← Chapters

အယောင်ဆောင်ခြင်း

Vol. 97 Ch. 963

အယောင်ဆောင်ခြင်း

Vol. 97 Ch. 963

အမိန့်မြို့တော်။

အမိန့်မြို့တော်သည် လောင်စန်းနိုင်ငံ၏ အနောက်ဘက်တွင် တည်ရှိသော မြို့ငယ်လေး ဖြစ်သည်။ မြို့ငယ်သလောက် ကာကွယ်ရေးအင်အားကလေး အတော်လေး နိမ့်ပါး၏။ ဤမြို့တွင် အစွမ်းအထက်ဆုံးအစောင့်၏ အဆင့်အတန်းမှာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်တွင်သာရှိ၍ ဤအချက်မှာ မြင်သာနေသည်။ သို့သော် အမိန့်မြို့တော်သည် ဧကရာဇ်မင်း၏ တိုက်ရိုက် လက်အောက်ခံမြို့တမြို့ ဖြစ်သည်။

ယနေ့တွင် တပ်မှုးဟေးသည် ခြံဝန်းထဲတွင် ထိုင်ရင်း လက်ဖက်ရည်သောက်နေ၏။ ထိုအချိန်မှာပင် ကောင်းကင်ဆီမှ ကျယ်လောင်လှသောအသံကြီးကို သူ ကြားလိုက်ရသည်။ တပ်မှုးဟေး အတော်လေးထိတ်လန့်တုန်လှုပ်သွား၏။ အကြောင်းမှာ ထိုအသံသည် အလင်းတုန်ခါခြင်းနယ်ပယ်အဆင့်ထက် ပို၍အဆင့်မြင့်သူတဦး မူလစွမ်းရည်ကို ထုတ်သုံးရာမှ ထွက်ပေါ်လာသောအသံမှန်း သူ သဘောပေါက်လိုက်သောကြောင့်ပင်။

မည်သူများ အမိန့်မြို့တော်သို့ ဦးတည်လာနေလေသနည်း။

တပ်မှုးဟေး တဒိန်းဒိန်းနှင့် ရင်တုန်လာ၏။ ထို့နောက် သူက အခြေအနေကို အကဲခတ်ရန် အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်သည်။

အမိန့်မြို့တော်၏ အထက်ကောင်းကင်ယံတွင် ကြီးမားသောပုံရိပ်တခု ရှိနေ၏။ ထ်ိုပုံရိပ်မှာ ပေရာနှင့်ချီ မြင့်မားပုံရသည်။ ထိုပုံရိပ်သည် မြေပြင်မှ အမိန့်မြို့တော်ကို အေးစက်စက်အကြည့်နှင့် စိုက်ကြည့်ရင်း အော်ဟစ်လိုက်၏။

“ဒီနေ့ကစပြီး အမိန့်မြို့တော်ကို ငါ လင်ကျွေ့လျူ သိမ်းပိုက်လိုက်ပြီ ခုခံတဲ့သူဘယ်သူမဆို သေရမယ်"

ဟင်...

လင်ကျွေ့လျူဆိုပါလား...

ပရမ်းပတာဘုရင်...

ထိုအမည်ကို ကြားလိုက်သည်နှင့် တပ်မှုးဟေး ခေါင်းနပန်းကြီးသွား၏။

သူ့အနေနှင့် ပရမ်းပတာဘုရင်ဟူသော အမည်ကို ကောင်းကောင်းကြီးကြားဖူထား၏။ ရာဇပလ္လင်က်ို သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ယောက်တည်းအားနှင့် ဧကရာဇ်ခုနစ်ပါးကို ပြသနာရှာရဲသူ၏ အမည်ကို သူ မည်သို့မကြားဖူးပဲ နေမည်နည်း။

ယခုတော့ လင်ကျွေ့လျူ ပြန်ပေါ်လာပြီဆိုပါလား...

တိုင်းပြည်ကား နောက်တကြိမ် အမှောင်ထုထဲသို့ ကျရောက်တော့မည့် သဘောပေလော။

တပ်မှုးဟေးတယောက် ကိုယ့်ကိုယ်ကို မထိန်းနိုင်လောက်အောင် တကိုယ်လုံး တုန်ယင်လာ၏။

သူ တဦးတည်းသာမက မြို့တွင်းရှိ အစောင့်များအားလုံးသည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေကြလေသည်။

ပရမ်းပတာဘုရင် တနည်းအားဖြင့် အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ချီစွမ်းအားပညာရှင်။

ဤပုဂ္ဂိုလ်ကို သူတို့ မည်သို့ အန်တုနိုင်မည်နည်း။

တစ်ခါတစ်ရံတွင် လူအင်အားများခြင်းသည် အားသာချက်ကို ပေးနိုင်သော်လည်း ၎င်းမှာ ခွန်အား ကွာခြားမှုအပေါ်တွင်လည်း မူတည်နေသေး၏။ အကယ်၍ အင်အားချင်းက ကျင့်ကြံခြင်းနယ်ပယ် သုံးဆင့်အထိ ကွာခြားနေပါက ထိုအချိန်တွင် လူအင်အားများခြင်းမှာ အရေးမပါတော့ချေ။

မြို့၏ အစောင့်တပ်မှုးဟေးသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်တွင်သာ ရှိ၍ လင်ကျွေ့လျူအနေနှင့် အယောက်တသောင်းပင်ဖြစ်စေ လက်ဝါးတချက်တည်းဖြင့် ရှင်းထုတ်ပစ်နိုင်၏။

စစ်သားတိုင်း နတ်ဆိုးတကောင်ကို မြင်လိုက်ရသကဲ့သို့ ကောင်းကင်ကို စိုက်ကြည့်နေကြသည်။ သူတို့အနက် တချို့မှာ အကြီးအကျယ် ကြောက်လန့်ပြီး ဒူးထောက်လျက်သားပင် ဖြစ်နေကြလေပြီ။

လင်ကျွေ့လျူ၏ မျက်လုံးကို မည်သူမျှ ရင်ဆိုင်ရဲခြင်းမရှိပေ။ နောက်ဆုံးတွင် သူ့အကြည့်က တပ်မှုးဟေးအပေါ်သို့ ကျရောက်သွား၏။

“မင်းက ဟေးကျန့်ချန်လား”

တပ်မှုးဟေး တံတွေးတချက်မျိုချလပြီး ပြန်ဖြေလိုက်သည်။

“ကျုပ် ဟေးကျန့်ချန်ပါ ပရမ်းပတာဘုရင်ကို ဂါရဝပြုပါတယ်”

“မင်းက ဘာလို့ ဒူးမထောက်တာလဲ”

တပ်မှုးဟေး သက်ပြင်းချလိုက်၏။ သူ့မျက်နှာတွင် ပြတ်သားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

“ကျုပ်ကို အရှင်မင်းကြီးက လမင်းစန္ဒာမျိုးစိတ်တွေကို စောင့်ကြည့်ဖို့ ခန့်အပ်ထားတာဖြစ်ပါတယ် ကျုပ်အနေနဲ့ ခင်ဗျားကို တားဆီးဖို့ အခွင့်အရေး မရှိဘူးဆိုတာ သိပါတယ်ဒါပေမဲ့ ဒါနဲ့ပဲ ကျုပ် အလွယ်တကူ လက်နက်ချမှာတော့ မဟုတ်ဘူး ကျုပ်မှာ အသက်တချောင်းပဲရှိတယ်ဆိုတော့ ဘာများ ကြောက်နေစရာလိုသလဲ”

ထိုအခါ လင်ကျွေ့လျူက ပြန်ပြောလိုက်ပြန်သည်။

“ကောင်းတယ် မင်း တကယ်ပဲ သူရဲကောင်းဆန်တယ် ဒါပေမဲ့ မင်း သေချင်ရင်တောင် ငါက ခွင့်မပြုသေးဘူး မင်း လင်မင်းချီကို သွားအကြောင်းကြားပေးရမယ် ငါပြန်လာပြီလို့ ဒီကောင့်ကို ပြောလိုက်"

ဘာ...

တပ်မှုးဟေး အံ့သြတုန်လှုပ်သွား၏။

"ဒီတော့ ခင်ဗျားက ကျုပ်ကို မသတ်တော့ဘူးလား”

“ဘာလဲ မင်း တော်တော်ကြီးကို သေချင်နေတာလား”

စကားဆုံးသည်နှင့် ကြီးမားလှသော ဓားကြီးတလက် ကောင်းကင်မှ ဆင်းသက်လာပြီး တပ်မှုးဟေး၏ ရှေ့ ပေသုံးဆယ် အကွာတွင် ပြုတ်ကျသွား၏။ ဤ ရိုးရှင်းသောတိုက်ခိုက်မှုသည်ပင် မြေပြင်တွင် ပေပေါင်းများစွာ နက်သော တွင်းပေါက်ကြီးကို ဖြစ်သွားစေသည်။

ဤတိုက်ခိုက်မှုမျိုးက အနှိုင်းမဲ့ ဧကရာဇ် နယ်ပယ် ကျင့်ကြံသူတယောက်အတွက် ဘာမှ မဟုတ်သော်လည်း ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တယောက်ကိုတော့ အသက်ပျောက်သွားစေနိုင်၏။

ထို့နောက် လင်ကျွေ့လျူက ပြောလိုက်ပြန်သည်။

“မင်း ဒီလောက် သေချင်နေတယ်ဆိုရင် ငါ့စွမ်းအားရဲ့ အပုံတထောင်ပုံတပုံကိုပဲ ခံနိုင်ရည်ရှိအောင် ကြိုးစားကြည့်စမ်းပါအုံး ဖြစ်နိုင်ရင် ငါက မင်းရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးလိုက်ချင်တယ်”

တပ်မှုးဟေးအနေနှင့် သေရမည်ကို မကြောက်သော်လည်း အချည်းနှီးသက်သက်တော့ သေလိုသည့်ဆန္ဒမရှိချေ။ ထိုအခါ သူက ခေတ္တ စဉ်းစားပြီး မေးလိုက်၏။

“တကယ်လို့ ကျုပ် သွားမယ်ဆိုရင် ခင်ဗျားအနေနဲ့ ဒီမြို့ကလူတွေကို အန္တရာယ်မပြုရဘူး”

ထိုအချိန်တွင် အမိန့်မြို့တော်ရှိ လူတိုင်းနီးပါး ထိတ်လန့်စရာမြင်ကွင်းကို သတိပြုမိသွားကြပြီ ဖြစ်သည်။ သို့သော် သူတို့အပေါ် သက်ရောက်နေသည့် ကြီးမားသော ဖိအားကြောင့် မည်သူမျှ ရွေ့လျားရန် မဝံ့ရဲကြချေ။ သူတို့အားလုံး ဒူးထောက်ကာ ကောင်းကင်ကို မော့ကြည့်နေကြ၏။ တပ်မှုးဟေး တယောက်တည်းသာ လင်ကျွေ့လျူနှင့် စကားပြောနေလေသည်။

လင်ကျွေ့လျူ ခေါင်းညိတ်ပြလိုက်၏။

“မင်း ငါ့အမိန့်ကို နာခံမယ်ဆိုရင် မင်းမြို့ကလူတွေ ဘာမှမဖြစ်စေရဘူး"

ထိုစကားများကို ကြားလိုက်တော့မှ တပ်မှုးဟေး သက်ပြင်းချပြီး ပြောလိုက်၏။

“ဒီလိုဆိုရင် ဒီကိစ္စကို သတင်းပို့ဖို့ ကျုပ် နန်းတော်ကို အမြန်ဆုံးသွားပါ့မယ် ပရမ်းပတာဘုရင်ရဲ့ မြင့်မြတ်တဲ့ လုပ်ရပ်အတွက် အထူး ကျေးဇူးတင်ပါတယ်”

လင်ကျွေ့လျူ ရယ်မောပြီး လက်ကို ဝှေ့ယမ်းပြလိုက်၏။

“ကဲ သွားတော့”

တပ်မှုးဟေး အလျင်စလိုပင် ထွက်ခွာသွားလေသည်။

သူ ထွက်ခွာသွားပြီး သိပ်မကြာမီပင် ကောင်းကင်ရှိ လင်ကျွေ့လျူ၏ ပုံရိပ် ပျောက်ကွယ်သွားပြီး ထိုနေရာတွင် လူငယ်နှစ်ယောက် ပေါ်ပေါက်လာ၏။

ချန်းဟယ် အားရပါးရ ရယ်မောလိုက်လေသည်။

"ကောင်းလိုက်တာ ကျုပ်တို့ရဲ့ တာဝန်ကို အောင်မြင်ခဲ့ပြီ ဂိုဏ်းချုပ်ရဲ့ သွေးဗီဇပုံတူက အသုံးပြုရတာ တော်တော် လွယ်ကူတာပဲ ဒါနဲ့ ဂိုဏ်းချုပ်က လင်ကျွေ့လျူရဲ့ သွေးကို ဘယ်လိုများ ရလိုက်တာလဲ”

ယဲ့ဖန်းဟန်က သူ့ထုံးစံအတိုင်း အေးစက်စက်ပုံစံနှင့် ပြန်ဖြေလိုက်သည်။

"သူတို့ နှစ်ယောက် အတူတူ သုတေသန လုပ်နေတာ ကြာလှပြီပဲ ဂိုဏ်းချုပ်ပုံစံအရ လင်ကျွေ့လျူရဲ့သွေးကို မတောင်းပဲ ဘယ်နေမလဲ"

“ဒါဆို ဂိုဏ်းချုပ်မှာ ငါတို့ရဲ့ သွေးပုံတူတွေပါ ရှိနေမလား မသိဘူးနော်"

ချန်းဟယ်က မေးလိုက်ပြန်သည်။

ယဲ့ဖန်းဟန် မဲ့လိုက်၏။

“အိပ်မက်မက်မနေနဲ့ မင်းရဲ့ သွေးပုံတူကို ဂိုဏ်းချုပ်က သိမ်းထားစရာလား"

အထက်ပါအတိုင်း ပြောပြီးသည်နှင့် ယဲ့ဖန်းဟန် ချက်ချင်း လှည့်ထွက်သွား၏။

“ဖွီး တော်တော်မာနကြီးတဲ့ကောင်ပါလား”

ချန်းဟယ် ပခုံးတွန့်ပြီး ယဲ့ဖန်းဟန်နောက်သို့ လိုက်ပါသွားလေသည်။

-------------------------

လင်ကျွေ့လျူ ဒေါသအိုးပေါက်ကွဲသွား၏။

“ဘာကွ...မင်း...မင်း...ဘာပြောလိုက်တာ”

လင်ကျွေ့လျူ၏အကြည့်တွင် ယဲ့ဖန်းဟန်ကို ခြိမ်းခြောက်နေဟန်များ အတိုင်းသား ပေါ်လွင်နေသည်။

ယဲ့ဖန်းဟန်ကလည်း ခပ်တည်တည်ပင် လင်ကျွေ့လျူကို ပြန်စိုက်ကြည့်နေ၏။

“ကျုပ် ပြောလိုက်တာ ရှင်းပါတယ် ကျုပ်တို့အမိန့်မြို့တော် ကို သိမ်းပိုက်ခဲ့ပြီးပြီ...ခင်ဗျားရဲ့ နာမည်နဲ့ပေါ့”

“ဘယ်သူက မင်းကို အဲလို လုပ်ခိုင်းလို့လဲ”

လင်ကျွေ့လျူ ဒေါသတကြီးနှင့် အော်ဟစ်လိုက်ရာ သူ့ပတ်ဝန်းကျင်ရှိ လေထုသည်ပင် ပူနွေးလာ၏။

ယဲ့ဖန်းဟန်က အေးစက်စက်ဟန်ပန်ဖြင့် ပြန်ဖြေလိုက်လေသည်။

“ဓားတသောင်းတောင်မှာ ရှိတဲ့ အသက်ပေါင်းသုံးသောင်းက ကျုပ်ကို အဲဒီလို လုပ်ခိုင်းတာပေါ့ ပရမ်းပတာဘုရင် ခင်ဗျား ကျုပ်တို့ရဲ့ ဂိုဏ်းချုပ်ကို ပေးထားတဲ့ကတိကို မေ့နေတာတော့ မဟုတ်ပါဘူးနော်"

“ငါ့ကိစ္စတွေကို စီမံခန့်ခွဲနေရအောင် မင်းက တာဝန်ရှိသူလား”

လင်ကျွေ့လျူ ပို၍ ဒေါသကြီးလာ၏။

“မင်း သေချင်နေပြီနဲ့တူတယ်”

ယဲ့ဖန်းဟန် ခေါင်းညိတ်လိုက်သည်။

“ကျုပ်အနေနဲ့ လုပ်စရာရှိတာကို လုပ်ရမှာပဲ ဒီအတွက် သေရမယ်ဆိုရင်လဲ အသင့်ပဲ”

တကယ်လည်း ယဲ့ဖန်းဟန် သေရန် ပြင်ဆင်ထား၏။

ထိုအချိန်တွင် ညတစ္ဆေ၏ အသံကို သူ ကြားလိုက်ရသည်။

“ခနလေး စုချန်းက ရှင်နဲ့ စကားပြောချင်တယ်တဲ့”

အထက်ပါအတိုင်းပြောရင်း ညတစ္ဆေက အသံလွှင့်ငွေပြားတချပ်ကို လင်ကျွေ့လျူထံ ကမ်းပေးလိုက်လေသည်။

စက္ကန့်ပိုင်းမျှအကြာတွင် ငွေပြား၏မျက်နှာပြင်ပေါ်၌ စုချန်း၏ ပုံရိပ် ပေါ်ပေါက်လာ၏။

“လင်အဖိုးကြီး”

စုချန်းက ရယ်မောရင်း နှုတ်ဆက်လိုက်သည်။

သူတို့နှစ်ဦးသည် အချိန်အတော်ကြာ အတူတကွ သုတေသန ပြုလုပ်ခဲ့ကြ၍ ရည်ရွယ်ချက်မတူသည့်တိုင် မိတ်ဆွေများ ဖြစ်နေကြဆဲပင်။

စုချန်းကို မြင်သည်နှင့် လင်ကျွေ့လျူ၏ ဒေါသ အတော်လေး လျော့ကျသွား၏။

သို့သော် သူ့အမူအရာကတော့ ရှုတည်တည်ဖြစ်နေဆဲပင်။

“စုချန်း မင်းတပည့်တွေလုပ်ပုံကို ကြည့်ပါအုံး”

စုချန်း အားရပါးရ ရယ်မောလိုက်သည်။

“ခွင့်လွှတ်လိုက်ပါဗျာ လူငယ်တွေဆိုတော့ စိတ်လောကြတာ ဓမ္မတာပဲလေ ဘာပဲဖြစ်ဖြစ် သူတို့ ခင်ဗျားအတွက် အကောင်းဆုံးဖြစ်မယ်ထင်တာကို စဉ်းစားခဲ့ကြတာပဲမလား ဒါကြောင့်လဲ တချိန်က ခင်ဗျား ဆုံးရှုံးသွားခဲ့တဲ့နယ်မြေတွေကို မြန်မြန်သိမ်းပိုက်နိုင်ဖို့ သူတို့ ကြိုးစားခဲ့ကြတာပေါ့ လောကြီးသွားပေမဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်ဗျ"

စုချန်း၏စကားပြောပုံက ယဲ့ဖန်းဟန်ထက် များစွာ ပို၍ လိမ္မာပါးနပ်နေမှန်း မြင်သာပေသည်။ သူသည် ဓားတသောင်းတောင်ပေါ် ကျရောက်နေသည့် ဖိအားတချို့ကို လျှော့ချရန် လင်ကျွေ့လျူကို လိုအပ်နေကြောင်း တိုက်ရိုက်မပြောချေ။ ထိုအစား လင်ကျွေ့လျူ၏ အကျိုးကို ရှေးရှုဆောင်ရွက်ရာတွင် လောကြီးသွားကြောင်းကိုသာ ဆိုခဲ့၏။

နှစ်ပေါင်းများစွာကြာပြီးနောက် စုချန်း၏ လူမှုဆက်ဆံရေးမှာ ယခင်ထက် အဆပေါင်းများစွာ လိမ္မာပါးနပ်သွားခဲ့လေပြီ။

စုချန်း၏ အတည်ပေါက်စကားကိုကြားသောအခါ လင်ကျွေ့လျူတယောက် ဒေါသထွက်လွန်း၍ ရယ်ချင်စိတ်ပင် ပေါက်သွားလေသည်။

“ရည်ရွယ်ချက်ကောင်း ဟုတ်လား ကောင်းပါပေ့ကွာ မင်းလူတွေ လျှောက်လုပ်တာနဲ့ ငါ လင်မင်းချီရဲ့လက်အောက်မှာ အသက်ပျောက်သွားနိုင်တယ်"

သို့သော် စုချန်းကတော့ လင်ကျွေ့လျူ၏ ဒေါသကို ဂရုမစိုက်ချေ။

“ခင်ဗျားရဲ့လက်ရှိအခြေအနေအရ လင်မင်းချီလောက်ကို ဘာများဂရုစိုက်နေစရာလိုသလဲ တဦးချင်းသာ တိုက်ခိုက်ရမယ်ဆိုရင် ခင်ဗျား အနိုင်ရမယ်လို့ ကျုပ် လောင်းရဲတယ်”

လင်ကျွေ့လျူ မဲ့ပြုံးပြုံးလိုက်သည်။

“ကံဆိုးတာက လင်မင်းချီဆိုတဲ့ကောင် ငါ့ကို တစ်ဦးချင်း တိုက်ခိုက်ဖို့အခွင့်အရေးပေးမှာ မဟုတ်ဘူးကွ သူ့ရဲ့ အစေခံက ငါ့ကို ဝိုင်းပြီး တိုက်ခိုက်ကြလိမ့်မယ်”

“ဒါကြောင့် ခင်ဗျားအနေနဲ့ ကိုယ့်တပ်ဖွဲ့တွေကို အားဖြည့်နိုင်ဖို့အတွက် အရင် ပိုင်ဆိုင်ခဲ့တဲ့ နယ်မြေကို အမြန်ဆုံးပြန်သိမ်းယူဖို့လိုတယ် ခင်ဗျား ဆက်ပုန်းနေရင် နောင်တချိန် ဒုက္ခရောက်မှာ သေချာသလောက်ပဲ"

လင်ကျွေ့လျူ ဘာမှပြန်မပြောပဲ စုချန်းကို စိုက်ကြည့်နေ၏။ လက်ရှိအခြေအနေအရ ဘာမှမတတ်နိုင်တော့မှန်း သူ သဘောပေါက်လိုက်ပေပြီ။

ထို့နောက် သူက ပြောလိုက်၏။

“မင်းလူတွေက ကိုယ့်သဘောနဲ့ကိုယ် လှုပ်ရှားပြီး ငါ့အစီအစဉ်ကို ဖျက်ဆီးခဲ့တာကွ ဒီအတွက် လျော်ကြေးတခုခုတော့ ပေးသင့်တယ်မလား”

စုချန်း မသိမသာ ပြုံးလိုက်၏။

“ပရမ်းပတာဘုရင် ဘာလိုချင်သလဲ”

“မင်း ငါ့ကို အကူအညီပေးဖို့ စစ်ကူတချို့ လွှတ်ပေးသင့်တာပေါ့ကွ"

“ဒီမှာလဲ ကျုပ်တို့က လူလိုသေးတယ်ဗျ"

“ငါက မင်း အဲဒီကအလုပ်ကို စိတ်ချလက်ချလုပ်နိုင်အောင် နောက်တန်းကို ထိန်းထားပေးမယ်"

စုချန်း တွေခနဲ ဖြစ်သွား၏။ ပြီးမှ သူက ပြန်မေးလိုက်လေသည်။

“ခင်ဗျား ဘယ်လောက် များများလိုတာလဲ"

“အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်တထောင်"

“လုံးဝမဖြစ်နိုင်ဘူး အများဆုံးအနေနဲ့ အလင်းတုန်ခါခြင်းနယ်ပယ်အဆင့် တရာနဲ့ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အဆင့် ရှစ်ရာ ရမယ်”

“ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အဆင့်က ဘာလုပ်နိုင်မှာလဲကွ”

“သူတို့အားလုံး ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေကြပြီ သုံးနှစ်အတွင်း သူတို့အကုန်လုံး အလင်းတုန်ခါခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်ကြလိမ့်မယ် ခင်ဗျား သူတို့ကို ဂရုစိုက်ပေးဖို့တော့ လိုတာပေါ့”

ဤသည်မှာ လင်ကျွေ့လျူတယောက် သူ့လူများကို သေသေချာချာဂရုစိုက်ရန် တွန်းအားပေးလိုက်သည့် စုချန်း၏ ဗျူဟာပင် ဖြစ်သည်။

လင်ကျွေ့လျူ သက်ပြင်းသာ ချနိုင်တော့သည်။

“ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်သလဲဆိုတာ သုံးနှစ်အတွင်း အလင်းတုန်ခါခြင်းနယ်ပယ်ကို ဝင်နိုင်ဖို့ သေချာတဲ့ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အဆင့် ပညာရှင် ရှစ်ရာတဲ့ကွာ ဒီအတိုင်းဆိုရင် မင်းတို့ဂိုဏ်းရဲ့ ပျံသန်းနေသော ထာဝရရှင်သန်ခြင်းနည်းစနစ်က တကယ့်ကို အံ့မခန်းလို့ပဲ ဆိုရတော့မယ် ဒီနှုန်းထားအတိုင်းသာဆိုရင် လူသားမျိုးစိတ်ကြီးရဲ့ အင်အားဟာ နှိုင်းဆမရအောင် မြင့်မားလာလိမ့်မယ် အနာဂတ်ကိုလဲ အချုပ်အနှောင်မဲ့ဂိုဏ်းကပဲ ပိုင်စိုးသွားလိမ့်မယ်"

“အနာဂတ်ကို လူသားတွေ ပိုင်ဆိုင်လိမ့်မယ်လို့ ပြောပါဗျာ”

စုချန်းက လင်ကျွေ့လျူ၏ စကားကို တိုက်ရိုက် ပြင်ပေးလိုက်သည်။

သို့သော် လင်ကျွေ့လျူက ခေါင်းခါလိုက်၏။

“အချုပ်အနှောင်မဲ့ဂိုဏ်းဦးဆောင်တဲ့ အနာဂတ်ပါပဲကွာ...ခုမှပဲ ကျုပ် တွေးမိတယ် ဒီအတိုင်းဆိုရင် လောင်စန်းနိုင်ငံရဲ့ရာဇပလ္လင်အတွက် ကျုပ် အသေအကြေ တိုက်ခိုက်ရတာဟာ ဘာများအဓိပ္ပါယ်ရှိတော့မှာလဲ"

အချုပ်အနှောင်မဲ့ဂိုဏ်း၏ ရှေ့အလားအလာက လင်ကျွေ့လျူအပေါ် ဤမျှ သက်ရောက်သွားလိမ့်မည်ဟု စုချန်း မမျှော်လင့်ထားခဲ့ချေ။ ယခုတော့ အချုပ်အနှောင်မဲ့ဂိုဏ်း၏ အနာဂတ်နှင့်ယှဥ်လျင် လောင်စန်းနိုင်ငံ၏ဧကရာဇ် ရာထူးပင် မှေးမှိန်သွားပုံပေါ်နေ၏။

စုချန်းက လင်ကျွေ့လျူကို နှစ်သိမ့်စကားပြောရန် ဟန်ပြင်လိုက်သည်။

ထိုအချိန်မှာပင် လင်ကျွေ့လျူက ခေါင်းတချက်ခါပြီး အားမာန်ပါပါနှင့် ပြောလိုက်၏။

“ပြသနာမရှိဘူး ဘာကြီးပဲ ဖြစ်နေဖြစ်နေ လင်မင်းချီကို ဖြုတ်ချဖို့က ငါ့ရဲ့အိပ်မက်ပဲ တချိန်ချိန် အချုပ်အနှောင်မဲ့ဂိုဏ်းက လောကကြီးကို လွှမ်းမိုးသွားလို့ ငါ့ရဲ့ဧကရာဇ်ရာထူး သုံးစားမရတော့ဘူးဆိုရင်တောင် ဒီကောင်လင်မင်းချီမျက်နှာကို ခြေနဲ့နင်းရရင် ငါ ကျေနပ်ပြီ"

နောက်ဆုံးတော့ လင်ကျွေ့လျူတယောက် ကိုယ့်ကိုယ်ကို ဖြေသိမ့်နိုင်ခဲ့ပုံ ပေါ်သည်။

All Chapters