← Chapters

ဆက်တိုက်ခိုက်မယ်

Vol. 1 Ch. 49

ဆက်တိုက်ခိုက်မယ်

Vol. 1 Ch. 49

“မာဟေးချီအတွက် ပြီးသွားမှာလား...မဖြစ်နိုင်တာပဲ...ဟုတ်တယ်မလား ကျန်းရီရဲ့ လက်နှစ်ဖက်လုံးက မတိုက်ခိုက်နိုင်ဘူးလေ...သူဘယ်လိုလုပ် မာဟေးချီကို အနိုင်ယူမှာလဲ...ကျွန်တော့်အမြင်အရ ကျန်းရီက မာဟေးချီကို ထိခိုက်အောင် လုပ်နိုင်မှာ အတွင်းအား ပေါက်ကွဲလက်ဝါးကို သုံးမှရမှာ...လက်နှစ်ဖက်လုံး မရှိဘဲ သူဘယ်လိုလုပ်ပြီး အတွင်းအား ပေါက်ကွဲလက်ဝါးကို သုံးလို့ရမှာလဲ”

ကြီးကြပ်သူယန်သည် သိုင်းခန်းမသခင် ဘာကြောင့် ထိုသို့တွေးသည်ကို နားမလည်ပေ။ သူသည် စင်ပေါ်ရှိ ကျန်းရီကိုသာ ကြည့်နေ ခဲ့လိုက်သည်။ ကျန်းရီ၏ ဒန်တျန်းသည် ဖျက်ဆီးခံ ရတော့မည်ကို မြင်လျှင် သူ့နှလုံးသားသည် ဆွဲထုတ်ခံ လိုက်ရသလိုပင် ခံစားလိုက်ရသည်။

သိုင်းခန်းသခင်သည် တည်တည်ငြိမ်ငြိမ်ပင် ပြောလာခဲ့သည်။

“ဒီကောင်လေးက သူ့ပြိုင်ဘက်ကို ညာဘက်လက် ထိခိုက်စေဖို့ တမင်ခွင့်ပြု ပေးခဲ့တာလို့ ငါခံစားနေရတယ်...သူက ဒါကို ချက်ချင်း ပြန်ကုဖို့ မတွေးဘဲ...တိုက်ပွဲတစ်ခုကို တောင်းဆိုခဲ့တယ်...သူက သူ့ကိုယ်သူ အဆုံးသတ်ထိ တွန်းအားပေးပြီး အကန့်အသတ်ကို ကျော်ဖြတ်ဖို့ ကြိုးစားနေတာဖြစ်မယ်”

စင်ပေါ်တွင် မာဟေးချီ၏ သိမ်းငှက် လက်သည်းသည် ကျန်းရီ၏ ဝမ်းဗိုက်သို့ ထိလုဆဲဆဲပင်။ သူ၏ သိမ်းငှက်လက်သည်းသည် ပုံစံတစ်ခုသာ မဟုတ်ဘဲ သိုင်းပညာ တစ်ခုလည်း ဖြစ်သည်။ ယခုတွင် သူ၏ လက်ချောင်းများသည် ပို၍ရှည်လျား လာခဲ့ပြီး လက်သည်းများသည်လည်း ပိုမိုချွန်ထက် လာခဲ့သည်။ ထိုလက်သည်းများသည် သားရိုင်းကောင်၏ အရိုးများကိုပင် ကျိုးကြေသွားစေနိုင်သည့်နှယ်။

ပြီးသွားပြီ။

လမ်ချမ်ချမ့်၏ လက်ချက်ဖြင့် စင်ပေါ်မှ ဆင်းလာခဲ့ရသော ရီလင်းရွှယ်သည်ပင် မနေနိုင်တော့ဘဲ ခေါင်းကို အဝေးသို့ လှည့်ထားလိုက်သည်။ သူမသည် ကျန်းရီ၏ ဝမ်းဗိုက်နှင့် ဒန်တျန်း ပျက်စီးသွားမည်ကို မမြင်ချင်ပေ။

“မာဟေးချီ...မင်းက မာဖေးနဲ့ တခြားလူတွေအတွက် လက်စားချေ ချင်နေတယ်...မင်းရဲ့ လက်ရှိအင်အားနဲ့လား...မင်းအတွက် မင်းအဖေကိုပဲ လက်စားပြန်ချေခိုင်းတော့”

ကျန်းရီသည် နောက်ဆုံး ကြိုးမျှင်တစ်ခုကို ဆွဲသည့်အနေဖြင့် တစ်ခုခုကို ရုတ်တရက် ပြောလိုက်သည်။ သူ၏ ကြောက်ရွံ့နေသော အမူအရာသည် တည်ငြိမ်သွားခဲ့ပြီး မျက်လုံးများသည်လည်း အေးစက် သွားခဲ့သည်။

သူ၏ ညာဘက်လက်မောင်းရှိ ဒဏ်ရာမှ သွေးများသည် မြားတစ်စင်းကဲ့သို့ ပန်းထွက်လာကာ မာဟေးချီထံ ပျံသန်းသွားခဲ့သည်။ မာဟေးချီသည် ကျန်းရီထံမှ စကားသံကို ကြားပြီးနောက် ခေါင်းမော့ ကြည့်လာသောကြောင့် မျက်နှာတစ်ခုလုံး ရွှဲစိုသွားကြသည်။

“အား”

စင်အောက်မှ ကျန်းဂိုဏ်းသား နှစ်ယောက်သည် အလန့်တကြား အော်ဟစ် လိုက်ကြသည်။ သူတို့သည် ယခင်က ကျန်းရီ ထိုပရိယာယ် သုံးခဲ့သည်ကို မြင်ဖူးကြသည်။  ယနေ့တွင်မူ ကျန်းရီသည် သွေးများကို ထွေးထုတ်လိုက်ခြင်း မဟုတ်ဘဲ ဒဏ်ရာမှ အရှိန်နှင့် အချိန်ကိုက်တွင် ပန်းထွက်လာခြင်း ဖြစ်သည်။

မာဟေးချီသည် အစက ခေါင်းငုံ့နေခဲ့သော်လည်း ကျန်းရီ၏ အော်သံကြောင့် ခေါင်းမော့ကာ ရန်သူကို တည့်တည့် ကြည့်လိုက်သည်။ ထို့ကြောင့် သွေးများသည် သူ့မျက်နှာ တည့်တည့်ကို စင်သွားခဲ့သည်။ သူသည် မျက်လုံးကို အလျင်အမြန် ပိတ်လိုက်သော်လည်း သွေးများသည် မျက်လုံးထဲသို့ ဝင်လာခဲ့သည်။ သူ့မျက်လုံးများသည် ပူလောင်နေခဲ့ပြီး သူသည် အခြေအနေ မကောင်းမှန်း သိလိုက်သည်။ သူသည် ကြာပွတ်ကို ကျန်းရီရှိရာသို့  ယမ်းလိုက်ကာ နောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။

“ကောင်းတယ်”

မာဟေးချီသည် သူမျှော်လင့် ထားသလိုပင် ပြုမူလာသည့်အတွက် ကျန်းရီ၏ ပါးစပ်မှ အပြုံးတစ်ခု ထွက်ပေါ် လာခဲ့သည်။ ကြာပွတ်၏ လှုပ်ယမ်းသွားမှုသည် သူ့ဘယ်ဘက်လက်ကို ရုန်းထွက်သွားနိုင်စေသည်။ သူ၏ ဘယ်ဘက်လက်သည် အကြပ်အတည်းမှ လွတ်မြောက်သွားသည်နှင့် စတင်လှုပ်ရှား လိုက်သည်။

“လွတ်မြောက်ဖို့ ကြိုးစားတာလား”

သိုင်းခန်းမ သခင်သည် သူခန့်မှန်းတာ မှန်သွားပြီ ဖြစ်ကြောင်း သိသွားသည့်အတွက် အော်သံပင် ထွက်လာခဲ့သည်။ ကျန်းရီသည် ရည်ရွယ်ချက်ရှိရှိ သူ့ကိုယ်သူ အထိခိုက်ခံကာ ထိုပရိယာယ်အတွက် တစ်ချိန်လုံး ပြင်ဆင် နေခဲ့သည်။

ကျန်းရီ၏ လက်သည် လွတ်မြောက်သွားသည်နှင့် ကံတရား၏ ဓားစိမ်းကို ဘေးဘက်သို့ ဆွဲထုတ်လိုက်သည်။ ထို့နောက် သူသည် ကြာပွတ်ကို ဆုပ်ကိုင်လိုက်ကာ အားနှင့် ဆောင့်ဆွဲလိုက်သည်။ ထိုဆွဲအားကို သုံး၍ သူသည် မာဟေးချီထံ ပြေးဝင်သွားခဲ့သည်။ သူသည် မာဟေးချီအနီး ရောက်သွားသည်နှင့် ခေါင်းကို သုံး၍ မာဟေးချီ၏ မျက်နှာကို တိုက်လိုက်သည်။ ကျန်းရီသည် မြွေကြာပွတ် ခြေထောက်သိုင်းကို သုံး၍လည်း မာဟေးချီကို အဆက်မပြတ် ကန်နေခဲ့သည်။

ကျန်းရီသည် သူတတ်နိုင်သမျှ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို သုံးကာ ဆက်တိုက် တိုက်ခိုက် နေခဲ့သည်။ ကြောက်ရွံ့နေသော မာဟေးချီသည် လုံးဝကို သွေးရူးသွေးတန်း ဖြစ်နေခဲ့သည်။ သူသည် နောက်ကို ဆုတ်ရင်းသာ ဘယ်ဘက်လက်ကို သိမ်းငှက်လက်သည်း အသွင်ပြောင်းရင်း ကြုံရာ တိုက်ခိုက် နေခဲ့သည်။

တိုက်ပွဲအတွင်း ကျန်းရီ၏ ကိုယ်တွင် မရေမတွက်နိုင်သော လက်သည်းရာများ ထင်းနေခဲ့သော်လည်း သူသည် ခြေတစ်လှမ်းတောင် ဆုတ်မသွားခဲ့ပေ။

သူ၏ ဆက်တိုက် တိုက်ခိုက်မှုများကြောင့် မာဟေးချီ ထိတ်လန့်နေစဉ်တွင် ကျန်းရီသည် ရုတ်တရက် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ သူ၏ ဘယ်ဘက်လက်သည် ရုတ်တရက် လှုပ်ရှားလာခဲ့သည်။ အနက်ရောင်၊ အပြာရောင်များ တောက်ပနေသော အလင်းတန်းသည် မာဟေးချီ၏ ကိုယ်ကို ရက်ရက်စက်စက် ရိုက်ခတ် သွားခဲ့သည်။

အတွင်းအား ပေါက်ကွဲလက်ဝါးသည် ထွက်ပေါ်လာခဲ့ပေပြီ။

ဟေးချီ ရှုံးပြီ။

ကျန်းရီသည် အတွင်းအား ပေါက်ကွဲလက်ဝါးကို ထုတ်လွှတ် လိုက်သည်ကို မြင်လျှင် မာခွေသည် ကူကယ်ရာမဲ့စွာ မျက်လုံးများကို မှိတ်ချလိုက်သည်။ မာဟေးချီ၏ မျက်လုံးများသည် လက်ရှိအချိန်တွင် မြင်နိုင်စွမ်းမဲ့ နေသောကြောင့် ကျန်းရီ တိုက်ခိုက်လာသည့်အချိန်တွင် ရှောင်တိမ်းနိုင်စွမ်း မဲ့နေခဲ့သည်။

“ဘန်း”

ပေါက်ကွဲသံ တစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး ကျန်းရီနှင့် မာဟေးချီ နှစ်ယောက်လုံးသည် လွင့်စင် ထွက်သွားခဲ့သည်။ ကျန်းရီသည်လည်း ပေါက်ကွဲသည့် နေရာနှင့် နီးကပ်နေသောကြောင့် ဒဏ်ရာ ဗလပွနှင့် သူ့ကိုယ်သည် ပိုဆိုး သွားခဲ့သည်။ သူ၏ အဝတ်အစား များသည်လည်း စုတ်ပြဲနေခဲ့ပြီး တစ်ကိုယ်လုံးသည် သွေးလွှမ်း နေခဲ့သည်။ သူသည် တိုက်ခိုက်သူ ဖြစ်၍သာ အချိန်မှီ နောက်ပြန်ဆုတ်နိုင်၍ ပြင်းပြင်းထန်ထန် ထိခိုက်မသွားခြင်း ဖြစ်သည်။

မာဟေးချီကား အတော်လေး စိတ်မကောင်းစရာ အခြေအနေတွင် ဖြစ်သည်။ သူ၏ ဝဲဘက် ရင်အုံသည် စုတ်ပြတ်နေခဲ့ပြီး အရိုးများပင် ပေါ်ထွက်နေခဲ့လေသည်။ သူ့ကိုယ်သည် စင်ပေါ်မှ အိတ်တစ်ခုနှယ် လွင့်ကျလာခဲ့ပြီး သိုင်းပညာရှင် နှစ်ယောက်ကိုတောင် တိုက်မိ သွားခဲ့သေးသည်။ ပြုကျသောအခါ သူ၏ နောက်စေ့သည် ကျောက်တုံးတစ်ခုနှင့် တိုက်မိသွားကာ အသံကျယ်ကျယ်ပင် ထွက်ပေါ်လာခဲ့သည်။ သူ့ဘေးမှ လူများသည်ပင် မာဟေးချီ၏ နာကျင်မှုကို ခံစားမိကြသည်။

“ဒီလို ကြောက်စရာ ဉာဏ်ပညာ...အရမ်းမိုက်တဲ့ အတွေးအခေါ်တွေနဲ့ အကြင်နာမဲ့တဲ့ နှလုံးသား”

လူတိုင်းသည် မတ်တပ်ရပ်ရန် ကြိုးစားနေသည့် သွေးလွှမ်းနေသော ပုံရိပ်ကို ကြည့်မိသည့်အခါ အေးစက်နေသည့် မျက်လုံးတစ်စုံကို မြင်လိုက်ရလေသည်။ ပွဲကြည့်စင်ထက်မှ အာဏာရှိ လူကြီးများသည်ပင် ခံစားချက်များ ရှုပ်ထွေး သွားကြသည်။

ကျန်းရီ၏ လှုပ်ရှားမှုအားလုံးကို သူတို့ အသေအချာ မြင်လိုက်ရပေသည်။ သူသည် အရင်ဆုံး အားနည်းချင် ယောင်ဆောင်ကာ ပြိုင်ဘက်ကို လှည့်စားခဲ့သည်။ ထို့နောက် သူသည် သွေးများကို ပန်းထွက်စေကာ အခြေအနေကို ပြောင်းပြန် လှန်ပစ်ခဲ့သည်။ အရာရာတိုင်းသည် အစီအစဉ်တကျသာ ဖြစ်သွားခဲ့သည်။

ယခုတွင် ကျန်းရီ၏ ဒဏ်ရာများတို့သည် သူတမင် အထိခိုက်ခံ ခဲ့သလားဟု လူတိုင်းက သံသယရှိနေ ခဲ့ကြသည်။ ထို့ပြင် သူ ပွဲကြည့်စင်ပေါ်တွင် ရှိနေခဲ့စဉ် အခါက  ကျန်းဂိုဏ်းချုပ်နှင့် ကျန်းယွင်ရှဲကို စကားပြောခဲ့သည်ကလည်း ရည်ရွယ်ချက်ရှိရှိ လုပ်တာများလား။

လူတိုင်းအား လုံးဝ စိတ်လှုပ်ရှား သွားစေသော အရာသည် ကျန်းရီ၏ ဉာဏ်ကောင်းလွန်းမှု မဟုတ်ပေ။...သူသည် ရက်စက်လွန်းခြင်း ဖြစ်သည် သူသည် သူ၏ ရန်သူများကိုသာ မက သူကိုယ်တိုင် အပေါ်ပါ ရက်စက် လွန်းလေသည်။

မာဟေးချီသာ ပို၍ သတိထား နေခဲ့လျှင် သို့မဟုတ် သူ၏ သွေးများသာ အထိန်းအကွပ်မဲ့ သွားပြီး မာဟေးချီ၏ မျက်လုံးကို မထိမိလျှင် မည်သို့ လုပ်မည်နည်း...၎င်းသာ ဖြစ်ပွားခဲ့ပါလျှင် ကျန်းရီ၏ အစီအစဉ် တစ်ခုလုံးသည် အလကား ဖြစ်သွား ရပေလိမ့်မည်။ ရလဒ်သည်လည်း ဤကဲ့သို့ ဖြစ်လာတော့မည် မဟုတ်သလို သူ၏ ဒန်တျန်းသည်လည်း ပျက်စီး နေလောက်ပြီ ဖြစ်သည်။

လူတိုင်းသည် ကျန်းရီ သွေးကို မည်သို့ ထိန်းချုပ်လိုက်လဲဟု သိချင်နေကြသည်။ သူတို့သာ အတွင်းအားသုံး၍ သွေးကို တွန်းထုတ်သော် ဤကဲ့သို့ ထူးဆန်းသည့် လှုပ်ရှားမှုနှင့် သုံးနိုင်မည် မဟုတ်ပေ။ ကျန်းရီသည် လူတိုင်းကို သင်ခန်းစာတစ်ခု ပေးခဲ့ပေသည်။ သေရေးရှင်ရေး အချိန်တွင် ရန်သူကို အန္တရာယ်ပေးရန် မည်သည့်အရာကို မဆို လက်နက်အဖြစ် အသုံးပြုနိုင်သည် ဟူ၍။

“၅၃၆...ရှစ်ပွဲဆက်တိုက် အနိုင်ရတယ်”

လူအိုကြီး၏ အသံထွက်ပေါ်လာမှသာ လူတိုင်းသည် အာရုံစိုက် နိုင်လိုက်ကြသည်။ ထိုလူကြီးသည် ကျန်းရီကို ကြည့်ကာ မေးလာခဲ့သည်။

“၅၃၆...ပြိုင်ပွဲကို ဆက်ပြိုင်ချင်သေးလား”

မာဟေးချီ၏ လက်သည်းရာများကြောင့် ကျန်းရီ၏ ကိုယ်သည် ဒဏ်ရာ ဗလပွ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ့ ဒဏ်ရာများသည် မသေစေနိုင်သော်လည်း သူသာဆက်တိုက်ခိုက်၍ နှစ်ပွဲ နိုင်သွားခဲ့လျှင်တောင် သူ့ကိုယ်သည် မခံနိုင်တော့ဘဲ သွေးထွက်လွန်၍ သေလုမျောပါး ဖြစ်မည်သာ။

“ပြိုင်တာကို ရပ်လိုက်တော့...၅၃၆...ပြန်ပြီး ရှင့်ဒဏ်ရာတွေကို ကုတော့...ဒါက ပြိုင်ပွဲလေးတစ်ခုဘဲ...ရှင်ဆက် တိုက်ခိုက်နေရင် သေသွားလိမ့်မယ်”

အေးစက်စက် အသံသည် အခန်းငယ်ဆီမှ ထွက်ပေါ်လာခဲ့လျှင် လူအုပ်သည် ဆွံ့အ သွားကြသည်။ ထိုအသံသည် ဆရာမစု၏ အသံဖြစ်သည်။ ထိုဆရာမသည် ဆက်ဆံရန် အလွန်ခက်ခဲသည်။ ကျီထျန်းကိုပင် လျစ်လျူရှု ထားခဲ့သော  ဆရာမစုသည် ကျန်းရီကို ထိုသို့မြင်သည်လား။

“ဟင့်အင်း...ကျွန်တော် ဆက်တိုက်ခိုက်မယ်”

ကျန်းရီသည် ခေါင်းရမ်းကာ ပုတီးစေ့ ခန်းဆီးကို ဖြတ်၍ ဆရာမစုထံ တစ်ချက် ကြည့်လိုက်သည်။ သူသည် အားယူကာ ပြုံးပြရင်း ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့...ကျွန်တော့်အသက်က ဒါ့ထက်ပိုပြင်းပါတယ်...ကျွန်တော် မသေပါဘူး”

အခြားတစ်ယောက် အတွက်မူ ပြိုင်ပွဲသည် ကံတရားကပေးသော အခွင့်အရေးကောင်းတစ်ခု ဖြစ်သော်လည်း ကျန်းရီအတွက်မူ ကောင်းကင်တောင်ပံမြို့မှ လွတ်မြောက်ရန် တစ်ခုတည်းသော အခွင့်အရေးသာ ဖြစ်သည်။ သူသာ မလုပ်နိုင်ခဲ့လျှင် သေခြင်းတရားကသာ သူ့ကို စောင့်ကြိုနေမည် ဖြစ်သည်။ သိုင်းခန်းမလည်း ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။ ကျန်းဂိုဏ်းနှင်း မာဂိုဏ်းအတွက် သူ့ကို သတ်ဖြတ်ရန် ဟူသည်မှာ ရိုးရှင်းလွန်းသော အလုပ်တစ်ခုသာဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ရွေးချယ်စရာ မရှိဘဲ သူ့ဘဝအတွက် တိုက်ခိုက်ရမည် ဖြစ်သည်။

“ကောင်းပြီ..ပြိုင်ပွဲကို ဆက်လုပ်ကြတာပေါ့”

ငြင်းပယ်သည့် အသံတစ်သံမှ မကြားရသော် လူအိုကြီးသည် သက်ပြင်းချကာ လက်ယမ်း ပြလိုက်သည်။

“ဝှစ်”

အရိပ်တစ်ခုသည် စင်ပေါ်သို့ ချက်ချင်း ရောက်ရှိ လာခဲ့သည်။ သူ့မျက်လုံးများသည် ကျန်းရီကို သတ်ချင်စိတ် အပြည့်နှင့် စိုက်ကြည့်နေခဲ့သည်။ သူ့လက်တွင်းရှိ ဓားမြှောင်သည်ပင် ကြက်သီးထလောက်ဖွယ် အေးစက်စက် အရှိန်အဝါတို့ ထုတ်လွှင့်နေခဲ့သည်။

“သတ်ဖြတ်ခြင်းကို ခွင့်မပြုဘူး”

အခြေအနေကို မြင်လျှင် အစီအစဉ် ကြေညာသူ လူအိုကြီးသည် အော်ပြောလိုက်သည်။ ထိုလူငယ်သည် မာဂိုဏ်းသား တစ်ယောက်ဖြစ်ပြီး မာဟေးချီ၏ အခြေအနေကို ကြည့်ကာ လက်စားချေရန် လာရောက်ခြင်း ဖြစ်သည်မှာ ထင်ရှားသည်။ သူ၏ အင်အားသည် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်တွင် ဖြစ်သည်။ သို့သော် သူသည်  သူ့အသက်နှင့် အလှဲအလှယ်လုပ်ကာ ကျန်းရီကို သတ်လိုက်လျှင် ပြဿနာတက်မည် ဖြစ်သည်။

ကျန်းရီသည် တစ်ခုခု မှားနေသည်ဟု ခံစားနေခဲ့ရသည်။ ထိုလူ၏ သတ်ဖြတ်ချင် စိတ်တို့မှာ အားကောင်း လွန်းနေသည်။ ကျန်းရီသည် အေးစက်စက် ပြုံးလိုက်ရင်း အမူအရာမဲ့စွာ မတ်တတ် ရပ်လိုက်သည်။ သူသည် နောက်ဆုံးလက်ကျန် အနက်ရောင် အတွင်းအား နှစ်မျှင်ကို ဘယ်ဘက် လက်သီးဆီ ပို့ဆောင်လိုက်သည်။ သူ့ပြိုင်ဘက်သည် ဓားမြှောင်ကို သူ့ရင်ဘတ်သို့ ထိုးတော့မည့် ဆဲဆဲတွင် ကျန်းရီသည် လက်သီးဖြင့် ရက်ရက်စက်စက် ထိုးချခဲ့လိုက်သည်။

“ဖုန်း”

အဖြူရောင် ဓားမြှောင်သည် သူ့ကိုယ်နှင့် တစ်လက်ခန့် သာဝေး၍ သူ့နှလုံးနှင့် မီလိမီတာ အနည်းငယ်သာ ကွာတော့သည့် အချိန်တွင် ကျန်းရီ၏ လက်သီးသည် ပြိုင်ဘက်၏ ရင်ဘတ်ထံ ကျရောက်သွားပြီး နောက်သို့ လွင့်စင်ကျ သွားစေသည်။

“ဖူး....''

ကျန်းရီသည် သူ့ကိုယ်သူ ထိန်းမထားနိုင်တော့ရာ သွေးများပင် အန်လေသည်။ သူ၏ ကိုယ်သည်လည်း ယိုင်နဲ့ကာ နောက်ဆုံးတွင် ဘယ်ဘက် လက်ထောက်ကာ ဒူးတစ်ဖက် ထောက်၍ ထိုင်ချလိုက်ရသည်။ သူ့ဒဏ်ရာများမှ သွေးများ အဆက်မပြတ် ထွက်နေသောကြောင့် သူ့အဝတ်အစားများပင် သွေးချင်းချင်းနီနေလေသည်။ သူသည် အားနည်းနေသော မျက်လုံးများကိုမှိတ်ကာ ခဏမျှ အနားယူပြီးနောက် စင်အောက်သို့ ကြည့်ကာ အေးစက်စက် အော်ပြောလိုက်သည်။

“ဆက်တိုက်ခိုက်မယ်”

မရေမတွက်နိုင်သော လူငယ်များ၊ မိန်းမပျိုများသည် သက်ပြင်းတစ်ချက် ရှိုက်လိုက်ကြသည်။ သူတို့သည် စိတ်ဝိညာဉ်များပင် တုန်လှုပ်ကြရသည်။ သူတို့ စင်ပေါ်သို့ ကြည့်သောအခါ နှင်းကဲ့သို့ စွတ်စွတ်ဖြူသည် အထိ ဖြူဖျော့နေသည့် မျက်နှာနှင့် သွေးလွှမ်းနေသော ကိုယ်တစ်ခုကို မြင်နေ ခဲ့ရသည်။ သူ့မျက်လုံးများသည် အသက်ဆယ့်ငါးနှစ်အရွယ် လူငယ်တစ်ဦး ပိုင်ဆိုင်ထားသည်ဟု မထင်ရလောက်အောင်ပင် တိုက်ခိုက်လို စိတ်များ ပြည့်နှက် နေခဲ့သည်။ ထိုမျက်လုံးများသည် သေရမှာကို မကြောက်သော စစ်သည်တော် စင်စစ်တစ်ဦးက ပိုင်ဆိုင်ထားသည့်နှယ်...သူသည် ပြိုင်ပွဲကို ပြိုင်ပွဲဟု သဘောမထားပဲ...သူသေရင်သေ မသေလျှင် သူ့ရန်သူများ သေရမည့် သေခြင်း၊ ရှင်ခြင်း တိုက်ပွဲတစ်ခုလို ပြုမူနေခဲ့သည်။

***

All Chapters