တုန်လှုပ်သွားသော အဇူရာတိမ်မောင်နှမ ၇ ဖော်
Vol. 5 Ch. 59
ရေကန်ဘေးတွင် အနားယူနေသော တန်ချန်ကျိ ဟွာလင်းကျိ နှင့် ဟော်လင်းကျိတို့ ထမလာချင်ကြသော်လည်း ကျန်းယန်ကိုမြင်သောအခါ ထထိုင်လိုက်ကြ၏။
သူတို့ကို ကျန်းယန်က လပေါင်းများစွာကြာအောင် အတင်းအကြပ်အလုပ်လုပ်ခိုင်းထားခဲ့ပြီး ယခုတော့ ထိုအရာမှ ရလဒ်ထွက်လာပြီဖြစ်သောကြောင့် သူတို့ စိတ်၀င်စားနေခဲ့ကြသည်။
ကျန်းယန် လက်ကာပြလိုက်ကာ အချက်ပြလိုက်ပြီး
“ဆရာဦးလေးတို့က ပင်ပန်းထားတာပဲ အေးအေးဆေးဆေး လှဲနေရင်းနဲ့ ကျွန်တော်ပြောတာကို နားထောင်လို့ရပါတယ်”
ချင်းယွင်ကျိ စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် ပြောလိုက်၏။
“ငါကြည့်နေတာ ဒီကောင်တွေတစ်နေ့လုံး လှဲချည်းနေနေတာပဲ ကောင်စုတ်လေး အခြေအနေကို အမြန်တင်ပြတော့ မင်းအဇူရာတိမ်ဂိုဏ်းတစ်ခုလုံးကို မွှေနေတာ လအတော်ကြာနေပြီ အခုက ရလဒ်ကိုပြရတော့မယ့် အချိန်ပဲ”
ကျန်းယန် ထိုင်ချလိုက်ပြီး ပိလင်းကျိကိုကြည့်လိုက်ကာ
“ဆရာဒေါ်လေး ၄ ဆရာဒေါ်လေးဘက်ခြမ်းကအခြေအနေကို တင်ပြလိုက်ပါဦး”
“ဒီဘက်ခြမ်းကနေ ပစ္စည်း ၁၅၇ ခုရောင်းခဲ့ရပြီးတော့ စိတ်ဝိညာဉ်ကျောက်တုံး ၁.၃သန်း ရခဲ့ပါတယ်” ပိလင်းကျိ အနည်းငယ်စိတ်လှုပ်ရှားသွားသလို အံ့အားလည်း သင့်သွားခဲ့၏။
“အဲ့ဒီအဆင့်မြင့်ပစ္စည်းတွေ တပ်ထားတဲ့ အ၀တ်အစားတွေကို စိတ်ဝိညာဉ်ကျောက်တုံးသောင်းချီသုံးပြီး ၀ယ်ကြတာကိုတော့ နားလည်ပါတယ် ဒါပေမယ့် စိတ်ဝိညာဉ်ကျောက်တုံး သုံးလေးရာတန်တဲ့ ပိုးသားအသားကပ်၀တ်စုံတွေကို ၀ယ်ကြတာကိုေတာ့ နားမလည်ဘူး ဘာလို့ ၀ယ်ကြတာလဲ”
ထိုသာမန်ပိုးသားဖြင့်ချုပ်ထားသော အ၀တ်အစားများက အများဆုံးမှ စိတ်ဝိညာဉ်ကျောက်တုံး ၂၀ လောက်သာ တန်ခြင်းဖြစ်၏။
ကျန်းယန်က စိတ်ဝိညာဉ်ကျောက်တုံး ၃၉၉ တုံးဖြင့် ရောင်းနေခြင်းကြောင့် နည်းနည်းတော့လွန်သည်ဟု သူမခံစားနေခဲ့ရသည်။
သို့သော်လည်း လူများကတော့ ထိုအရာများကို၀ယ်နေဆဲသာ။
ထိုသူတို့အတွက် အသားကပ်အ၀တ်အစားများက ဘာကောင်းနေလဲ သူမမသိခဲ့ပေ။
ကျန်းယန် ခပ်ဟဟရယ်မောလိုက်ကာ
“အဲ့ဒီအသားကပ်ထည်တွေကို ၀ယ်တဲ့သူတွေမှာ လက်တွဲဖော်တွေရှိမယ်လို့ ကျွန်တော်ထင်တယ် အဲ့ဒီပစ္စည်းတွေကို အထူးအခြေအနေတွေမှာသုံးဖို့ ထုတ်ထားတာဖြစ်တဲ့အတွက် ဈေးမြင့်မြင့်ထားပြီးရောင်းမှရမှာ စောင့်ကြည့်နေလိုက်ပါ တကယ်လို့ သူတို့မှာသာ လက်တွဲဖော်တွေရှိနေမယ်ဆိုရင် အဲ့ဒီလူတွေ နောက်တစ်ခေါက်ပြန်လာ၀ယ်လိမ့်မယ်”
ထိုအသားကပ်အ၀တ်များကို ယနေ့ညစုတ်ဖြဲပြီးလျှင် နောက်တစ်ကြိမ်ပြန်လာရမည် မဟုတ်ပါလော။
အခန်းထဲရှိလူတိုင်း ကျန်းယန်ကိုထူးဆန်းစွာ ကြည့်ရှုနေခဲ့ကြသည်။
ချင်းယွင်ကျိနှင့်အခြားသူများ သူပြောနေသောအကြောင်းအရာကိုလုံး၀နားမလည်ကြဘဲ စစ်ထူမင်ယွဲ့ကတော့ အနည်းငယ်နားလည်သလိုရှိ၏။ သို့သော် ထိုကိစ္စများကို ကျန်းယန်ဘယ်လိုသိနေသလဲ သူမလည်းမသိခဲ့ပေ။
“မင်ယွဲ့ နင့်ဘက်ခြမ်းကအခြေအနေကိုလည်း တင်ပြလိုက်ဦး အဆောင်တွေ ဆေးဝါးတွေ မှော်ရတနာတွေ ဘယ်လောက်ရောင်းခဲ့ရလဲ” ကျန်းယန် စစ်ထူမင်ယွဲ့ကိုကြည့်ကာ ပြောလိုက်သည်။
စစ်ထူမင်ယွဲ့ချိုသာစွာပြုံးလိုက်ပြီး
“ညီမလေးဘက်ခြမ်းမှာက ကျင့်ကြံသူတွေသုံးကြတဲ့ပစ္စည်းတွေပဲဆိုတော့ ဈေးနှုန်းကအတော်လေးမြင့်တယ် ဒီနေ့ညီမလေးတို့ အဆောင် ၅၀၀ ကျော်နဲ့ ဆေးဝါး ၅၀၀ကျော်ရောင်းခဲ့ရတယ် နောက်ပြီး မှော်ရတနာ ၂၃ ခုရောပဲ အားလုံးပေါင်းရင် စိတ်ဝိညာဉ်ကျောက်တုံး ၅.၃ သန်းဖိုး ရောင်းရခဲ့တယ်”
“ဘယ်လောက်!” ချင်းယွင်ကျိ အံ့အားသင့်မှုကြောင့် အလိုလိုရေရွတ်လိုက်မိသည်။
အဇူရာတိမ်ဂိုဏ်းတွင် အမှန်တကယ်ပင် ထိုမျှများပြားသော ငွေများရှိနေခြင်းပေလော။
လှဲလျောင်းနေသော တန်ချန်ကျိ ဟွာလင်းကျိနှင့်ဟော်လင်းကျိတို့လည်း စိတ်လှုပ်ရှားမှုကြောင့် ထထိုင်လိုက်ကြ၏။
သူတို့အလုပ်ကြိုးစားခဲ့ရသမျှက တန်ခဲ့ချေပြီ။
ဒါပေါ့ ဒီနေ့ေရာင်းရခြင်းက သူတို့ကြိုးစားမှု၏ တစ်စိတ်တစ်ပိုင်းမျှသာရှ်ိသေးပြီး အားလုံးကိုသာရောင်းပြီးလျှင် ဘယ်လောက်ရမလဲဆိုတာကို စိတ်ကူးကြည့်၍ပင် မရပေ။
ပိုင်ယွင်ကျိလည်း ကြက်သေသေနေပြီး တုန်လှုပ်မှုကြောင့် ဆွံ့အနေခဲ့သည်။
သူမငွေစာရင်းကိုင်ရစဉ်က အဇူရာတိမ်ဂိုဏ်းတွင် ရက်အနည်းငယ်ကြာသည်ထိ စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးမှ မရသည်မျိုးပင် ရှ်ိတတ်ခဲ့ပြီး အခုတော့ ဂိုဏ်းတွင် စိတ်ဝိညာဉ်ကျောက်တုံး သန်းချီပြီးရှိနေခဲ့ချေပြီ။
ကျန်းယန် လက်ကာပြလိုက်ကာ
“စိတ်အေးအေးထားကြပါ စိတ်အေးအေးထားကြပါ ကျွန်တော်အနှစ်ချုပ်ပါရစေဦး အဖွဲ့၀င်ကြေးက ၁.၅ သန်းရခဲ့ပြီးတော့ သာမန်အ၀တ်အစားတွေရောင်းရငွေကတော့ နည်းလွန်းတယ် ထည့်ရေလို့မရဘူး ဆရာဦးလေး ၅ ကျွန်တော်တို့ထွင်ထားတဲ့ အသံဖမ်းကိရိယာနဲ့ မီးအလင်းကိရိယာက အားလုံးပေါင်း စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀၀၀ ဖိုးရောင်းခဲ့ရတယ်
ဆိုတော့ မိုးပြာလမင်းကုန်သွယ်သမဂ္ဂရဲ့ အဖွင့်ကတော့ အောင်မြင်တယ်လို့ပြောလို့ရတယ် ကျွန်တော်တို့ဒီနေ့အတွက် အားလုံးပေါင်း စိတ်ဝိညာဉ်ကျောက်တုံး ၈သန်းကျော် ရှာနိုင်ခဲ့တယ်
လူတိုင်း အရမ်းတော့စိတ်မလှုပ်ရှားကြနဲ့ဦး အဲ့ဒီ ၈သန်းထဲက ကျွန်တော်တို့ စီနီယာချင်ကို ၂၀ ရာခိုင်နှုန်းခွဲပေးရဦးမယ်
ပြီးတော့ ကျွန်တော်က ၂၀ ရာခိုင်နှုန်းယူဖို့ စီစဉ်ထားတယ် ပြီးတော့ ကျွန်တော့်ဂျူနီယာညီမလေးအတွက်ကိုတော့ သူ့ကြိုးစားထားမှုတွေအတွက် ၁၀ရာခိုင်နှုန်းခွဲပေးမယ် ဒါဆို အဇူရာတိမ်ဂိုဏ်းအတွက်က စိတ်ဝိညာဉ်ကျောက်တုံး ၄သန်း ကျန်ရှ်ိပါမယ်”
ချင်းယွင်ကျိ ကျန်းယန်ကိုမျက်စောင်းထိုးလိုက်ကာ
“ကောင်စုတ်လေး…အနာဂတ်မှာ အဇူရာတိမ်ဂိုဏ်းက မင်းဟာဖြစ်လာမှာပဲ မင်းကဘာလို့ ၂၀ရာခိုင်နှုန်းတောင် ယူတာလဲ”
လင်းယွင်ကျိနှင့်အခြားသူများလည်း ကျန်းယန်ကိုကြည့်ကာအကူအညီမဲ့စွာ ခေါင်းယမ်းလိုက်ကြသည်။
“ဆရာကျွန်တော်ကအကြာကြီးအလုပ်ရှုပ်ထားတာလေ စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားထားရတာ ၂၀ရာခိုင်နှုန်းလောက်ယူတာက အကျိုးအကြောင်းသင့်တယ်မဟုတ်လား” ကျန်းယန် မျက်လုံးလှန်ကြည့်လိုက်ကာ
“ဆရာတို့လည်း ကျွန်တော့်အခြေအနေကိုသိပါတယ် ကျွန်တော်စိတ်ဝိညာဉ်ကျောက်တုံးတွေ လိုအပ်နေတယ်”
သူ့ရွှေအမြုတေကို စိတ်ဝိညာဉ်ကျောက်တုံးမရှိလျှင် သူမည်သို့ကိုင်တွယ်ရပါမည်နည်း။
တစ်ကြိမ်တည်းဖြင့် စိတ်ဝိညာဉ်ကျောက်တုံးသောင်းချီစားလိုက်တာတောင် တိုးတက်မှုမရှိသောကြောင့် အနာဂတ်တွင် သူပိုကြိုးစားပြီး စိတ်ဝိညာဉ်ကျောက်တုံးရှာဖို့ လိုအပ်နေပြီ ဖြစ်သည်။
အဇူရာတိမ်မောင်နှမ ၇ ဖော် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး သူတို့ဖုံးကွယ်ထားမှုက ဒီကလေးကို သောကရောက်အောင်များ လုပ်မိနေပြီလားဟု တွေးလိုက်မိကြ၏။
သို့သော် ကံကောင်းသည်မှာ သူတို့ဒီလောက်လေးတွန်းအားပေးလိုက်တာတောင် စိတ်ဝိညာဉ်ကျောက်တုံးအများကြီးရှာနိုင်နေသောကြောင့် ဆက်ပြီး တွန်းထားရမည့်ပုံပင်။
ချင်းယွင်ကျိသက်ပြင်းချကာ ပြောလိုက်သည်။
“ဟုတ်ပါပြီ မင်းအခြေအနေကလည်း တကယ်ပဲထူးခြားနေတာကိုး ဒီပုံစံအတိုင်းဆို မင်းမင်ယွဲ့နောက်အဝေးကြီးမှာ ပြတ်ကျန်နေတော့မှာ မင်းနည်းနည်းလောက်ပိုယူတာကိုနားလည်ပေးလို့ရပါတယ် ဘာပဲဖြစ်ဖြစ် ငွေကိုလည်းမင်းပဲစီမံနေတာပဲကို ငါတို့မင်းကိုယုံပါတယ်
ဒါပေမယ့် မင်းသတိထားဖို့တော့လိုသေးတယ် မင်းအခြေအနေက အဇူရာတိမ်ဂိုဏ်းသမိုင်းမှာတောင် တကယ်ရှားတဲ့အခြေအနေမျိုးပဲ”
“ဟုတ်ကဲ့ပါဆရာ” ကျန်းယန် အနည်းငယ်ဆွံ့အသွားခဲ့သည်။
ထိုအရာက အဖြူထည်ရွှေအမြုတေလေးပဲမဟုတ်ပါလော။ အဘယ်ကြောင့် သူ့ကိုဆက်တိုက်သတိပေးနေကြပါသနည်း။
ချင်းယွင်ကျိနှင့်အခြားသူများ၏ ခဏခဏဆရာလုပ်ခြင်းမခံရအောင် သူမဟာတာအိုကိုအမြန်ရရှိအောင် လုပ်ဖို့တော့လိုအပ်နေချေပြီ။
“ဂိုဏ်းကပိုင်တဲ့ စိတ်ဝိညာဉ်ကျောက်တုံး ၄ သန်းကိုတော့ ….ဆရာ ဆရာဘယ်လောက်လိုလဲ” ကျန်းယန် ချင်းယွင်ကျိကို ကြည့်လိုက်၏။
ချင်းယွင်ကျိတွင် စိတ်ဝိညာဉ်ကျောက်တုံးများလိုအပ်သော နေရာတစ်နေရာရှိနေမှန်း သူသိသည်။ သို့သော် ချင်းယွင်ကျိကထိုအရာကိုတစ်ခါမှထုတ်မပြောသောကြောင့် ထိုအရာက အရေးကြီးသောကိစ္စသာ ဖြစ်ရချေမည်။ ထို့ကြောင့် လက်ထဲတွင်စိတ်ဝိညာဉ်ကျောက်တုံးရှိနေပါက ချင်းယွင်ကျိကိုပေးဖို့ လိုကိုလို၏။
နောက်ဆုံးတွင် ချင်းယွင်ကျိသည် အဇူရာတိမ်ဂိုဏ်း၏အကြီးဆုံးအထောက်အပံ့ကြီးဖြစ်သောကြောင့် သူ့ကိုကောင်းကောင်းပြန်ထောက်ပံ့ပေးထားဖို့ လိုပေသည်။
“မင်းပေးချင်သလောက်ပေး” ချင်းယွင်ကျိ ပြုံးကာပြောလိုက်၏။
လက်ထဲတွင် စိတ်ဝိညာဉ်ကျောက်တုံးအများကြီးရှိနေသောကြောင့် သူလတ်တလောတွင် အလျင်လိုစရာမလိုပေ။ စိတ်ပါလျှင် ခရီးတစ်ထောက်လောက်တောင် ထွက်၍ ရသေးသည်။
ဒါပေါ့ သူ့အတွက်ကတော့ စိတ်ဝိညာဉ်ကျောက်တုံးများများရှိလေလေ ပိုပြီးလွတ်လပ်လေလေပင်။
ကျန်းယန် မျက်ခုံးပင့်လိုက်ကာ ပြောလိုက်သည်။
“ဒါဆိုကျွန်တော်ဆရာ့ကို စိတ်ဝိညာဉ်ကျောက်တုံး ၁ သန်းပေးမယ် ဆရာလိုရင်တော့ နောက်မှထပ်တောင်းပေါ့ ပြီးတော့ ဆရာဦးလေးတွေကိုလည်း တစ်ယောက်ကို ၂သိန်းစီပေးမယ် ကျန်တဲ့ ၁.၈ သန်းကိုတော့ ဂိုဏ်းရဲ့ ဘဏ္ဍာငွေအဖြစ် သိမ်းထားလိုက်မယ်”
သူနှင့်စစ်ထူမင်ယွဲ့ကတော့ ဝေစုကိုယ်စီယူပြီးပြီဖြစ်သောကြောင့် ထိုအစုထဲမှ ထပ်မယူတော့ပေ။
တကယ်တော့ အဇူရာတိမ်ဂိုဏ်းသည် ယခင်ကအလွန်ဆင်းရဲခဲ့သောကြောင့် ယခုလိုရှိလာသောအခါတွင် သူချက်ချင်းခွဲပေးနေခဲ့ခြင်း ဖြစ်၏။
ခွဲပေးရသည့် ပထမအချက်မှာ သူ့ဆရာဦးလေးများသည်စိတ်ဝိညာဉ်ကျောက်တုံးလိုအပ်သောကြောင့်ဖြစ်ပြီး ဒုတိယအချက်ကတော့ ဂိုဏ်းပြန်လည်တည်ဆောက်ရေးတွင် ပိုပြီး ယုံကြည်မှုရှိလာကြစေရန် ဖြစ်သည်။
စိတ်ဝိညာဉ်ကျောက်တုံးများ ခွဲဝေပေးပြီး လက်ကျန်စိတ်ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းပြီးနောက် ထိုညတွင် ကျန်းယန် စစ်ထူမင်ယွဲ့နှင့်အတူ ချင်ယွီရှုဆီအလည်ရောက်သွားခဲ့၏။
အခြားသူများလိုပင် ချင်ယွီရှုကိုလည်း မိုးပြာလမင်းကုန်သွယ်သမဂ္ဂတည်ဆောက်ရာတွင် ပိုပြီး ယုံကြည်မှုရှိလာစေရန် ယုံကြည်မှုပေးအပ်ခဲ့သည်။
“ဦးလေးချင် ဂုဏ်ယူပါတယ်” ကျန်းယန်လိုရင်းကိုသာပြောလိုက်ပြီး ချင်ယွီရှုကိုပြုံးပြလိုက်၏။
“ကျွန်တော်တို့ အဖွင့်နေ့မှာပဲ စိတ်ဝိညာဉ်ကျောက်တုံး ၈သန်းရခဲ့ပါတယ် ဒါကတော့ ဦးလေးချင်အတွက် ဝေစု ၁.၆ သန်းပါ ကျေးဇူးပြုပြီး လက်ခံပေးပါ ဦးလေးချင် အရင်ကာလတုန်းက ကြိုးစားပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ဦးလေးချင်”
ချင်ယွီရှု ကြောင်အသွားခဲ့သည်။
သူစစ်ထူမိသားစုတွင် တစ်နှစ်လုံး အမှုထမ်းမှ စိတ်ဝိညာဉ်ကျောက်တုံး မည်မျှသာရပါသနည်း။
အခုတော့ ပထမနေ့မှာတင် စိတ်ဝိညာဉ်ကျောက်တုံး ၁.၆ သန်း ရခဲ့ချေပြီ။
အကျိုးအမြတ်ရှိမည်ဆိုတာ သူမျှော်လင့်ထားပြီးဖြစ်သော်လည်း အခုလောက် များမယ်လို့တော့ မျှော်လင့်မထားခဲ့မိပေ။
သူအလျင်အမြန်ပင် ပြန်တုန့်ပြန်လိုက်၏။
“အခုမှ ပထမနေ့ပဲရှိသေးတာပါ ငါ့ကိုချက်ချင်းကြီးပေးဖို့ မလိုပါဘူး ပြီးတော့အနာဂတ်မှာလည်း ငါကြိုးစားပြီး လုပ်ကိုင်သွားမှာပါ…”
သူမလုပ်ချင်ဘဲ ဘယ်နေပါတော့မည်နည်း။
ဤနေရာတွင် ကျင့်ကြံခြင်း နောက်ခံနှင့်ငွေပါရှိနေလေရာ ဤအရာထက်ကောင်းတာ ဘာရှိတော့ပါမည်နည်း။