တစ်ယောက်ယောက်ပြဿနာရှာနေတယ်
Vol. 5 Ch. 61
စစ်ထူဟောင်နန် ကျန်းယန်ကို မကျေမနပ်ကြည့်လိုက်လေသည်။ သူသည် ယွင်ထန့်အင်ပါယာ ကုန်သည်လောကကို နှစ်ပေါင်းများစွာ စိုးမိုးလာခဲ့သူဖြစ်ပြီး တစ်ခါမှ မရှုံးခဲ့ဖူးပေ။
ထို့ကြောင့် သူသည် ကျန်းယန်လောက်စီးပွားရေးပညာတွင်မတော်ဘူးဆိုတာကို သူလက်မခံနိုင်ပေ။ သူ့တွင် အဖွဲ့၀င်ကဒ်လုပ်သည့်နည်းပညာမရှိခြင်းကြောင့်သာ နောက်ရောက်နေရသည်ဟု ထင်နေခဲ့၏။
“မင်းငါ့အတွက် သန့်စင်ပေးရင်ရပါပြီ” စစ်ထူဟောင်နန် ဆက်ပြောလိုက်သည်။
“တစ်ကဒ်ကို စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ ဆိုရင်ရော”
ထိုစိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ မှာ ပညာရှင်နှစ်ယောက်အတွက် ပညာရှင်ကြေးဖြစ်ပြီး ကဒ်လုပ်သည့်ပစ္စည်းများကတော့ ဘာမှကို တန်ဖိုးမရှိပေ။
“စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀” ကျန်းယန် ချက်ချင်းပြန်ပြောလိုက်သည်။
“ကျွန်တော့်ဆရာဦးလေးနှစ်ယောက်က ဒါတွေလုပ်ဖို့ အတော်အချိန်ပေးထားရတာ နောက်ပြီး ကျွန်တော့်ဆရာဦးလေးတွေက နတ်ဝိညာဉ်အဆင့်တွေဆိုတော့ ငွေကြေးကိုစိတ်မ၀င်စားဘူး ကျွန်တော်ကလွဲပြီး ဘယ်သူမှသူတို့ကို ဒါမျိုးတွေလုပ်ခိုင်းလို့မရဘူး”
ဈေးဆစ်ဖို့ကြံနေသောစစ်ထူဟောင်နန် ရုတ်တရပ် ရပ်တန့်လိုက်၏။
နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို ဖိတ်ခေါ်ဖို့က!
သူပိုပြီးပင် တုန်လှုပ်သွားခဲ့သည်။ အဇူရာတိမ်ဂိုဏ်းတွင် အမှန်တကယ်ပင် နတ်ဝိညာဉ်အဆင့်များရှိနေပြီး သူထင်သလို အားနည်းခြင်းမျိုး မရှိပေ။
သို့သော်လည်း ချင်ယွီရှုကိုတောင် နတ်ဝိညာဉ်အဆင့်ရောက်အောင်လေ့ကျင့်ပေးလိုက်သောနေရာဖြစ်သောကြောင့် ဤနေရာတွင် နတ်ဝိညာဉ်အဆင့်များရှိနေခြင်းက သိပ်တော့ မဆန်းပေ။
“ကောင်းပြီ ငါအဖွဲ့၀င်ကဒ် ၁၀၀၀ အမှာတင်ထားလိုက်မယ်” စစ်ထူဟောင်နန် ဆုံးဖြတ်လိုက်၏။
စိတ်ဝိညာဉ်ကျောက်တုံး ၂သန်း!
ကျန်းယန် ခေါင်းညိတ်ကာသဘောတူလိုက်ကာ
“ပြဿနာမရှိပါဘူး လျှို့ဝှက်နယ်မြေဖွင့်တာနဲ့ ယွင်ထန့်ကုန်သွယ်သမဂ္ဂအတွက် အဖွဲ့၀င်ကဒ် ၂၀၀၀ က အသင့်ဖြစ်နေစေရမယ် ဒါပေမယ့် ဦးလေး စိတ်ဝိညာဉ်ကျောက်တုံး ၁ သန်းတော့ အရင်ကြိုချေထားရမယ် ကျန်တာကိုတော့ အဖွဲ့၀င်ကဒ်တွေရောက်မှပေးပေါ့”
ထိုအရာက အကျိုးအကြောင်းသင့်သည်ဟုခံစားလိုက်ရပြီး စစ်ထူဟောင်နန် ချက်ချင်း စိတ်ဝိညာဉ်ကျောက်တုံး ၁ သန်း ချေလိုက်လေသည်။
အခြားမိုးပြာလမင်းကုန်သွယ်သမဂ္ဂကပစ္စည်းတွေကိုတော့ ဆန်းကြယ်သောနေရာထဲက ပစ္စည်းများကလွဲ သူကျန်တာကို စိတ်မ၀င်စားပေ။
“တကယ်လို့ ငါကဆန်းကြယ်တဲ့နေရာထဲမှာဘာတွေရှိလဲဆိုတာ သိချင်တယ်ဆိုရင် ဘယ်လောက်ပေးရမလဲ”
စစ်ထူဟောင်နန် မဝံ့မရဲမေးလိုက်၏။
ကျန်းယန် ရယ်မောလိုက်ကာ
“မလိုပါဘူးဗျာ တကယ်လို့ ဦးလေးသိချင်ရင် ကျွန်တော်ပြောပြမှာပေါ့ ကျွန်တော့်မှာ နမူနာပုံစံအချို့တောင်ပါလာသေးတယ် ဦးလေးကိုတိုက်ရိုက်ပြလို့ရတယ်”
သူနမူနာပုံစံများကိုထုတ်လိုက်သောအခါ စစ်ထူမင်ယွဲ့ရှက်သွားပြီး အခန်းပြင်ထွက်သွားခဲ့လေသည်။
ထိုနေရာတွင်ရှိသည်က အမျိုးသမီးပစ္စည်းများဖြစ်မည်မှန်း စစ်ထူဟောင်နန်ခန့်မှန်းမိသော်လည်း နမူနာအထည်များကိုမြင်သောအခါ သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့၏။
တခဏတွေးပြီးနောက် ထိုပစ္စည်းများအသုံးပြုပုံကိုသူနားလည်သွားခဲ့ပြီး သူ့မျက်လုံးများ ပိုပြီးပင် ပြူးကျယ်သွားခဲ့သည်။
ဒီဟာက….
သူအသားကပ်အထည်များကိုကြည့်ကာ တွန့်ဆုတ်စွာမေးလိုက်၏။
“ဒါတွေက လက်အိတ်တွေလား”
“အမျိုးသမီးခြေစွပ်တွေပါ ခြေထောက်မှာစွပ်ရတာ” ကျန်းယန်ဆက်ပြောလိုက်သည်။
“ဒါပေါ့ လက်မှာစွပ်လို့လည်းရတယ် ခေါင်းမှာသာမစွပ်နဲ့”
ထိုအရာကိုခေါင်းမှာစွပ်လိုက်လျှင်တော့ ကိစ္စများက ကွဲပြားကုန်ပေလိမ့်မည်သာ။
စစ်ထူဟောင်နန်မျက်နှာနီရဲသွားခဲ့၏။ သူထိုအရာများကိုတစ်ခါမှမမြင်ဖူးသောကြောင့် မှားပြောမိခြင်းက နားလည်ပေး၍တော့ ရပေသည်။
“မင်းကငါ့ကိုဒီပစ္စည်းတွေအကြောင်း ဒီလိုပဲပြောပြလိုက်တာလား” စစ်ထူဟောင်နန် ကျန်းယန်ကိုစိတ်၀င်တစားကြည့်ကာ မေးလိုက်၏။
“ကျွန်တော်တို့က ဆွေမျိုးတွေပဲလေ ဦးလေးလိုချင်ရင် ကျွန်တော်ဦးလေးကို အထည်ပုံကြမ်းတွေတောင်ပေးလို့ရသေးတယ် ဒါဆို ဦးလေးတို့ ကိုယ်တိုင်ချုပ်လို့ရတာပေါ့ ပြီးတော့ ဒီအထည်တွေကိုချုပ်တာကလည်း ဦးလေးငှားပေးလိုက်တဲ့ အထည်ချုပ်သမတွေပါပဲ” ကျန်းယန် ပြုံးကာ ပြောလိုက်သည်။
တကယ်တော့ ထိုအရာကိုလျှို့ဝှက်ထားလို့ရနေရင်သာ ထူးဆန်းနေပေလိမ့်မည်။ မကြာခင်တွင် ထိုလျှို့ဝှက်ချက်က နေရာအနှံ့သို့ ပျံ့နှံ့သွားတော့မည်သာ။ ထို့ကြောင့်လည်း သူပြောပြလိုက်ခြင်း ဖြစ်၏။
ကျန်းယန် မပြန်ခင်တွင် စစ်ထူဟောင်နန်နှင့် မိုးပြာလမင်းကုန်သွယ်သမဂ္ဂအကြောင်းအနည်းငယ်ဆွေးနွေးသွားခဲ့သည်။
နောက်နေ့တွင် မိုးပြာလမင်းကုန်သွယ်သမဂ္ဂသည် သူ့အချိန်ဇယားအတိုင်း ပြန်လည်ဖွင့်လှစ်ခဲ့၏။
လူအုပ်ကြီးက မိုးပြာလမင်းကုန်သွယ်သမဂ္ဂအ၀င်၀တွင် အဖွဲ့၀င်ကဒ်ပြားရရှိဖို့ စောင့်ဆိုင်းနေခဲ့ကြသည်။ ထိုကဒ်ရရှိမှသာ သူတို့ဈေး၀ယ်လို့ရမည် ဖြစ်သည်။
သူတို့ရမည့် တစ်နေ့တာ စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ ကိုလာရောက်ထုတ်ယူကြသည့် အဖွဲ့လည်း ရှိနေသေး၏။ ထိုလူများကတော့ ဘာမှမဝယ်ဘဲ စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ ဖိုးသာ လာယူခြင်းဖြစ်သည်။
သို့သော် မိုးပြာလမင်းကုန်သွယ်သမဂ္ဂထဲ၀င်လိုက်သည်နှင့် မည်သူက မ၀ယ်ဘဲနေနိုင်ပါတော့မည်နည်း။
မိုးပြာလမင်းကုန်သွယ်သမဂ္ဂသည် ဤနေ့အတွက်လည်း ကြီးမားသောအကျိုးအမြတ်များ ရရှိခဲ့ပြန်၏။
ဤသို့ဖြင့် လျှို့ဝှက်နယ်မြေဖွင့်မည့်နေ့ဆီသို့ အချိန်ကတရွေ့ရွေ့ဆက်သွားနေခဲ့သည်။
မကြာခင်တွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ထိုအပြောင်းအလဲမှာ လန်ကျားအထွတ်အမြတ်မြေမှလူများ ရောက်ရှိလာခြင်းသာ ဖြစ်ပေသည်။
လန်ကျားအထွတ်အမြတ်မြေမှ နတ်ဝိညာဥ်အဆင့် ကျန်းဟီကွေ့ဦးဆောင်လာသော ရွှေအမြုတေအဆင့်သုံးယောက်နှင့်အခြေခံတည်ဆောက်ခြင်းအဆင့်သုံးယောက်သည် အပူအပင်မဲ့ဂိုဏ်းသားများအဖြစ်ဟန်ဆောင်ကာ အဇူရာတိမ်ဈေးထဲ ၀င်ရောက်လာခဲ့ကြ၏။ ရွှေအမြုတေအဆင့်များထဲတွင် တန်ယောင်ကွမ်း လည်းပါပေသည်။
အခြေအနေကိုနားလည်ပြီးနောက် သူတို့ အဇူရာတိမ်ဧည့်ဂေဟာတွင်သာနေထိုင်ဖို့ ဆုံးဖြတ်လိုက်ကြ၏။
အထွတ်အမြတ်မြေမှလူများဖြစ်သောကြောင့် သူတို့သာမန်တည်းခိုခန်းတွင် နေလို့မဖြစ်ပေ။
မိုးပြာလမင်းကုန်သွယ်သမဂ္ဂအကြောင်းကြားပြီးသောအခါတွင်မူ သူတို့ ထိုနေရာသို့ သွားကြည့်ခဲ့ကြသည်။
သူတို့ဤနေရာသို့လာသောရည်ရွယ်ချက်က အဇူရာတိမ်ဂိုဏ်း၏ခွန်အားအစစ်ကို စုံစမ်းချင်၍ မဟုတ်ပါလော။
သူတို့မိုးပြာလမင်းကုန်သွယ်သမဂ္ဂထဲ၀င်လိုက်သည်နှင့် တန်ယောင်ကွမ်း စစ်ထူမင်ယွဲ့ကိုမြင်သွားပြီး တအံ့တဩရေရွတ်လိုက်မိ၏။
“ဆိုတော့ နင်ကဒီမှာကိုး ငါနင့်ကိုရှာနေတာကြာပြီ နောက်ဆုံးတော့နင့်ကိုတွေ့ပြီ နင့်မျက်နှာကိုပြောင်းထားရုံနဲ့ ငါမမှတ်မိတော့ဘူး မထင်လိုက်နဲ့ မင်းအရှိန်အဝါနဲ့ ခံစားချက်ကို ငါ့ဆီက ဖုံးကွယ်ထားလို့မရပါဘူးကွာ”
ရေရွတ်ပြီးသည်နှင့် သူစစ်ထူမင်ယွဲ့ကိုရိုင်းစိုင်းစွာ လှမ်းဆွဲလိုက်လေသည်။
စစ်ထူမင်ယွဲ့ အံ့အားသင့်သွားပြီး ဘာမှမတုန့်ပြန်နိုင်သေးခင်မှာတင် မိုးပြာလမင်းကုန်သွယ်သမဂ္ဂကိုစောင့်ကြည့်နေသော ချင်ယွီရှု သူ့ရှေ့တွင်ရုတ်တရက်ပေါ်လာပြီး တန်ယောင်ကွမ်းလက်ကို တားဆီးလိုက်၏။
“ရပ်စမ်း!”
ထိုအခိုက်တွင် စစ်ထူမင်ယွဲ့လည်းသူ့ရှေ့တွင်ရှိနေသော သူကို ရှင်းရှင်းလင်းလင်းမြင်သွားခဲ့ပြီး အံ့ဩတကြီးရေရွတ်လိုက်မိသည်။
“တန်ယောင်ကွမ်း နင်ပဲ!”
“ဟုတ်တယ် ငါပဲ!” တန်ယောင်ကွမ်း ခပ်ဟဟရယ်မောလိုက်ကာစစ်ထူမင်ယွဲ့ကိုစိုက်ကြည့်လိုက်၏။
“ဒီတစ်ကြိမ်တော့မင်းတို့စစ်ထူမိသားစုမှာ အကြောင်းပြချက်ပေးစရာမရှိတော့ဘူး မင်းငါနဲ့လိုက်ခဲ့တာ ပိုကောင်းလိမ့်မယ် မဟုတ်ရင် ငါမင်းတို့စစ်ထူမိသားစုကို သုတ်သင်ပစ်မယ် တကယ်လို့ ယွင်ထန့်အင်ပါယာက ငါ့ကိုတားရဲရင် ငါသူတို့ကိုလည်း တန်ကြေးတစ်ခုပေးရအောင် လုပ်မယ်!”
“နင်လုပ်ရဲလား!” စစ်ထူမင်ယွဲ့ အမြန်ပြောလိုက်သည်။
“ငါက အဇူရာတိမ်ဂိုဏ်းကို၀င်ပြီးသွားပြီ အခုငါက အဇူရာတိမ်ဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ပဲ!”
တန်ယောင်ကွမ်း အားရပါးရရယ်မောလိုက်ကာ
“အဇူရာတိမ်ဂိုဏ်းကဆိုတော့ရော ဘာလုပ်ရမှာလဲ သူတို့က ငါ့ကိစ္စမှာ လာရှုပ်ရဲလို့လား”
မိုးပြာလမင်းကုန်သွယ်သမဂ္ဂထဲတွင်ရောက်နေသော ဧည့်သည်တိုင်း ကြောင်အသွားခဲ့ကြသည်။
ဤကုန်သွယ်သမဂ္ဂကို အဇူရာတိမ်ဂိုဏ်းက နောက်ခံပေးထားပါတယ်ဟု ဂိုဏ်းကကြေငြာသွားခဲ့ခြင်းဖြစ်၏။
အခုတော့ တစ်ယောက်ယောက်က အဇူရာတိမ်ဂိုဏ်း၏မျက်နှာကို ဖြတ်ရိုက်နေခဲ့ချေပြီ။
ကျန်းယန်လည်း စစ်ထူမင်ယွဲ့အခြေအနေကိုသတိထားမိသွားပြီး အမြန်ရောက်လာကာ မေးလိုက်လေသည်။
“ဘာဖြစ်နေတာလဲ”
“စီနီယာအစ်ကိုကြီး သူတို့ကလန်ကျားအထွတ်အမြတ်မြေကပဲ!” စစ်ထူမင်ယွဲ့ သူပတ်ပတ်လည်ကလူများကိုတစ်ချက်ကြည့်လိုက်ကာ ခပ်တိုးတိုးပြောလိုက်၏။
“သူက ညီမလေးကိုလန်ကျားအထွတ်အမြတ်မြေဆီ ခေါ်သွားချင်နေတဲ့သူပဲ”
စစ်ထူမင်ယွဲ့နှင့်ကျန်းယန်၏ နီးကပ်မှုကိုမြင်သောအခါ တန်ယောင်ကွမ်းအမူအရာအေးစက်သွားပြီး အော်ပြောလိုက်သည်။
“သူမက ငါ့အပိုင်ပဲ အခုငါသူ့ကိုခေါ်သွားမယ် ဘယ်သူငါ့ကိုတားရဲလဲ”
လန်ကျားအထွတ်အမြတ်မြေမှလူဖြစ်သောကြောင့် သူသည်ကမ္ဘာကြီးကိုအထက်စီးမှ ကြည့်ရှုခွင့်ရရှ်ိနေခဲ့၏။
ကျန်းယန်ပြုံးကာ တန်ယောင်ကွမ်းနားကပ်သွားပြီး အသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
“လန်ကျားအထွတ်အမြတ်မြေကလား”
တန်ယောင်ကွမ်း အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။
“မင်းသိတာကောင်းတယ်!”
“ဖြန်း…”
ကျန်းယန် တန်ယောင်ကွမ်းပါးကိုဖြန်းကနဲ ဖြတ်ရိုက်လိုက်ပြီး ရင်းရင်းနှီးနှီးမေးလိုက်လေသည်။
“မင်းအိပ်မက်မက်နေတာလား အခုနိုးပြီလား”
တန်ယောင်ကွမ်း ပါးရိုက်ခံလိုက်ရသောကြောင့် ကြက်သေသေသွားခဲ့၏။ သူသည် လန်ကျားအထွတ်အမြတ်မြေကမှန်း သိနေတာတောင် ထိုကောင်က သူ့ကိုပါးရိုက်ရဲခြင်းပေလော။
သူမယုံကြည်နိုင်စွာ မေးလိုက်သည်။
“မင်းဘာလုပ်နေတာလဲ”
“ဖြန်း…”
ကျန်းယန် တန်ယောင်ကွမ်းကိုနောက်တစ်ချက်ထပ်ရိုက်လိုက်ပြီး စိတ်ပူဟန်ဖြင့် မေးလိုက်ပြန်၏။
“မင်းအိပ်မက်ဆိုးမက်နေတာလား အခုနေလို့ကောင်းသွားပြီလား”
တန်ယောင်ကွမ်း နောက်ဆုံးတော့ ဒေါသဖြင့်ပြန်အော်ဟစ်လိုက်လေသည်။
“မင်းငါ့ကိုရိုက်ရဲသလား ငါမင်းကိုသတ်ပစ်မယ်ကွ!”
သူသည် တန်ချိုးရွှေလိုဘိုးဘေးမျိုးရှိသော လန်ကျားအထွတ်အမြတ်မြေက ပါရမီရှင်တစ်ယောက်ဖြစ်၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဘယ်သူက သူ့ကိုရိုက်ရဲပါလိမ့်မည်နည်း။
သူပထမဆုံးအချက် တိုက်ခိုက်သည်နှင့် အသေသတ်ကွက်ကို ထုတ်သုံးလိုက်သည်။ သူ့လက်ထဲတွင် ၀င်ရိုးပုံစံ မှော်ရတနာတစ်ခုပေါ်ပေါက်လာပြီး သတ်ဖြတ်ခြင်းဆန္ဒများဖြင့် ပြည့်နှက်နေသော မှော်ရတနာက ကျန်းယန်ဆီပြေး၀င်သွားခဲ့၏။
ထိုမှော်ရတနာပေါ်ပေါက်လာသည်နှင့် ကျန်းယန် သူ့လက်ကိုဆန့်တန်းလိုက်ရာ ငွေရောင်ပိုက်ကွန်တစ်ခုပေါ်လာပြီး ပိုက်ကွန်က မှော်ရတနာကို အုပ်မိုးသွားခဲ့သည်။ ၀င်ရိုးပုံမှော်ရတနာသည် ပိုက်ကွန်ထဲငါးတစ်ကောင်လိုပိတ်မိသွားပြီး ရုန်းမထွက်နိုင်ခဲ့ပေ။
နောက်ဆုံးတွင် ပိုက်ကွန်သည် ပိုမိုတင်းကြပ်လာပြီး
ဝင်ရိုးပုံမှော်ရတနာကိုလုံး၀ချုပ်နှောင်ပစ်လိုက်၏။
“ငါးတစ်ကောင်မိပြီ!”
ကျန်းယန် စိတ်အေးလက်အေးပင် ကွန်နှင့်ငါးကို ပြန်ဆွဲယူလိုက်လေသည်။