တောက်ဟောင်လေနှင့်လှိုင်း
Vol. 5 Ch. 65
အဇူရာတိမ်ဂိုဏ်းတွင် ငွေစာရင်းရှင်းတမ်းပြုလုပ်ပြီးသောအခါ ထုံးစံအတိုင်းပင် နောက်တစ်ဆင့်မှာ ခွဲယူကြဖို့ဖြစ်ပေသည်။
“စိတ်ဝိညာဉ်ကျောက်တုံးတွေပိုနေရင်ငါ့ကို၂သန်းပေး ဒါဆို ငါအချိန်တိုအတွင်းတော့ ထပ်လိုမှာမဟုတ်တော့ဘူး” ချင်းယွင်ကျိ ကျန်းယန်ကိုကြည့်ကာ စိတ်အားထက်သန်စွာ ပြောလိုက်၏။
ကျန်းယန်မျက်မှောင်အနည်းငယ်ကြုံ့သွားခဲ့ကာ ချင်းယွင်ကျိဘာကြောင့် စိတ်ဝိညာဉ်ကျောက်တုံးတွေလိုနေသလဲ သူနားမလည်နိုင်တော့ပေ။
သို့သော်လည်း သူသိချင်စိတ်ကိုဖိနှိပ်ထားလိုက်ပြီး ပြောလိုက်သည်။
“ကောင်းပါပြီ ဆရာ ၂သန်းယူလိုက်လေ ကျန်တာကိုတော့ ကျွန်တော်တို့အားလုံးလည်း ဘယ်သူမှမှလိုမနေဘဲ ဘဏ္ဍာတိုက်ထဲပဲ ထည့်သိမ်းထားလိုက်တော့မယ် ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကို များလှပြီပဲလည်း ထင်မနေကြနဲ့ဦးနော် ကျွန်တော်တို့၀င်ခွင့်ကနေပဲ ထပ်ရတော့မှာ ပြီးရင် အချိန်တိုအတွင်း ဒီလိုအများကြီးထပ်ရစရာအခွင့်အရေးမရှိတော့ဘူး အဲ့တာကြောင့် ကျွန်တော်တို့ဒါတွေကို ဉာဏ်ရှိရှိ စီမံရမယ်”
ချင်းယွင်ကျိနှင့်အခြားသူများလည်း ခေါင်းညိတ်ပြလိုက်ကြသည်။ သူတို့တွင် စိတ်ဝိညာဉ်ကျောက်တုံး သိန်းချီရှိနေပြီဖြစ်သောကြောင့် သူတို့ထပ်ပြီးလည်း လိုမနေသေးပေ။
“ဆရာဦးလေးလင်းယွင် ညီလေးကျန်းလည်းကျွန်တော်တို့နဲ့ လျှို့ဝှက်နယ်မြေထဲ၀င်မှာဆိုတော့ အဇူရာတိမ်ဂိုဏ်းကိစ္စတွေကိုတော့ ဆရာဦးလေးကိုပဲ ဒုက္ခပေးရဦးမယ်” ကျန်းယန် လင်းယွင်ကျိကိုပြောလိုက်၏။
“ပြဿနာမရှိပါဘူး” လင်းယွင်ကျိ သဘောတူလိုက်သည်။
အဇူရာတိမ်ဂိုဏ်းတွင် ကိစ္စအများစုက သူ့အစီအစဉ်နှင့်သူ သွားနေခြင်းဖြစ်သောကြောင့် သူလုပ်ဖို့လိုသည်က နောက်ကွယ်ကနေအကာအကွယ်ပေးနေရုံသာ ဖြစ်၏။
“မနက်ဖြန်ကျွန်တော်တို့ လျှို့ဝှက်နယ်မြေ၀င်ခွင့်အတွက် စာရင်းစကောက်မယ် ပြီးရင် ၀င်ကြေးတွေလည်းတစ်ခါတည်း ကောက်ရမယ်” ကျန်းယန် ပိုင်ယွင်ကျိကိုပြောလိုက်သည်။
“ဆရာဒေါ်လေး ၇ ဆရာဒေါ်လေးဒီကိစ္စကိုကိုင်တွယ်ပေးလို့ရတယ်မလား”
“စိတ်မပူပါနဲ့ အဆင်ပြေမှာပါ” ပိုင်ယွင်ကျိ ယုံကြည်မှုရှိစွာ ပြောလိုက်၏။
“ကောင်းပါပြီ ဒါဆို ဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ကျွန်တော်မနက်ဖြန်အတွက် သွားပြင်ဆင်လိုက်တော့မယ်နော်” ကျန်းယန် နောက်ဆုံးတွင် ပြောလိုက်သည်။
သို့သော်လည်း အဇူရာတိမ်မောင်နှမ ၇ဖော်က ချင်းယွင်ကျိကို ကြည့်ရှုနေခဲ့ကြပြီး ထွက်မသွားခဲ့ကြပေ။
ထိုစဉ် ချင်းယွင်ကျိ အမူအရာလေးနက်သွားပြီး စစ်ထူမင်ယွဲ့ကိုကြည့်ကာ ပြောလိုက်၏။
“မင်ယွဲ့ အခုဆိုမင်းအဇူရာတိမ်ဂိုဏ်းထဲရောက်နေတာ နှစ်၀က်ရှိသွားပြီ ဆရာတို့မင်းအတွက် ဘာမှမစီစဉ်ပေးရသေးဘူး အဲ့တာက ဆရာတို့မှာမင်းနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိနေလို့မဟုတ်ပါဘူး ဆရာတို့မှာလည်း သတိထားစရာတွေရှိနေခဲ့လို့ပါ ဒီနှစ်၀က်အတွင်းမှာ ဆရာတို့မင်းလုပ်ရပ်တွေကို လေ့လာအကဲခတ်ခဲ့ကြတယ် ပြီးတော့ ဆရာတို့မှာမင်းကိုပြောသင့်တဲ့ကိစ္စတစ်ခုလည်း ရှိတယ်
တကယ်တော့ မင်းမှာစီနီယာအစ်ကိုနှစ်ယောက်ရှိတယ်
သူတို့နာမည်တွေကိုလည်း မင်းကြားဖူးရင်ကြားဖူးမှာပေါ့လေ တစ်ယောက်ကတော့ လန်ကျားအထွတ်အမြတ်မြေက နန်းကုန်းချီယု နောက်တစ်ယောက်ကတော့ ၀မ်လင်းဂိုဏ်းက ကျန်းချမ်ချိုး သူတို့ကမင်းစီနီယာအစ်ကိုတွေပဲ”
လန်ကျားအထွတ်အမြတ်မြေနှင့်၀မ်လင်းဂိုဏ်းတို့သည် ထိပ်တန်းဂိုဏ်းများဖြစ်ကြပြီး နန်းကုန်းချီယုနှင့်ကျန်းချမ်းချိုးတို့သည် ထိုဂိုဏ်းများတွင် အရေးပါသောနေရာများယူထားသူများဖြစ်ကြပြီး ကမ္ဘာကျော်အောင် ဂုဏ်သတင်းကြီးမားကြသူများလည်း ဖြစ်ကြပေသည်။
သို့သော်လည်း ထိုသူနှစ်ယောက်သည် အဇူရာတိမ်ဂိုဏ်းမှလာခဲ့ကြသူများ ဖြစ်နေခဲ့၏။
“ဆရာ ဘာတွေဖြစ်သွားတာလဲ” စစ်ထူမင်ယွဲ့ အမြန်မေးလိုက်သည်။
ချင်းယွင်ကျိ သက်ပြင်းတစ်ချက်ချလိုက်ကာ
“လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက ငါသူတို့ကို ဂိုဏ်းရဲ့ဆက်ခံသူတွေအဖြစ်လေ့ကျင့်ပေးဖို့ တပည့်အဖြစ်လက်ခံခဲ့တယ် အရိုးသားဆုံးပြောရရင် ငါသူတို့အပေါ် ကျန်းယန်ထက်တောင်ပိုပြီး အားစိုက်လေ့ကျင့်ပေးခဲ့သေးတယ်
သူတို့ကလည်း အရမ်းကြိုးစားကြတယ် ဆယ်စုနှစ်အနည်းငယ်အတွင်း သူတို့ဝိညာဉ်အခြေတည်အဆင့်ကိုရောက်သွားပြီး မင်းဆရာဦးလေးတွေနဲ့တောင် ယှဉ်နိုင်လာခဲ့တယ်
ဒါပေမယ့် အပြောင်းအလဲအချို့ဖြစ်ခဲ့ပြီးတော့ သူတို့အဇူရာတိမ်ဂိုဏ်းက ထွက်သွားကြတယ် တစ်ယောက်ကတော့ လန်ကျားအထွတ်အမြတ်မြေကို၀င်သွားတယ် နောက်တစ်ယောက်ကတော့ ၀မ်လင်းဂိုဏ်းကို၀င်သွားတာပေါ့
သူတို့ထွက်သွားတာက အဆင်ပြေပါတယ် ဒါပေမယ့် သူတို့က ဒီတိုင်းထွက်မသွားဘဲ အဇူရာတိမ်ဂိုဏ်းရဲ့ တုနှိုင်းမဲ့ကျင့်စဉ်နှစ်မျိုးနဲ့ တုနှိုင်းမဲ့မှော်ရတနာနှစ်ခုကိုပါ ယူသွားခဲ့ကြတယ်
အဲ့ဒီဖြစ်ရပ်ကြောင့် ဆရာတို့လည်း တပည့်လက်ခံတာကို ရပ်နားခဲ့တာ
တကယ်လို့ အဲ့ဒီတုန်းကသာ ကျန်းယန်နဲ့မတွေ့ခဲ့ဘူးဆိုရင် အခုထိဂိုဏ်းမှာ တပည့်ရှိနေဦးမှာမဟုတ်ဘူး…”
စစ်ထူမင်ယွဲ့ ငေးကြောင်သွားခဲ့သည်။ ဂိုဏ်းတွင် ဤကဲ့သို့သော အလှည့်အပြောင်းဇာတ်ကွက်မျိုးရှိနေမည်ဟု သူမမျှော်လင့်မထားခဲ့မိပေ။
“အရိုးသားဆုံးပြောရရင် မင်းအဇူရာတိမ်ဂိုဏ်းကို၀င်တုန်းက ဆရာတို့မင်းကိုအလေးအနက်မထားခဲ့ကြဘူး” ချင်းယွင်ကျိ စစ်ထူမင်ယွဲ့ကို ရိုးရိုးသားသားပြောလိုက်သည်။
“အဲ့တာကဆရာတို့မင်းကိုမကြိုက်လို့ မဟုတ်ပါဘူး
မင်းမှာလည်းဂိုဏ်းကို၀င်ရတဲ့အကြောင်းပြချက်တွေ ရှိကောင်းရှိနေလိမ့်မယ် အဲ့ဒီလိုပဲ ဆရာတို့မှာလည်း ဆရာတို့ရပ်တည်ချက်နဲ့ဆရာတို့ရှိတယ်လေ
ဒါပေမယ့် ဒီနေ့ကစပြီးတော့ မင်းကအဇူရာတိမ်ဂိုဏ်းရဲ့တပည့်ရင်းတစ်ယောက်ဖြစ်သွားပြီ ဒုတိယမျိုးဆက်တပည့်တွေကြားထဲမှာ ဒုတိယအကြီးဆုံးဖြစ်ပြီးတော့ တာအိုဘွဲ့ထူး မင်ယွဲ့ကျိ လို့ခေါ်တွင်စေမယ်”
စစ်ထူမင်ယွဲ့ဘာမှမပြောနိုင်ခင်တွင် ကျန်းယန် အမြန်၀င်ပြောလိုက်၏။
“ဆရာ အခြားကိစ္စတွေကတော့ထားပါတော့ ဒါပေမယ့် တာအိုဘွဲ့ကိစ္စကိုတော့ စိတ်မပူပါနဲ့ ညီမလေးကိုယ်တိုင်စဉ်းစားပါစေ ဂျူနီယာညီမလေး နင်လိုချင်တဲ့တာအိုဘွဲ့ကို အမြန်စဉ်းစား မဟုတ်ရင်နင်နောင်တရသွားလိမ့်မယ်”
မင်ယွဲ့ကျိ….အခြားဆရာဦးလေးများ၏ တာအိုဘွဲ့ကိုကြည့်ရုံနှင့်ပင် ချင်းယွင်ကျိ၏ နာမည်ပေးကျွမ်းကျင်မှုကို သိရှိနိုင်ပေသည်။
စစ်ထူမင်ယွဲ့ ကျန်းယန်ကိုထူးဆန်းစွာကြည့်လိုက်ကာ ရုတ်တရက် မေးလိုက်၏။
“ဆရာ စီနီယာအစ်ကိုကြီးရဲ့ တာအိုဘွဲ့ကရော”
ချင်းယွင်ကျိ ကျန်းယန်ကိုမျက်စောင်းထိုးလိုက်ကာ
“အဲ့ဒီပုန်ကန်ချင်တဲ့တပည့်က ငါပေးတဲ့နာမည်ကိုမလိုချင်ဘူးလေ သူနာမည်ကို သူ့ဖာသာရွေးထားတယ် သူ့ကိုယ်သူ တောက်ရွှမ်(လမ်းစဉ်ချမှတ်သူ) တဲ့ ဘာကျွမ်းကျင်မှုမှမရှ်ိတဲ့ ရွှေအမြုတေအဆင့်လေးကများ သူ့ကိုယ်သူတောက်ရွှမ်လို့ခေါ်ရဲသေးတယ် လူရယ်ခံရမှာ မကြောက်ဘူးလား”
ကျန်းယန် အနိုင်ကျင့်ခံလိုက်ရသလိုခံစားလိုက်ရကာပြောလိုက်သည်။
“ဆရာပေးထားတဲ့နာမည်ကြီးကိုလည်း ကြည့်ဦးလေဗျာ”
“နာမည်က ဘာတဲ့လဲ” စစ်ထူမင်ယွဲ့ စိတ်၀င်တစားမေးလိုက်၏။
“ချင်းယန်ကျိ အဲ့တာကမကောင်းဘူးလား” ချင်းယွင်ကျိ ပြန်ပက်လိုက်သည်။
စစ်ထူမင်ယွဲ့ မျက်လုံးများမှေးကျဉ်းကာ ကိုယ်လေးတသိမ့်သိမ့်ခါသည်အထိ အားရပါးရ ရယ်မောလေတော့သည်။ မင်ယွဲ့ကျိလို့အခေါ်ခံရတာက အတော်လေးကောင်းနေသေးသည်ဟုပင် သူမခံစားလိုက်ရ၏။
ကျန်းယန် မျက်လုံးလှန်ကြည့်လိုက်ပြီး ဘာမှပြန်ပြောမနေတော့ပေ။
“တာအိုနာမပေးအပ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ” စစ်ထူမင်ယွဲ့ လေးလေးနက်နက်ကျေးဇူးတင်လိုက်သည်။
“ပုန်ကုန်ချင်တဲ့ သူပုန်တပည့် မင်းဂျူနီယာညီမလေးကိုကြည့်စမ်း ဘယ်လောက်လိမ္မာလိုက်လဲ” ချင်းယွင်ကျိ ကျန်းယန်ကိုကြည့်ကာ မကျေမနပ်ပြောလိုက်၏။
ကျန်းယန် ခပ်ဟဟသာရယ်မောလိုက်ပြီး သူ့ဆရာနှင့်ပြိုင်ငြင်းဖို့ ပျင်းရိနေခဲ့သည်။
ချင်းယွင်ကျိ အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး စစ်ထူမင်ယွဲ့ကိုညင်သာစွာကြည့်လိုက်ကာ ပြောလိုက်၏။
“အခုမင်းက အဇူရာတိမ်ဂိုဏ်းရဲ့ တရား၀င်တပည့်ဖြစ်သွားပြီဆိုတော့ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီးသိချင်တာတစ်ခုခုရှိရင် ဆရာ့ဆီလာမေးလို့ရတယ် မင်းဆရာဦးလေးတွေဆီမှာလည်း မေးလို့ရတယ် ဒါပေါ့ မင်းစီနီယာအစ်ကိုကြီးကလည်း မင်းကိုကူညီပေးနိုင်တယ်
ပြီးတော့ မင်းကသိမ်မွေ့ယင်ပညာကိုကျင့်ကြံတာဆိုတော့ ဆရာက မင်းကိုဒီစိတ်ဝိညာဉ်လက်နက်ပေးမယ်
ဒါက အသက်ကယ်စိတ်ဝိညာဉ်အဆင့်ရတနာဖြစ်တဲ့ သိမ်မွေ့ယင်ကျောက်စိမ်းပြားပဲ ဒါကို သိမ်မွေ့ယင်ပညာရပ်ကိုတီထွင်ခဲ့တဲ့ ဘိုးဘေးကပဲ သန့်စင်ထားခဲ့တာ မင်းရဲ့သိမ်မွေ့ယင်တာအိုမျိုးစေ့နဲ့ လိုက်ဖက်တယ် သူ့ရဲ့ဆန်းကြယ်မှုတွေကိုတော့ မင်းကိုယ်တိုင်ပဲရှာဖွေရလိမ့်မယ်
ပြီးတော့ မင်းကို မင်းရဲ့သိမ်မွေ့ယင်ပညာရပ်နဲ့လိုက်ဖက်တဲ့ ရွှမ်မင်ကြိုးလည်းပေးမယ်
ဒီစိတ်ဝိညာဉ်အဆင့်ရတနာနှစ်ခုနဲ့ဆိုရင် ဝိညာဉ်အခြေတည်အဆင့်တွေတောင် မင်းနဲ့ရင်ဆိုင်ဖို့ လွယ်ကူနေမှာမဟုတ်ဘူး”
စစ်ထူမင်ယွဲ့ ကြက်သေသေသွားခဲ့သည်။ သူမသည် စိတ်ဝိညာဉ်အဆင့်ရတနာနှစ်ခုကို အခုလိုကြီး ရလိုက်ခြင်းပေလော။
သူမ ထိုကဲ့သို့သော ဆက်ဆံမှုမျိုးရရှိလိမ့်မည်ဟု တစ်ခါမှ မျှော်လင့်မထားခဲ့ဖူးပေ။
ကျန်းယန်တွင်ဘာလို့စိတ်ဝိညာဉ်အဆင့်လက်နက်တွေအများကြီးရှိနေလဲဆိုတာ နောက်ဆုံးတော့ သူမနားလည်သွားခဲ့သည်။
ချင်းယွင်ကျိ စိတ်ဝိညာဉ်ရတနာနှစ်ခုကိုလက်လွှဲပေးလိုက်ကာ ပြုံး၍ ပြောလိုက်၏။
“အဇူရာတိမ်ဂိုဏ်းရဲ့ သမိုင်းနှစ်ပေါင်း၅၀၀၀အတွင်းမှာ ၁၇ယောက်တိတိ တက်လှမ်းသွားခဲ့တယ် ဒါဇင်နဲ့ချီပြီး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကိုရောက်ခဲ့ကြတယ် ပြီးတော့ တာအိုပေါင်းစည်းခြင်းအဆင့်တွေကတော့ မရေတွက်နိုင်အောင်ပါပဲ ထွက်ခွာသွားသူတွေက ထွက်ခွာသွားကြပေမယ့် သူတို့ရဲ့ စိတ်ဝိညာဉ်အဆင့်ရတနာတွေကတော့ ဂိုဏ်းရဲ့ အုတ်မြစ်အဖြစ်ကျန်ရှ်ိခဲ့တယ်”
ထိုအခိုက်တွင် သူဂုဏ်ယူမှုရော အတိတ်ကိုတမ်းတစိတ်ကိုပါ တစ်ပြိုင်တည်းခံစားနေခဲ့ရသည်။
တစ်ချိန်က အင်အားကြီးမားခဲ့သောအဇူရာတိမ်ဂိုဏ်းသည် အခုတော့ လူအနည်းငယ်သာကျန်ရှိသောအခြေအနေသို့ ရောက်ရှိသွားခဲ့၏။
တကယ်လို့ ကျန်းယန်သာ ပြုပြင်ပြောင်းလဲရေးမလုပ်ခဲ့ပါက ဂိုဏ်းကအခုချိန်ဘာဖြစ်နေမလဲ ဘယ်သူသိမည်နည်း။
“ကျေးဇူးတင်ပါတယ်ဆရာ” စစ်ထူမင်ယွဲ့ ဦးညွတ်၍အရိုအသေပေးကာ ကျေးဇူးတင်ကြောင်းပြောလိုက်ပြီး စိတ်ဝိညာဉ်အဆင့်ရတနာနှစ်ခုကို လက်ခံလိုက်လေသည်။
“ကောင်းပြီ မင်းဒီရတနာတွေကိုကောင်းကောင်းသန့်စင်သင့်တယ် ဆရာအခြားလုပ်စရာတွေရှိသေးလို့ သွားတော့မယ်” ချင်းယွင်ကျိ စိတ်ဝိညာဉ်ရတနာတွေပေးပြီးနောက် ထွက်ခွာသွားခဲ့၏။
စစ်ထူမင်ယွဲ့ စိတ်ဝိညာဉ်ရတနာများကိုသိမ်းဆည်းလိုက်ပြီးသည့်တိုင်အောင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဖြစ်နေခဲ့သည်။
စိတ်ဝိညာဉ်အဆင့်ရတနာများ ထိပ်တန်းအဆင့်မှော်ရတနာများ!
အခုတော့ သူမတွင်လည်းထိုအရာများရှိနေခဲ့ချေပြီ။
ကျန်းယန် မကျေမနပ်ပြောလိုက်၏။
“စိတ်ဝိညာဉ်အဆင့်ရတနာလေးနှစ်ခုပဲကို နင်ဘယ်လောက်တောင်ပျော်နေတာလဲ”
“အစ်ကိုကြီးမှာ ဘယ်နှစ်ခုရှိလို့လဲ” စစ်ထူမင်ယွဲ့ ပြန်ပက်လိုက်သည်။
သူမ မြင်ဖူးတာတော့ ကျန်းယန်တွင်အနည်းဆုံးသုံးခုရှိ၏။
လင်းယွင်ကျိနှင့်အခြားသူများကတော့ ခေါင်းသာယမ်းလိုက်မိကြပြီး တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားခဲ့ကြလေသည်။
ကျန်းယန်တွင် စိတ်ဝိညာဉ်အဆင့်ရတနာဘယ်နှစ်ခုရှ်ိပါသနည်း။
သူတို့စံအိမ်များကို အရင်က စိတ်ဝိညာဉ်အဆင့်ရတနာအနည်းငယ်ဖြင့် အလှဆင်ထားခဲ့ဖူး၏။
အထူးသဖြင့် ချင်းယွင်ကျိ အခန်းဖြစ်သည်။ ထိုအခန်းတွင် အလှဆင်ထားသောစိတ်ဝိညာဉ်အဆင့်ရတနာများစွာ ရှိခဲ့၏။သို့သော်လည်း ကျန်းယန်ခဏခဏလာလည်ပြီးနောက်တွင်တော့ အရာအားလုံးက ပိုပြီးရိုးရှင်းသွားခဲ့ရလေသည်။