← Chapters

စတင်တိုက်ခိုက်ခြင်း

Vol. 97 Ch. 964

စတင်တိုက်ခိုက်ခြင်း

Vol. 97 Ch. 964

ဤအခြေအနေရောက်မှတော့ မည်သည့်အတွက်နှင့်မျှ နှောင့်နှေးနေစရာ အကြောင်းမရှိတော့။ လုပ်စရာရှိသည်တို့ကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ရမည့်အချိန်ပင် ဖြစ်သည်။

ထိုညမှာပင် လင်ကျွေ့လျူသည် သူ့တပ်ဖွဲ့များနှင့်အတူ အမိန့်မြို့တော်ကို အလုံးစုံ သိမ်းပိုက်လိုက်တော့၏။ ထို့နောက် သူ့စစ်တပ်များသည် တောင်ပိုင်းကောင်းကင်နန်းတော်ကို သိမ်းပိုက်ခဲ့ပြီး တိုင်းပြည်တစ်ဝှမ်းကို ဖြတ်ကျော် ချီတက်လာတော့သည်။

သို့နှင့် လဝက်အတွင်း၌ပင် လောင်စန်းနိုင်ငံ ၏ အနောက်ဘက်ဒေသတခုလုံး သူ့လက်ထဲသို့ ကျရောက်သွားတော့၏။

တတိုင်းပြည်လုံး အကြီးအကျယ် တုန်လှုပ်ကုန်ကြလေပြီ။

လောင်စန်းနိုင်ငံသာမက ကျန်ခြောက်နိုင်ငံပါ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

ဤအဖိုးကြီး အဘယ်ကြောင့် ပြန်ပေါ်လာရသနည်း။

သူ ဘာလုပ်ဖို့ ကြိုးစားနေသနည်း။

လူတိုင်းက သူ၏အရှက်မရှိသော လုပ်ရပ်များအပေါ်တွင် မှင်သက်နေကြချိန်မှာပင် လင်ကျွေ့လျူက သူ့စွမ်းဆောင်ရည်ကို စတင် ပြသနေခဲ့ပြီ ဖြစ်သည်။

အနောက်ဘက်ဒေသတခုလုံးကို ထိန်းချုပ်ပြီးနောက် မြို့တော်သို့ ချီတက်ရမည့အစား လင်ကျွေ့လျု၏ စစ်တပ်သည် တောင်ဘက်သို့ လမ်းကြောင်းပြောင်းချီတက်သွား၏။ သူ့စစ်သားတိုင်းမှာ မူလ ချီစွမ်းအားပညာရှင်များဖြစ်ကြလေရာ ပြောင်းလွယ်ပြင်လွယ်ရှိရာတွင် လွယ်ကူလှတော့၏။

နောက်ဆုံးတွင် လင်ကျွေ့လျု ကိုယ်တိုင် ဟိုင်ကျိုးမြို့တော်တိုက်ပွဲတွင် စစ်ထွက်ခဲ့ပြီး ထိုမြို့၏ ကာကွယ်ရေးမူလပုံစံကို ဖျက်ဆီးပစ်ခဲ့၏။ ဤနည်းဖြင့် ထိုဒေသမှာလည်း လင်ကျွေ့လျူ၏ လက်အောက်သို့ ကျရောက်သွားရပြန်သည်။

လူတဦးတည်းက တမြို့လုံးကို သိမ်းပိုက်လိုက်သည့် လုပ်ရပ်မျိုးပင် ဖြစ်လေသည်။

သူသည် ထိုမျှနှင့် အားရကျေနပ်နေခြင်းမရှိပဲ နောက်တနေရာသို့ ချက်ချင်း စစ်ချီပြန်၏။ သူ့အစီအစဥ်မှာကား တောင်ပိုင်းဒေသတစ်ခုလုံးကို သိမ်းပိုက်ရန်ပေတည်း။

ထိုအချိန်တွင် လောင်စန်းနိုင်ငံ၏ တပ်ဖွဲ့များသည် ဓားတသောင်းတောင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့သည် လာမည့်တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြ၏။ ဤအနေအထားတွင် လင်ကျွေ့လျူ၏ သတင်းကို ကြားသောအခါ သူတို့ မတုန်လှုပ်ပဲ အဘယ်မှာ နေနိုင်မည်နည်း။

ပရမ်းပတာဘုရင်ပြန်လာပြီ...

သို့ဆိုလျင် သူတို့ ဘာလုပ်သင့်သနည်း...

သို့နှင့် ဒွိဟဖြစ်စရာ မေးခွန်းအများအပြား ပေါ်ပေါက်လာတော့၏။

တကယ်တော့ လောင်စန်းနိုင်ငံ၏ စစ်ရေးအစီအစဉ်က အတော်လေး အထင်ကြီးစရာ ကောင်းလှ၏။ သူတို့၏ စစ်တပ်တွင် အတွေးပုံဖော်ခြင်းနယ်ပယ်ချီစွမ်းအားပညာရှင် သုံးဦး အထိ ပါဝင်နေပေသည်။

တဖက်တွင်လည်း အချုပ်အနှောင်မဲ့ဂိုဏ်းအနေနှင့် သူတို့၏ အင်အားကို ဖုံးကွယ်ရန် ကြိုးစားခြင်းမရှိတော့ချေ။ သူတို့သည် ဓားတသောင်းတောင်၏ ခုခံကာကွယ်ရေးပုံစံကွက်များကို အလုံးစုံ နှိုးဆွထားပြီး အချုပ်အနှောင်မဲ့ဂိုဏ်းကို အသက်ပေးကာကွယ်ထားရန် ပြင်ဆင်ထားကြ၏။

အချုပ်အနှောင်မဲ့ဂိုဏ်း၏ ခုခံကာကွယ်ရေးပုံစံကွက်သည် သာမညောင်ညမဟုတ်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အကြိမ်များစွာ အဆင့်မြှင့်တင်ထားသည့် ကာကွယ်ရေးပုံစံကွက် ဖြစ်သည်။ ရှန်ကျွင်းအန်ကို လှည့်ဖြားခဲ့သည့် ပုံရိပ်ယောင်များသည် ၎င်း၏ လုပ်ဆောင်ချက်များထဲမှ တမျိုးမျှသာ ရှိသေး၏။ ထို့အပြင် အချုပ်အနှောင်မဲ့ဂိုဏ်းနယ်မြေတွင် စိုက်ပျိုးနိုင်သော လယ်ယာမြေ အများအပြား ပါဝင်လေရာ စားရေးသောက်ရေးအတွက် ပူစရာမလိုချေ။ အလင်းတုန်ခါခြင်းနယ်ပယ်တပည့်များကိုပါ ထည့်သွင်းစဉ်းစားလိုက်သောအခါ အချုပ်အနှောင်မဲ့ဂိုဏ်းသည် လောင်စန်းနိုင်ငံ၏ ထိုးစစ်ကို လပေါင်းများစွာ တောင့်ခံနိုင်သော အနေအထားတွင် ရှိနေ၏။

ထို့ကြောင့် လောင်စန်းစစ်တပ်အနေနှင့် ဓားတသောင်းတောင် ကို သိမ်းယူနိုင်ခဲ့လျင်ပင် ကြီးကြီးမားမား ပေးဆပ်ပြီးမှ သိမ်းယူနိုင်ပေလိမ့်မည်။

ဗိုလ်ချုပ်ကွမ်တောက်သည် များစွာ အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်သော်လည်း ဤအနေအထားတွင် သူပင် ဆုံးဖြတ်ချက် မချနိုင်ပဲ ချီတုံချတုံ ဖြစ်နေလေသည်။

သုံးရက်အကြာတွင် ရှည်လျားရစ်ခွေမြို့တော်မှ စစ်ဆင်ရေးကို ချက်ချင်း စွန့်လွှတ်ကာ အနောက်တောင်ဘက်သို့ ချက်ချင်းဆုတ်ခွာရန် အမိန့်တရပ် ရောက်ရှိလာ၏။

ထိုအခါကျမှ ကွမ်တောက် သက်ပြင်းချနိုင်ရှာသည်။ ကျေးဇူးတင်စရာကောင်းသည်မှာ သူသည် လောကြီးသူမဟုတ်သလို ဧကရာဇ်မင်းကလည်း ရူးသွပ်မနေခြင်းပင်။

ထိုနေ့ညနေခင်းမှာပင် ကွမ်တောက်က သူ့တပ်ဖွဲ့များကို ဆုတ်ခွာရန် အမိန့်ပေးလိုက်၏။

သို့သော် လောင်စန်းနိုင်ငံမှ တပ်ဖွဲ့များ ဆုတ်ခွာသွားခြင်းကို လင်ချောက်ချွန်ရပ်ကြည့်နေမည်ဟု ထင်လျင် မှားသွားပေလိမ့်မည်။

အချုပ်အနှောင်မဲ့ဂိုဏ်းကို လောင်စန်းစစ်တပ်အနေနှင့် မည်သို့မှလိုက်မမှီနိုင်သည့်အရာမှာ ဆက်သွယ်ရေးပင် ဖြစ်သည်။

လောင်စန်းနိုင်ငံ ဧကရာဇ်နန်းတော်မှ တပ်ဆုတ်ရန် အမိန့်ထုတ်ပြန်လိုက်ကြောင်းကို ရှင်သန်ခြင်းကျောင်းတော်မှတဆင့် လင်ချောက်ချွန် ကြိုတင်သတင်းရရှိခဲ့၏။ ထိုသတင်းကို ကြားခံပေးပို့ခဲ့သူမှာကား ပိတ်လော့ပင် ဖြစ်သည်။

သတင်းရလိုက်သည်နှင့်တပြိုင်နက် လင်ချောက်ချွန်က လောင်စန်းတပ်ဖွဲ့များကို အနီးကပ် စောင့်ကြည့်နေခဲ့၏။ လောင်စန်းတပ်ဖွဲ့များ စတင်ဆုတ်ခွာသည်နှင့် တပြိုင်နက် သူသည် အချုပ်အနှောင်မဲ့ဂိုဏ်းမှ တပည့်များအားလုံးကို တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်များပေါ်တက်စေကာ အမြန်ပင် စစ်ချီခဲ့လေသည်။

နဂါးတံခါး ရေကန်။

ဤနေရာကို ဖြတ်သန်းခြင်းမရှိပဲ ဓားတသောင်းတောင်သို့ မရောက်နိုင်သလို ဤနယ်မြေမှ ထွက်ခွာလျင်လည်း နဂါးရေကန်သည် သေချာပေါက် ဖြတ်သန်းရမည့် နေရာတခု ဖြစ်သည်။ ထို့ကြောင့် နဂါးရေကန်သည် ဓားတသောင်းတောင်နယ်မြေအတွက် အလွန်ဗျူဟာမြောက်သော နေရာဟု ဆိုနိင်၏။

နဂါးတံခါးရေကန်သည် တောင်နှစ်လုံး၏ အလယ်တွင်တည်ရှိပြီး မြေမျက်နှာသွင်ပြင်အရလည်း အတော်ပင်နိမ့်လေရာ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ရန် များစွာ သင့်တော်လှ၏။

စစ်တပ်တတပ်အနေနှင့် စစ်ချီရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ ရှိပေသည်။ သာမာန်အခြေအနေတွင်ဆိုလျင် ရန်သူ၏ ထောက်ချောက်ထဲသို့ မကျရောက်စေရန် ကြိုတင်ကင်းထောက်ပြီးမှ ချီတက်ခြင်းသည် ချီစစ်၏ ဦးစားပေးပင် ဖြစ်သည်။

သို့သော် ဤယနေ့တွင် ကွမ်တောက်ကတော့ ထိုအချက်ကို လစ်လျူရှုခဲ့၏။

၎င်းမှာ သူ နမော်နမဲ့နိုင်၍မဟုတ်။ ဤနေရာကို သူတို့ ပထမတခေါက်ကတည်းက ဖြတ်သန်းဖူးခြင်းကြောင့်သာ ဖြစ်သည်။

သူတို့ ဖြတ်သွားပြီး စက္ကန့်မဆိုင်းပဲ မူလပုံစံကွက်တမျိုးမျိုးကို တည်ဆောက်ထားခြင်းမရှိလျင် ဤမျှတိုတောင်းသောကာလအတွင်း မည်သည့်ပုံစံကွက်ကိုမှ တည်ဆောက်နိုင်စရာ အကြောင်းမရှိချေ။ ထိုသို့ ဖြစ်နိုင်ရန်ကလည်း ရန်သူဘက်မှ ၎င်းတို့၏ လှုပ်ရှားမှုများကို ကြိုတင် သတင်းရရှိထားမှသာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ကွမ်တောက ရှေ့ပြေးကင်းထောက်ခြင်းဖြင့် အချိန်ဖြုန်းမနေတော့ပဲ သူ့စစ်တပ်ကို ချက်ချင်းပင် နဂါးရေကန်အား ဖြတ်သန်းရန် အမိန့်ပေးလိုက်တော့၏။ သို့သော် သိပ်မကြာမှီမှာပင် တခုခု မှားယွင်းနေပြီဖြစ်ကြောင်း သူ သဘောပေါက်လာ၏။

နဂါးရေကန်အား ဖြတ်သန်း၍ အချိန်အတော်ကြာတွင် ကွမ်တောက်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး မျက်မှောင်ကုတ်လိုက်သည်။

"တခုခုတော့ မှားနေပြီ”

“ဘာဖြစ်လို့လဲ ဗိုလ်ချုပ် ကွမ်”

သူ၏ဒုတိယစစ်ဦးစီးမှု ဒုတိယဗိုလ်ချုပ်ကျန်းလျိုက ပြန်မေးလိုက်၏။

ကွမ်တောက် ပြန်မဖြေ။ သူ၏ မျက်ခုံးများသည် ပို၍ပင် နက်ရှိုင်းစွာ တွန့်ခေါက်လာ၏။ တချိန်တည်းမှာပင် သူ့မျက်လုံးအစုံမှ အလင်းရောင်များ တောက်ပဝင်းလက်လာ၏။ ကွမ်တောက်တယောက် ပတ်ဝန်းကျင်ကို စစ်ဆေးနေခြင်းပင်။

အချိန်အတော်ကြာ စစ်ဆေးကြည့်သည့်တိုင် မည်သည့်ထူးခြားချက်မှ မတွေ့လေရာ ကွမ်တောက် စိတ်ပျက်သွား၏။ ထိုအချိန်မှာပင် သူ ကောင်းကင်ကို မော့ကြည့်ပြီး ရုတ်တရက်ဆိုသလို တစုံတရာကို တွေးမိသွားလေသည်။

သူ တီးတိုးရေရွတ်လိုက်၏။

“ကောင်းကင်ကိုကြည့်စမ်း... အရမ်း ပြာမနေဘူးလား"

“ဟုတ်တယ် ဗိုလ်ချုပ် အရမ်း ပြာနေတယ်”

ကျန်းလျိုက ပြန်ဖြေလိုက်သည်။

ကွမ်တောက်က ထပ်ပြောလိုက်၏။

“နဂါးတံခါးရေကန်ထဲ မဝင်ခင်တုန်းက ကောင်းကင်ပေါ်မှာ တိမ်မဲတချို့ ကျုပ် တွေ့လိုက်သေးတယ် ဒါပေမဲ့ အခုတော့ မတွေ့တော့ဘူး"

ကွမ်တောက်၏ စကားကြောင့် ပတ်ဝန်းကျင်ရှိ လူများ အံ့အားသင့်သွားကြသည်။

ထိုအချိန်မှာပင် ကွမ်တောက်တယောက် လေထဲသို့ ပျံတက်သွားပြန်၏။ ထို့နောက် သူက ပထမတကြိမ်အတိုင်း ကောင်းကင်ကို စစ်ဆေးကြည့်လိုက်ပြန်သည်။

ရုတ်တရက်ဆိုသလိုပင် ကောင်းကင်သည် ဖန်ခွက်တခွက်ကဲ့သို့ အက်ကွဲစပြုလာ၏။ မျက်စေ့တမှိတ်အတွင်း အက်ကွဲကြောင်းများ နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။

ထို့နောက် သက်ပြင်းချသံတသံ ထွက်ပေါ်လာ၏။

“ဗိုလ်ချုပ်ကွမ်ကတော့ တကယ့်ဗိုလ်ချုပ်ကွမ်ပါပဲ ဗိုလ်ချုပ်ကို လှည့်စားဖို့မလွယ်ဘူးဆိုတာ စကတည်းက ကျုပ် ကောင်းကောင်းသိထားပါတယ်လေ"

ကွမ်တောက် တုန်လှုပ်သွား၏။

“လင်းချောက်ချွန်လား”

လင်းချောက်ချွန်၏ ပုံသဏ္ဌာန် လေထဲတွင် တဖြည်းဖြည်း ထွက်ပေါ်လာ၏။ သူ ကွမ်တောက်ကို ပြုံးရင်း စိုက်ကြည့်နေလေသည်။

“ချောက်ချွန် ဗိုလ်ချုပ်ကွမ်ကို ဂါရဝပြုပါတယ် အချိန်တွေ အရမ်းကြာသွားခဲ့ပြီ ဒါပေမဲ့ ဗိုလ်ချုပ်ကတော့ အရင်လို နုပျိုနေတုန်းပါပဲလား"

လင်ချောက်ချွန်ကို မြင်သည်နှင့် ကွမ်တောက်၏ အမူအရာ ချက်ချင်း ပြောင်းလဲသွား၏။ ထို့နောက် သူ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

“မကောင်းတော့ဘူး ရန်သူတွေရှိတယ် ချက်ချင်းဖောက်ထွက်ကြ"

“နောက်ကျသွားပြီ”

လင်ချောက်ချွန် သက်ပြင်းချလိုက်သည်။

"ဗိုလ်ချုပ်ရဲ့တပ်ဖွဲ့တွေ နဂါးရေကန်ထဲ ဝင်မလာသေးဘူးဆိုရင်တော့ တဝက်လောက် အသက်ရှင်ကောင်းရှင်အုံးမယ် ခုကတော့..."

စကားဆုံးသည်နှင့် ကွဲအက်နေသော ကောင်းကင်နေရာတွင် မိုးကြိုးတိမ်တိုက်ကြီးတခု ပေါ်ပေါက်လာ၏။

ထို့နောက် ကြောက်စရာကောင်းလှသော လျှပ်စီးကြောင်းတခု မြေပြင်သို့ ဆင်းသက်လာလေသည်။

“ဒါ ကောင်းကင်လျှပ်စီးမူလပုံစံပဲ"

ကွမ် တောက် အထက်ပါအတိုင်းအော်ဟစ်လိုက်ပြီး ကောင်းကင်ကို လက်သီးနှင့် အားရပါးရ ထိုးချလိုက်၏။ ကွမ်တောက်၏ လက်သီးချက်သည် အားပါလှပြီး တောင်ကြီးတတောင်ကိုပင် ပြိုကျသွားစေနိုင်လောက်သည်။

သို့သော် ဤလက်သီးချက်သည် အချုပ်အနှောင်မဲ့ဂိုဏ်း၏ တပည့်များ အရင်းအမြစ်များစွာ သုံး၍ ဖန်တီးထားသော မူလပုံစံကွက်ကို ဖျက်ဆီးနိုင်ခြင်းငှာ မစွမ်းသားချေ။ လက်သီးသည် လျှပ်စီးကြောင်းကို အနည်းငယ် အားနည်းသွာအောင်သာ လုပ်ဆောင်နိုင်ရှာ၏။

လင်ချောက်ချွန် နောက်တကြိမ်သက်ပြင်းချလိုက်ပြန်သည်။

“ဗိုလ်ချုပ်ကွမ် စိတ်ပူနေပြီ စိတ်ပူနေရင် ပိုပြီး အမှားလုပ်မိလိမ့်မယ်"

ပြောပြောဆိုဆို သူက လက်တဖက်ကို ဝှေ့ယမ်းလိုက်ရာ နဂါးရေကန်၏ ရေပြင်သည် ရုတ်တရက်ဆိုသလို ပြန့်ကားလာပြီး ဧရာမသားရဲကြီးတကောင်၏ ပုံရိပ်သဖွယ် ပြောင်းလဲသွား၏။ ထို့နောက် နတ်ဆိုးသားရဲအများအပြား ထွက်ပေါ်လာပြီး လောင်စန်းစစ်သည်များကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ကြတော့သည်။

“မဟုတ်ဘူး”

ကွမ်တောက် ယူကျုံးမရ အော်ဟစ်လိုက်၏။

လက်စသတ်တော့ လင်ချောက်ချွန်၏ ကောင်းကင်လျှပ်စီးမူလပုံစံကွက်ကိုသုံးပြီး သူ့ကို အားရုံပြောင်းခဲ့ခြင်းပေတကား။ လင်ချောက်ချွန်၏ တကယ့်ရည်ရွယ်ချက်မှာ ယင်ယန်မူလပုံစံကွက်ကို သုံးပြီး အောက်ခြေအဆင့် စစ်သည်များကို ရှင်းပစ်ရန်မှန်း နောက်ဆုံးတော့ သူ သိခဲ့ရလေပြီ။

မျက်စေ့တမှိတ်အတွင်းမှာပင် ပုံစံပြောင်းသွားသော ရေပြင်ကြီးကြောင့် သွေးဆူပွက်ခြင်းနယ်ပယ် စစ်သည်အများအပြား သေဆုံးကုန်ကြ၏။ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်စစ်သည်တချို့က ပို၍ကြာကြာခံသည်ဟုထင်ရသော်လည်း နောက်ဆုံးတော့ သူတို့အားလုံးလည်း အသက်ပျောက်ကုန်ကြလေသည်။

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များသာလျင် ဤထောင်ချောက်အတွင်းမှ လွတ်မြောက်လာနိုင်ကြ၏။ သို့သော် သူတို့ လွတ်မြောက်သည်နှင့် တပြိုင်နက် ကောင်းကင်တခွင်လုံး အလင်းတန်းများ ပျံ့နှံ့သွားပြီး သူတို့ဆီသို့ တိုးဝင်လာကြပြန်သည်။

ထိုအချိန်တွင် အချုပ်အနှောင်မဲ့ဂိုဏ်း၏တပည့်များသည်လည်း ထိုင်နေကြသည်မဟုတ်ချေ။ မြေပြင် အားသာချက်ကို ကောင်းကောင်းကြီးအသုံးချပြီး ရန်သူကို ဝင်ရောက်ရှင်းလင်းကြလေသည်။

“မင်း တော်တယ် လင်းချောက်ချွန် မင်း အရမ်းတော်တယ်"

ကွမ်တောက်တယောက် လင်ချောက်ချွန်ကို ဒေါသတကြီး စိုက်ကြည့်ရင်း ပြောလိုက်၏။

“ငါ သင်ပေးခဲ့သမျှ အားလုံးကို ငါ့အပေါ်မှာ ပြန်သုံးလိုက်တာပေါ့လေ”

လင်ချောက်ချွန် ထပ်မံ၍ သက်ပြင်းချလိုက်ပြန်သည်။

“ချောက်ချွန် ဗိုလ်ချုပ်ကွမ်ရဲ့သင်ကြားပြသမှုကို မမေ့ပါဘူး ဗိုလ်ချုပ်ကွမ် ကိုယ်တိုင် စပြီးမတိုက်ခိုက်သရွေ့ ချောက်ချွန်အနေနဲ့ ဗိုလ်ချုပ်ကို ထိခိုက်အောင် မလုပ်ဘူးလို့ ကတိပေးပါတယ်”

“ဒါဆို မင်းက သူတို့အားလုံး သေတာကျတော့ ခွင့်ပြုတယ်ပေါ့လေ မင်းကိုယ်တိုင်လည်း လောင်စန်းနိုင်ငံရဲ့ နိုင်ငံသား တစ်ယောက်ဆိုတာ မမေ့နဲ့”

ကွမ်တောက် ဒေါသတကြီး ပြောလိုက်ပြန်သည်။

လင်ချောက်ချွန်၏ အမူအရာမှာကား အေးဆေးတည်ငြိမ်လှ၏။

“ကျုပ် မမေ့ပါဘူး ဒါပေမဲ့ ဗိုလ်ချုပ်ကတော့ တချိန်က ကောင်းကင်ဘုံလက်သီးတပ်ရင်း ဘာဖြစ်ခဲ့သလဲဆိုတာ မေ့သွားပုံရတယ်"

ကွမ်တောက် တုန်လှုပ်သွား၏။

လင်ချောက်ချွန်က ဆက်ပြောလိုက်သည်။

“ပြီးတော့ ဒီတခေါက် အချုပ်အနှောင်မဲ့ဂိုဏ်းကို ကျူးကျော်တိုက်ခိုက်လာတာ ဗိုလ်ချုပ်တို့ပဲမလား ကျုပ်တို့ အားလုံးဟာ တူညီတဲ့ နောက်ခံကနေလာကြတဲ့ လူတွေ ကျုပ်လဲ သူတို့ကို ထိခိုက်အောင် ဘယ်လုပ်ချင်ပါ့မလဲ ဒါပေမဲ့ ကျုပ်တို့ကို စပြီးကျောခိုင်းခဲ့တာကတော့ ဗိုလ်ချုပ်တို့ပါပဲလေ လူသတ်ချင်တဲ့အခါ ဒီလိုအကြောင်းအရာတွေကို ထည့်သွင်းစဉ်းစားစရာ မလိုဘူးလို့ ဗိုလ်ချုပ်တို့ကိုယ်တိုင်ပဲ ထင်ခဲ့ကြတာမလား"

ကွမ်တောက် နှုတ်ဆိတ်သွား၏။

မြေပြင်ဆီမှ ဆဲဆိုသံများ၊အော်ဟစ်သံများကား ဆက်လက် ထွက်ပေါ်နေဆဲပင် ဖြစ်သည်။ ထိုအချိန်တွင် ကျန်အတွေးပုံဖော်ခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်နှစ်ဦးသည် လင်ချောက်ချွန်၏ ပုံစံကွက်ကို ဖျက်ဆီးရန် အပြင်းအထန်ပင် ကြိုးစားနေကြ၏။

တဦးက အောက်ပါအတိုင်းပင် လှမ်းအော်ပြောလိုက်သေးသည်။

"ကွမ်တောက် ဘာလို့အချိန်ဖြုန်းနေတာလဲ ကျုပ်တို့ကို လာကူစမ်းပါ”

“နောက်ကျသွားပြီ”

ကွမ်တောက် ဝမ်းပမ်းတနည်း ပြောရင်း သက်ပြင်းချလိုက်၏။

ယင်ယန်မူလပုံစံကွက်ကို ကွမ်တောက်ကိုယ်တိုင် လင်ချောက်ချွန်အား လက်ထပ် သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ ဤပုံစံကွက်၏ ဂုဏ်သတ္တိများနှင့် ပတ်သက်၍ သူ့ထက် ပို၍ ရှင်းရှင်းလင်းလင်း နားလည်သူ မရှိနိုင်။

ထို့ကြောင့် ဝိညာဉ်လောင်ကျွမ်းနယ်ပယ်အောက်ရှိ စစ်သားများ တဦးမှ အသက်မရှင်နိုင်မှန်း ကွမ်တောက် သိထားပြီးလေပြီ။ ဝိညာဉ်လောင်ကျွမ်း နယ်ပယ်အဆင့်ပညာရှင်များပင် အတော်လေး ဒုက္ခရောက်ကြမည်မှာ မုချပင်။

သူတို့စစ်တပ်၏ စစ်သည်တဝက်ခန့် သည် ယင်ယန်ပုံစံကွက်ထောင်ချောင်ထဲသို့ ဝင်ရောက်ခဲ့မိကြ၏။

ဆိုလိုသည်မှာ အချိန်တိုအတွင်း သူတို့စစ်တပ်၏ စစ်သည်တဝက်တိတိ အသက်ဆုံးရှုံးလိုက်ရပြီဟု ဆိုလိုနေခြင်းပင် ဖြစ်လေသည်။

All Chapters