လျှို့ဝှက်နယ်မြေကို ပုံစံပြန်သွင်းခြင်း
Vol. 5 Ch. 66
စစ်ထူမင်ယွဲ့ သူမကိုယ်ပိုင်ခြံ၀န်းဆီပြန်သွားခဲ့ပြီး သိမ်မွေ့ယင်ကျောက်စိမ်းပြားနှင့်ရွှမ်မင်ကြိုးကို သူမအပိုင်များအဖြစ် အသိအမှတ်ပြုလိုက်၏။
စိတ်ဝိညာဉ်အဆင့်ရတနာများတွင် စိတ်ဝိညာဉ်ဟူသော စကားရပ်ပါရှိနေရခြင်းမှာ ထိုရတနာများတွင် စိတ်ဝိညာဉ်ရှိနေသောကြောင့် ဖြစ်သည်။
စိတ်ဝိညာဉ်အဆင့်ရတနာကို ကိုယ်ပိုင်ပစ္စည်းအဖြစ်သန့်စင်ခြင်းက ချောမွေ့သောလုပ်ငန်းစဉ်တစ်ရပ်သာဖြစ်သော်လည်း ထိုရတနာရှိအမှတ်အသားကိုပယ်ဖျက်ကာ မိမိအပိုင်ပစ္စည်းအဖြစ်လည်း အတင်းအကြပ်သိမ်းသွင်းနိုင်သေး၏။
သို့သော်ထိုသို့လုပ်လိုက်ခြင်းအားဖြင့် စိတ်ဝိညာဉ်အဆင့်ရတနာ၏အဆင့်ကို ရတနာအဆင့်သို့ကျသွားစေပြီး ထိုရတနာ၏စွမ်းအားကို အကြီးအကျယ်လျော့ကျစေပေလိမ့်မည်။ ထို့ကြောင့် မလိုအပ်လျှင် ဘယ်သူကမှထိုနည်းလမ်းကို အသုံးမပြုချင်ကြပေ။
သိမ်မွေ့ယင်ကျောက်စိမ်းပြားနှင့်ရွှမ်မင်ကြိုးတို့ကတော့ စစ်ထူမင်ယွဲ့ကို အသိအမှတ်ပြုပြီးသားဖြစ်သောကြောင့် သူမထိုရတနာများကိုပြန်အသိအမှတ်ပြုသည့် လုပ်ငန်းစဉ်က အလွန်ချောမွေ့နေခဲ့သည်။
အတွေးတစ်ချက်တည်းနှင့်ပင် ရွှမ်မင်ကြိုးကသူမတစ်ကိုယ်လုံးကိုဖုံးအုပ်သွားပြီး သူမ၏အနက်ရောင်ဂါ၀န်ရှည်အောက်တွင်ပျောက်ကွယ်သွားကာ ထိုရတနာ၏တည်ရှိမှုကို လုံး၀ထောက်လှမ်း၍ မရနိုင်တော့ပေ။
သို့သော် ရွှမ်မင်ကြိုးသည် သူမကိုကာကွယ်ပေးရုံသာတတ်နိုင်ပြီး သူမကတော့ ထိုရတနာ၏စွမ်းအားကိုအပြည့်အ၀မသုံးနိုင်သေးပေ။
သိမ်မွေ့ယင်ကျောက်စိမ်းပြားကိုတော့ မှန်အဖြစ်သာအသုံးပြုနိုင်သေးပြီး ထိုအရာကိုအသက်သွင်းဖို့ လုံလောက်သောစွမ်းအား သူမတွင်မရှိပေ။
“ဆိုတော့ စီနီယာအစ်ကိုကြီးနဲ့ငါနဲ့ကြားက ကွာဟချက်က ဒီလောက်တောင်ကြီးတာပဲ!” စစ်ထူမင်ယွဲ့ တီးတိုးရေရွတ်လိုက်သည်။
သူမအားကုန်ထုတ်သုံးတာတောင် ရွှမ်မင်ကြိုးနှင့်သိမ်မွေ့ယင်ကျောက်စိမ်းပြားကို အသက်မသွင်းနိုင်ခဲ့ဘဲ ကျန်းယန်ကတော့ တိုက်ပွဲထဲတွင် အမတတုပ်နှောင်ကြိုးနှင့် စည်းဖျက်အလံကို တစ်ပြိုင်တည်းအသုံးပြုပြသွားခဲ့၏။
“သူဘယ်လိုအသက်သွင်းလိုက်တာလဲ ငါတကယ်မသိတော့ဘူး” စစ်ထူမင်ယွဲ့တစ်ယောက်တည်း ရေရွတ်နေခဲ့လေသည်။
ထိုစဉ် ကျန်းယန်ကတော့ သူ့ကျင့်ကြံခြင်းအခန်းထဲပြန်လာကာ စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကိုထုတ်လိုက်ပြီး စတင်ကျင့်ကြံတော့၏။
သူ့အတွက်စိတ်ဝိညာဉ်ကျောက်တုံးသန်းချီ ခွဲတမ်းရထားသောကြောင့် အချိန်ခဏလောက်တော့ ကျင့်ကြံဖို့ လုံလောက်သွားပြီ ဖြစ်သည်။
မူလအပျက်အဆီးရွှေအမြုတေသည် အနက်ရောင်တွင်းပေါက်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး စိတ်ဝိညာဉ်ချီများကို အဆုံးမဲ့စုပ်ယူနေကာ ရွှေအမြုတေ၏အာဟာရအဖြစ်ပြောင်းလဲပေးနေခဲ့၏။ တစ်ညတည်းဖြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းကကုန်ဆုံးသွားခဲ့ပြီး ကျန်းယန်လည်း သူ့ရွှေအမြုတေကိုတိုးတက်အောင်လုပ်ဖို့က အတော်လေးခက်သည်ဟု ခံစားလိုက်ရသည်။
“စိတ်ဝိညာဉ်ကျောက်တုံးတွေက အသုံးမ၀င်တော့တာများလား” ကျန်းယန် မျက်မှောင်ကြုံ့လိုက်ပြီး သိန်းချီသောစိတ်ဝိညာဉ်ကျောက်တုံးများက သူ့ဆရာ သွင်းပေးသော မဟာတာအိုစွမ်းအားလောက် အသုံးမ၀င်ဘူးဟု ခံစားလိုက်ရ၏။
ကျန်းယန် အတွေးနယ်ချဲ့မိနေခဲ့သည်။
အကယ်၍ စိတ်ဝိညာဉ်ကျောက်တုံးများကသာ အလုပ်မဖြစ်တော့ဘူးဆိုလျှင် သူ့အတွက်ဒုက္ခများသွားချေပြီ။ ကံကြမ္မာက သူ့ကိုမဟာတာအို၀ါးမြိုခြင်းလမ်းစဉ်ပေါ်သို့ တွန်းပို့ပေးနေခြင်းပေလော။
သို့သော်လည်း အခြားသူများ၏မဟာတာအိုကိုဝါးမြိုပြီး ကျင့်ကြံဖို့ကလည်း လွယ်မည်တော့ မဟုတ်ပေ။
လေးလံသောနှလုံးသားနှင့်အတူ သူပင်မခန်းမရှေ့က မြေကွက်လပ်ဆီရောက်ရှိလာခဲ့သည်။
နောက်ထပ် ၇ ရက် ကုန်သွားပြန်ပြီဖြစ်သောကြောင့် ထိုကလေးများအတွက် ရိက္ခာဝေပေးဖို့အချိန်ရောက်ရှိခဲ့ပြန်ချေပြီ။
အစက ၈၇ ယောက်ရှိသော တပည့်များတွင် တောင်ပိုင်းဘုရင်က သုံးယောက်ထပ်ပို့ထားသောကြောင့် ယခုအခါ တပည့်အရေအတွက်သည် စုစုပေါင်း ၉၀ ဖြစ်နေပြီ ဖြစ်သည်။
ကျန်းယန် သူတို့အားလုံးကိုကြည့်လိုက်ပြီး ခပ်ဟဟရယ်မောလိုက်ကာ
“ကြည့်ရတာ ဝိညာဉ်ပင်လယ်ဖွင့်လှစ်ခြင်းအဆင့်ကိုရောက်နေတဲ့သူတွေ ရှိနေပြီထင်တယ် လာလာ ရောက်နေတဲ့သူတွေ လက်မြှောက်ကြပါဦး”
သူပြောပြီးသည်နှင့် လူတစ်၀က်ကျော်က လက်မြှောက်လိုက်ကြ၏။
လက်မမြှောက်ခဲ့သောသူများကတော့ စိတ်ဓာတ်ကျနေခဲ့ကြသည်။
ဤတစ်ကြိမ်တွင် လျှို့ဝှက်နယ်မြေဖွင့်လှစ်ခြင်းနှင့်အတူ ဂိုဏ်းကကြီးကြီးမားမားရွှေ့ကွက်တစ်ခု လှုပ်ရှားလိုက်သောကြောင့် ထိုအဖြစ်ကို တောင်ပေါ်ရှိတပည့်များပင် ခံစားမိနေခဲ့ကြ၏။
သို့သော် ကျန်းယန်က ဝိညာဉ်ပင်လယ်ဖွင့်လှစ်ခြင်းအဆင့်မရောက်သေးသူများ မ၀င်ရဘူးဟု ရှင်းရှင်းလင်းလင်းပြောထားသောကြောင့် မရောက်သေးသူများက ၀င်ခွင့်ရတော့မည်မဟုတ်ပေ။ ထိုအခွင့်အရေးကို လက်လွှတ်လိုက်ရမှန်း တွေးမိသောအခါ ဘယ်သူက စိတ်မပျက် စိတ်ဓာတ်မကျဘဲ နေပါတော့မည်နည်း။
ကျန်းယန် ခေါင်းတဆတ်ဆတ်ညိတ်နေခဲ့သည်။ ဝိညာဉ်ပင်လယ်ဖွင့်လှစ်ခြင်းအဆင့်ကို နှစ်၀က်အတွင်းရောက်ရှိခြင်းက သူ့တုန်းကလောက်တော့ မမြန်ပါသော်လည်း ဘယ်ဂိုဏ်းမှာမဆို ပါရမီရှင်များဟု သတ်မှတ်ရမည့် အမြန်နှုန်းမျိုး ဖြစ်၏။
အချို့က အခြားဂိုဏ်းများမှ ရည်ရွယ်ချက်ရှ်ိရှိပို့လိုက်သူများဖြစ်သော်လည်း မတော်တဆဂိုဏ်းထဲရောက်လာကြသူများလည်း ရှိနေသေးသည်။
ထိုသူများအားလုံးက အဇူရာတိမ်ဂိုဏ်း၏ ရတနာများသာ ဖြစ်ကြ၏။
“တာအိုမျိုးစေ့ကိုအောင်မြင်အောင်ပျိုးထောင်နိုင်တဲ့သူရော ရှ်ိပြီလား” ကျန်းယန် မေးလိုက်သည်။
လူတိုင်းတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဘယ်သူမှလက်မမြှောက်ကြသောကြောင့် ကြည့်ရတာ တာအိုမျိုးစေ့တော့ရှိသေးပုံမပေါ်ပေ။
ကျန်းယန်ပြုံးကာ ပြောလိုက်၏။
“ကြည့်ရတာ လူတိုင်းပိုကြိုးစားဖို့လိုနေသေးပုံပဲ ငါမင်းတို့အရွယ်တုန်းက ရွှေအမြုတေတောင် စပြီးဖြစ်တည်နေပြီ အဲ့တာကြောင့် ကျေနပ်မနေကြနဲ့ မင်းတို့ ရွှေအမြုတေဖြစ်တည်ပြီးမှ နားလို့ရမယ်
ပြီးတော့ လျှို့ဝှက်နယ်မြေဖွင့်ဖို့ ရက်နည်းနည်းလိုသေးတယ် ဝိညာဉ်ပင်လယ်မဖွင့်နိုင်သေးတဲ့သူတွေက အမြန်လုပ်ကြ
တကယ်လို့ ရက်အနည်းငယ်အတွင်းချိုးဖြတ်နိုင်ရင် မင်းတို့လျှို့ဝှက်နယ်မြေထဲ၀င်လို့ရသေးတယ် မချိုးဖြတ်နိုင်တဲ့သူတွေကလည်း စိတ်ဓာတ်မကျကျနဲ့ အနာဂတ်မှာ ဒီလိုအခွင့်အရေးမျိုး ရှိလာဦးမှာ
ဒီတစ်ကြိမ် အခြားဂိုဏ်းတွေလည်း၀င်မှာဆိုတော့ အဓိကဦးစားပေးရမှာကတော့ မင်းတို့ရဲ့ လုံခြုံရေးပဲ
ကောင်းပြီ ပြောတာတွေတော်လောက်ပြီ ဒီမှာမင်းတို့အတွက် ၇ရက်စာ ရိက္ခာတွေပဲ အမြန်ယူသွားပြီး ကျင့်ကြံကြပေတော့
ရွှေအမြုတေအဆင့်ကိုအမြန်ရောက်လေ ကောင်းလေပဲ ကြိုးစားကြ!”
ဒီလိုအခြေအနေမျိုးတွင် ဦးနှောက်ဆေးခြင်းကအသုံး၀င်မည်မဟုတ်သောကြောင့် ကျန်းယန်ဘာမှမပြောေတာ့ဘဲ ဒီတိုင်းသာ ပြန်လွှတ်လိုက်၏။
တကယ်တော့ ကျန်းယန်နှစ်၀က်ကြာဦးနှောက်ဆေးလာခြင်းက ရလဒ်တွေတော့ ရှိလာပြီဖြစ်သည်။
၀မ်ပေ့လဲ့လို တပည့်များသည် ဂိုဏ်းအပေါ်ပိုပြီးလေးစားချစ်ခင်မြတ်နိုးလာခဲ့၏။
ချောင်ယင်လို လူမျိးပင် အချိုးတွေစတင်ပြောင်းလဲလာနေပြီ ဖြစ်သည်။ နောက်ဆုံးတွင် ဧကရာဇ်ကိုယ်တိုင်ကတောင် လူတွေပေါ်ပေါ်ထင်ထင်ပို့နေပြီဖြစ်လေရာ သူတို့တွင် ထမ်းဆောင်စရာဘာတာ၀န်ကျန်ရှိပါဦးမည်နည်း။
ရည်ရွယ်ချက်မပြောင်းလဲသည်မှာ အချို့ခေါင်းမာသော သူအနည်းငယ်သာ ကျန်ရှိတော့၏။
ကျန်းယန်ကလည်း ထိုခေါင်းမာသူများကို သိမ်းသွင်းရန် ကြိုးစားနေဆဲဖြစ်သည်။
နောက်ဆုံးတွင် သူတို့အားလုံးမှာ ပါရမီရှင်များသာ ဖြစ်ကြ၏။
လူတိုင်းရှေ့တက်ကာ ရိက္ခာများယူလိုက်ကြပြီး ကျင့်ကြံဖို့ ပြန်သွားခဲ့ကြသည်။
ကျန်းယန်လည်း ရိက္ခာများခွဲဝေပေးပြီးနောက် စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ကျင့်ကြံဖို့ ပြန်လာခဲ့၏။
ဘာပဲဖြစ်နေနေ သူ့တွင်ရှိနေသော စိတ်ဝိညာဉ်ကျောက်တုံး ၁သန်းကုန်သွားအောင်တော့ သူကျင့်ကြံဖို့ လိုပေသည်။
ကျန်းယန်နှင့်စစ်ထူမင်ယွဲ့တို့ လျှို့ဝှက်နယ်မြေထဲ၀င်ဖို့ ပြင်နေစဉ်တွင် ချင်းယွင်ကျိကတော့ လျှို့ဝှက်နယ်မြေကို ပြင်ဆင်နေခဲ့၏။
ချင်းယွင်ကျိ သူ့မုတ်ဆိတ်ကိုဆွဲကာ သူဖန်တီးထားသော လျှို့ဝှက်နယ်မြေကိုကြည့်နေရင်း တီးတိုးရေရွတ်လိုက်လေသည်။
“တောင်တစ်လုံး ကန်တစ်ကန် လူတစ်ထောင်ကျော်…ကြည့်ရတာ နည်းနည်းတော့ လိုနေသေးသလိုပဲ! အင်းး ငါထပ်ပြီးဖြည့်ဖို့လိုတယ် အဇူရာတိမ်ဂိုဏ်းကို မျက်နှာပျက်ခံလို့မဖြစ်ဘူး”
အစက ကမ္ဘာမြေပေါ်ပေါ်လာပြီးသော လျှို့ဝှက်နယ်မြေကို သူစာလိပ်ထဲပြန်ထည့်ကာ ယူသွားခဲ့၏။
ယခုအခါ အဇူရာတိမ်ဂိုဏ်း၏ မဟာအစီအရင်ထဲစိတ်ဝိညာဉ်ကျောက်တုံးသန်းချီထည့်ထားပြီးဖြစ်သောကြောင့် သူခဏလောက် အပြင်သွားလျှင်လည်း ပြဿနာတော့ ရှ်ိမည်မဟုတ်ပေ။
ချင်းယွင်ကျိ စာလိပ်နှင့်အတူ မြောက်ပင်လယ်မှ စန်းမင်အထိ ခရီးသွားခဲ့ပြီး ကမ္ဘာတစ်ခွင် တိတ်တဆိတ်လျှောက်သွားနေခဲ့ကာ ရက်အနည်းငယ်ကြာမှ အဇူရာတိမ်တောင်ဆီ ပြန်လာခဲ့လေသည်။
ခရီးစဉ်တစ်ခုလုံးက ငါးရက် ကြာမြင့်ခဲ့၏။
“ဒီတစ်ခါတော့ လုံလောက်သင့်ပါပြီ”
ချင်းယွင်ကျိ နောက်ထပ်တောင်သုံးလုံး ချောက်ကြီးတစ်ချောက် တောအုပ်ကြီးတစ်အုပ် မြက်ခင်းပြင်ကျယ်ကြီးတစ်ခုနှင့် ကန်ကြီးတစ်ကန် ပါလာပြီဖြစ်သော စာလိပ်ကိုထုတ်လိုက်သည်။
ကောင်းကင်နှင့်မြေပြင်ဥပဒေသတို့ အလယ်တွင် စာလိပ်က အဇူရာတိမ်ဂိုဏ်း၏တောင်နောက်ဘက်တွင် ထပ်မံပေါ်ထွက်လာခဲ့ပြန်၏။
ထိုအချိန်တွင် ကမ္ဘာအနှံ့အပြားကလူများစွာကတော့ ကျိန်ဆဲနေခဲ့ကြသည်။
တစ်ယောက်ယောက်က လောကတခွင်တွင် ရှိသည့် ကုန်းမြေများကိုတောင်ခိုးလိမ့်မည်ဟု သူတို့တစ်ခါမှ ထင်မထားခဲ့ဖူးပေ။
စိတ်ဝိညာဉ်ဆေးပင်များ ရတနာပစ္စည်းများ ခိုးခြင်းကို သူတို့နားလည်နိုင်ပါသော်လည်း ကုန်းမြေလိုက်ကြီးခိုးသွားတာကတော့ လွန်လွန်းလှ၏။
ထိုကဲ့သို့သော လုပ်ရပ်မျိုးကို ထိပ်တန်းအဆင့်အင်အားစုကြီးများကသာ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
ဘယ်အင်အားစုကများ ဒီလောက်ပျင်းနေရပါသနည်း။
နောက်ထပ်ခုနှစ်ရက်ကုန်ဆုံးပြီးသောအခါ လျှို့ဝှက်နယ်မြေဖွင့်ဖို့က သုံးရက်သာ ကျန်ရှိပေတော့သည်။
အနယ်နယ်အရပ်ရပ်မှ လူပေါင်းများစွာလည်း ရောက်ရှိနေခဲ့ကြလေပြီ။
ဂိုဏ်းချင်းနီးသော သန့်ရှင်းသောလေဂိုဏ်းပင် အဇူရာတိမ်မြို့တွင် လျှို့ဝှက်နယ်မြေဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့၏။
အဇူရာတိမ်မြို့တွင် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေခဲ့သည်။
ကျင့်ကြံသူများ များပြားလာသောကြောင့် အချို့အင်အားစုများက ပဋိပက္ခများဖြစ်ပွားလာခဲ့ပြီး လင်းယွင်ကျိ တစ်ယောက်တည်း ထိုအခြေအနေကို မထိန်းနိုင်တော့ပေ။
ချင်းယွင်ကျိကလည်း လူလုံးထွက်မပြသောကြောင့် လင်းယွင်ကျိနှင့်အခြားဆရာဦးလေးငါးယောက်သာ ထွက်လာရပြီး အဇူရာတိမ်မြို့တွင် နတ်ဝိညာဉ်အဆင့် ခြောက်ယောက်နှင့် မိုးပြာလမင်းကုန်သွယ်သမဂ္ဂတွင်လည်း ချင်ယွီရှုရှိနေသောအခါမှ နောက်ဆုံးတွင် ပဋိပက္ခများက ငြိမ်းအေးသွားခဲ့၏။
အဇူရာတိမ်ဂိုဏ်းတွင် နတ်ဝိညာဉ်အဆင့်ခြောက်ယောက်ရှိနေခြင်းက အခြားဂိုဏ်းများကို အံ့အားသင့်သွားစေခြင်းမျိုးတော့ မဖြစ်ခဲ့ပေ။
နောက်ဆုံးတွင် အဇူရာတိမ်ဂိုဏ်းသည် သမိုင်းနှစ်ပေါင်းထောင်ချီရှိသောဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်မှန်း လူတိုင်ကြားဖူးနေသောကြောင့် ထိုနေရာတွင် နတ်ဝိညာဉ်အဆင့်များရှိနေခြင်းကို ဘယ်သူမှ အံ့အားမသင့်ခဲ့ကြပေ။
သို့သော် အဇူရာတိမ်ဂိုဏ်းနှင့်ရင်းနှီးသူများကတော့ တုန်လှုပ်ကုန်ကြသည်။
ကျန်းဟီကွေ့မျက်မှောင်ကြုံ့သွားခဲ့၏။
“အဇူရာတိမ်ဂိုဏ်းက သူတို့ခွန်အားကိုဒီလောက်မြန်မြန်ပြန်ရသွားတာလား ကြည့်ရတာ ငါတို့ပိုသတိထားသင့်နေပြီ အနာဂတ်မှာ အဇူရာတိမ်ဂိုဏ်းကို အလေးအနက်ထားရတော့မယ်”
စုမင်ယန်နှင့်အခြားသူများလည်း ကြောင်အကုန်ကြသည်။
သူတို့သည် အဇူရာတိမ်ဂိုဏ်းကို အကောက်ကြံဖို့ ကြံစည်နေကြခြင်းဖြစ်ပြီး အခုလို နတ်ဝိညာဉ်အဆင့်ခြောက်ယောက်တောင်ပေါ်လာသောအခါ သူတို့မည်သို့ အကောက်ကြံရပါတော့မည်နည်း။
သူတို့တွင် နတ်ဝိညာဉ်အဆင့်ဘယ်နှစ်ယောက်ထပ်ရှိနေပါသေးသနည်း။
“ဒီတစ်ခေါက် လျှို့ဝှက်နယ်မြေထဲမှာ ငါတို့ကျန်းယန်ကိုရှင်းကိုရှင်းပစ်ရမယ်” စုမင်ယန် ကြမ်းကြုတ်စွာပြောလိုက်၏။
“ကျန်းယန်ကိုရှင်းပြီးရင် ငါတို့လူတွေ အဇူရာတိမ်ဂိုဏ်းထဲမှာ နေရာယူနိုင်ပြီ”
အဇူရာတိမ်ဂိုဏ်းကို ရင်ဆိုင်ဖို့က နည်းဗျူဟာကျကျလှုပ်ရှားမှသာ ဖြစ်နိုင်တော့မည်မှန်း သူတို့နားလည်သွားခဲ့ကြလေသည်။
စာစဉ်ပြီး၏။