တုန်လှုပ်နေတဲ့ စစ်ထူမိသားစုခေါင်းဆောင်
Vol. 5 Ch. 58
နှစ်ပေါင်းသုံးရာသက်တမ်းရှ်ိသော ယွင်ထန့်ကုန်သွယ်သမဂ္ဂ၏ခေါင်းဆောင် စစ်ထူဟောင်နန်တစ်ယောက် မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂ၏ ငွေရှာပုံကြောင့် လုံး၀ တုန်လှုပ်နေခဲ့သည်။
ယွင်ထန့်ကုန်သွယ်သမဂ္ဂ၏ စွမ်းဆောင်ရည်အရ သူတို့အတွက် စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းရှာဖို့က ကြာမည် မဟုတ်ပေ။
သို့သော် မည်သည့်ပစ္စည်းမှမရောင်းရသေးခင် စိတ်ဝိညာဉ်ကျောက်တုံးရှာခြင်းမျိုးကိုတော့ သူတစ်ခါမှ မမြင်ဖူးသေးပေ။
အဖွဲ့၀င်ကဒ်များသည် စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းတောင်ဖြစ်သော်လည်း လူတိုင်းက ထိုအရာကို ပျော်ရွှင်စွာ ၀ယ်နေခဲ့ကြ၏။
ထို့နောက်တွင်တော့ ပိုပြီးပင် အံ့အားသင့်စရာကောင်းသောမြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
အဖွဲ့၀င်ကဒ်များ ရရှ်ိပြီးသောလူများသည် မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂထဲသို့ အတင်းပြေး၀င်သွားခဲ့ကြ၏။
၀ယ် ၀ယ် ၀ယ်!
လူတိုင်းအတွက် မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂတွင် ၀ယ်ယူခြင်းက အခြားနေရာများတွင်၀ယ်ယူခြင်းနှင့်အတူတူသာဖြစ်ပြီး ယခုလို သူတို့က ဆယ်ရာခိုင်နှုန်းလျှော့ဈေးပေးနေသော ဘာလို့မ၀ယ်ဘဲ နေပါတော့မည်နည်း။
အဖွဲ့၀င်ကဒ်ရရှိထားသူများသည် မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂတွင် အရူးအမူး၀ယ်ကုန်ကြတော့သည်။
အဖွဲ့၀င်ကဒ်မရှိသေးသူများကတော့ ကျန်းယန် ကိုသာကြည့်နေပြီး စိတ်ထဲလွန်ဆွဲနေခဲ့ကြ၏။
သူတို့၀ယ်ယူချင်သော်လည်း သူတို့တွင် အဖွဲ့၀င်ကဒ်ကလည်း မရှိသေးပေ။
လူအုပ်ကြီး၏အကြည့်ကိုရင်ဆိုင်ရသောအခါ ကျန်းယန်နောင်တရဟန်ဖြင့် ပြောလိုက်လေသည်။
“အရိုးသားဆုံးပြောရရင် အဖွဲ့၀င်ကဒ်တွေကအခုလောက် လူကြိုက်များမယ်လို့ ကျွန်တော်တို့လည်း မျှော်လင့်မထားခဲ့မိဘူး အဲ့တာကြောင့် လုံလောက်အောင်ပြင်ဆင်မထားလိုက်မိဘူး အခုကျွန်တော်ကြည့်ရသလောက်လူတိုင်းက အဖွဲ့၀င်ကဒ်တွေလိုချင်နေကြတယ် မဟုတ်လား”
အဖွဲ့၀င်ကဒ်မရရှိသေးသူများ ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်ကြ၏။
ကျန်းယန် သက်ပြင်းချလိုက်ကာ
“စိတ်မပူကြပါနဲ့ ကျွန်တော့်ဆရာဦးလေးကို အဖွဲ့၀င်ကဒ်တွေ အများကြီးလုပ်ပေးဖို့ ပြောလိုက်ပါ့မယ် ကျွန်တော်မနက်ဖြန်ကျရင် အဖွဲ့၀င်ကဒ်တွေရဖို့ အမြန်ဆုံးလုပ်ပေးပါ့မယ်လို့ ကတိပေးပါတယ် ကျွန်တော့်ကို ယုံတယ်ဆိုရင်တော့ မနက်ဖြန်ရောင်းမယ့် အဖွဲ့၀င်ကဒ်တွေအတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေ ကြိုပေးချေထားလို့ရပါတယ် မနက်ဖြန်ကျရင်လည်း ကဒ်ပြားတွေမလောက်မှာစိုးလို့ပါ အဲ့တာကြောင့် မနက်ဖြန်အတွက် လူငါးဆယ်ကြိုတင်ပြီးအမှာလက်ခံထားလိုက်ပါ့မယ်
အို့ ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ဖို့မေ့သွားတယ်
ကျွန်တော့်နာမည်က ကျန်းယန်ပါ အဇူရာတိမ်ဂိုဏ်း ဂိုဏ်းသခင်ရဲ့ တပည့်တစ်ယောက်ပေါ့ အခုတော့ ဂိုဏ်းရဲ့ အမည်ခံဂိုဏ်းသခင်အဖြစ် တာ၀န်ထမ်းဆောင်နေပါတယ် မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂကို အဇူရာတိမ်ဂိုဏ်းက ထောက်ပံ့ပေးထားပြီးတော့ လူကြီးမင်းတို့အတွက် ဘာပြသနာမှမရှိစေရဘူးဆိုတာ ကျွန်တော်တို့ဘက်က အာမခံနိုင်ပါတယ်”
ထိုစဉ် ၀ယ်ဖို့တွန့်ဆုတ်နေကြသူများပင် အမြန်အော်ဟစ်လိုက်ကြ၏။
“ အမည်ခံဂိုဏ်းသခင် ငါ့နာမည်ကိုလည်း ၀ယ်မယ့်စာရင်းထဲထည့်ပေးဦး!”
“ငါလည်း အဖွဲ့၀င်ကဒ်လိုချင်တယ် ငါအခုချက်ချင်း ငွေပေးမှာပါ”
“ငါရောပဲဟေ့!”
…..
လူအုပ်ကြီး၏ အသံများအောက်တွင် ကျန်းယန်နောက်ထပ်စိတ်ဝိညာဉ်ကျောက်တုံး ၅သိန်းထပ်ရသွားခဲ့သည်။
ထိုမြင်ကွင်းက စစ်ထူဟောင်နန်ကိုလုံး၀ ကြက်သေသေသွားစေခဲ့၏။
သူတို့ဘာမှတောင်မရောင်းရသေးဘဲ စိတ်ဝိညာဉ်ကျောက်တုံး ၅သိန်း ရသွားတာလား!
စိတ်ဝိညာဉ်ကျောက်တုံးရှာရတာ ဒီလောက်တောင် လွယ်တယ်လားဟ!
ပြီးတော့ ဒီကလေးက ကျန်းယန်လား!
ထို့နောက် သူ့အစောင့်တစ်ယောက်ကိုခေါ်ကာ သူ့အတွက်အဖွဲ့၀င်ကဒ်တစ်ကဒ် ငွေကြိုချေခိုင်းထားလိုက်လေသည်။
သူလည်း အဖွဲ့၀င်ဖြစ်ရသော အတွေ့အကြုံကို ကိုယ်တိုင်တွေ့ကြုံခံစားချင်နေပြီး ပိုအရေးကြီးသည်မှာ သူပြန်လျှင် ထိုကဒ်ကို ပြန်ယူသွားချင်နေခဲ့၏။ အကယ်၌ ယွင်ထန့်ကုန်သွယ်သမဂ္ဂကသာ ဤကဲ့သို့သောကဒ်မျိုးလိုက်လုပ်နိုင်လျှင် သူတို့လည်း ဒီလိုငွေရှာနိုင်သည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။
ကုန်ပစ္စည်းများစွာကို အသည်းအသန်လု၀ယ်နေသော လူများကိုကြည့်ပြီး သူ့စိတ်ထဲအနည်းငယ်ပင် ကြောက်လန့်လာခဲ့သည်။
အကယ်၍ မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂသာ ယွင်ထန့်အင်ပါယာတွင် လာဖွင့်လျှင် သူတို့ ယွင်ထန့်ကုန်သွယ်သမဂ္ဂက ထိုသမဂ္ဂကို ယှဉ်နိုင်မည်မဟုတ်ပေ။
သူပြင်ဆင်ထားဖို့ လိုနေချေပြီ။
မဟုတ်လျှင် အနာဂတ်တွင် သူသည် သူ့သမီးဆီကအထောက်အပံ့ကို မှီခိုနေရသောအဖြစ်မျိုး ရောက်ရှိသွားနိုင်၏။
အဖွဲ့၀င်ကဒ်ပြားအတွက် စာရင်းပေးပြီးသည့်နောက် စစ်ထူဟောင်နန် မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂ၏ အတွင်းပိုင်းအခြေအနေများကို စတင်လေ့လာတော့သည်။
အမျိုးမျိုးသော ဆေးများ အဆောင်များ မှော်ရတနာများ….အရာအားလုံးက အရူးအမူးလုယက်၀ယ်ယူခြင်းကို ခံနေရ၏။
စိတ်ဝိညာဉ်ကျောက်တုံးမြစ်တစ်စင်း အဇူရာတိမ်ဂိုဏ်းသို့ စီးဆင်းနေခဲ့ချေပြီ။
လျှို့ဝှက်နယ်မြေ ဖွင့်ချိန်သို့ရောက်လျှင် မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂရရှိထားသော စိတ်ဝိညာဉ်ကျောက်တုံးများက တောင်ကြီးတစ်လုံးလို ဖြစ်နေလိမ့်မည်ဟုပင် စစ်ထူဟောင်နန် စိတ်ကူးနေခဲ့မိသည်။
သူ့ကို အံ့အားသင့်စေသောအရာမှာ မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂသည် ကျင့်ကြံသူများအတွက် ပစ္စည်းများအပြင် သာမန်လူများအတွက် အ၀တ်အစားများကိုလည်း ရောင်းချနေခြင်းဖြစ်၏။
“ဒီပစ္စည်းက ဘာလေးလဲ” စစ်ထူဟောင်နန် စင်ပေါ်ရှိ လေးထောင့်ပစ္စည်းလေးကို လက်ညှိုးထိုးကာ မေးလိုက်သည်။
“အို့ ဒီပစ္စည်းက အသံဖမ်းထားနိုင်တာပါ…” အလုပ်ရှုပ်နေသော စစ်ထူမင်ယွဲ့ နောက်လှည့်ကြည့်လိုက်ပြီး သူ့အဖေကိုမြင်သောအခါ အံ့အားသင့်သွားခဲ့၏။
“အဖေ…”
သူ့ရှေ့ရှ်ိ မရင်းနှီးသောမျက်နှာကိုမြင်လိုက်သောအခါ စစ်ထူမင်ယွဲ့ ရုပ်ဖျက်ထားမှန်း စစ်ထူဟောင်နန် သိသွားခဲ့သည်။ သူလည်ချောင်းတစ်ချက်ရှင်းလိုက်ကာ ပြောလိုက်၏။
“ပြောပါဦး”
“အို့ အဖေခြံ၀န်း ၉ ထဲ၀င်တုန်းက အသံတစ်သံကြားခဲ့ရတယ် မဟုတ်လား ဒီပစ္စည်းကအဲ့တာနဲ့အတူတူပဲ ကဗ္ဗည်းတွေကို ဒီသေတ္တာလေးထဲမှာ ရေးထားတာနဲ့ အပြင်မှာရေးထားတာပဲ ကွာတာ အဖေသုံးချင်ရင် ဒီသေတ္တာကိုဖွင့်လိုက် အဲ့တာဆို ကဗ္ဗည်းတွေက အသက်၀င်လာပြီး အသံဖမ်းထားလို့ရလိမ့်မယ်”
စစ်ထူဟောင်နန် ထိုပစ္စည်း၏ဈေးနှုန်းကိုကြည့်လိုက်သောအခါ စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းဖြစ်နေသည်ကို မြင်လိုက်ရလေသည်။
ကဗ္ဗည်းပုံစံတစ်ခုမှာ သတ္တုလေးနည်းနည်းပုံသွင်းပြီး စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းရောင်းတာ!
ထိုသတ္တုအပိုင်းအစလောက်သည် အလွန်ဆုံးမှ စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်သာတန်ခြင်း ဖြစ်၏။
စစ်ထူဟောင်နန် စစ်ထူမင်ယွဲ့ကို မကျေမနပ်တစ်ချက်ကြည့်လိုက်ပြီး လှည့်ထွက်သွားခဲ့လေသည်။
ထို့နောက် သူ့အစောင့်ကိုရှာလိုက်ကာ ခပ်တိုးတိုးပြောလိုက်၏။
“အကုန်လုံး သွား၀ယ်လာခဲ့ ပစ္စည်းတစ်မျိုးကို တစ်ခုစီရအောင်၀ယ်ခဲ့ ငါဒါတွေကိုယွင်ထန့်အင်ပါယာဆီယူသွားပြီး လေ့လာချင်တယ်”
သူမိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂကို သုတေသနလုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်လေသည်။
လျှောက်သွားကြည့်နေရင်း စစ်ထူဟောင်နန် ရုတ်တရက် ထူးဆန်းသောနေရာတစ်ခုသို့ ရောက်လာခဲ့၏။
ထိုဆန်းကြယ်သောနေရာကို စည်းများဖြင့်ပိတ်ထားပြီး အမျိုးသမီးများသာ ၀င်ခွင့်ရှ်ိသည်ဟူသော သင်္ကေတကပ်ထားသောကြောင့် စစ်ထူဟောင်နန် ပိုပြီးစိတ်၀င်စားသွားခဲ့သည်။
မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂသည် ဘာလုပ်ချင်နေတာ ဖြစ်နိုင်ပါသနည်း။
သူထိုဆန်းကြယ်သောနေရာအပြင်တွင်ရပ်စောင့်ကာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေခဲ့၏။
မကြာခင်တွင် အမျိုးသမီးကျင့်ကြံသူတစ်ယောက် ထိုနယ်မြေထဲမှ ထွက်လာပြီး သူ့မျက်နှာကနီရဲနေကာ စိတ်လှုပ်ရှားနေဟန်လည်း ရပေသည်။
စစ်ထူဟောင်နန်ပိုပြီးပင် စိတ်၀င်စားသွားခဲ့၏။ အထဲတွင် ဘာတွေဖြစ်ခဲ့ပါသနည်း။
အထဲတွင် လူမြင်မသင့်တော်သောအရာတစ်ခုခုရှိနေခြင်းပေလော။
မကြာခင်တွင် ခုနကထွက်သွားသော အမျိုးသမီးသည်နောက်တစ်ကြိမ် ထိုနယ်မြေထဲ၀င်သွားပြန်ပြီး ဒီတစ်ကြိမ်တွင်တော့ သူ့အဖော်အမျိုးသမီးများကိုပါ ခေါ်လာခဲ့၏။
လူတိုင်းကြောင်အကုန်ကြသည်။
အထဲက အခြေအနေကို မမြင်နိုင်မကြားနိုင်ဖြစ်နေလေရာ ဘယ်သူက စိတ်မ၀င်စားဘဲ နေပါတော့မည်နည်း။
ထို့နောက်တွင်တော့ အမျိုးသမီးကျင့်ကြံသူများစွာ ထိုနေရာထဲ ၀င်သွားကြပြန်သည်။
အမျိုးသားကျင့်ကြံသူတစ်ယောက် အော်ပြောလိုက်၏။
“မင်းတို့ မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂက မမျှတဘူး ဘယ်လိုဖြစ်လို့ ယောင်္ကျားတွေ၀င်ခွင့်မပြုတဲ့နေရာမျိုး ရှိနေတာလဲ မင်းတို့အထဲမှာ ရှက်စရာကောင်းတာတစ်ခုခု လုပ်နေကြတာလား”
ကျန်းယန်အသာအယာပြုံးလိုက်ကာ စစ်ထူမင်ယွဲ့ကို ခေါ်၍ ခပ်တိုးတိုးပြောလိုက်သည်။
“မင်ယွဲ့ အထဲ၀င်ပြီး အပြင်ကယောင်္ကျားတစ်ယောက်က အထဲ၀င်ချင်နေတယ်လို့ သွားပြောလိုက်”
စစ်ထူမင်ယွဲ့လည်းပြုံးလိုက်ပြီး ထိုနယ်မြေထဲ၀င်သွားကာ အထဲက အမျိုးသမီးများဆီ သတင်းပေးလိုက်၏။
ချက်ချင်းဆိုသလို အထဲမှ အမျိုးသမီးအုပ်လိုက်ကြီးထွက်လာကာ စိတ်ဆိုးမာန်ဆိုးဖြင့် အော်ပြောခဲ့လေသည်။
“ဘယ်သူလဲ ဘယ်သူ၀င်ချင်တာလဲ ပြောလေ…၀င်ချင်နေတာနင်လား နင်ကဘယ်ဂိုဏ်းကလဲ ဘယ်အဖွဲ့အစည်းကလဲ နင့်နာမည်ပြောစမ်း ငါနင့်ဂိုဏ်းကို တစ်ရက်လောက်အလည်လာခဲ့ဦးမယ်”
သူတို့၏ ကြမ်းကြုတ်သောမျက်နှာထားများအရ အလည်လာမည်ဆိုသည်က ကောင်းသောရည်ရွယ်ချက်ဖြင့်တော့ မဖြစ်နိုင်ပေ။
ထိုအချိန်မှစပြီး ဘယ်သူမှ ဆန်းကြယ်သောနယ်မြေထဲ၀င်ချင်သည်ဟူသော စကားမျိုး မဟရဲတော့ပေ။
အမြင်စူးရှသောသူများကတော့ ထိုအမျိုးသမီး၏လက်ထဲတွင် ကိုင်ထားသော အဖြူ အနက် ပိုးသား၀တ်စုံအချို့ကို မြင်လိုက်ကြ၏။
ပြီးတော့ ပန်းကန်လုံးနှစ်လုံးကိုဆက်ထားသော ပုံစံရှိသည့် အ၀တ်အစားများ ထိုအရာများကရော မည်သို့သော အရာမျိုး ဖြစ်ပါသနည်း။
မြင်ကွင်းကိုကြည့်နေရင်း စစ်ထူဟောင်နန် သူ့နှလုံးသားကို ကြောင်တစ်ကောင်က ကုတ်ခဲနေသလို ခံစားနေခဲ့ရသည်။
သူ့မသိစိတ်က ထိုနယ်မြေထဲတွင် စီးပွားရေးအခွင့်အလမ်းကြီးတစ်ခုရှိနေသည်ဟု ပြောနေသော်လည်း သူ၀င်ကြည့်လို့လည်း မရပေ။
သူထိုကလေး ကျန်းယန်နှင့်စကားပြောဖို့တော့ လိုနေခဲ့ချေပြီ။
မဟုတ်ဘူး မဟုတ်ဘူး ငါသူ့ကို လေးလေးစားစား ဆရာကျန်းလို့ခေါ်သင့်တယ်!
ထိုကဲ့သို့သော ငွေရှာနိုင်သည့် စွမ်းရည်နှင့် စီးပွားရေးနည်းစနစ်မျိုး ရှိနေသူသည် ဆရာ အဆင့်သို့ရောက်နေပြီ ဖြစ်သည်။
မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂကို တစ်ခေါက်ပတ်ပြီးနောက် စစ်ထူဟောင်နန် စိတ်ဝိညာဉ်ကျောက်တုံး သိန်းချီသုံးခဲ့မိပြီး ပစ္စည်းပုံကြီးနှင့်အတူ အဇူရာတိမ်ဧည့်ဂေဟာသို့ ပြန်လာခဲ့၏။
မိုးပြာလမင်းမင်းကုန်သွယ်သမဂ္ဂ၏ အလုပ်ရှုပ်ခဲ့သော နေ့တစ်နေ့က နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။
ကျန်းယန် စစ်ထူမင်ယွဲ့နှင့် ပိလင်းကျိတို့ ကျန်းယန်၏ဗီလာသို့ အတူတူပြန်လာခဲ့ကြပြီး ထိုနေရာတွင်တော့ လူတိုင်းက သူတို့ကို စောင့်နေခဲ့ကြချေပြီ။
သူတို့အားလုံး ဒီနေ့ငွေဘယ်လောက်ရှာနိုင်ခဲ့သလဲဆိုတာ သိချင်နေခဲ့ကြ၏။