← Chapters

မည်သူမည်ဝါ

Vol. 97 Ch. 965

မည်သူမည်ဝါ

Vol. 97 Ch. 965

သတင်းဆိုးများဟူသည် အမြဲတစေ လှိုင်းလုံးများသဖွယ် လှိမ့်၍လှိမ့်၍ ဝင်ရောက်လာတတ်သော သဘောတွင် ရှိ၏။

ပထမဆုံး လင်ကျွေ့လျူ ပုန်ကန်ရန် ကြိုးစားနေသည်ဟူသော သတင်းကို ကြားရသည်။ ယခု အချုပ်အနှောင်မဲ့ဂိုဏ်းကို တိုက်ခိုက်ရန် စေလွှတ်လိုက်သော စစ်တပ်ကြီးတဝက်ခန့် ပြုတ်ပြုတ်ပြုန်းကုန်သည်ဟူသော သတင်းကို ထပ်မံသိလိုက်ရပြန်သည်။

ဆိုးရွားလှသော သတင်းများကြောင့်လင်မင်းချီတယောက် ခေါင်းတစ်ခြမ်းကိုက်လာသလိုပင် ခံစားလိုက်ရ၏။

လက်တစ်ထောင်ခန်းမထဲတွင် ဖြစ်သည်။

လင်မင်းချီ ပလ္လင်ပေါ်တွင် ငုတ်တုတ်ထိုင်နေ၏။ သူ့မျက်နှာမှာ ပြိုတော့မည့်မိုးကဲ့သို့ မဲမဲမှောင်နေလေသည်။

“ကျုပ်တို့ အချုပ်အနှောင်မဲ့ဂိုဏ်းကို တိုက်တော့မယ့်ဆဲဆဲမှာပဲ လင်ကျွေ့လျူ ပေါ်လာတယ် ကွမ်တောက် ဆုတ်ခွာတော့မယ့်အချိန်မှာပဲ ခြုံခိုတိုက်ခိုက်ခံရတယ် သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက လက်ဖျားခါလောက်စရာပဲ"

လင်ကျွေ့လျူ ပင်လယ်ချောက်နက်ဒေသသို့ ရောက်နေသည်မှာ လျှို့ဝှက်ချက် မဟုတ်။ စုချန်းသည်လည်း ချောက်နက်ဒေသသို့ ရောက်နေသည်ဖြစ်လေရာ လင်ကျွေ့လျူ ပေါ်လာခြင်းသည် စုချန်းနှင့်ဆက်စပ်နေကြောင်း လူတိုင်း နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။

သို့သော် သူတို့နှစ်ယောက် ဤမျှ အပေးအယူမျှလိမ့်မည်ဟုတော့ မည်သူမျှ မျှော်လင့်မထားမိကြချေ။ နောက်ဆုံးတော့ ဓားတသောင်းတောင်ကိုတိုက်ခိုက်ရန် စေလွှတ်လိုက်သည့် စစ်တပ်၏တဝက် ပြုန်းတီးသွားခြင်းသာ အဖတ်တင်သွား၏။

“ကြားရသလောက်ကတော့ လင်ချောက်ချွန် ဒီအဖွဲ့ကို ဦးဆောင်ခဲ့တယ်လို့ ဆိုပါတယ်”

မှုးမတ်တဦးက သတိကြီးစွာနှင့် တင်ပြလိုက်သည်။

လင်မင်းချီ မျက်မှောင်ကုတ်သွား၏။

“မျိုးစေ့မမှန်ရင် မင်း ဘယ်လိုပဲ ရေလောင်းပေါင်းသင်လုပ်ပါစေ အပင်မသန်နိုင်ဘူး"

တကယ်တော့ လင်ချောက်ချွန်သည် တော်ဝင်မိသားစုဝင်တဦးပင် ဖြစ်သည်။ သို့သော် ထိုအကြောင်းကို သိရှိသူ အလွန် နည်းပါး၏။

အကြောင်းမှာ လင်ချောက်ချွန်သည် လင်မင်းချီ၏ အစ်ကို လင်ရောက်ရှန်၏ တရားမဝင်သားတယောက် ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် တကယ်တမ်း ဆွေမျိုးစပ်ကြည့်လျင် လင်မင်းချီနှင့် လင်ချောက်ချွန်သည် တူဝရီးပင် တော်နေသေး၏။

ယခုတော့ လူတကာ အထင်သေးစက်ဆုပ်ကြသည့် တရားမဝင်သားသည် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ အငယ်ဆုံးတပ်မှူး၊ ယခု အချုပ်အနှောင်မဲ့ဂိုဏ်း၏ အကြီးအကဲ တဦး ဖြစ်လာခဲ့လေပြီ။

လင်ချောက်ချွန်အကြောင်း စဉ်းစားမိသည်နှင့် လင်မင်းချီ၏ နှလုံးသားထဲတွင် မအီမသာနိုင်သောခံစားချက်များ အလိုအလျောက် ပေါ်ပေါက်လာ၏။သူ၏ အတွေးကို မည်သူမျှ မရိပ်စားမိ၍သာ တော်သေးသည်။

သိပ်ကြာမီ မှုးမတ်များ၏ အာရုံက လက်ရှိပြသနာများဘက်သို့ ပြန်လှည့်သွား၏။

“လောလောဆယ် အရေးအကြီးဆုံးက ကျုပ်တို့ ဘာလုပ်သင့်သလဲဆိုတာပဲ”

“စစ်စစ်ပေါက်ပေါက်တွေးကြည့်ရင်အချုပ်အနှောင်မဲ့ဂိုဏ်းဟာ ကျုပ်တို့အတွက် ဆူးလေးတချောင်းသာသာပါပဲ လင်ကျွေ့လျူကသာ တကယ့်အန္တရာယ်ကြီးဖြစ်တယ် ဒါကြောင့် ကျုပ်တို့အနေနဲ့ လင်ကျွေ့လျူကိုပဲ ဦးစားပေးရင်ဆိုင်သင့်တယ်"

“ဒါပေမဲ့ အချုပ်အနှောင်မဲ့ဂိုဏ်းရဲ့ အနာဂတ်အလားအလာကလဲ ကြောက်စရာကောင်းလွန်းနေတယ် ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာ ကျုပ်တို့ဘက်က သူတို့ကို ရန်စမိခဲ့ပြီးပြီ ဒါကို အခုမှ မသိကျိုးကျွန်နဲ့ သူတို့ကိုဒီအတိုင်း လွှတ်ထားလိုက်လို့ ဖြစ်ပါ့မလား"

“ဘာလို့မဖြစ်ရမှာလဲ ကျုပ်တို့က နိုင်ငံရဲ့အုပ်ချုပ်သူတွေ သူတို့က အုပ်ချုပ်ခံတွေ သူတို့ကို သင်ခန်းစာပေးတော့ကော ဘာဖြစ်သလဲ သူတို့ ပုန်ကန်မှာလား ပုန်ကန်ရဲရင် ပုန်ကန်ကြည့်လေ"

“တချိန်ချိန်မှာ သူတို့ ကျုပ်တို့ကို သင်ခန်းစာပေးကောင်းပေးလာနိုင်တယ် ဒီအချက်ကိုတော့ ကျုပ်တို့ အလေးအနက် စဥ်းစားထားဖို့ လိုမယ်"

“ဘာတွေပြောနေတာလဲ အများဆုံးဖြစ်နိုင်တာဆိုလို့ မအောင်မြင်တဲ့စစ်ဆင်ရေးတခုလို့ သတ်မှတ်ခံရမယ် ဒါပါပဲ ဒီထက်မပိုနိုင်ဘူး"

အထက်ပါအတိုင်း မှုးမတ်များသည် မရပ်မနား ငြင်းခုန်နေကြ၏။ တချို့က လင်ကျွေ့လျူကို အရင် ကိုင်တွယ်သင့်ကြောင်း အဆိုပြုကြပြီး တချို့က အချုပ်အနှောင်မဲ့ဂိုဏ်းကို ဦးစွာ ချေမှုန်းရန် အကြံပြုနေကြသည်။

အိမ်ရှေ့မင်းသားလင်ဝမ်ကျွန်းတဦးသာ သူ့ဖခင်၏ အတွေးကို နားလည်ပးဟန်တူသည်။

“အဖေ ဒီတခေါက်ပြန်လာတာ လင်ချောက်ချွန်ပဲဆိုတော့ ကျုပ်တို့ ခနတဖြုတ် စောင့်နေလိုက်ရင်ကောင်းမယ် ဒီလိုသာဆိုရင် ကျုပ်တို့...”

သူ့စကားမဆုံးမီမှာပင် လင်မင်းချီတယောက် လင်ဝမ်ကျွန်း၏ ဆိုလိုရင်းကို နားလည်သွား၏။ ထို့နောက် သူက စကားများနေကြသော မှုးမတ်များကို ဝေ့ကြည့်ရင်း မေးလိုက်သည်။

“အချုပ်အနှောင်မဲ့ဂိုဏ်းရဲ့ကိစ္စကို ခနထားလိုက်လို့ ရတယ် ခုချိန်မှာ အရေးအကြီးဆုံးက လင်ကျွေ့လျူကို သတ်ပစ်ဖိုပဲ ကဲ မင်းတို့ထဲက ဘယ်သူ ဒီသူပုန်ကို ရှင်းပစ်လို့ ဆန္ဒရှိသလဲ”

လူတိုင်း တယောက်မျက်နှာကိုတယောက် ကြည့်လိုက်ကြ၏။ သို့သော် ပါးစပ်ကိုကား လူတိုင်း ပိတ်ထားလိုက်ကြသည်။

ဟာသလုပ်နေတာလား...

လင်ကျွေ့လျူဆိုတာက အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်အဆင့်ပညာရှင်လေ... သူနဲ့အဆင့်တူကလွဲပြီး ဘယ်သူကများ သူ့ကို သတ်နိုင်မှာတဲ့လဲ...

လောင်စန်းနိုင်ငံတွင် အနှိုင်းမဲ့ဧကရာဇ် နယ်ပယ်အဆင့်ပညာရှင်တဦးသာ ရှိ၏။၎င်းမှာ လင်မင်းချီ ကိုယ်တိုင်ပင် ဖြစ်သည်။

သို့သော် လင်မင်းချီသည် ဧကရာဇ် ဖြစ်နေ၍ ကိုယ်တိုင် စစ်ထွက်ရန် မည်သို့မှ မသင့်တော်ချေ။ သို့သော် သူမပါပဲ မည်သူက လင်ကျွေ့လျူကို ရင်ဆိုင်ရဲမည်နည်း။

တကယ်တော့ လင်မင်းချီအနေနှင့် “ဘယ်သူ” မဟုတ်ပဲ “ဘယ်သူတွေ”ဟု မေးသင့်ပေသည်။

အနှိုင်းမဲ့ဧကရာဇ်နယ်ပယ် ကျင့်ကြံခြင်းပညာရှင်တဦးကို ရင်ဆိုင်ရန် အတွေးပုံဖော်ခြင်းနယ်ပယ်ပညာရှင် ခုနှစ်ဦး သို့မဟုတ် ရှစ်ဦးခန့် လိုအပ်သည် မဟုတ်ပါလား။

မေးခွန်းက ရှင်းလင်းမှုမရှိ၍ မည်သူမှ ဖြေမည့်သူမရှိပဲ ခန်းမတခုလုံး ချက်ချင်း တိတ်ဆိတ်သွား၏။

လင်မင်းချီ ပြဿနာကို ချက်ချင်း သဘောပေါက်သွား၏။ ထို့နောက် သူက သူ့မှုးမတ်များကို အောက်ပါအတိုင်း ရှုတ်ချလိုက်လေသည်။

“မင်းတို့အားလုံးက ခါတိုင်းဆိုရင် အာဘောင်အာရင်းသန်သန်နဲ့ ပြောနေကျ ဒါပေမဲ့ အခုကျတော့ ဘာသံမှထွက်မလာတော့ပဲ ပါးစပ်ပိတ်နေကြပါလား"

လူတိုင်း ခေါင်းငုံ့ထားကြ၏။

လင်မင်းချီ၏ အသံ ဆက်လက်ထွက်ပေါ်လာသည်။

“မင်းတို့ထဲက ဘယ်သူမှ ဦးဆောင်ဖို့ ဆန္ဒမရှိတဲ့အတွက် ကျုပ်ကပဲ ရွေးပေးလိုက်မယ် ဟဲဝမ်လေ၊ ချန်ကျန့်ရှင်း၊ လျိုယု...”

ထို့နောက် လင်မင်းချီက အတွေးပုံဖော်ခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်ငါးယောက်ကို အထက်ပါအတိုင်း ရွေးထုတ်ပေးလိုက်၏။ ထိုအမည်များကို ကြားလိုက်တော့မှ လူတိုင်း သက်ပြင်းချလိုက်ကြသည်။

အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ပညာရှင်တဦးကို အတွေးပုံဖော်ခြင်းနယ်ပယ်ပညာရှင်ငါးဦးနှင့် ရင်ဆိုင်ရခြင်းမှာ မလွယ်ကူသော်လည်း အချိန်တခုကြာအောင် ခုခံထားနိုင်မည်ကတော့ သေချာနေ၏။ ဤအနေအထားတွင် ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ် နှင့် အလင်းတုန်ခါခြင်းနယ်ပယ်ကျင့်ကြံသူများပါ ပေါင်းစပ်လိုက်လျင် သူတို့အနေနှင့် လင်ကျွေ့လျူကို လက်ရည်တူယှဥ်ပြိုင်နိုင်မည်မှာ သေချာသလောက်ပင်။

ဤနေရာတွင် လင်ကျွေ့လျူ၏ အကြီးမားဆုံး ပြဿနာမှာ အုတ်မြစ်မခိုင်ခြင်းပင် ဖြစ်သည်။ သူ့စစ်တပ်သည် တောင်ပိုင်းဒေသကို ထိန်းချုပ်ထားသော်ငြား လူအင်အား လိုအပ်ချက်ကား ရှိနေဆဲပင်။ ထို့ကြောင့် စစ်အင်အားအရ ယှဥ်ကြည့်လျင် လင်ကျွေ့လျူ ရှုံးနိမ့်မည်မှာ သေချာနေသည်။

မည်သို့ဆိုစေ ဦးဆောင်မည့် ဗိုလ်ချုပ်များကို ရွေးချယ်ပြီးပြီဖြစ်၍ နောက်လိုက်ဗိုလ်ပါများကို ရွေးချယ်ရန် အချိန်ရောက်လေပြီ။

ဤအချက်က သိပ်တော့ပြသနာမရှိလှ။ သူတို့အနေနှင့် ဓားတသောင်းတောင်မှ ပြန်လာသောတပ်ဖွဲ့များကို အခြေခံပြီး ကျန်စစ်ဒေသများမှ စစ်သည်တချို့ကို ဆွဲထုတ်ပြီး ပေါင်းစပ်ပေးလိုက်ရုံသာ။

အတန်ကြာစဥ်းစားပြီးနောက် လင်မင်းချီက အမိန့်ပေးလိုက်၏။

“ရွှေရောင်ခံတပ်က စစ်သည်တချို့ကို ဆွဲထုတ်လိုက်ပါ”

ထိုစကားကိုကြားသည်နှင့် မှုးမတ်တဦး အထိတ်တလန့်နှင့် ဝင်ပြောလိုက်သည်။

“အရှင်မင်းကြီး ရွှေရောင်ခံတပ်ဟာ သတ်ဖြတ်သူတွေရဲ့ရန်ကို ကာကွယ်ဖို့ အရေးကြီးတဲ့ နေရာ ပါ အဲဒီက တပ်ဖွဲ့တွေ အားနည်းသွားရင် သတ်ဖြတ်သူတွေ ထိုးဖောက်ဝင်ရောက်လာနိုင်တယ်”

လင်ဝမ်ကျွမ်းက ဝင်ပြောလိုက်၏။

“သတ်ဖြတ်သူတွေရဲ့အခြေအနေက အတော်လေးကို ရှုပ်ထွေးနေတယ် ဒန်ဘာရဲ့ပုန်ကန်မှုကြောင့် သူတို့အချင်းချင်း တိုက်ခိုက်နေကြတုန်းပဲ ကျုပ်တို့ဆီလာဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

“ဒါပေမဲ့...”

“ဒါပေမဲ့ဆိုတာ မရှိဘူး ကျုပ် ဆုံးဖြတ်ပြီးသွားပြီ”

လင်မင်းချီက ဖြတ်ပြောလိုက်လေသည်။

ထိုအချိန်မှာပင် အပြင်ဘက်ဆီမှ အသံတသံ ထွက်ပေါ်လာ၏။

“အရှင်မင်းကြီး အရေးပေါ် စစ်ရေး သတင်း လျှောက်ထားစရာရှိပါတယ်"

“ပြော”

“မြောက်ဘက်နယ်စပ်က နတ်ဆိုး သားရဲတွေ ကျူးကျော်လာတယ်လို့ သိရပါတယ် သူတို့က အခု လောလောဆယ် မြို့ခြောက်မြို့ ကို ဖျက်ဆီးသွားပါတယ်"

လင်မင်းချီ မျက်မှောင်ကုတ်လိုက်သည်။

“နတ်ဆိုးသားရဲတချို့တလေကိုတောင် ဒီမြို့တွေက မနှိမ်နင်းနိုင်ဘူးလား"

“မဟုတ်ပါဘူး အရှင်မင်းကြီး"

"ဘာကိုမဟုတ်တာလဲ"

“ဦးဆောင်လာတာ နတ်ဆိုးဧကရာဇ်အဆင့် သားရဲလို့သိရပါတယ်"

ဝုန်း!!!

လင််မင်းချီ၏ လက်ထဲတွင် ကိုင်ထားသည့် ကျောက်စိမ်းခွက် အစိတ်စိတ်အမွှာမွှာ ကြေမွသွား၏။

ထာဝရ ကြည်လင်ကျွန်းတွင် ဖြစ်သည်။

စုချန်းသည် ထုံးစံအတိုင်း လသာဆောင်တွင် ရပ်ပြီး ပင်လယ်ကို ငေးကြည့်နေ၏။ သူ ဘာတွေ တွေးနေမှန်း မည်သူမှမသိနိုင်ချေ။

ထိုအချိန်မှာပင် သံချပ်ကာဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် လူတယောက် သူ့ထံသို့ ဦးတည်လျှောက်လာနေ၏။ ထိုသူမှာကား အနက်ရောင်မီးလျံအဖွဲ့၏ စတုတ္ထခေါင်းဆောင် တိန့်ဖန်းပင် ဖြစ်သည်။

သူ စုချန်းဆီသို့ လျှောက်လာပြီး အောက်ပါအတိုင်း ပြောလိုက်၏။

“ကျုပ်ကို ရှာနေတယ်ဆိုလို့”

“အင်း”

စုချန်းက ပြန်ဖြေလိုက်သည်။

“သတင်းကောင်းတချို့ ရှိတယ်”

တိန့်ဖန်း ဘာမှပြန်မပြောပဲ နားထောင်နေ၏။

စုချန်း ဆက်ပြောလိုက်လေသည်။

“ချောက်ချွန် အနိုင်ရခဲ့ပြီ ရန်သူ့ တပ်ဖွဲ့တွေတဝက်နီးပါး သေကြေပျက်စီးကုန်တယ် သူကိုယ်တိုင်လည်း ဘာဒဏ်ရာမှ မရခဲ့ဘူး သူ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ဆိုရမယ်"

တိန့်ဖန်း ငြိမ်လျက်သာ နားထောင်နေ၏။

စုချန်းကလည်း ဘာမှထပ်မပြောတော့ချေ။

ဤသို့နှင့် သူတို့ နှစ်ဦး အချိန်အတော်ကြာအောင် တယောက်ကိုတယောက် စိုက်ကြည့်နေကြလေသည်။

အတန်ကြာမှ တိန့်ဖန်းက မေးလိုက်၏။

“ဒါ ကျုပ်နဲ့ ဘာဆိုင်လို့လဲ”

စုချန်းက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်လေသည်။

“ခင်ဗျားတို့နှစ်ယောက် မကြာခနဆိုသလို လျှို့ဝှက်တွေ့ဆုံလေ့ရှိတယ်မလား ပြီးတော့ ခင်ဗျားတို့အကြား ဆက်ဆံရေးကလဲ အတော်လေးကောင်းတယ်ထင်လို့ ကျုပ် ထင်တယ်လေ ဒါကြောင့် ကျုပ်က ခင်ဗျားကို အသိပေးတာ ဒါ ထူးဆန်းလို့လား”

တိန့်ဖန်းကလည်း အေးအေးဆေးဆေးပင်။

“ဂိုဏ်းချုပ်စု မှားနေပြီနဲ့တူတယ် ကျုပ်နဲ့ လင်အကြီးအကဲတို့ တခါမှ လျှို့ဝှက်ပြီး မတွေ့ဖူးပါဘူး"

စုချန်း ရယ်မောလိုက်သည်။

“ကျုပ်ဟာ အချုပ်အနှောင်မဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်တယ် ဒီနေရာမှာ ကျုပ်ရဲ့အဓိကတာဝန်က နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုပြသနာကို အဖြေရှာဖို့ဆိုတာလဲ မှန်ပါတယ် ဒါပေမဲ့ ဒီရေတပ်ပေါင်းစုရဲ့ တပ်မှူးဆိုတဲ့တာဝန်ကိုလဲ ကျုပ် ဘယ်တုန်းကမှ မမေ့ခဲ့ဘူး ဒါကြောင့် ကျုပ်အနေနဲ့ အပြင်ဘက် လောကမှာ ဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်တွေကို မျက်ချေမပြတ်ဖို့ အမြဲကြိုးစားနေခဲ့တယ် ကံကောင်းတာက အတိတ်က အခြေအနေတချို့ကြောင့် ကျုပ်ဟာ ကိစ္စအများအပြားကို တစ်ပြိုင်နက်တည်း ကိုင်တွယ်နိုင်စွမ်း ရှိနေတာပဲ"

စုချန်းက စကားကိုရပ်ရင်း တိန့်ဖန်းကို ထူးဆန်းသောအကြည့်နှင့် ကြည့်လိုက်ပြန်သည်။

“ခင်ဗျား သူနဲ့ လျှို့လျှို့ဝှက်ဝှက် မတွေ့ဖူးတာ ဖြစ်နိုင်ပါတယ် ဒါပေမဲ့ ဒါနဲ့ပဲ ခင်ဗျားတို့အချင်းချင်း လျှို့ဝှက်ပြီး ဆက်သွယ်တာမျိုး မရှိဘူးလို့တော့ မဆိုလိုဘူး ဥပမာ..."

ပြောပြောဆိုဆို စုချန်းက ထူးဆန်းသော လက်ဟန်တခုကို လုပ်ပြလိုက်သည်။

၎င်းကိုကြည့်ရင်း တိန့်ဖန်း၏ မျက်လုံးထဲတွင် ဖြတ်ခနဲ အရောင်လက်သွား၏။

“ဂိုဏ်းချုပ်စု ဘာကိုဆိုလိုနေမှန်း ကျုပ် ခုထက်ထိ နားမလည်သေးဘူး”

“ဒါပေမဲ့ ကျုပ်ကတော့ နားလည်တယ်”

စုချန်းက ဆက်ပြောလိုက်သည်။

“ကျုပ် ခင်ဗျားကို ဘာကြောင့်ခေါ်လာသလဲ ခင်ဗျား သိရဲ့လား"

တိန့်ဖန်း တိတ်ဆိတ်နေ၏။

စုချန်း၏ အသံက ဆက်လက်ထွက်ပေါ်လာပြန်သည်။

“ဘာကြောင့်လဲဆိုတော့ ခင်ဗျား ချောက်ချွန်ကို မှတ်မိကြောင်း အချက်ပြလိုက်တာကို ကျုပ် မြင်လိုက်လို့ပဲ မှန်ပါတယ် ခင်ဗျားဟာ ကိုယ့်ခံစားချက်ကို ကောင်းကောင်းကြီး ထိန်းချုပ်ထားနိုင်စွမ်းရှိတယ် ဒါပေမဲ့ ချောက်ချွန်မှာ အဲဒီ အရည်အချင်းမျိုး မရှိဘူးဆိုတာ ခင်ဗျား မေ့နေခဲ့တယ် သူ ခင်ဗျားကို မြင်လိုက်ရတဲ့အချိန်မှာ အကြီးအကျယ် ဝမ်းသာသွားခဲ့တယ် သူ ဒီလိုဝမ်းသာတာမျိုး ကျုပ် တခါမှ မမြင်ဖူးဘူး ဒါကြောင့် ခင်ဗျားဟာ သူ့အတွက် အလွန် အရေးကြီးတဲ့ ပုဂ္ဂိုလ်တယောက်ဆိုတာ ကျုပ် ချက်ချင်းသိလိုက်တယ် ဒါပေမဲ့ သူ ဘာမှ မပြောတဲ့အတွက် ကျုပ် မမေးခဲ့ဘူး အမှန်အတိုင်းပြောရရင် လက်ရှိအနေအထားမျိုးကို ကျုပ်က ပိုတောင်သဘောကျသေးတယ်"

“ဒါပေမဲ့ မဖြစ်နိုင်တော့ဘူးမလား”

တိန့်ဖန်းက ပြန်ပြောလိုက်သည်။

“မှန်ပါတယ်”

စုချန်း သက်ပြင်းချလိုက်၏။

“လူတိုင်းမှာ လျှို့ဝှက်ချက်တွေ ရှိတယ်၊ လူတယောက်ရဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက်ကို အတင်းအကြပ်ဖော်ထုတ်တာဟာ မကောင်းတဲ့လုပ်ရပ်မျိုးပဲ ဒါပေမဲ့ အခြေအနေက အရေးပေါ်ဖြစ်နေတဲ့အတွက် ကျုပ်မှာ တခြားရွေးစရာ မရှိတော့ဘူး”

“အခြေအနေက တကယ်ပဲ အရေးပေါ်ဖြစ်နေတာလား”

စုချန်း ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် ဒန်ဘာခင်းနေတဲ့ ပြည်တွင်းစစ် အရေးကြီးတဲ့အဆင့်ကို ရောက်နေပြီဆိုတဲ့ သတင်းကို ကျုပ် ခုပဲရခဲ့တယ် နောက်နှစ်နှစ်အတွင်းမှာ သူတို့အရှုံးအနိုင် သဲကွဲသွားလိမ့်မယ် ဒါကြောင့် လတ်တလောအခြေအနေမှာ ရွှေရောင်ခံတပ်အတွက် ဘာဖိအားမှ ရှိမနေဘူးလို့ ဆိုနိုင်တယ် ဒီအချက်က ကျုပ်တို့အတွက် အဓိကပြသနာပဲ လောင်စန်းနိုင်ငံအနေနဲ့ ရွှေရောင်ခံတပ်က စစ်သည်တွေကို ဆွဲထုတ်ဖို့ ကြိုးစားလာလိမ့်မယ် လောလောဆယ်မှာတော့ ကျုပ်က မြောက်ဘက်ဒေသကို လူတချို့လွှတ်ပြီး နတ်ဆိုးသားရဲတွေ ကျူးကျော်လာသယောင် ဖန်တီးမှုမျိုးလုပ်ပြီး အချိန်ဆွဲထားတယ် ဒါပေမဲ့ အချိန် သိပ်မရဘူး အလွန်ဆုံးအချိန်ရရင် ခြောက်လပေါ့ ဒီထက် ဘယ်လိုမှ မပိုနိင်ဘူး"

“ဒါ ကျုပ်နဲ့ ဘာဆိုင်လို့လဲ”

“ရွှေရောင်ခံတပ်ကစစ်သည်တွေကို ဆွဲထုတ်ပြီး စစ်ကူမပို့နိုင်အောင် ခင်ဗျား တာဝန်ယူရလိမ့်မယ် ဒါမှသာ လင်ကျွေ့လျူနဲ့ ချောက်ချွန်တို့ ပြင်ဆင်ချိန်ရလိမ့်မယ်"

တိန့်ဖန်း တိတ်ဆိတ်သွား၏။

အချိန်အတော်ကြာမှ သူက မေးလိုက်ဠသည်။

“ကျုပ် ဒီတာဝန်ကို ထမ်းဆောင်နိုင်မယ်လို့ ဂိုဏ်းချုပ်စုက ဘာကြောင့်များ ယူဆလိုက်တာပါလိမ့်"

“ဘာကြောင့်လဲဆိုတော့ ခင်ဗျားဟာ သတ်ဖြတ်သူချေမှုန်းရေးတပ်ဖွဲ့ရဲ့ ဒုတပ်မှူးဟောင်း လူသားမျိုးနွယ်ရဲ့နာမည်ကျော် သွေးဗီဇမဲ့သူရဲကောင်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပျောက်ဆုံးသွားတဲ့ ဗိုလ်ချုပ် လောင်ပိုကျွန်း ဖြစ်နေလို့ပဲ"

All Chapters