← Chapters

၁သန်း

Vol. 5 Ch. 63

၁သန်း

Vol. 5 Ch. 63

ကျန်းဟီကွေ့၏အမူအရာတင်းမာသွားခဲ့သည်။ အဇူရာတိမ်ဂိုဏ်းသည် အရင်နှင့်လုံး၀မတူတော့တာကို သူနားလည်သွားခဲ့၏။

ထိုမျှလောက် စိတ်ဝိညာဉ်စွမ်းအင်နက်ရှိုင်းသည့် ရွှေအမြုတေအဆင့်မျိုးကို သူတစ်ခါမှမကြားခဲ့ဖူးပေ။ တစ်ယောက်ယောက်က သူ့ကိုယ်ထဲစိတ်ဝိညာဉ်စွမ်းအင်တွေ စည်းပိတ်ပေးထားခဲ့တာဆိုလျှင်တောင် ထိုအရာက ထူးဆန်းနေသေးသည်။ ထို့အပြင် လင်းယွင်ကျိလိုနတ်ဝိညာဉ်အဆင့်ကလည်း တိုက်ခိုက်လိုစိတ်များ ပြည့်လျှံနေခဲ့၏။ အဇူရာတိမ်ဂိုဏ်းတွင် ဘာတွေဖြစ်နေပါသနည်း။

အရင်ကလို ပြဿနာများကိုရှောင်ရှားကာ သိုသိုသိပ်သိပ်သာနေထိုင်သော အဇူရာတိမ်ဂိုဏ်းက ဘယ်ရောက်သွားပါသနည်း။

သူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်သည်။

“ငါ့ဂျူနီယာတူလေးက အရင်ရိုင်းစိုင်းခဲ့တာဆိုတော့ သူကအပြစ်ဒဏ်ခံရဖို့ ထိုက်တန်ပါတယ် သူ့ကိုလွှတ်လိုက်ပါ ဒီကိစ္စကိုကြေပြီလို့ပဲ မှတ်လိုက်ကြတာပေါ့”

အဇူရာတိမ်ဂိုဏ်း၏ အပြုအမူများက သူ့ကိုမလွယ်ကူဘူးဟု ခံစားသွားရစေပြီး သူအရင်ဆုံး ဤနေရာ၏အခြေအနေကို စုံစမ်းစစ်ဆေးဖို့လိုအပ်နေချေပြီ။

ဒါပေါ့ သူတန်ယောင်ကွမ်းကိုကယ်တင်ဖို့လည်း ဆုံးဖြတ်ထားခဲ့သည်။

လင်းယွင်ကျိ ကျန်းဟီကွေ့ကိုသတိထားနေရင်း နောက်လှည့်မကြည့်ဘဲ ကျန်းယန်ကိုပြောလိုက်၏။

“ဒီကလေးကို လွှတ်ပေးလိုက်”

“မရဘူး” ကျန်းယန် ခေါင်းယမ်းလိုက်သည်။

“သူတို့ကအရင်ဆုံးပြဿနာရှာတာ ကျွန်တော့်ဂျူနီယာညီမလေးကိုလည်း စော်ကားသေးတယ် ပြီးတော့ စိန်ခေါ်မှုမှာလည်း ရှုံးသေးတာ အခုကျွန်တော့်လက်ထဲရောက်နေပြီဆိုတော့ လျော်ကြေးတော့ပေးရမှာပေါ့”

ကျန်းဟီကွေ့ မအော်ဘဲမနေနိုင်တော့ပေ။

“မင်းသူ့သိုလှောင်လက်စွပ်ကိုယူပြီးပြီမဟုတ်လား”

“စီနီယာ အထင်မမှားပါနဲ့ သူကကျွန်တော့်သုံ့ပန်းလေ အဲ့တာကြောင့် သူ့ဆီကပိုင်ဆိုင်မှုကိုကျွန်တော်သိမ်းတာကပုံမှန်ပါပဲ ဒါပေမယ့် လျော်ကြေးကတော့လျော်ကြးလေ ပြန်ပေးငွေသာပေးလိုက်ပါ ကျွန်တော်သူ့ကိုပြန်ပေးမယ်” ကျန်းယန် ခေါင်းမာမာဆက်ပြောလိုက်သည်။

“တကယ်လို့ မပေးချင်ဘူးဆိုရင် ကျွန်တော်သူ့ကိုအဇူရာတိမ်‌မြို့အပြင်ဘက်မှာ ရောင်းရန်ဆိုင်းဘုတ်တပ်ပြီး ချိတ်ထားမယ်”

သတ်ဖြတ်ခြင်းဆန္ဒများ ကျန်းဟီကွေ့နှလုံးသားအောက်ခြေမှ ထိုးတက်လာခဲ့၏။ အဇူရာတိမ်ဂိုဏ်း၏တပည့်တစ်ယောက်က လန်ကျားအထွတ်အမြတ်မြေကို ဤကဲ့သို့ဆက်ဆံရဲလိမ့်မည်ဟု သူတစ်ခါမှ မျှော်လင့်မထားခဲ့ဖူးပေ။

ဤအရာသည် လွန်ခဲ့သော ဆယ်စုနှစ်များဆီက ရန်ငြှိုးကြောင့်ပေလော။

သူစိတ်ထိန်းနေပြီး ဘာမှမဆင်မခြင်မလုပ်ရဲသည်မှာ အဇူရာတိမ်ဂိုဏ်းတွင် ချင်းယွင်ကျိရှိနေသေးသောကြောင့် ဖြစ်သည်။

ချင်းယွင်ကျိ တန်ချိုးရွှေကိုချေမွပစ်လိုက်သည့် ကိစ္စက လန်ကျားအထွတ်အမြတ်မြေက အထက်လူကြီးတိုင်းသိသော ကိစ္စသာ ဖြစ်၏။

ထို့ကြောင့် အခုလို ချင်းယွင်ကျိအနီးတွင်ရှိနေချိန်တွင် ကျန်းဟီကွေ့မည်သို့လှုပ်ရှားရဲမည်နည်း။

သူမျက်နှာထားတင်းတင်းဖြင့် မေးလိုက်သည်။

“မင်းဘယ်လောက်လိုချင်တာလဲ”

“ကျွန်‌ေတာ်တို့ဂိုဏ်းမှာ ရွှေအမြုတေအဆင့်တစ်ယောက်ကို လေ့ကျင့်ပေးဖို့ စိတ်ဝိညာဉ်ကျောက်တုံးတွေသန်းချီပြီးလိုအပ်တယ် ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းက အရမ်းဆင်းရဲပေမယ့် အများကြီးတော့သုံးရတာပဲ ဆိုတော့ လန်ကျားအထွတ်အမြတ်မြေသာဆိုရင် ပိုတောင်သုံးမယ်လို့ ကျွန်တော်ထင်မြင်မိတယ် ဒါပေမယ့်လည်း စီနီယာကိုယ်တိုင်ဒီရောက်နေ‌တာဆိုတော့ ကျွန်တော်လျှော့ဈေးနဲ့ပေးလိုက်ပါ့မယ် စိတ်ဝိညာဉ်ကျောက်တုံး ၁သန်းပဲပေး”

ကြည့်ရှုနေသူများအားလုံး ကျန်းယန်၏ ရဲတင်းလှသောတွက်ချက်မှုကြောင့် နာကျင်တုန်လှုပ်ကုန်ကြသည်။

ရွှေအမြုတေအဆင့်တစ်ယောက်သည် လန်ကျားအထွတ်အမြတ်မြေမှ နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို ငွေညှစ်နေခြင်းပေလော။

ဤအရာသည် ယုံကြည်မှုပေလော သို့မဟုတ် လျစ်လျူရှုမှု အကြောက်တရားကင်းမှုပေလော။

ကျန်းဟီကွေ့ ထိုးတက်လာသော သူ့ဒေါသများကို မထိန်းချုပ်နိုင်တော့သလို ခံစားလိုက်ရ၏။ စိတ်ဝိညာဉ်ကျောက်တုံး ၁သန်းရအောင်ညှစ်နေတာကိုတောင် ထိုကောင်က လျှော့ဈေးပေးကာ မျက်နှာသာပေးသလို လုပ်နေသေးသည်။ သူသည်းမခံနိုင်တော့ပေ။

လင်းယွင်ကျိ ကျန်းယန်ဘေးတွင်ပေါ်လာပြီး တန်ယောင်ကွမ်းကို ကျန်းဟီကွေ့ဆီပစ်ပေးလိုက်ကာ ပြောလိုက်၏။

“ကောင်းပြီ သူကမင်းဟာပဲ”

သူဆက်ကြည့်မနေနိုင်တော့ပေ။

“ဟမ့်!” ကျန်းဟီကွေ့ လှည့်ထွက်သွားခဲ့လေသည်။

တန်ယောင်ကွမ်းကတော့ ကျန်းယန်ကိုကြည့်‌ေနပြီး သူ့မျက်လုံးထဲ သတ်ဖြတ်ခြင်းဆန္ဒများဖြင့် ပြည့်နှက်နေခဲ့၏။

“တစ်သန်းတန်လေး ဘာကြည့်နေတာလဲ” ကျန်းယန် အထင်သေးစွာ ပြောလိုက်သည်။

“မင်းဆက်ကြည့်နေရင် ငါမင်းကိုနောက်တစ်ခါထပ်ဖမ်းမယ် အဲ့ဒီအခါကျရင် မင်းပြန်ပေးငွေကို မင်းကိုယ်တိုင်ပေးရမယ်”

ထို့နောက်တန်ယောင်ကွမ်းလည်း လှည့်ထွက်သွားခဲ့၏။ သူဆက်နေရင် ဆက်ပြီးသည်းခံနေနိုင်တော့မည်မဟုတ်ပေ။

သို့သော်လည်း သူကထိုကောင်၏ပြိုင်ဘက်မဟုတ်တာကိုလည်း သူသိနေခဲ့သည်။ ထို့ကြောင့် သူထွက်သွားရုံသာတတ်နိုင်ခဲ့၏။

ကျန်းယန် ထွက်ခွာသွားသော တန်ယောင်ကွမ်းကိုကြည့်နေပြီးနောက် လင်းယွင်ကျိဘက်လှည့်လိုက်ကာ မကျေမနပ်ပြောလိုက်သည်။

“ဆရာဦးလေး ကျွန်တော့် ၁သန်း…”

“မင်းအလုပ်မင်းသာ ကောင်းကောင်းလုပ်စမ်းပါ” လင်းယွင်ကျိလည်း ပျံသန်းထွက်ခွာသွားခဲ့၏။

“ဟူးး!”

ကျန်းယန်သက်ပြင်းချလိုက်ပြီးနောက် လူအုပ်ကြီးကိုတစ်ချက်ကြည့်၍ ပြုံးပြကာ ပြောလိုက်သည်။

“လူတိုင်းပဲ ဒီကိစ္စကို ဖျော်‌ေဖြပွဲကြည့်ခဲ့ရသလိုပဲသဘောထားကြပါ စိတ်ထဲသိပ်မထားကြပါနဲ့ မိုးပြာလမင်းကုန်သွယ်သမဂ္ဂက ပစ္စည်း‌ေတွက မိတ်ဆွေတို့၀ယ်ယူမှာကို စောင့်နေတယ်နော် ဒီအခွင့်အရေးကို လက်မလွှတ်မိစေနဲ့

ဒီတစ်ခေါက်ဒီလောက်လူအများကြီးလာမယ်လို့ မျှော်လင့်မထားခဲ့တော့ ကျွန်တော်တို့လည်း ပစ္စည်းကိုအများကြီးပြင်မထားလိုက်မိဘူး အခုတော့ လက်ကျန်ပစ္စည်းတွေက တကယ်ကိုနည်းနေပြီ

အဲ့တာကြောင့် မကြာခင်တွင် ရောင်းစရာပစ္စည်းတွေကုန်သွားပါတော့မယ်”

လူအုပ်ကြီးကျန်းယန်ကိုဗလာမျက်လုံးများဖြင့် ကြည့်ရှုနေခဲ့မိကြသည်။ လူပေါင်းများစွာက သူ့ကိုလွန်ခဲ့သောရက်အနည်းငယ်ကတည်းက မြင်ဖူးပြီးသားဖြစ်သော်လည်း သိပ်အာရုံမစိုက်ခဲ့ကြပေ။

သာမန်ဆန်လှသောရွှေအမြုတေအဆင့်လေးတစ်ယောက်ကို ဘယ်သူက ဂရုစိုက်ပါမည်နည်း။

သို့သော် ထိုကောင်က စိတ်ဝိညာဉ်အဆင့်ရတနာတစ်ခုကို ကိုင်ဆောင်ကာ တန်ယောင်ကွမ်းကိုအမှောက်သိပ်ခဲ့ပြီး လန်ကျားအထွတ်အမြတ်မြေက နတ်ဝိညာဉ်အဆင့်ထံမှလည်း ငွေညှစ်ရဲခဲ့သည်။

ထို့အပြင် မျက်စိတစ်မှိတ်အတွင်းမှာပင် ဈေးသည်လေးပြန်ဖြစ်သွားခဲ့ပြန်၏။

ထိုအဖြစ်အပျက်ကြောင့် ကျန်းယန်အပေါ်လူတိုင်း၏ခံစားချက်က ပဟေဠိဖြစ်ကုန်ကြသည်။ ဘယ်အခြမ်းက ထိုကောင်၏ တကယ့်မျက်နှာအစစ်ဖြစ်ပါသနည်း။

ခံစားချက်မျိုးစုံဖြင့်လူအုပ်ကြီး မိုးပြာလမင်းကုန်သွယ်သမဂ္ဂထဲ၀င်ရောက်သွားခဲ့ကြ၏။

သူတို့ထဲက အများစုသည် မိုးပြာလမင်းကုန်သွယ်သမဂ္ဂဆီသို့ ပစ္စည်းတွေ၀ယ်ဖို့ လာခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ ပစ္စည်းလက်ကျန်များနည်းနေပြီဆိုသောကြောင့် သူတို့အလျင်အမြန်၀ယ်ယူဖို့ လိုနေချေပြီ။

“စီနီယာအစ်ကိုကြီး ကျေးဇူးတင်ပါတယ်” စစ်ထူမင်ယွဲ့ ကျန်းယန်နားကပ်လာပြီး ကျေးဇူးတင်စကားပြောလိုက်၏။

သူအဇူရာတိမ်ဂိုဏ်းထဲ၀င်ကတည်းက ကျန်းယန်ကသူ့ကိုကာကွယ်ပေးပါမည်ဟု အကြိမ်ကြိမ်ပြောခဲ့သော်လည်း သူမအနည်းငယ်တော့ သံသယရှိနေခဲ့သေးသည်။ နောက်ဆုံးတွင် သူတို့ရင်ဆိုင်ရမှာက လန်ကျားအထွတ်အမြတ်မြေဖြစ်၏။

သို့သော် ယခုလို ကျန်းယန်၏ တန်ယောင်ကွမ်းကိုဖိနှိပ်ပုံနှင့် လင်းယွင်ကျိ၏ ကျန်းဟီကွေ့ကိုရင်ဆိုင်ပုံကိုတွေ့သောအခါ သူမလုံး၀ စိတ်အေးသွားခဲ့ရသည်။

အခုကစပြီး သူမသည် အဇူရာတိမ်ဂိုဏ်း၏ ဂိုဏ်းသားစစ်စစ်ဖြစ်သွားခဲ့ချေပြီ။

ကျန်းယန် ခပ်ဟဟရယ်မောလိုက်၏။

“နင်ကငါ့ကို စီနီယာအစ်ကိုကြီးလို့ခေါ်တာပဲလေ သေချာတာပေါ့ ဒီအစ်ကိုကြီးကကာကွယ်ပေးရမှာပေါ့ စိတ်ချပါ သူတို့အဇူရာတိမ်ဂိုဏ်းထဲမှာ နောက်ထပ်ပြဿနာရှာရဲမှာမဟုတ်တော့ဘူး ကိုယ့်အလုပ်ကိုယ်သာ အာရုံစိုက်ထား”

“အင်း” စစ်ထူမင်ယွဲ့ လှည့်ထွက်သွားပြီး မိုးပြာလမင်းကုန်သွယ်သမဂ္ဂထဲ ပြန်၀င်သွားကာ သူမအလုပ်ကိုသာ ပြန်သွားလုပ်နေခဲ့သည်။

ကျန်းယန်ကတော့ မိုးပြာလမင်းကုန်သွယ်သမဂ္ဂကိုတစ်ချက်ကြည့်လိုက်ပြီး သူကူညီစရာဘာမှမရှိမှ ပြန်သွားခဲ့၏။

အဇူရာတိမ်ဂိုဏ်းနှင့်လန်ကျားအထွတ်အမြတ်နယ်မြေကြားက ပဋိပက္ခသတင်းက အလျင်အမြန်ပင် အဇူရာတိမ်မြို့ထဲတွင်ပျံ့နှံ့သွားခဲ့သည်။

အဇူရာတိမ်ဧည့်ဂေဟာ ခြံ၀န်း ၉ ထဲက စစ်ထူဟောင်နန်လည်းထိုသတင်းကိုကြားလိုက်ပြီး မပြုံးဘဲမနေနိုင်ခဲ့ပေ။

“ကောင်းတယ် ကောင်းတယ် မင်ယွဲ့အတွက်ထပ်ပြီးစိတ်ပူနေစရာမလိုတော့ဘူး”

ဤတစ်ကြိမ်တွင် အဇူရာတိမ်ဂိုဏ်းက သူတို့ရပ်တည်ချက်ကိုတရား၀င်ချပြခဲ့ပြီး အနာဂတ်တွင် သူ့သမီးကိုထိသူမှန်သမျှက အဇူရာတိမ်ဂိုဏ်းနှင့်ရင်ဆိုင်ရပေလိမ့်မည်။

ထိုစဉ် ကျန်းဟီကွေ့နှင့်သူ့အဖွဲ့ အဇူရာတိမ်ဧည့်ဂေဟာ ခြံ၀န်း ၅ ဆီပြန်ရောက်လာခဲ့ကြသည်။

ဤတစ်ကြိမ်တွင် သူတို့ဆုံးရှုံးမှုနှင့်ကြုံတွေ့ခဲ့ရ၏။

ကျန်းဟီကွေ့ တန်ယောင်ကွမ်းကိုအေးစက်စက်စိုက်ကြည့်ကာ ပြောလိုက်သည်။

“ငါတို့ဒီတစ်ခေါက် သရုပ်မှန်ကိုဖုံးကွယ်ထားရမယ်ဆိုတာ မင်းမသိဘူးလား

ဘာလို့ အဲ့လိုကြီးသွားလုပ်တာလဲ အခုငါတို့သရုပ်မှန်တွေပေါ်ကုန်ပြီ အဇူရာတိမ်ဂိုဏ်းက သတိထားနေတော့မှာသေချာတယ် အခုငါတို့အဇူရာတိမ်ဂိုဏ်းလျှို့ဝှက်နယ်မြေအကြောင်း ဘယ်လိုစုံစမ်းရမလဲ”

တန်ယောင်ကွမ်း အမူအရာက ခါးသက်နေကာ

“ဆရာဦးလေး အဲ့ဒီမိန်းမက အဇူရာတိမ်ဂိုဏ်းထဲ၀င်သွားလိမ့်မယ်လို့ ကျွန်တော်လည်းထင်မထားမိဘူး…အဲ့တာက ကျွန်တော်ရှာနေတဲ့ ကျွန်တော့်ကျင့်ကြံခြင်းကိုအကြီးအကျယ်အထောက်အကူပြုပေးမယ့် သိမ်မွေ့ယင်တာအိုမျိုးစေ့လေ”

ကျန်းဟီကွေ့မျက်ခုံးများတွန့်ကွေးသွားကာ နောက်ဆုံးတွင် တန်ယောင်ကွမ်းဘာလို့ထိုသို့ပြုမူခဲ့လဲဆိုတာ နားလည်သွားခဲ့သည်။

တန်ယောင်ကွမ်းသည် သန့်စင်ယန်တာအိုမျိုးစေ့ရှိသူဖြစ်ကာ သန့်စင်ယန်တာအိုလမ်းစဉ်ကိုလျှောက်လှမ်းသူဖြစ်ပြီး သိမ်မွေ့ယင်တာအိုမျိုးစေ့သည် သူ့ကျင့်ကြံခြင်းကိုအကြီးအကျယ်အထောက်အကူပေးမည့် ဆေးပေါင်းအိုးကြီးဖြစ်၏။

သူတခဏတွေးတောလိုက်ပြီး အေးအေးဆေးဆေးပြောလိုက်သည်။

“သူကအဇူရာတိမ်ဂိုဏ်းကို၀င်သွားပြီ သူ့ကိုအခုတိုက်ခိုက်ဖို့တော့မသင့်တော်တော့ဘူး မင်းဦးနှောက်ကိုသုံး အဇူရာတိမ်ဂိုဏ်းက မြင်ရသလောက် မရိုးရှင်းဘူး အဲ့လောက်ရိုးရှင်းနေရင် သူတို့ဖျက်ဆီးခံလိုက်ရတာကြာပြီ မင်းသူတို့ကို အလွယ်တကူဆန့်ကျင်လို့တော့ ရမှာမဟုတ်ဘူး”

သူအခြားသူများဘက်လှည့်ကာ ညွှန်ကြားလိုက်သည်။

“တန်ယောင်ကွမ်းက ပေါ်ပေါ်ထင်ထင်လှုပ်ရှားလို့မသင့်တော်တော့ဘူး မင်းတို့အားလုံး လျှို့ဝှက်ပြီး သတင်းတွေသွားစုဆောင်း လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက အဇူရာတိမ်ဂိုဏ်းရဲ့ ပြောင်းလဲမှုတွေကို ငါသိချင်တယ် နောက်ပြီး အဲ့ဒီကလေး သူကရောဘာမှားနေလဲဆိုတာ ငါသိချင်တယ်”

ထိုကဲ့သို့ပြုမူနေသော ရွှေအမြုတေအဆင့်တစ်ယောက်က အတော်လေးတော့ ထူးဆန်းနေခဲ့၏။

“ဟုတ်ကဲ့ပါ ဆရာဦးလေး!”

အခြားသူများခေါင်းညိတ်ပြလိုက်ပြီး အဇူရာတိမ်မြို့ထဲ စတင်လျှို့ဝှက်လှုပ်ရှားလေတော့သည်။

All Chapters