မဟာချမ်းသာခြင်း၏ဖူကွေ့
Vol. 5 Ch. 64
လန်ကျားအထွတ်အမြတ်မြေနှင့် ပဋိပက္ခဖြစ်ပြီးနောက် ဘယ်ဂိုဏ်းမှ အဇူရာတိမ်ဂိုဏ်းကို အထင်မသေးရဲတော့ပေ။
အဇူရာတိမ်ဂိုဏ်းသည် လန်ကျားအထွတ်အမြတ်မြေနှင့်ပင် ယှဉ်ပြိုင်ရဲသောဂိုဏ်းဖြစ်နေပြီး အခြားဂိုဏ်းများအတွက် လန်ကျားအထွတ်အမြတ်မြေနှင့်ယှဉ်ဖို့က မလွယ်ကူလှပေ။
သို့သော်လည်း တည်ငြိမ်နေခဲ့သော အဇူရာတိမ်မြို့တော်၏မျက်နှာပြင်အောက်တွင် မမြင်ရသောအင်အားစုများက မတည်မငြိမ်ဖြစ်နေခဲ့ကြ၏။
“လင်းယွင်ကျိက နတ်ဝိညာဉ်အဆင့်ကိုရောက်သွားပြီလား”
ကောင်းကင်ဒဏ္ဍာရီဂိုဏ်းသားများ မတည်မငြိမ်ဖြစ်ကုန်ကြသည်။ သူတို့သည် အဇူရာတိမ်ဂိုဏ်းကိုတိုက်ခိုက်ဖို့ ကြံစည်နေခြင်းဖြစ်ပြီး ယခုလို လင်းယွင်ကျိအဆင့်တက်သွားသောအခါ ဂိုဏ်း၏ခွန်အားက သိသိသာသာ တိုးတက်သွားပြီ ဖြစ်၏။
“လင်းယွင်ကျိက ဝိညာဉ်အခြေတည်အဆင့်မှာပိတ်မိနေတာကြာပြီဆိုတော့ သူနတ်ဝိညာဉ်အဆင့်ရောက်သွားတာကို နားလည်ပေးလို့ရပါတယ် ဒါပေမယ့် အဓိကပြဿနာက အခြားသူတွေရော ရောက်သွားလားဆိုတာပဲ” စုမင်ယန် မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
“တကယ်လို့ အခြားအဇူရာတိမ်ဂိုဏ်းသားတွေလည်း နတ်ဝိညာဉ်အဆင့်ရောက်ကုန်တာဆိုတာပေါ့….”
အဇူရာတိမ်ဂိုဏ်းနှင့်ရင်ဆိုင်ဖို့အတွက် သူတို့ပြင်ဆင်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ထားဖို့ လိုပေသည်။
နောက်ဆုံးတွင် အခုထိလူလုံးထွက်မပြသေးသော ချင်းယွင်ကျိလည်းရှိနေသေးပြီး ထိုလူ့ကိုလည်း တာအိုပေါင်းစည်းခြင်းအဆင့်ဟု ယူဆထားရ၏။
ထိုကဲ့သို့သောအခြေအနေအောက်တွင် အဇူရာတိမ်ဂိုဏ်းနှင့်ရင်ဆိုင်ဖို့ကလွယ်ကူတော့မည်တော့ မဟုတ်ပေ။
“အခြားနည်းလမ်းနဲ့ချဉ်းကပ်သင့်တယ်လို့ ငါထင်တယ် မင်းအဲ့ဒီကလေးကျန်းယန်ကိုတွေ့လား နောက်ဆုံးအခေါက်တုန်းက သူက စည်းဖျက်အလံနဲ့ အမတတုပ်နှောင်ကြိုးကိုအသုံးပြုခဲ့တာ အခုလည်း ကောင်းကင်ပိုက်ကွန်…အဲ့ဒါတွေသုံးခုလုံးက စိတ်ဝိညာဉ်အဆင့်တွေချည်းပဲ ငါတို့သူ့ကိုသာဖမ်းမိရင် ငါတို့ချမ်းသာမသွားနိုင်ဘူးလား”
“ကျန်းယန်ကို အဇူရာတိမ်ဂိုဏ်းထဲမှာ ရင်ဆိုင်ဖို့ကလည်း လွယ်မှာမဟုတ်ဘူး”
တာအိုပေါင်းစည်းခြင်းအဆင့်၏ မျက်လုံးများအောက်တွင် တစ်ယောက်ယောက်ကိုဖမ်းဖို့ကြိုးစားခြင်းက သေလမ်းရှာနေခြင်းသာ ဖြစ်၏။
“ကျန်းယန် လျှို့ဝှက်နယ်မြေထဲ၀င်တဲ့အချိန်ကိုစောင့်ရမယ်” စုမင်ယန် ဖြည်းဖြည်းချင်းအကြံပေးလိုက်သည်။
“တကယ်လို့ သူ့မှာစိတ်ဝိညာဥ်အဆင့်လက်နက်တွေရှိရင်တောင် ငါတို့ဂိုဏ်းက ရွှေအမြုတေအဆင့်တွေပူးပေါင်းလိုက်ရင် သူ့ကိုဖမ်းဖို့က ပြဿနာရှိမှာမဟုတ်တော့ဘူး ဒီကောင့်ကိုဖမ်းဖို့ ငါတို့တပည့်တွေကိုလည်း ရတနာလက်နက်တွေပေးလိုက်ကြတာပေါ့”
“အကောင်းဆုံးပဲ” အကြီးအကဲတစ်ယောက် ပေါင်ကိုရိုက်လိုက်ကာ ထပြောလိုက်၏။
“အဇူရာတိမ်ဂိုဏ်းနဲ့ရင်ဆိုင်ဖို့ခက်ပေမယ့် ကျန်းယန်နဲ့ရင်ဆိုင်ဖို့ကတော့ လွယ်ပါတယ် ဒီလိုပဲဆုံးဖြတ်လိုက်ကြတာပေါ့ ငါတို့တပည့်တွေကို ရတနာပစ္စည်းတွေပေးလိုက်မယ် ပြီးရင်သူတို့ကို သန့်စင်ခိုင်းမယ် ပြီးရင်တော့ အဲ့တာတွေသုံးပြီး လျှို့ဝှက်နယ်မြေထဲမှာ ကျန်းယန်ကိုရင်ဆိုင်ရမယ်”
“တကယ်လို့ ကျန်းယန်ကမ၀င်ရင်ရော” တစ်ယောက်ယောက်မေးခွန်းထုတ်လိုက်သည်။
စုမင်ယန်တခဏတွေးတောလိုက်ပြီး ပြောလိုက်၏။
“တကယ်လို့ အဇူရာတိမ်ဂိုဏ်းက သူတို့ရဲ့ကိုယ်ပိုင်လျှို့ဝှက်နယ်မြေဖွင့်ပွဲမှာတောင် မပါရင် အထဲမှာအခြားပြဿနာတွေရှိနေတယ်လို့ ယူဆသွားကြမှာပဲ အဲ့တာကြောင့် သူတို့ပါကိုပါလိမ့်မယ် ပြီးတော့ အဇူရာတိမ်ဂိုဏ်းမှာ ကျန်းယန်နဲ့စစ်ထူမင်ယွဲ့ပဲရှိတာ သူတို့မှာအခြားရွေးချယ်စရာလည်း မရှိဘူး”
“မှန်တယ် ကျွန်တော်တို့သူတို့ကိုရင်ဆိုင်ဖို့ ပူးပေါင်းရမယ်”
အချို့ဂိုဏ်းများကလည်း လျှို့ဝှက်အကွက်ချနေခဲ့ကြလေသည်။
ထိုစဉ် လန်ကျားအထွတ်အမြတ်မြေမှ ရွှေအမြုတေအဆင့်များနှင့်အခြေခံတည်ဆောက်ခြင်းအဆင့်များ နှစ်ရက်ကြာ စုံစမ်းထောက်လှမ်းပြီးနောက် ကျန်းဟီကွေ့ကို ပြန်သတင်းပို့ခဲ့ကြ၏။
“အခြေအနေဘယ်လိုရှိလဲ” ကျန်းဟီကွေ့ မေးလိုက်သည်။
“ဆရာဦးလေး ကျွန်တော်တို့ စုံစမ်းပြီးတော့ သိခဲ့ရတာက လွန်ခဲ့တဲ့လအနည်းငယ်တုန်းက အဇူရာတိမ်ဂိုဏ်းနဲ့တိမ်တောင်အင်ပါယာတိုက်ပွဲဖြစ်ခဲ့ကြပါတယ် ဒါပေမယ့် တိုက်ပွဲကခဏလေးနဲ့ပြီးသွားတယ် အသေးစိပ်ကိုတော့ ကျွန်တော်တို့လည်းမသိဘူး ကောလာဟလတွေအရတော့ အဇူရာတိမ်ဂိုဏ်းနဲ့တိမ်တောင်အင်ပါယာက အဲ့ဒီတိုက်ပွဲပြီးတော့ ပိုပြီးတောင်နီးကပ်သွားကြသေးတယ်တဲ့” ရွှေအမြုတေအဆင့်တပည့်တစ်ယောက်ပြောလိုက်၏။
အခြားရွှေအမြုတေအဆင့်တပည့်တစ်ယောက်လည်း အမြန်ထပ်ပြောလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းရဲ့ပြောင်းလဲမှုတွေက လွန်ခဲ့တဲ့ လေးငါးလတုန်းကစခဲ့တာပါ လူတွေအများကြီးရောက်လာပြီး အဇူရာတိမ်ဧည့်ဂေဟာကိုဆောက်ကြတယ်…အို့ ကျွန်တော်ကြားခဲ့တာတော့ လွန်ခဲ့တဲ့ ၆လတုန်းက အဇူရာတိမ်ဂိုဏ်းမှာ တပည့်လက်ခံပွဲအခမ်းအနားကျင်းပခဲ့သေးတယ်တဲ့ ပြီးတော့ တပည့်အကုန်လုံးကို ဂိုဏ်းထဲခေါ်သွင်းသွားတာ”
ကျန်းဟီကွေ့မျက်မှောင်ကြုံ့သွားခဲ့၏။ အဇူရာတိမ်ဂိုဏ်းသည် အရင်က ပိတ်ထားလုနီးနီးဖြစ်နေခဲ့သည် မဟုတ်ပါလော။
အထူးသဖြင့် သူတို့တပည့်များ လန်ကျားအထွတ်အမြတ်မြေဆီ၀င်သွားခဲ့ပြီးနောက် သူတို့အခြေအနေက ပိုဆိုးသွားခဲ့သည်။
အဘယ်ကြောင့် အခုလိုကြီး ပြောင်းလဲသွားခဲ့ရပါသနည်း။
“ကျန်းယန်ကရော” ကျန်းဟီကွေ့မေးလိုက်၏။
“မသိပါဘူး” လူတိုင်းခေါင်းခါလိုက်ကြသည်။
“ကျန်းယန်က အဇူရာတိမ်ဂိုဏ်းကိုလွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကရောက်လာတယ်ဆိုတာပဲ သိပါတယ် ပြီးတော့ အဇူရာတိမ်မြို့ကိုခဏခဏလာတတ်တယ် အဲ့တာလောက်ပဲသိပါတယ် ကျန်တာတော့ဘာမှမသိပါဘူး”
ကျန်းဟီကွေ့သက်ပြင်းချလိုက်၏။ ဤအထဲတွင် အသုံး၀င်စရာ သတင်းတစ်ခုပင်မပါခဲ့ပေ။
လွန်ခဲ့သောခြောက်လအတွင်း အဇူရာတိမ်ဂိုဏ်းကဘယ်လိုပြောင်းလဲသွားသလဲဆိုတာကို သူမည်သို့ခန့်မှန်းရပါတော့မည်နည်း။
တကယ်တော့ ဤအဖြစ်အပျက်များအားလုံးသည် တစ်ယောက်ယောက်က ကျင့်ကြံရတာနှေးလွန်းနေ၍ အရင်းအမြစ်ရှာဖို့ကြိုးစားရင်း ဖြစ်ပျက်လာရတယ်ဆိုတာကိုတော့ သူမသိခဲ့ပေ….
“အခြားသတင်းတွေကိုတော့ ထားလိုက်ပါတော့ မင်းတို့ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ကြတော့” ကျန်းဟီကွေ့နောက်ဆုံးတွင် ဆုံးဖြတ်လိုက်၏။
“ဒီတစ်ကြိမ် လျှို့ဝှက်နယ်မြေထဲမှာ အဲ့ဒီကလေး ကျန်းယန်ကိုသေချာရင်ဆိုင်ရမယ် တန်ယောင်ကွမ်း မင်းစစ်ထူမင်ယွဲ့ကိုမလိုချင်ဘူးလား လျှို့ဝှက်နယ်မြေကမင်းအတွက်အကောင်းဆုံးအခွင့်အရေးပဲ လျှို့ဝှက်နယ်မြေထဲမှာ မင်းသာမင်းအလုပ်မင်းပြီးမြောက်အောင်လုပ်နိုင်ရင် အဇူရာတိမ်ဂိုဏ်းက အသိအမှတ်ပြလိုက်ရုံကလွဲ ရွေးချယ်စရာရှိမှာမဟုတ်ဘူး”
“ဆရာဦးလေး ကျွန်တော်တို့လျှို့ဝှက်နယ်မြေထဲကို၀င်ဦးမှာလား” တန်ယောင်ကွမ်း အသည်းအသန်မေးလိုက်၏။
ကျန်းဟီကွေ့ ခေါင်းညိတ်ပြလိုက်ကာ
“အဇူရာတိမ်ဂိုဏ်းအကြောင်းစုံစမ်းဖို့က အရေးအကြီးဆုံးတာ၀န်ပဲ အဲ့တာက သူတော်စင်သခင်ဆီကတိုက်ရိုက်လာတဲ့ အမိန့် ကျန်တာအားလုံးက သူနဲ့ယှဉ်ရင် ဒုတိယပဲ တကယ်လို့ ငါတို့အဲ့လိုလုပ်လိုက်တာက အဇူရာတိမ်ဂိုဏ်းရဲ့ ဂုဏ်သတင်းကိုတိုးအောင်လုပ်ပေးလိုက်သလိုဖြစ်သွားရင်တောင် ငါတို့လုပ်ရမယ် မင်းတို့ရဲ့ တစ်ခုတည်းရောပန်းတိုင်က လျှို့ဝှက်နယ်မြေထဲက အပြောင်းအလဲတွေအကုန်လုံးကို မှတ်တမ်းတင်လာဖို့ပဲ”
တကယ်တော့ လျှို့ဝှက်နယ်မြေထဲတွင်ဘာရှိသလဲ သူလည်းမသိပေ။ သို့သော်လည်း သူတော်စင်သခင်ဆီက တိုက်ရိုက်အမိန့်ဖြစ်သောကြောင့် လိုက်နာရုံသာတတ်နိုင်ပေသည်။
အခြားဂိုဏ်းအဖွဲ့များအားလုံးက လျှို့ဝှက်ကြံစည်နေကြချိန်တွင် အဇူရာတိမ်ဂိုဏ်းကတော့ အကျိုးအမြတ်များခွဲဝေရင်း အလုပ်ရှုပ်နေခဲ့ကြ၏။
“လ၀က်အတွင်း လျှို့ဝှက်နယ်မြေကဖွင့်တော့မယ် အဲ့တာကြောင့် ဒီမှာရှိဖို့လိုတဲ့လူတိုင်း ဒီမှာရှိရမယ်နော်” ကျန်းယန်ပြုံးကာပြောလိုက်သည်။
“ကျွန်တော်တို့ ရှာနိုင်ခဲ့တဲ့ငွေတွေကလည်း အကန့်အသတ်ရောက်နေပြီလို့ပြောလို့ရတယ် ဘယ်လောက်ညှစ်ညှစ်ထပ်ထွက်လာတော့မှာမဟုတ်ဘူး အဲ့တော့ အဇူရာတိမ်မြို့က စီးပွားရေးက ကျွန်တော်တို့အာရုံစိုက်စရာမဟုတ်တော့ဘူး
စီနီယာချင်ကိုင်တွယ်ရုံနဲ့တင် လုံလောက်တယ်
နောက်လ၀က်အတွင်း မိုးပြာလမင်းကုန်သွယ်သမဂ္ဂက သူ့ဟာသူလည်ပတ်နိုင်သွားလိမ့်မယ်
အဇူရာတိမ်ဧည့်ဂေဟာကလည်း လူပြည့်သွားပြီဆိုတော့ လိုအပ်တာတွေကိုချွန်းရှောင်ကိုပဲစီစဉ်ခိုင်းထားလိုက်တယ် ဆိုတော့ ကျွန်တော်တို့အခု တောင်ပေါ်ပြန်သင့်ပြီ
နောက်လ၀က်အတွင်း လျှို့ဝှက်နယ်မြေထဲ၀င်ဖို့ ပြင်ဆင်ကြမယ်”
ကျန်းယန်စကားကိုကြားသောအခါ အဇူရာတိမ်မောင်နှမ ၇ ဖော်လုံး စိတ်အေးသွားခဲ့ကြသည်။
ကျန်းယန် စီးပွားရေးတွင်သာစိတ်နစ်သွားပြီး ကျင့်ကြံခြင်းတွင်လစ်ဟင်းကာ သူ့မူလအပျက်အဆီးရွှေအမြုတေကြီး အလကားဖြစ်သွားမှာကို သူတို့စိတ်ပူနေခဲ့ကြခြင်း ဖြစ်၏။
“ငါတို့ဘယ်လောက်ရှာနိုင်ခဲ့လဲ” ပိုင်ယွင်ကျိ ကျန်းယန်ကိုကြည့်ကာ စိတ်၀င်တစားမေးလိုက်သည်။
ကျန်းယန်သူ့လက်ထဲရှိစာရင်းစာအုပ်ကိုကြည့်ပြီး စိတ်ကျေနပ်စွာပြုံးလိုက်ကာ
“လက်ရှိတော့ အဇူရာတိမ်ဧည့်ဂေဟာကပြည့်သွားပြီ အဲ့ကနေ စုစုပေါင်း စိတ်ဝိညာဉ်ကျောက်တုံး ၃သန်းရလိုက်တယ် အခြားသာမန်အခန်းတွေကနေတော့ စိတ်ဝိညာဉ်ကျောက်တုံး ၅သိန်း ၆သိန်းလောက်ရတယ် အဲ့တာတွေအကုန်လုံးက ခြံ၀န်းတွေဆီက ရတာတွေ
ဒါပေါ့ ပိုက်ဆံအများဆုံးရှာနိုင်ခဲ့တာကတော့ မိုးပြာလမင်းကုန်သွယ်သမဂ္ဂပဲ
ပထမဆုံးသုံးရက်တုန်း၀င်တဲ့ အကျိုးအမြတ်ကြီးတွေကလွဲရင် နောက်ပိုင်းရက်တွေမှာ တစ်ရက် ပျမ်းမျှ ၄သိန်း ၅သိန်းဖိုးလောက် ရောင်းခဲရတယ် အတော်လေးအထင်ကြီးစရာပဲ
စာရင်းချုပ်ရရင် ကျွန်တော်တို့ ပထမဆုံးနေ့ကရခဲ့တဲ့ ၈သန်းကိုဖယ်လိုက်မယ်ဆိုရင် အားလုံးပေါင်း စိတ်ဝိညာဉ်ကျောက်တုံး ၂၃သန်း ရခဲ့တယ်”
အဇူရာတိမ်မောင်နှမ ၇ ဖော်လုံး ကြက်သေသေသွားခဲ့ကြသည်။
စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်!
စစ်ထူမင်ယွဲ့ တီးတိုးရေရွတ်လိုက်၏။
“ယွင်ထန့်ကုန်သွယ်သမဂ္ဂရဲ့ တစ်နှစ်လုံးစာ ၀င်ငွေနဲ့ အတူတူလောက်ပဲ….”
ယွင်ထန့်ကုန်သွယ်သမဂ္ဂသည် အများကြီးရှာနိုင်သော်လည်း သူတို့အရင်းကလည်းမနည်းလှပေ။
သို့သော် စစ်ထူမင်ယွဲ့သိသလောက်ဆိုရင် အဇူရာတိမ်ဂိုဏ်းရဲ့ အရင်းကတော့ အတော်လေးနည်းပေသည်။
ဥပမာဆိုရလျှင် အဖွဲ့၀င်ကဒ်များ၏အရင်းက ဘာမှကိုမရှိသလောက်ပင်။
ပိုက်ဆံရှာရတာ လွယ်လွန်းနေတယ်!
သူမကျန်းယန်ကို နတ်မင်းတစ်ပါးလို ကြည့်ရှုနေခဲ့မိ၏။
ကျန်းယန် ခပ်ဟဟရယ်မောလိုက်ကာ
“ရှိသေးတယ်”
“ရှိသေးတာလား” လူတိုင်း ရေရွတ်လိုက်မိကြသည်။
ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။
“လူတွေအများကြီးက အဇူရာတိမ်မြို့ဆီလာပြီး စိတ်ဝိညာဉ်ကျောက်တုံးတွေအများကြီးသုံးနေကြတော့ မြို့ရဲ့ ပျမ်းမျှစီးပွားရေးကလည်း ထိုးတက်လာတယ်လေ ကျွန်တော် ညီလေးကျန်းကိုတွက်ခိုင်းလိုက်တော့ ဒီကာလအတွင်း အဇူရာတိမ်မြို့ကရခဲ့တဲ့ အခွန်ကလည်း သန်းနဲ့ချီပြီး ရခဲ့တယ်”
ခရီးသွားလာရေးလုပ်ငန်းဆိုသည်မှာ အမှန်တကယ်ပင် စီးပွားရေးလုပ်လို့ကောင်းသည့် လုပ်ငန်းတစ်ခုသာ ဖြစ်ပေသည်။
“ပြီးတော့ မမေ့နဲ့ဦး လျှို့ဝှက်နယ်မြေထဲ၀င်မယ့်သူတွေကလည်း ၀င်ကြေးပေးရဦးမယ် အများကြီး၀င်ကြမှာဆိုတော့ ၀င်ကြေးကလည်း နည်းမှာမဟုတ်ဘူး” ကျန်းယန် ချင်းယွင်ကျိကိုကြည့်ကာ ပြောလိုက်၏။
“ဆရာ ကျွန်တော်တို့လျှို့ဝှက်နယ်မြေက ခံနိုင်ပါ့မလား ကျွန်တော်တွက်ကြည့်ရသလောက်တော့ လူ ၁၀၀၀ ကျော်တောင်၀င်ချင်နေတယ်”
သူတွက်ချက်ခဲ့သည်က ဂိုဏ်းအဖွဲ့များပေါ်တွင်သာမူတည်၍တွက်ချက်ခဲ့ခြင်းဖြစ်ပြီး တကယ်၀င်မည့်အရေအတွက်က အများကြီးကျော်လွန်နေနိုင်သေးသည်။
ချင်းယွင်ကျိ ခပ်အေးအေးသာ ပြောလိုက်၏။
“ပြဿနာမရှိဘူး အဲ့တာကကိုင်တွယ်နိုင်တယ်”
သူပြီးမှ လျှို့ဝှက်နယ်မြေကိုချဲ့ထွင်ရပေဦးမည်။
သူလည်း ငွေရှာခြင်းဖြင့်ရရှိလာသည့်အကျိုးအမြတ်များကို ကြိုက်နှစ်သက်နေပြီဖြစ်သောကြောင့် ဤကိစ္စကို အလှပဆုံးအဆုံးသတ်ပေးရန် ဆုံးဖြတ်ထားခဲ့သည်။
အတိုချုပ်ဆိုရလျှင် အဇူရာတိမ်ဂိုဏ်းသည် ဤချမ်းသာမည့်အခွင့်အရေးကြီးကို ဆုပ်ကိုဆုပ်ကိုင်ထားရမည် ဖြစ်၏။