ဘေးကျပ်နံကျပ် ဖြစ်ရခြင်း
Vol. 10 Ch. 126
"ရှောင်းဟုန်ရေ တစ်ခုခု မကောင်းတာမျိုး ခံစားနေရလို့လား” အန်လင်းသည် စိုးရိမ်စွာဖြင့် မေးလိုက်သည်။
ရှောင်းဟုန်သာ သွေးမျိုးဆက် အမွေအနှစ်အား ရရှိသွားမည်ဆိုလျှင် သူမသည် မကောင်းဆိုးဝါး တစ်ခုအဖြစ်သို့ ပြောင်းလဲ သွားပေလိမ့်မည်။ ထိုသည်က ကပ်ဆိုးတစ်ခုပင်။
"ဟွီး … ကျွန်မရဲ့ ခန္ဓာကိုယ်က အရမ်းကို ပူနေတယ်။ ရှောင်းဟုန်လေး လူသားအသွင် ပြောင်းလိုက်ပြီးတော့ တစ်ခုခု လွဲမှားနေလားလို့ စစ်ကြည့် လိုက်သင့်လားဟင်” ရှောင်းဟုန်သည် အိပ်ချင်သည့်အသံဖြင့် မေးလာသည်။
သူမရဲ့ခန္ဓာကိုယ်က ပူနေတယ် ဟုတ်လား။ လူသားအသွင် ပြောင်းလဲချင်တယ် ဟုတ်လား။
အန်လင်းမှာ တဆတ်ဆတ် တုန်ယင်လာသည်။ "မလုပ်ပါနဲ့။ အဲဒီအကြောင်း နောက်မှ ပြောကြတာပေါ့”
ရှောင်းဟုန်သာ လူသားအသွင် ပြောင်းလိုက်မည် ဆိုပါက …
ထိုအချိန်တွင် ရှောင်းဟုန်သည် သာလျှင် ပူလောင်လာမည် မဟုတ်ဘဲ လူတိုင်း ပူလောင် လာကြလိမ့်မည် ဖြစ်သည်။
"တခြားလက္ခဏာတွေ ခံစားရရင် ငါ့ကိုပြောဖို့ မမေ့နဲ့နော်” အန်လင်း ထပ်ပြောလိုက်သည်။
"ကောင်းပါပြီရှင်” ရှောင်းဟုန်သည် ချစ်စဖွယ်ကောင်းစွာ ခေါင်းညိတ် လိုက်ပြီးနောက် အန်လင်း၏ အိတ်ကပ်အတွင်း ပြန်လည် ဝင်ရောက်ကာ အိပ်စက်လိုက်သည်။
ပိုင်လင်း၏ ခန္ဓာကိုယ်သည် အလင်းလုံးများအဖြစ် ပြောင်းလဲ သွားပြီးနောက် ပျောက်ကွယ် သွားတော့သည်။
ထို့နောက်တွင် အလင်းတစ်ခု လက်လာပြီးနောက် အန်လင်းတို့သည် သူတို့၏ မူလနေရာသို့ ပြန်လည် ရောက်ရှိလာကြသည်။
"အစ်ကိုကြီးအန်ရေ ကျွန်မတို့ ပြန်သင့်ပြီလို့ ထင်တယ်” မုန့်ထျန်းမှ အကြံပြုလာသည်။
သွေးမျိုးဆက် စမ်းသပ်မှုသည် အလွန် အန္တရာယ် များလွန်းလှသည်။ အန်လင်း၏ ရူးသွပ်စွာ တိုက်ခိုက်မှုကြောင့်သာ မဟုတ်လျှင် သူတို့အားလုံး သေဆုံးသွားကြမည် ဖြစ်သည်။
ထို့အပြင် ပိုင်လင်းဟူသော အကျိုးအကြောင်း မသင့်လှသည့် မိန်းမလည်း ရှိနေသေးသည်။ သူမသည် သူတို့အားလုံး အတွက် သေတွင်းတူးပေး နေသည်မှာ သိသာလွန်းလှသည်။ ရှေ့ဆက်ရန် အတော်လေး အားလျော့နေပြီ ဖြစ်သည်။
အန်လင်းသည် မုန့်ထျန်း၏ အကြံပေးချက်အား သဘောတူလိုက်သည်။ သူနှင့် ရှောင်ချိုးမှာ ဒဏ်ရာရရှိထားသည်။ ထို့ကြောင့် သွေးမျိုးဆက် စမ်းသပ်မှု ကဲ့သို့သော ခက်ခဲသည့် စမ်းသပ်မှုများနှင့် ထပ်မံကြုံတွေ့ရမည် ဆိုလျှင် သူတို့အားလုံး သေဆုံး သွားကြရလိမ့်မည်။
"ကောင်းပြီ။ ပြန်ထွက်ကြတာပေါ့”
ထို့ကြောင့် သူတို့အားလုံးတို့သည် နောက်ပြန် လှည့်ကြတော့သည်။
တံခါးအား ဖြတ်ကျော်ပြီး နောက်တွင် သူတို့ မြင်လိုက် ကြရသည်မှာ အနုပညာ မြောက်လှသော ပန်းပုလက်ရာများဖြင့် ပြည့်နှက်နေသည့် အခန်းငယ်တစ်ခု ဖြစ်သည်။
"လခွမ်း" အန်လင်းသည့် သူ့အရှေ့ရှိ မြင်ကွင်းကြောင့် အော်ဆဲမိတော့သည်။
သံသယ ဖြစ်စရာပင် မလိုအပ်ချေ။ ဤနေရာသည် သူတို့ တစ်ခါမျှ မရောက်ရသေးသော နေရာတစ်ခု ဖြစ်သည်။
"ငလူး ငါတို့တွေ ကစားခံရပြန်ပြီလား”
အန်လင်းသည် ပတ်ဝန်းကျင်အား စိုးရိမ်တကြီးဖြင့် လေ့လာလိုက်သည်။ ပိုင်လင်းသည် အရိပ်များကြားမှ ခုန်ထွက်လာပြီး သူတို့အား စမ်းသပ်မှု နောက်တစ်ခု အတွင်း ဝင်ရောက်သွားပြီဟု ပြောလာမည်ကို ကြောက်ရွံ့လှသည်။
လူတိုင်းသည် နေရာတွင်ပင် ကြက်သေ သေနေမိပြီး တစ်မိနစ်မျှပင် အသက်ရှူ ရပ်တန့်သွားသည်။ မည်သည့် အဖြစ်အပျက်ကိုမျှ မကြုံတွေ့ရမှသာလျှင် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်း ချမိတော့သည်။
"ဘုရားရေ။ ဒီနေရာကြီးက အရမ်းကို စိတ်အနှောင့်အယှက် ပေးလွန်းပါလား” မုန့်ထျန်းသည် သူမ၏ ရင်ဘတ်အား လက်ဖြင့် ပုတ်လိုက်သည်။ သူမ၏ အမူအရာမှတစ်ဆင့် ကြောက်ရွံ့နေဆဲ ဖြစ်ကြောင်း သိသာလှသည်။
"နောက်ပြန်လှည့်တဲ့ ခြေလှမ်းတွေတောင်မှ တခြား အခန်းတစ်ခုကို ရောက်သွား စေတယ်တဲ့လား။ အဲဒီတော့ ငါတို့တွေ ဘယ်လို ပြန်ထွက်ကြမတုံး” ကျုံးရုံရန်မှာ မျက်ခုံးများ တွန့်ကွေးလာသည်။
အန်လင်း၏ မျက်နှာတွင်လည်း အတော်လေး သည်းခံနေရဟန် ရှိသည်။ "ကောင်းပြီ။ ငါတို့ ဒီမှာတော့ မနေနိုင်ဘူး”
သူတို့အားလုံးသည် အခန်းအား တစ်ပတ်ပတ်ကာ ကြည့်သော်လည်း ထူးထူးခြားခြား မတွေ့ရပေ။
ပန်းပု လက်ရာများမှာမူ အချို့သည် ပုံသဏ္ဌာန်နှင့် သွင်ပြင် လွန်စွာလှပသည်။ အချို့သည် လှပစွာ ထွင်းထုထားသည်။ လက်ရာအားလုံးမှာ လွန်စွာ အနုပညာ မြောက်လှသည်။
ထိုမှတစ်ပါး ဤနေရာတွင် ထူးခြားသည့်အရာ တစ်ခုမျှပင် ရှိမနေပါ။
အန်လင်းသည် အတွေးတစ်ခု ပေါ်လာသဖြင့် သူ၏ နေရောင်ခြည် စွမ်းအင်သုံး ကင်မရာအား ထုတ်ယူကာ အခန်းအတွင်းရှိ ပန်းပုလက်ရာများ အားလုံးကို ဓာတ်ပုံ ရိုက်ယူလိုက်သည်။
ရုပ်ထွက်ကောင်းသည့် ဓာတ်ပုံများသည် လွန်စွာ တန်ဖိုးရှိလှသည့် အတွက် ကင်မရာများသည် ပို၍ အသုံးဝင်လာသည်။
ထို့နောက်တွင် သူတို့သည် အခြား တံခါးပေါက်တစ်ခုအား ကျော်ဖြတ်လိုက်သည်။
ထိုတံခါးပေါက်အား ဖြတ်သန်းပြီးသည့် နောက်တွင် လူတိုင်းသည် ဆွံ့အ သွားကြပြန်သည်။
သူတို့သည် ထူးဆန်းသည့် နေရာတစ်ခုသို့ ရောက်လာကြပြီ ဖြစ်သည်။
သူတို့ ရောက်ရှိနေသည့် ပတ်ဝန်းကျသည် ချိပ်ပိတ်ထားသည့် နေရာတစ်ခု မဟုတ်တော့ပဲနှင့် မည်သည့်အရာမျှ ရှိမနေသော နေရာကျယ်ကြီး တစ်ခုသာလျှင် ဖြစ်သည်။ ထိုနေရာတွင် ဦးတည်ရာလည်း မရှိချေ။
ထိုသည်မှာ ကမ္ဘာမြေပြင်သို့ ဆင်းသက်ရန် တည်နေရာ ရွှေ့ပြောင်းစဉ်တွင် တောင်ပိုင်း ကောင်းကင် တံခါးပေါက်၌ ကြုံတွေ့ခဲ့ရသည်နှင့် တူလှသည်။
အဝေးတွင် အဖြူရောင် ဖန်လုံးတစ်လုံးသည် လေထဲတွင် မျောလွင့်နေလေသည်။
ထိုဖန်လုံးတွင် သူတို့အကြားတွင် မီတာရာပေါင်းများစွာ ရှည်လျားသည့် တံတားတစ်စင်းဖြင့် ဆက်သွယ်ထားသည်။
အန်လင်း၏ နှလုံးသားထဲတွင် စိုးရိမ်မှုများ မြင့်တက်လာသည်။
သေချာလှပေသည်။ ဝတ်စုံဖြူနှင့် အမျိုးသမီးသည် မျက်နှာတွင် အပြုံးတစ်ခု ချိတ်ဆွဲလျက် ရုတ်တရက်ဆန်စွာ ပေါ်လာသည်။
"ဖျက်ဆီးနိုင်စွမ်း စမ်းသပ်မှုမှ ကြိုဆိုပါ၏။ ဤစမ်းသပ်မှု အတွက် ရှင်သန်နိုင်စွမ်းမှာ သုည ဖြစ်သည်”
"ဒီသစ်သား တံတားကို ဖြတ်ကျော်ပြီး အဖြူရောင် ဖန်လုံးထဲကို ချီစွမ်းအင် ထည့်သွင်းလိုက်တာနဲ့ စမ်းသပ်မှု ပြီးဆုံးမှာပဲ ဖြစ်ပါတယ်”
"အောင်မြင်သွားတာနဲ့ သုတေသန အဖွဲ့အစည်း ၈၈ရဲ့ အစစ်အမှန် အမွေအနှစ်ကို လူတိုင်းရရှိမှာပဲ ဖြစ်ပါတယ်”
အားလုံး … “…”
အန်လင်း "ကျုပ်မှာ ပြောစရာ ရှိနေတယ်ဗျ။ ပြောသင့်သလားတော့ သေချာမသိဘူး"
ပိုင်လင်း၏ မျက်နှာတွင် နူးညံ့သည့် အပြုံးတစ်ခု ပေါ်လာပြီးနောက် ခေါင်းညိတ် ပြလိုက်သည်။ "သေချာတာပေါ့။ အရမ်းကောင်းတယ်။ စမ်းသပ်မှုကို လက်ခံတယ်လို့ ပြောချင်တာ ဟုတ်တယ်မလား။ အဲဒါဆိုလည်း မင်းတို့အားလုံး ကံကောင်းပါစေ”
စကားဆုံးသည်နှင့် ပိုင်လင်း၏ ခန္ဓာကိုယ်သည် ချက်ချင်း ပျောက်ကွယ် သွားတော့သည်။
အန်လင်း “…”
အားလုံး “…”
"အစ်ကိုကြီးအန်ရေ အဲဒီသောက်ကောင်မမှာ ခန္ဓာကိုယ်အစစ် ရှိနေတယ်လေ။ နောက်တစ်ကြိမ် အဲကောင်မကို တွေ့တာနဲ့ စကားပြောပြီး အချိန်ဖြုန်း မနေတော့နဲ့။ သင်းကို ချက်ချင်း ရိုက်ပစ်ကြမယ်” လောင်ကျိပင်သည် ဒေါသတကြီး ဆိုလာသည်။
"အဲဒီလိုလုပ်ဖို့ ငါတို့ အသက်ရှင်နေဖို့ လိုအပ်တယ်။ သူမပြောတာ မကြားလိုက်ဘူးလား။ ဒီစမ်းသပ်မှုရဲ့ အသက်ရှင်နိုင်စွမ်းက သုညတဲ့လေ” ကျုံးရုံရန်သည် အားလျော့စွာဖြင့် ပြောလေသည်။
ဆိုလိုသည်မှာ ယခင်ရောက်ရှိလာသမျှ ကျင့်ကြံသူ အားလုံးတို့သည် သေဆုံးသွားကြပြီ ဟူ၍ ဖြစ်သည်။
"အဲဒါက ဘာကိုပြောသလဲဆိုတော့ အရင်ကလာခဲ့တဲ့ ကျင့်ကြံသူတွေက အရမ်းကို အားနည်းလွန်းလို့ စမ်းသပ်မှုကို မအောင်မြင်ခဲ့တာပဲ။ ဒီတစ်ကြိမ်တော့ ငါဦးဆောင်မယ်” ရှောင်ချိုးသည် သူ၏ ငွေသံတုတ်ကို ပုခုံးပေါ် တင်ကာဖြင့် သစ်သား တံတားထံသို့ ဦးတည် လိုက်လေသည်။
"ခဏလေး" အန်လင်းသည် ရှောင်ချိုးအား ခေါ်လိုက်ပြီး "ဒီနေရာက ဘယ်လိုမျိုးတွေ တုံ့ပြန်မလဲ ကြည့်ကြတာပေါ့"
အန်လင်းသည် စိတ်ဝိညာဉ် ကျောက်တုံးတစ်ခုအား ထုတ်ယူ လိုက်ပြီးနောက် သစ်သားတံတား၏ အပြင်ဘက်နေရာသို့ ပစ်လွှတ်လိုက်သည်။
ဝှီး ...
စိတ်ဝိညာဉ် ကျောက်တုံးသည် ချက်ချင်းဆိုသလို အမှုန်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက်တွင် စိတ်ဝိညာဉ်ကျောက်တုံး နောက်တစ်တုံး ထုတ်ယူလိုက်ပြီးနောက် သစ်သား တံတားပေါ်သို့ ပစ်လွှတ်လိုက်ပြန်သည်။
ရုတ်တရက် ဆိုသလိုပင် အဖြူရောင်ဖန်လုံးမှ အလင်းရောင်ခြည်လုံး တစ်ခု ထွက်ပေါ်လာသည်။
ထိုရောင်ခြည်လုံးသည် အလွန်အမင်း မြန်ဆန်ပြီး ချက်ချင်းဆိုသလိုပင် စိတ်ဝိညာဉ် ကျောက်တုံးထံသို့ ရောက်လာကာ အမှုန်အဖြစ်သို့ ပြောင်းလဲလိုက်ပြန်သည်။
လူတိုင်းသည် သူတို့ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် မျက်ခုံးများ တွန့်ကွေးလာကြသည်။
ရောင်ခြည်လုံးမှာ အလွန်မြန်ဆန်လှသဖြင့် သူတို့အနေဖြင့် ရှောင်တိမ်းရန် နည်းလမ်းမရှိချေ။
ခေတ္တမျှ စဉ်းစားပြီးသည့် နောက်တွင် အန်လင်းသည် သွေးနဂါး၏ နတ်ဆိုးဓားအား ထုတ်ယူလိုက်သည်။
ထိုဓားသည် အဆင့်မြင့် မှော်လက်နက်ဖြစ်ပြီး အလွန်မာကျောသည့် သတ္တုဖြင့် သွန်းလုပ်ထားသည်။ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ ကျင့်ကြံသူပင်လျှင် ထိုဓားအား ဖျက်ဆီးရန် ခက်ခဲလှပေသည်။
အန်လင်းသည် ထိုဓားအား ဝမ်းနည်းမှုများ ပြည့်လျှံနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက် သစ်သားတံတားဆီသို့ ပစ်လွှတ်လိုက်သည်။
ဝှစ် ...
သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် မြန်ဆန်လွန်းသည့် ရောင်ခြည်လုံး တစ်လုံး ထပ်မံထွက်ပေါ်လာကာ သွေးနဂါး၏ နတ်ဆိုးဓားအား ပစ်ခတ်လိုက်သည်။
အဆင့်မြင့် မှော်လက်နက်တစ်ခု ဖြစ်သည့် သွေးနဂါး၏ နတ်ဆိုးဓားသည် ချက်ချင်းဆိုသလို ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် သစ်သားတံတားပေါ်မှ ပျောက်ကွယ် သွားလေသည်။
အားလုံး : “…”
ကြောက်မက်ဖွယ်ရာ တိုက်ခိုက်နှုန်းနှင့် ကြီးမားသည့် အဖျက်စွမ်းအား။
ဤစမ်းသပ်မှုအား အဘယ်ကြာင့် ဖျက်ဆီးနိုင်စွမ်း စမ်းသပ်မှုဟု ခေါ်ရကြောင်းအား သိရှိလိုက်ရပြီ ဖြစ်သည်။ မည်သည့်အရာကမျှ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားမည့် ကံတရားမှ မလွတ်မြောက်နိုင်ချေ။ အာမေဂဒွန်သည်ပင်လျှင် ထိုမျှလောက်အထိ ဖျက်ဆီးနိုင်စွမ်း ကြီးမားလိမ့်မည် မဟုတ်ပေ။ (Armageddon အာမေဂဒွန် ဆိုတာ ကမ္ဘာဖျက်ကိန်းလို့ ဆိုပါတယ်။ Ragnarok ရက်ခ်နရော့ခ်နဲ့ သဘောတရားချင်း တူသယောင်ယောင် ရှိပေမဲ့ ရက်ခ်နရော့ခ်က နော်ဝေးနတ်ဘုရားများ ဒဏ္ဏာရီမှာပါတဲ့ နတ်ဘုရားတို့ရဲ့ ကံကြမ္မာ နတ်ဘုရားတို့ရဲ့ အဆုံးသတ်ကို ဆိုလိုတာဖြစ်ပါတယ်။ နော်ဝေးနတ်ဘုရားတွေ ကတော့ အားလုံးနဲ့ ရင်းနှီးပြီးသား Thor, Loki, Odin တို့ပဲ ဖြစ်ပါတယ်။ အများကြီး ရှိသေးပေမဲ့ အများစု သိပြီးသားကတော့ ဒီသုံးယောက်ပါပဲ။ သိသလောက် မျှဝေခြင်းပါ)
ရှင်သန်နိုင်စွမ်း သုညဖြစ်နေခြင်းမှာ အံ့ဩစရာ မဟုတ်တော့ချေ။ စမ်းသပ်ခံများ အနေနှင့် မျှော်လင့်ချက် လုံးဝမရှိပေ။
ရှောင်ချိုးသည် တိတ်ဆိတ်စွာဖြင့် တံတားဆီမှ ပြန်လာပြီး ကသိကအောက် ဖြစ်လျက်ရှိသည်။
ဘာလုပ်ရမည်ကို မသိတော့သဖြင့် သူတို့အားလုံးသည် အသင့်အနေအထားဖြင့် စောင့်ဆိုင်းရန်သာ တတ်နိုင်ပေတော့သည်။
"ငါထင်တာကတော့ ငါတို့အနောက်မှာရှိတဲ့ တံခါးကို ဖျက်ဆီးပစ်လိုက်တာက တံတားကို ဖြတ်သွားဖို့ ကြိုးစားတာထက် ပိုလွယ်မယ်လို့ထင်တယ်” စွန်းရှန့်လျန်သည် တီးတိုးပြောလာသည်။
ထိုအကြံပြုချက်ကြောင့် လူတိုင်း၏ မျက်လုံးများသည် အရောင် လက်လာပြီးနောက် တံခါးပေါက်အား ဖျက်ဆီးရန် ပြုလုပ်ကြတော့သည်။
***
သုံးမိနစ် ကြာပြီးနောက် …
လူတိုင်းသည် မြေပြင်ပေါ် တွဲလဲကျနေကြပြီ ဖြစ်သည်။ အသက်ပြင်းစွာ ရှူနေရပြီး သူတို့၏ မျက်လုံးအိမ်များထဲတွင် မျက်ရည်များ ဝေ့သီလျက် ရှိသည်။
ငလူး ဒီတံခါးက သောက်ရမ်း ခိုင်ခံ့လွန်းတယ်။
ရေခဲ၊ မီး၊ ရေ၊ မြေ၊ လေ၊ ဓားခုတ်ချက်များ၊ လက်သီးချက်၊ ခြေကန်ချက်။ အားလုံးတို့သည် နည်းလမ်းအားလုံးအား အသုံးပြု၍ ကြိုးစားခဲ့သော်လည်း တံခါးသည် ဖျက်ဆီး၍ မရနိုင်သည့် သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားပုံရသည်။ ပြောရမည်ဆိုလျှင် သူတို့၏ တိုက်ခိုက်မှုများသည် အလုပ်မဖြစ်ခဲ့ပေ။
"အား … ငါတို့တွေ ဒီနေရာမှာပဲ သေရတော့မှာလား”
မုန့်ထျန်း၏ မျက်ခမ်းများသည် နီရဲလာပြီးနောက် ကြွေရုပ်နှင့်တူသည့် မျက်နှာလေးမှာလည်း မခံမရပ်နိုင်မှုများ ဖြစ်တည်လာကာ အောက်နှုတ်ခမ်းအား ဖိကိုက်ကာဖြင့် မငိုကြွေးမိစေရန် ထိန်းထားပုံရသည်။
"နည်းလမ်း ရှာကြတာပေါ့” အန်လင်းသည် အားပေး နှစ်သိမ့်ရန် ကြိုးပမ်းလိုက်သည်။
နည်းလမ်း ရှာဖွေခြင်းသည် သာလျှင် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။ သို့သော်လည်း သူတို့အားလုံးတို့သည် တိတ်ဆိတ်စွာဖြင့် ထိုင်နေကြပြီး မည်သည့်အရာကိုမျှ တွေးတောနိုင်ခြင်း မရှိကြချေ။
ထိုအချိန်တွင် ကျုံးရုံရန်သည် သူ၏ ယပ်တောင်အား တဖျတ်ဖျတ်ခတ်ကာဖြင့် စကားဆိုလာသည်။
"ဖန်လုံးဖြူရဲ့ တိုက်ခိုက်နှုန်းက အတော်လေး မြန်ပြီးတော့ ကြောက်ဖို့ကောင်းတဲ့ တိုက်ခိုက်စွမ်းအား ရှိတယ်။ ဒါပေမဲ့လည်း တိုက်ခိုက်မှု တစ်ခုနဲ့တစ်ခု အကြားမှာတော့ ရပ်တန့်တဲ့ အချိန်တော့ ရှိလိမ့်မှာပဲ။ ငါတို့အဲဒါကို အခွင့်ကောင်းယူမယ် ဆိုရင်ကော”
သူ၏ အကြုံပြုချက်ကြောင့် အားလုံး၏ မျက်လုံးများသည် တလက်လက် တောက်ပလာသည်။
မှန်ပေသည်။ စွမ်းအားပြင်းသည့် တိုက်ခိုက်မှုအား ထုတ်လွှတ်ရန် သေချာပေါက် ပြန်လည် အားဖြည့်ရမည် ဖြစ်သည်။
အန်လင်းသည် ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား သစ်သားတံတားထံသို့ ပစ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလို ဖျက်ဆီးခံလိုက်ရသည်။
နောက်ထပ် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံးအား ပစ်လိုက်ပြန်သည်။ တူညီသည့် ရလဒ်သာ ထွက်ပေါ်လာသည်။
အန်လင်းသည် ရပ်တန့်လိုစိတ် မရှိချေ။ တစ်ကြိမ်တည်းမှာပင် စိတ်ဝိညာဉ်ကျောက်တုံး ရာနှင့်ချီ၍ ပစ်လွှတ်လိုက်သည်။
ဝှစ် ...
ရာနှင့်ချီသည့် ရောင်ခြည်လုံးများ ပစ်လွှတ်လိုက်သည်။
ထပ်မံ၍ စိတ်ဝိညာဉ် ကျောက်တုံး ရာချီ ပစ်လိုက်ပြန်သည်။
ဝှစ် ...
ရာနှင့်ချီသည့် ရောင်ခြည်လုံးများ ပစ်လွှတ် လိုက်ပြန်သည်။
လူတိုင်းသည် တစ်ဖန်ပြန်လည်၍ တိတ်ဆိတ် သွားကြသည်။
ကျုံးရုံရန်သည် သူ၏ယပ်တောင်အား ဝှေ့ယမ်းကာဖြင့် ခေါင်းခါယမ်းလိုက် ပြီးနောက် "စွမ်းအား ပြန်ဖြည့်ချိန်မရှိဘဲနဲ့ တစ်ချိန်တည်းမှာ ပစ်မှတ်ပေါင်းများစွာကို ပစ်ခတ်နိုင်တဲ့ စွမ်းရည်ပါ ရှိနေတာတဲ့လား”
"ငါတို့တော့ သေတာပဲ” မုန့်ထျန်းသည် ကျုံးရုံရန်၏ စကားဆုံးသည့် နောက်တွင် မျက်လုံးထဲမှ မျက်ရည်များ စီးကျလာတော့သည်။
***