျိုးမှာ ရှင် ထားပစ်ခဲ့တယ် အဲဒီအချိန်ကစပြီး ကျွန်မတို့မျိုးစိတ်ဟာ အလွှာတထောင်တောင်ကြားမှာ ပုန်းအောင်းနေရတာ နှစ်ပေါင်းများစွာ ကြာသွားပါရော့လား ဒီလိုအနေအထားမှာ ရှင်က ဘယ်လိုသတ္တိမျိုးနဲ့များ ကျွန်မတို့ကို လာတွေ့ရဲတာပါလိမ့်"

ထိုစကားကို ကြားသောအခါ လူတိုင်း တုန်လှုပ်သွားကြ၏။

ဤအတိုင်းဆိုလျင် လမင်းစန္ဒာမျိုးစိတ်သည် လင်ကျွေ့လျူ၏ ပုန်ကန်မှုတွင် ပူးပေါင်းပါဝင်ခဲ့ကြသော်လည်း လင်ကျွေ့လျူက သူတို့၏ ယုံကြည်မှုကို အလွဲသုံးစားပြုခဲ့သည်မှာ ထင်ရှားနေ၏။

လင်ကျွေ့လျူ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်လေသည်။

“မင်း ငါ့ကို စိတ်ဆိုးနေမယ်ဆိုတာ ငါ သိပါတယ်ကွာ ဒါပေမဲ့ ငါ မင်းရဲ့ အပြစ်တင်စကားတွေကို နားထောင်ဖို့ ဒီတခေါက်လာတာမဟုတ်ဘူး ငါပြောတာကို သေသေချာချာနားထောင် ဒီတခေါက် ရာဇပလ္လင်ကိုသိမ်းပိုက်ဖို့အတွက် မင်းတို့ရဲ့ အကူအညီ ငါ လိုတယ် ငါသာ အောင်မြင်သွားခဲ့ရင် လောင်စန်းနိုင်ငံရဲ့ အနောက်ဘက်ဒေသတခုလုံးကို မင်းတို့လမင်းစန္ဒာမျိုးစိတ်တွေ အပိုင်စားရစေရမယ်"

“ဟွန့်”

ညဉ့်အလှ မဲ့လိုက်၏။

“ဒါမျိုးနဲ့ ကျွန်မကို လာပြီး သွေးဆောင်ဖို့ မကြိုးစားပါနဲ့ရှင်"

လင်ကျွေ့လျူ စိတ်တိုသွား၏။ တချိန်တည်းမှာပင် သူ့အရှိန်အဝါမှာလည်း ရုတ်တရက် ပြောင်းလဲသွားလေသည်။

ယခင်က သူ့ပုံစံမှာ လူအိုတဦးထက် မပိုသော်လည်း ချက်ချင်းဆိုသလိုပင် သူ့ပုံသဏ္ဌာန်သည် မိုးထိလုနီးပါး မြင့်မားသွားပုံရပြီး လူတိုင်းလိုလို သူ့ကို အလိုအလျောက် မော့ကြည့်မိကြ၏။

ဤသည်မှာ ဖိအားကြောင့် မဟုတ်။ စစ်မှန်သော ကိုယ်ပိုင် အစွမ်းသတ္တိသာ ဖြစ်သည်။ ထိုခနအတွင်းမှာပင် ပရမ်းပတာဘုရင်၏ ဂုဏ်သိက္ခာနှင့် အရှိန်အဝါသည် အရပ်ရှစ်မျက်နှာသို့တိုင် ဖြန့်ကျက်သွားတော့၏။

ဘုရင်တပါး၏ စစ်မှန်သောဂုဏ်ရှိန်ဂုဏ်ဝါနှင့် ရင်ဆိုင်လိုက်ရသောအခါ လမင်းစန္ဒာမျိုးစိတ်ဝင်တိုင်း အကြီးအကျယ် တုန်လှုပ်သွားကြ၏။

ဤသည်မှာ အားနည်းသူတို့က အင်အားကြီးသူတို့အပေါ်တွင် အလိုအလျောက် ထားရှိတတ်သည့် မွေးရာပါလေးစားမှုပင် ဖြစ်သည်။ သူတို့၏ဗီဇထဲတွင် ထည့်သွင်းထားသည့် သဘာဝ အစေခံသန္ဓေစိတ်ဟုလည်း ဆိုနိုင်၏။

ညဉ့်အလှတဦးတည်းသာ သူမ၏သမီးကို ဖက်ထားရင်း လင်ကျွေ့လျူကို ရှုတည်တည်နှင့် စိုက်ကြည့်နေသည်။

“ပရမ်းပတာဘုရင် ရှင် ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် ဒီတစ်ကြိမ်မှာတော့ ကျွန်မတို့က ရှင့်ကို မကူညီနိုင်တော့ဘူး"

“တကယ်လို့ ရှင်သန်ခြင်းကျောင်းတော် နဲ့ အချုပ်အနှောင်မဲ့ဂိုဏ်းပါ ပါလာရင်ရော”

လင်ကျွေ့လျူက တဲ့တိုးပင် ပြောချလိုက်၏။

“အချုပ်အနှောင်မဲ့ဂိုဏ်း ဟုတ်လား”

ဤတကြိမ်တွင်တော့ ညဉ့်အလှ အံ့သြသွား၏။

ရှင်သန်ခြင်းကျောင်းတော် ဤကိစ္စတွင် ပါဝင်လာခြင်းမှာ သိပ်မဆန်းလှ။ အကြောင်းမှာ ဤသည်ကိုက သူတို့၏ ဗီဇဖြစ်နေသောကြောင့်ပင်။

သို့သော် အချုပ်အနှောင်မဲ့ဂိုဏ်းကတော့...

အချုပ်အနှောင်မဲ့ဂိုဏ်းအနေနှင့် အဘယ်ကြောင့် လင်မင်းချီကို ဖြုတ်ချလိုရသနည်း။

လမင်းစန္ဒာမျိုးစိတ်ဝင်တို့၏ နေရာသည် အလွန် ဝေးလံခေါင်ဖျားသဖြင့် သတင်းပလင်းက အမြဲလိုလို နောက်ကျတတ်၏။ ထို့ကြောင့် လွန်ခဲ့သော တလက ဘာတွေဖြစ်ပျက်သွားမှန်း သူတို့ ယခုတိုင် မသိကြသေးချေ။

ထိုအချိန်မှာပင် ချီမင်းဖန်က ရှေ့ထွက်ပြီး အခြေအနေအရပ်ရပ်ကို ရှင်းပြလိုက်၏။

ညဉ့်အလှက အချိန်အတန်ကြာအောင် စဉ်းစားပြီးမှ ခေါင်းညိတ်လိုက်သည်။

“ကျွန်မ မဟာပညာရှိရဲ့ ဂုဏ်သတင်းနဲ့ အချုပ်အနှောင်မဲ့ဂိုဏ်းရဲ့အင်အားကို ကြားဖူးပါတယ် ဒါပေမဲ့ ကျွန်မတို့အနေနဲ့ လောင်စန်းတနိုင်ငံလုံးနဲ့ ရင်ဆိုင်ဖို့ကတော့ အလှမ်းဝေးလွန်းသေးတယ် ထင်တာပဲ"

“ဒါဆို မင်း ဘာမှမသိသေးဘူးပဲ”

လင်ကျွေ့လျူ ရယ်မောရင်း အချုပ်အနှောင်မဲ့ဂိုဏ်း၏ အနေအထားကို အသေးစိတ် ရှင်းပြလိုက်၏။ အချုပ်အနှောင်မဲ့ဂိုဏ်းတွင် အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင် ၁၅,၀၀၀ ထက် မနည်း ရှိကြောင်း ကြားလိုက်ရသောအခါ ညဥ့်အလှ တုန်လှုပ်သွား၏။

“မဖြစ်နိုင်ဘူး”

လင်ကျွေ့လျူ ဘာမှပြောမနေတော့ပဲ ပုံရိပ်ဖမ်းငွေပြားတချပ်ကို ထုတ်ယူပြီးသူမထံ ပစ်ပေးလိုက်သည်။ အထဲတွင် မှတ်တမ်းတင်ထားသည်မှာကား ရေတပ်အုပ်စုနှင့် ချောက်နက်မှ ပင်လယ်သားရဲတို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲပင် ဖြစ်သည်။

တိုက်ပွဲမှာ အထူးစိတ်ဝင်စားစရာမရှိသော်လည်း လေထဲတွင် ပျံသန်းတိုက်ခိုက်နေကြသည့် ချီစွမ်းအားပညာရှင်တသောင်းခန့်မှာ အတော်ပင် စိတ်ဝင်စားစရာကောင်းလှ၏။

ညဉ့်အလှ ပါးစပ်အဟောင်းသား ဖြစ်သွား၏။

“ကဲ ဒီလောက်ဆို ကျုပ်တို့ အသေးစိတ် ဆွေးနွေးဖို့ နေရာရှာလို့ရပြီနဲ့ တူတယ်”

လင်ကျွေ့လျူက ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ယုံကြည်ထားဟန်ဖြင့် မေးလိုက်သည်။

ထိုညမှာပင် လမင်းစန္ဒာမျိုးစိတ်တို့သည် မဟာကြံစည်မှုကြီးအတွက် တရားဝင် ပူးပေါင်းခဲ့၏။

တလခန့်အကြာတွင် ဖြစ်သည်။

ဂုဏ်ရှိန်အလင်းရောင်တောင်ထိပ်ပေါ်တွင် လူတဦး ဓားကို ဝှေ့ယမ်းနေ၏။

ထိုလူမှာ တခြားသူမဟုတ်။ ယဲ့ဖန်းဟန်ပင် ဖြစ်သည်။

ဓားကိုဝေ့ယမ်းလိုက်တိုင်း အေးခဲလှသောချီအားလှိုင်းတခုက သူ့ထံမှ အဆက်မပြတ် ထွက်ပေါ်နေ၏။ ပတ်ဝန်းကျင်မှ အပူရှိန်နှင့် အအေးတို့ ထိပ်တိုက်ဆုံမ်ိလိုက်တိုင်း နေရာအနှံ့ အဖြူရောင်ရေငွေ့တိမ်တိုက်များ တဖွားဖွား ထွက်ပေါ်နေသည်။ ထိုတိမ်တိုက်များ အလယ်တွင် ရပ်နေသော ယဲ့ဖန်းဟန်ကို ကြည့်ရသည်မှာ အလွန် ထူးခြားနက်နဲသည့် အသွင်တမျိုးကို ဆောင်နေ၏။

ကောင်းကင်မှ ဆင်းသက်လာသော ချန်းဟယ်က ယဲ့ဖန်းဟန်ကို လက်ခုပ်တီးရင်း အားပေးလိုက်လေသည်။

“မင်းရဲ့ နှင်းမြူတိုက်ခိုက်ရေးပုံသဏ္ဍာန်က ဒီရက်အတွင်းမှာ သိသိသာသာကို တိုးတက်လာပါလားကွ"

ယဲ့ဖန်းဟန်က ဘာမှပြန်အပြောပဲ သူ့လက်ထဲမှဓားနှင့် ချန်းဟယ်ကို ခုန်ဟန်ပြုလိုက်သည်။ ချန်းဟယ်၏ တကိုယ်လုံး တဖြတ်ဖြတ် လင်းလက်သွား၏။ သူ ရှောင်တိမ်းရန်ကြိုးစားလိုက်ခြင်း ဖြစ်သည်။ သို့သော် ယဲ့ဖုန်းဟန်၏ ဓားသည် သူ့နောက်မှ ထပ်ချပ်မကွာပင် လိုက်ပါလျက်ရှိ၏။

ချန်းဟယ် အားမလျှော့ပဲ အကြိမ်ကြိမ် ထွက်ပြေးရန် ကြိုးစားနေ၏။ သို့သော် နှင်းမြူတိုက်ခိုက်ရေးပုံသဏ္ဍာန်၏ သက်ရောက်မှုကြောင့် ချန်းဟယ်၏ အမြန်နှုန်းမှာ သိသိသာသာပင် လျော့ကျသွားလေသည်။ သူသည် ဆယ်ကြိမ်တိုင်တိုင် ကြိုးစားပြီးနောက် မည်သို့မှမလွတ်မြောက်နိုင်ကြောင်း သိလိုက်၍ ထွက်မပြေးတော့ပဲ အောက်ပါအတိုင်း ပြောလိုက်လေသည်။

“မင်း နိုင်သွားပြီ ကျုပ် ဘယ်လိုမှ ထွက်ပြေးလို့မရဘူး"

ယဲ့ဖန်းဟန်ကား ချန်းဟယ်ကို အနိုင်ရလိုက်ခြင်းကြောင့် ဝမ်းသာဟန်မပေါ်ပဲ မျက်မှောင်ကုတ်လျက်ရှိသည်။ သူ့ပုံစံမှာ တစုံတရာကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေမှန်း မြင်သာနေ၏။

ချန်းဟယ်က မေးလိုက်သည်။

"ဟေ့ ကျုပ်ကို အနိုင်ရသွားတာ မင်း ဝမ်းသာသင့်တယ်လေ မင်းကြည့်ရတာ တခုခုပဲ ဘာဖြစ်နေတာလဲ"

ယဲ့ဖန်းဟန်၏ အမူအရာမှာ ပို၍လေးနက်တည်ကြည်သွား၏။

“ကျုပ်တို့ ဒီကို ရောက်နေတာ တစ်လ ရှိပြီ လောင်စန်းနိုင်ငံအနေနဲ့ ဓားတသောင်းတောင်ကို တိုက်ခိုက်တဲ့နေရာမှာ သူတို့ အသုံးပြုမယ့် တပ်တွေကို လုံးဝနီးပါး စုစည်းထားပြီးနေပြီ လင်ကျွေ့လျူက ဘာကိုစောင့်နေတာလဲ”

ချန်းဟယ် ပုခုံးတွန့်လိုက်သည်။

“လင်ကျွေ့လျူ ပျောက်နေတာကြာပြီလေ ဒါကြောင့် သူ့အနေနဲ့ သူရဲ့ထောက်ခံသူတွေကို စည်းရုံးဖို့ဆိုတာ အချိန်တခုတော့ လိုမှာပေါ့”

“မဟုတ်ဘူး”

ယဲ့ဖန်းဟန် ခေါင်းခါလိုက်သည်။

“ကျုပ် ဒါကို သေသေချာချာ သုံးသပ်ပြီးပြီ သူ အချိန်လိုလို့ ကြာနေတာမဟုတ်ဘူး လောင်စန်းက အချုပ်အနှောင်မဲ့ဂိုဏ်းကို စတိုက်မဲ့အချိန်က်ို သူ စောင့်နေတာ"

“ဘာ”

ချန်းဟယ် တုန်လှုပ်သွားသည်။

"ဖြစ်နိုင်ပါ့မလား လောင်စန်းနိုင်ငံရဲ့အာရုံကို ထွေပြားသွားအောင်လုပ်ဖို့ ဂိုဏ်းချုပ်ကိုယ်တိုင်က သူ့ကို ဒီလွှတ်လိုက်တာလေ"

“ဂိုဏ်းချုပ်လွှတ်လိုက်တာတော့ ဟုတ်တယ် ဒါပေမဲ့ သူက အချုပ်အနှောင်မဲ့ဂိုဏ်းဝင် မဟုတ်ဘူး ဒါကြောင့် သူ့အနေနဲ့ ဂိုဏ်းချုပ်ရဲ့ ညွှန်ကြားချက်တိုင်းကို အပြည့်အဝ လိုက်နာဖို့ မလိုဘူး ပြီးတော့ မင်း မမေ့နဲ့လေ သူကိုယ်တိုင်က အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်အဆင့် ချီစွမ်းအားပညာရှင် ကျင့်ကြံခြင်းအဆင့်အတန်းအရ ပြောရရင် သူက ဂိုဏ်းချုပ်ထက်တောင် ပိုပြီး အစွမ်းထက်နေသေးတယ် သူတကယ်ပဲ ဂိုဏ်းချုပ်ရဲ့ တောင်းဆိုချက်တိုင်းကို နာခံလိမ့်မယ်လို့ မင်း တကယ်ကြီး ထင်နေတာလား”

ယဲ့ဖန်းဟန်၏ စကားကြောင့် ချန်းဟယ် ဘာပြောရမှန်းမသိပဲ ဖြစ်သွား၏။

အတန်ကြာစဥ်းစားပြီးနောက် သူက မေးလိုက်လေသည်။

“မင်း ဆိုလိုတာ...”

“ရည်မှန်းချက်တွေ မတူကြတဲ့သဘောပဲ”

ယဲ့ဖန်းဟန်က ပြုံးရင်း ပြောလိုက်သည်။

“ဂိုဏ်းချုပ်က လောင်စန်းကို ထိန်းချုပ်ဖို့ လင်ကျွေ့လျူကို သုံးချင်တာ ဒါ သီအိုရီအရ ကောင်းမွန်တဲ့ ရွှေ့ကွက်လို့ ဆိုနိုင်တယ် ဒါပေမဲ့ ပွန်းတကောင်မှာတောင် သူ့ကိုယ်ပိုင် ဆန္ဒတွေနဲ့ ရည်မှန်းချက်တွေ ရှိနေတဲ့အခါ ထိန်းချုပ်ဖို့ ပိုခက်လာတတ်တဲ့သဘောရှိတယ် လင်ကျွေ့လျူကိုကြည့်ရတာ အချုပ်အနှောင်မဲ့ဂိုဏ်းကို လောင်စန်းနဲ့ ရင်ဆိုင်စေပြီးမှ အမြတ်ထုတ်ချင်တဲ့သဘောမျိုး ဖြစ်လိမ့်မယ်”

တကယ်လည်း ယဲ့ဖန်းဟန်၏စကားက အမှန်ပင်။ ပွန်းတကောင် အဖြစ် အသုံးချခံရခြင်းကို မည်သူမှမကြိုက်။ လင်ကျွေ့လျူလိုလူစားမျိုးဆိုလျင် ပို၍ပင် ဆိုးနေအုံးမည်။

သဘောတရားအရ လောင်စန်း၏ လှုပ်ရှားမှုများကို ကန့်သတ်ရန် လင်ကျွေ့လျူကို အသုံးပြုခြင်းသည် ကောင်းမွန်သော အယူအဆ ဖြစ်သော်လည်း လင်ကျွေ့လျူအနေနှင့် သဘောတူညီချက်ကို အဆုံးထိ လိုက်နာရန် စိတ်အားထက်သန်မှု မရှိပါက စုချန်းကိုယ်တိုင်ပင် ထိုပွန်းရုပ်၏ အသုံးချခြင်းကို ခံသွားရနိုင်၏။ ပရမ်းပတာဘုရင်သည် ဘယ်တုန်းကမှ အရူးတယောက် မဟုတ်ခဲ့ချေ။

သူ့အနေနှင့် အခြေအနေတရပ်လုံးကို ကောင်းကောင်းကြီး နားလည်ထား၏။

ထို့ကြောင့် သူက လောင်စန်း၏ လှုပ်ရှားမှုများကို ကန့်သတ်ထိန်းချုပ်မည့် စုချန်း၏ ရည်ရွယ်ချက်ကို ကူညီရန် ဆန္ဒမရှိချေ။ ထိုအစား သူသည် သူ့အကျိုးအမြတ်အတွက် အချုပ်အနှောင်မဲ့ဂိုဏ်းကို အသုံးချရန်သာ ကြိုးစားပေလိမ့်မည်။

ထိုအတွက် အကောင်းဆုံးသောအချိန်ကလည်း အချုပ်အနှောင်မဲ့ဂိုဏ်း အကျပ်အတည်းနှင့် ကြုံတွေ့နေရသည့်အချိန်ပင် ဖြစ်သည်။ ဤနည်းအားဖြင့် သူသည် အကျိုးအမြတ်အားလုံးကို ပိုင်ဆိုင်နိုင်မည့်အပြင် စုချန်းသည်ပင် သူ့ကို ကျေးဇူးတင်ရပေလိမ့်မည်။

သို့သော် ထိုအတွက် ဓားတသောင်းတောင်အနေနှင့် ကြီးမားသော ထိခိုက်နစ်နာမှုများကို ခံစားရမည်မှာ သေချာနေ၏။

ယဲ့ဖန်းဟန်၏ စကားကိုနားထောင်ပြီးနောက် ချန်းဟယ်၏ အမူအရာ ချက်ချင်း ပြောင်းလဲသွား၏။

“ဒါဆို ကျုပ်တို့ ဒုက္ခရောက်ပြီပေါ့ လင်ကျွေ့လျူ ကိုယ့်အလုပ်ကို မလုပ်ဘူးဆိုရင် ဓားတသောင်းတောင် အကြီးအကျယ် ဒုက္ခရောက်တော့မယ်"

ယဲ့ဖန်းဟန် တချက်ပြုံးလိုက်သည်။

“ဒါကြောင့် ဂိုဏ်းချုပ်က ကျုပ်တို့ကိုပါ ဒီကို စေလွှတ်ခဲ့တာပေါ့”

ချန်းဟယ် အံ့အားသင့်သွားသည်။

“ဒါဆို ဂိုဏ်းချုပ်က ကြိုသိထားပြီးသားပေါ့ ပြော ကျုပ်တို့ ဘာလုပ်ရမလဲ”

“သူ မစဘူးဆိုရင် ကျုပ်တို့က သူ့အတွက် စပေးရမှာပေါ့ကွာ"

“မင်း ဆိုလိုချင်တာ...”

“ကျုပ်တို့ အမိန့်မြို့တော်ကို စတိုက်ခိုက်မယ်”

ချန်းဟယ်က မျက်မှောင်ကြုတ်လိုက်သည်။

"ကျုပ်တို့ နှစ်ယောက်တည်းနဲ့တော့ မရဘူးထင်တယ်"

ယဲ့ဖန်းဟန်က ချက်ချင်း ပြန်ဖြေလိုက်သည်။

“ဟုတ်တယ် ကျုပ်တို့ လင်ကျွေ့လျူစုဆောင်းထားတဲ့ တပ်ဖွဲ့တွေ လမင်းစန္ဒာစစ်သည်တွေ အပါအဝင် အားလုံးကို အသုံးချရမယ်”

“ဘယ်လို အသုံးချကြမလဲ”

“ကျုပ်တို့ လှည့်စားမှုလေးတခု ဖန်တီးကြတာပေါ့ကွာ”

ယဲ့ဖန်းဟန်က ပြောပြောဆိုဆို အနီရောင်ဆေးရည် ပုလင်းငယ်တလုံးကို ထုတ်ယူလိုက်၏။

ထိုဆေးပုလင်းငယ်ကို မြင်သည်နှင့် ချန်းဟယ်၏ မျက်လုံးအစုံ အရောင်တောက်သွားလေသည်။

All Chapters