အပြတ်အသတ်အနိုင်ယူခြင်း
Vol. 5 Ch. 62
တန်ယောင်ကွမ်း သတ်ဖြတ်လိုစိတ်ဖြစ်ပေါ်လာကာ ရတနာလက်နက်ကိုထုတ်လိုက်ပြီး ကျန်းယန် ထိုရတနာကိုပိုက်ကွန်ဖြင့်ပြန်ဖမ်းလိုက်သောအဖြစ်အပျက်သည် အသက်ရှူကြိမ်တစ်ရှိုက်စာအတွင်းဖြစ်သွားခဲ့ခြင်း ဖြစ်၏။
တိုက်ပွဲက အလျင်အမြန်ပေါ်ထွက်လာကာ အလျင်အမြန်ပင် ပြီးဆုံးသွားခဲ့သည်။
တခဏအကြာတွင် လူတိုင်းအခြေအနေကိုတုန့်ပြန်လိုက်ကြပြီး ကျန်းယန်ကိုအံ့အားသင့်သောမျက်လုံးများဖြင့်ကြည့်ရှုနေခဲ့ကြ၏။
“ကောင်းကင်ပိုက်ကွန်!”
“ဟုတ်တယ် အဲ့တာက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကအဇူရာတိမ်ဂိုဏ်းရဲ့နာမည်ကျော် စိတ်ဝိညာဉ်အဆင့်ရတနာပစ္စည်း ကောင်းကင်ပိုက်ကွန် ပဲ”
“ရွှေအမြုတေအဆင့်တစ်ယောက်က စိတ်ဝိညာဉ်အဆင့်ရတနာကို ကိုင်ဆောင်တာက…”
တခဏအတွင်း လူတိုင်းမျက်လုံးထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်ကုန်ကြသည်။
ရိုးသားသူတစ်ယောက်သည် သူ့ကြွယ်၀မှုကြောင့် ဒုက္ခရောက်တတ်ကြ၏။
သို့သော်လည်း ဤနေရာသည် အဇူရာတိမ်ဂိုဏ်းနယ်မြေဖြစ်နေသောကြောင့် ဘယ်သူမှ အရမ်းကာရောမပြုမူရဲကြပေ။
ထိုအခိုက်တွင် တန်ယောင်ကွမ်းလည်း သတိပြန်၀င်သွားခဲ့သည်။
သူကျန်းယန်ကို မယုံကြည်နိုင်ဟန်ဖြင့်ကြည့်လိုက်ပြီး
“မင်းတကယ်ကြီး ငါ့ကောင်းကင်ဂူလွန်းကို ယူသွားတာလား”
ကောင်းကင်ဂူလွန်းဟူသောအမည်ကိုကြားသောအခါ လူအုပ်ကြီး ထပ်မံလှုပ်လှုပ်ရွရွဖြစ်သွားခဲ့ပြန်၏။
ထိုအရာသည် လန်ကျားအထွတ်အမြတ်မြေမှ နာမည်ကျော်ရတနာဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်ကိုပင် ထိုးဖောက်နိုင်သည်ဟု ပြောကြပေသည်။ အဘယ်ကြောင့် ထိုကဲ့သို့သောရတနာမျိုးက ရွှေအမြုတေအဆင့်လေးတစ်ယောက်လက်ထဲကို ရောက်နေရပါသနည်း။
ကျန်းယန်ပင် တုန်လှုပ်သွားခဲ့၏။ ကောင်းကင်ဂူလွန်း ဆိုသည်မှာ သူချင်းယွင်ကျိနှင့်အခြားဆရာဦးလေးများထံမှ ကြားခဲ့ဖူးသည့် နာမည်ကျော်ရတနာများထဲမှ တစ်ခုဖြစ်သည်။
သူ ကောင်းကင်ပိုက်ကွန်ကိုထုတ်ကာ ထိုအထဲတွင်ဖမ်းမိထားသော ကောင်းကင်ဂူလွန်းကိုထုတ်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
ဒါက ကောင်းကင်ဂူလွန်းလား!
ဒါက ထိပ်တန်းစိတ်ဝိညာဉ်အဆင့်ရတနာလား!
လူအုပ်ကြီး၏ အံ့အားသင့်နေသောအကြည့်များကို ရင်ဆိုင်ရသောအခါ တန်ယောင်ကွမ်းမျက်နှာနီရဲသွားပြီး အမြန်ရှင်းပြလိုက်၏။
“ဒါက ကောင်းကင်ဂူလွန်း အတုပါ!”
လူအုပ်ကြီးဆွံ့အသွားခဲ့ကြသည်။
ကျန်းယန်ပင် ကောင်းကင်ပိုက်ကွန်ကိုတိတ်တဆိတ်ပြန်သိမ်းလိုက်မိ၏။
“ပစ္စည်းအတုကြီးကို လာကြွားနေတာ မင်းမရှက်ဘူးလား” ကျန်းယန် တန်ယောင်ကွမ်းကိုအထင်သေးဟန်ဖြင့် ကြည့်လိုက်ကာ
“တကယ်လို့ အစစ်မဟုတ်ဘူးဆိုရင် အဲ့တာကို နာမည်တပ်မခေါ်နဲ့ အဲ့လိုလုပ်တာ ရှက်စရာကောင်းတယ်”
“မင်းကိစ္စမဟုတ်ပါဘူး” တန်ယောင်ကွမ်း ဒေါသတကြီးအော်ပြောလိုက်ကာ
“ငါ့ ကောင်းကင်ဂူ…လွန်း ကိုပြန်ပေး ပြီးရင်ငါ့ကိုဒူးထောက်တောင်းပန် ငါဒီမိန်းမကိုလည်းလိုချင်တယ် ဘယ်သူမှငါ့ကိုတားဆီးလို့ရမှာမဟုတ်ဘူး”
ကျန်းယန် အမူအရာအေးစက်သွားကာ
“ကြည့်ရတာ မင်းကအပြည့်အ၀မနိုးသေးဘူးထင်တယ် မင်းလိုဆက်ဆံသူမျိုးရှိနေတာ လန်ကျားအထွတ်အမြတ်မြေအတွက်တော့ ရှက်စရာပဲ”
“ဒီေကာင်က လန်ကျားအထွတ်အမြတ်မြေက တစ်ယောက်ယောက်လား!”
လူအုပ်ကြီးလှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပြန်သည်။ တန်ယောင်ကွမ်းသည် လန်ကျားအထွတ်အမြတ်မြေမှ ဖြစ်ရမည်ဟု သူတို့မျှော်လင့်မထားခဲ့မိပေ။ သို့သော် ကောင်းကင်ဂူလွန်းဟူသောနာမည်နှင့် တန်ယောင်ကွမ်းကိုကြည့်ပြီး သူတို့နားလည်သွားခဲ့ကြ၏။
သို့သော်လည်း လန်ကျားအထွတ်အမြတ်မြေက တစ်ယောက်ယောက်က အဘယ်ကြောင့် အဇူရာတိမ်ဂိုဏ်းဆီ ခိုးကြောင်ခိုးဝှက်ရောက်လာသလဲဆိုတာကိုတော့လူတိုင်းပဟေဠိဖြစ်နေခဲ့ကြသည်။
တန်ယောင်ကွမ်း ကြောင်သွားခဲ့၏။
သူတို့သည် အဇူရာတိမ်ဂိုဏ်းကို အခြားရည်ရွယ်ချက်များအတွက် တမင်တကာ သရုပ်မှန်ကိုဖျောက်ပြီး လာခဲ့ခြင်း ဖြစ်ပေသည်။
မျှော်လင့်မထားဘဲ သူတို့အဇူရာတိမ်မြို့ဆီရောက်ပြီး မကြာခင်မှာပင် သူတို့သရုပ်မှန်က ပေါ်သွားခဲ့၏။
သူတို့သည် လျှို့ဝှက်နယ်မြေထဲ၀င်ဖို့အကြံကို အောင်မြင်အောင်လုပ်နိုင်ပါဦးမည်လော။
တန်ယောင်ကွမ်းမျက်နှာ ရှက်ရွံ့မှုကြောင့် နီရဲနေခဲ့သည်။ သူသရုပ်မှန်ကိုဖုံးကွယ်လိုသော်လည်း စစ်ထူမင်ယွဲ့က သူ့ကိုမှတ်မိပြီးဖြစ်သလို ကောင်းကင်ဂူလွန်းဟူသောနာမည်လည်း ပေါ်သွားပြီဖြစ်သောကြောင့် ဖုံးကွယ်ဖို့မဖြစ်နိုင်တော့ပေ။
ထိုအခိုက်တွင် အသံတစ်သံ တန်ယောင်ကွမ်းနားထဲ ရောက်ရှိလာခဲ့၏။
“သူ့ကိုစမ်းသပ်လိုက်!”
ထိုအသံက လန်ကျားအထွတ်အမြတ်မြေက နတ်ဝိညာဉ်အဆင့်ထံမှ အသံကူးပြောင်းကာ ပေးပို့လိုက်သောအသံ ဖြစ်သည်။ သူတို့သရုပ်မှန်များ ပေါ်သွားပြီဖြစ်သောကြောင့် ဖုံးကွယ်နေလည်းထူးတော့မည် မဟုတ်ပေ။
ဒီလိုဆိုမှတော့ သူတို့အတွက် ကျန်းယန်၏ခွန်အားကိုစမ်းသပ်လိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ခွင့်ပြုချက်ရသွားသောအခါ တန်ယောင်ကွမ်း သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်လိုက်ပြီး ကျန်းယန်ကိုစိုက်ကြည့်လိုက်ကာ
“မင်းငါနဲ့တိုက်ခိုက်ရဲလား တကယ်လို့မင်းရှုံးရင် ကောင်းကင်ဂူလွန်းကို ငါ့ကိုပြန်ပေးရမယ် ဒီမိန်းမကလည်း ငါနဲ့ပြန်လိုက်ခဲ့ရမယ်”
ကျန်းယန် အသာအယာပြုံးလိုက်ကာ
“အဇူရာတိမ်ဂိုဏ်းထဲ၀င်ပြီးပြီဆိုကတည်းက သူကင့ါဂျူနီယာညီမလေးပဲ သူ့ကိုဘယ်သူမှ စော်ကားလို့မရဘူး လန်ကျားအထွတ်အမြတ်မြေဆိုရင်တောင်မရဘူး
အခုမင်းကငါ့ဂျူနီယာညီမလေးကိုစော်ကားပြီးပြီဆိုတော့ ထိုက်တန်တဲ့တန်ကြေးကို ပြန်ပေးကိုပေးရမယ်”
“ပြောတာတွေတော်လောက်ပြီ မင်းငါနဲ့တိုက်ခိုက်ရဲလား” တန်ယောင်ကွမ်း ကျယ်လောင်စွာ အော်ပြောလိုက်၏။
“သွားကြစို့!” ကျန်းယန် မိုးပြာလမင်းကုန်သွယ်သမဂ္ဂအဆောက်အဦးအပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်ကာ ပြောလိုက်သည်။
တန်ယောင်ကွမ်း လှောင်ပြုံးပြုံးလိုက်ပြီး
“မင်းမှာ ကောင်းကင်ပိုက်ကွန်ရှိတာငါသိတယ် ဒါပေမယ့် အဲ့တာက စိတ်ဝိညာဉ်အဆင့်ရတနာကြီး မင်းသူ့ကိုအလိုလိုကာကွယ်တဲ့နေရာမှာပဲ သုံးလို့ရလိမ့်မယ် သူ့ကိုထိန်းချုပ်နိုင်မှာမဟုတ်ဘူး မင်းရွှေအမြုတေအဆင့်စွမ်းအားလောက်နဲ့ စိတ်ဝိညာဉ်အဆင့်ရတနာကိုထိန်းချုပ်လိုက်ရင် မင်းချက်ချင်းခြောက်သွေ့နေအောင် စွမ်းအားတွေစုပ်ယူခံလိုက်ရမှာပေါ့ ခွေးကောင်လေး ကောင်းကင်ပိုက်ကွန်သာမရှိရင် မင်းကငါ့ကိုဘယ်လိုတိုက်ခိုက်မှာလဲ”
“ပါးစပ်ပိတ်စမ်း!”
ကျန်းယန် ကောင်းကင်ပိုက်ကွန်ကိုပစ်လွှတ်လိုက်ကာ သူ့စိတ်ဝိညာဉ်စွမ်းအားဖြင့် ထိန်းချုပ်မှုအောက်တွင် ကွန်ကချက်ချင်းဆိုသလို ပြန့်ကားလာပြီး တန်ယောင်ကွမ်းကို ဖုံးအုပ်သွားခဲ့၏။
“မင်းဘယ်လိုလုပ် စိတ်ဝိညာဉ်အဆင့်ရတနာကိုသုံးနိုင်တာလဲ” တန်ယောင်ကွမ်း ကြက်သေသေသွားခဲ့သည်။
စိတ်ဝိညာဉ်အဆင့်ရတနာသုံးနိုင်သော ရွှေအမြုတေအဆင့်ဟူ၍ သူတစ်ခါမှ မကြားခဲ့ဖူးပေ။ ထိုခွေးကောင်သည် ကျင့်ကြံခြင်းကိုဖုံးကွယ်ထားခြင်းပေလော။
သူကြောက်လန့်တကြား အကာအကွယ်ရတနာတစ်ခုထုတ်သုံးလိုက်၏။
သို့သော်လည်း ကောင်းကင်ပိုက်ကွန်က သူ့ကိုဥတစ်လုံးလို အုပ်မိုးလိုက်ကာ သူရောသူ့အကာအကွယ်ရတနာကိုပါ တရစ်ခြင်း ပတ်နေခဲ့သည်။
“မင်းကရွှေအမြုတေအဆင့်မဟုတ်ဘူး ဦးလေး ကျွန်တော့်ကိုကယ်ပါဦး” တန်ယောင်ကွမ်း ကျယ်လောင်စွာ အော်ပြောလိုက်၏။
“ရပ်စမ်း!” လန်ကျားအထွတ်အမြတ်မြေမှနတ်ဝိညာဉ်အဆင့် ကျန်းဟီကွေ့ အော်ပြောလိုက်ကာ ကောင်းကင်နှင့်မြေပြင်ဥပဒေသများမှ ဖြစ်ပေါ်လာသော လက်ကြီးတစ်ဖက်သည် ကောင်းကင်ပိုက်ကွန်ဆီ ရောက်ရှိသွားခဲ့သည်။
“အရှက်မရှိလိုက်တာ!”
မယုံနိုင်စရာကောင်းလောက်အောင်ထက်ရှသော ဓားဆန္ဒကိုသယ်ဆောင်လာသည့် ဓားပျံတစ်ချောင်းသည် ကျန်းဟီကွေ့ ဖော်ဆောင်ထားသော ဧရာမလက်ကြီးကို ပိုင်းဖြတ်သွားခဲ့၏။
ဓားတစ်ချက်တည်းနှင့်ပင် ဧရာမလက်ကြီးက ပျောက်ကွယ်သွားခဲ့ရသည်။
ချက်ချင်းဆိုသလို ကျန်းဟီကွေ့နှင့်လင်းယွင်ကျိတို့ ချက်ချင်းပေါ်ထွက်လာခဲ့ကြ၏။
“သူ့ကိုလွှတ်လိုက်!” ကျန်းဟီကွေ့ လင်းယွင်ကျိကိုကြည့်ကာ ဒေါသတကြီးပြောလိုက်သည်။
“ဒါက အဇူရာတိမ်ဂိုဏ်းက ဧည့်သည်တွေကိုဆက်ဆံတဲ့ပုံစံလား အားနည်းသူကိုအနိုင်ကျင့်တယ် ဂုဏ်သိက္ခာမရှိဘူး အရှက်မရှိဘူး…”
လင်းယွင်ကျိ အေးစက်စက်ပြုံးလိုက်ကာ
“မင်းနားကန်းနေလား မင်းတို့လန်ကျားအထွတ်အမြတ်မြေကလူက ငါတို့အဇူရာတိမ်ဂိုဏ်းကိုအရင်စော်ကားခဲ့တာလေ ဒါကမင်းတို့အလည်လာတဲ့ပုံစံလား အားနည်းသူကိုအနိုင်ကျင့်တယ်ဆိုတဲ့ ကိစ္စကတော့ ငါ့တူလေးကလည်း ရွှေအမြုတေအဆင့်ပဲလေ ဘယ်လိုလုပ် အားနည်းသူကိုအနိုင်ကျင့်တာဖြစ်မှာလဲ”
ကျန်းဟီကွေ့ ဒေါသတကြီးရယ်မောလိုက်ကာ ကျန်းယန်ကိုလက်ညှိုးထိုးပြလိုက်ပြီး
“ရွှေအမြုတေအဆင့်တစ်ယောက်က ကောင်းကင်ပိုက်ကွန်ကို အသက်သုံးရှိုက်ထက်ပိုပြီး သုံးနိုင်လား”
လင်းယွင်ကျိ ပြန်ငေါ့လိုက်၏။
“မင်းကနတ်ဝိညာဉ်အဆင့်တစ်ယောက်ပဲလေ မင်းမျက်လုံးတွေကိုဘာလုပ်ဖို့ ထားထားတာလဲ ငါ့ဂျူနီယာတူလေးရဲ့ စိတ်ဝိညာဉ်စွမ်းအားက နက်ရှိုင်းနေရုံပဲ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိလို့လား”
ကျန်းဟီကွေ့မျက်လုံးများ မှေးကျဉ်းသွားခဲ့သည်။
ကျန်းယန်သည် ရွှေအမြုတေအဆင့်သာဖြစ်မှန်း သူတကယ်ကြီး မြင်နေရခဲ့၏။
သို့သော် ရွှေအမြုတေအဆင့်တစ်ယောက်က စိတ်ဝိညာဉ်အဆင့် ရတနာသုံးနိုင်နေတာက…ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ပင် စိတ်ဝိညာဉ်အဆင့်ရတနာကို အသက်ရှူကြိမ်အနည်းငယ်လောက်သာ သုံးနိုင်လေရာ ထိုကလေး၏ စိတ်ဝိညာဉ်စွမ်းအားက ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ထက်နက်ရှိုင်းနေခြင်းပေလော။ ဒါကြီးက သက်သက်ကြီး ပုံမှားရိုက်တာမဟုတ်ဘူးလား။
ထိုအခိုက်တွင် ကျန်းယန်သည် ကောင်းကင်ပိုက်ကွန်ကိုထိန်းချုပ်ကာ တန်ယောင်ကွမ်းနှင့်သူ့အကာအကွယ်ရတနာကို ဖိနှိပ်ထားဆဲ ဖြစ်၏။
တန်ယောင်ကွမ်း၏ အကာအကွယ်ရတနာက မရိုးရှင်းတာတော့ ထင်ရှားလှသည်။ ကောင်းကင်ပိုက်ကွန်၏ ဖိနှိပ်မှုသည်ပင် ထိုအရာနှင့်တန်ယောင်ကွမ်း၏ခုခံနိုင်စွမ်းတို့ပေါင်းထားသော ခုခံအားကို အခုထိမဖျက်ဆီးပစ်နိုင်သေးပေ။
သို့သော်လည်း ကောင်းကင်ပိုက်ကွန်က ဆက်လက်ကြုံ့ဝင်နေဆဲဖြစ်ပြီး သူ့ကိုဖမ်းမိတော့မည့်ဆဲဆဲအချိန်သို့ ရောက်ရှိနေခဲ့ချေပြီ။
အသက်ရှူကြိမ်နောက်တစ်ကြိမ်ကြာပြီးသည့်နောက်တွင်တော့ နောက်ဆုံးတွင် ကောင်းကင်ပိုက်ကွန်သည် တန်ယောင်ကွမ်းကိုလုံး၀ဖမ်းမိသွားခဲ့လေသည်။
“ကောင်စုတ်လေး မင်းစိတ်ဝိညာဉ်စွမ်းအားက အရမ်းထူလွန်းတယ် အဲ့တာကလန့်စရာကောင်းတယ်ဟ အမြန်ဟန်ဆောင်လိုက်” ချင်းယွင်ကျိ၏ အကူအညီမဲ့စွာပြောလိုက်သောအသံက ကျန်းယန်နားထဲတိုး၀င်လာခဲ့၏။
သူကျန်းယန်၏ မူလအပျက်အဆီးရွှေအမြုတေအကြောင်းကို ထုတ်မပြလိုခဲ့ပေ။ ထိုအရာသာ ပေါ်သွားခဲ့လျှင် ပြဿနာကြီးများကို သယ်ဆောင်လာမည်မှန်း သိသာလှသည်။
သတင်းစကားရသောအခါ ကျန်းယန် စိတ်ဝိညာဉ်ဆေးနှစ်လုံးထုတ်၍ သောက်လိုက်ကာ သူ့နှဖူးမှချွေးများကိုသုတ်ချင်ယောင်ဆောင်လိုက်ပြီး ပြောလိုက်၏။
“မင်းကိုဖမ်းဖို့မလွယ်ဘူးပဲ ငါသာကြိုတင်ပြင်ဆင်မထားရင် မင်းလွတ်သွားလောက်တယ်”
သူတန်ယောင်ကွမ်းကို ဖမ်းဆုပ်လိုက်ကာ
“ငါ့အဇူရာတိမ်ဂိုဏ်းကိုစော်ကားပြီးတော့ ငါဝိညာဉ်အခြေတည်အဆင့်ကိုချိုးဖြတ်ဖို့ ငါ့ဆရာ လပေါင်းများစွာကြာအောင် ငါ့ကိုယ်ထဲစည်းပိတ်ပေးထားတဲ့ စိတ်ဝိညာဉ်ချီတွေကိုလည်း သုံးရအောင်လုပ်တယ် မင်းအဲ့ဒီအတွက် လျော်ကြေးပေးကိုပေးရမယ်”
သူတန်ယောင်ကွမ်း၏ သိုလှောင်လက်စွပ်ကိုချွတ်ယူပြီး ခပ်တည်တည်ပင် သိမ်းထားလိုက်၏။
“ငါ့သိုလှောင်လက်စွပ် ဟာ ဟေ့”
တန်ယောင်ကွမ်း ရေရွတ်လိုက်မိသည်။
ထိုအထဲတွင် သူ့ကျင့်ကြံခြင်းအရင်းအမြစ်များ ဆေးလုံးများ မှော်ရတနာများနှင့် စိတ်ဝိညာဉ်ကျောက်တုံးတွေလည်း အများကြီးပါရှိ၏။
ကျန်းဟီကွေ့ လင်းယွင်ကျိကိုအေးစက်စက်ကြည့်လိုက်ကာ
“အဇူရာတိမ်ဂိုဏ်းက ဒီကိစ္စကို ဒီလိုကိုင်တွယ်ချင်တာ မင်းသေချာလား”
“ငါတို့အဇူရာတိမ်ဂိုဏ်းကလူကို ငါတို့ဂိုဏ်းနယ်မြေထဲမှ တိုက်ခိုက်ရဲတာ မင်းတန်ကြေးတစ်ခုတော့ ပြန်ပေးကိုပေးရမယ် တကယ်လို့ မင်းမကျေနပ်ရင် အဇူရာတိမ်ဂိုဏ်းရဲ့အနောက်ဘက် မိုင်သုံးဆယ်အကွာမှာ လူသူမရှိတဲ့နေရာတစ်ခုရှိတယ် တိုက်ခိုက်ဖို့အတွက် ပြီးပြည့်စုံတဲ့နေရာပဲ”
လင်းယွင်ကျိ စိန်ခေါ်ဟန်ဖြင့် ပြောလိုက်သည်။
“မင်းတို့လန်ကျားအထွတ်အမြတ်မြေက ရွှေအမြုတေအဆင့်ကတော့ ရှုံးသွားပြီ နတ်ဝိညာဉ်အဆင့်ကရော ကြိုးစားကြည့်ချင်သေးလား”