← Chapters

အရည်အသွေးမြင့်

Vol. 45 Ch. 661

အရည်အသွေးမြင့်

Vol. 45 Ch. 661

"မနေ့ညက ပင်ပန်းလွန်းလို့ မေးခွင့်မသာခဲ့ဘူး။ မိန်းကလေးဒေါင်း... မင်းကိုဘာလို့ လူသတ်သမားတွေ ပစ်မှတ်ထားနေတာလဲ"

မုန်ကျင်းကျိုးက ဖြောင့်မတ်သည့်သူရဲကောင်းလေသံဖြင့်မေးသည်။

ဒေါင်း ခဏစဉ်းစားသည်။

ထိုလူသုံးယောက် မနေ့ညက သူ့အသက်ကိုကယ်တင်ခဲ့သည်။ ထို့ကြောင့် သူယုံကြည့်သည်။

"ဒီနေရာမှာပြောလို့မကောင်းဘူး။ အခန်းထဲရောက်မှပြောကြတာပေါ့"

လူငါးယောက် ဒေါင်း၏အခန်းထဲသို့ ဝင်ကြသည်။

ဒေါင်းက လက်ဖက်ရည်ဧည့်ခံပြီး စပြောသည်။

"အဲဒါတွေက ကျွန်မဆရာ တာအို(သီလရှင်)ဘုံကျောင်းကထွက်သွားပြီးမှ စခဲ့တာပါ။ ကျွန်မဆရာစောင့်ရှောက်တဲ့ တာအိုဘုံကျောင်းက တောင်မြစ်ဘုံကျောင်းတဲ့။ သူနဲ့ကျွန်မပဲရှိတယ်။

သူငယ်ငယ်က အချစ်ရေးဆိုင်ရာအကြွေးတွေ အများကြီးတင်ခဲ့တယ်။ မကြာခဏ သူ့ကိုချစ်နေတဲ့လူတွေက လာရှာတယ်။

ကျွန်မကျင့်စဉ်စွမ်းအားက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့အဆင့်‌ရောက်လာအချိန်မှာ ဆရာက တစ်ခြားနေရာတွေကို သွားလည်မယ်လို့ အကြောင်းပြချက်ပေးပြီး သူ့ချစ်သူတွေကိုရှောင်ချင်လို့ ဘုံကျောင်းကထွက်သွားတယ်။

ဆရာထွက်သွားပြီဆိုတာသိတော့ သူ့ကိုကြိုက်နေတဲ့လူတွေလည်း သိပ်မလာကြတော့ဘူး။ ဘုံကျောင်းက တိတ်ဆိတ်ပြီး ကျွန်မတစ်ယောက်ပဲ ကျန်ခဲ့တယ်။

တစ်နေ့ ကျွန်မအခန်းထဲမှာ တရားထိုင်နေတုန်း ခြံထဲက ဝုန်းခနဲအသံကြားလို့ ထွက်ကြည့်တယ်။ သွေးသံရဲရဲလူတစ်ယောက် ခြံထဲလဲကျနေတာတွေ့တယ်။

ဘယ်လိုကျင့်စဉ်ပညာလေ့ကျင့်လဲတော့မသိဘူး။ သူ့ဒဏ်ရာတွေက တဖြေးဖြေးပြန်ပျောက်သွားတယ်။

သူသတိရလာတော့ အသံတိတ်နေတယ်။ ကျေးဇူးတင်ပါတယ်ဆိုတာတောင် မပြောဘူး။ ဘုံကျောင်းကနေလည်း ထွက်မသွားဘူး။

ကျွန်မလည်း သူ့ကိုမောင်းမထုတ်နိုင်တော့ ဒီအတိုင်းပဲနေခွင့်ပေးရတယ်။ နောက်တစ်လကြာတော့ သူ့ဒဏ်ရာတွေအားလုံးကောင်းသွားတယ်။

ရုတ်တရက် ကျွန်မလက်ကောက်ဝတ်ကို သူဆွဲပြီးပြောတယ်။ ကျွန်မကိုသဘောကျနေပြီတဲ့။ သူနဲ့အတူလိုက်ခဲ့ပါတဲ့။

သူ့နာမည် သူ့နောက်ခံတောင် ကျွန်မမသိဘူး။ သူကကျွန်မလက်ကို အတင်းဆွဲထားတော့ နာလာတယ်။ လွတ်အောင်ရုန်းပြီးတော့ ကျွန်မသူ့ကို ချက်ချင်းငြင်းလိုက်တယ်။

သူက မခိုးမခန့်ပြုံးတယ်။ သူ့ဘဝမှာ တစ်ခါမှ အငြင်းမခံခဲ့ရဖူးဘူး။ ကျွန်မက ပထမဆုံးလူပဲတဲ့။ ပြီးတော့ သူ့သဘောကျတဲ့လူဟာ ရွေးစရာနှစ်ခုပဲရှိတယ်။ သူ့ကိုပြန်ကြိုက်ရင်ကြိုက်။ မဟုတ်ရင် သေရတယ်တဲ့။

သူ့နောက်ကို မလိုက်ခဲ့ရင် ကျွန်မဆီကို လူသတ်သမားတွေ ဆက်တိုက်လွှတ်မယ်လို့ပြောတယ်။ ပြီးတော့ သူထွက်သွားတယ်။

သူတမင်ခြောက်သွားတာလာဘားလားတော့ သေချာမသိဘူး။ ဒါပေမယ့် သူ့စကားလုံးတွေကကြမ်းတော့ ကျွန်မကြောက်တယ်လေ။

ဒါကြောင့် ညတွင်းချင်းအထုပ်အပိုးပြင်တယ်။ လူစည်ကားတဲ့မြို့တစ်မြို့မှာနေရင် ကျွန်မဆီကို လူသတ်သမားတွေမလွှတ်ရဲလောက်ဘူးလို့ တွေးခဲ့တာ။

အဲလိုနဲ့ ချွန်ကျန်းမြို့ကို ကျွန်မရောက်လာတဲ့အချိန် ရှင်တို့နဲ့တွေ့တာပဲ"

"အတော်အတင့်ရဲတာပဲ"

မုန်ကျင်းကျိုး မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။

သူ့လိုကောင်းကင်ရုံးတော်ဂိုဏ်းမွေခံရော သူ့ဘေးမှ အရိုင်းအစိုင်းဂိုဏ်းသခင်လေးရော ထိုလုပ်ရပ်မျိုးမလုပ်။

"မိန်းကလေးဒေါင်း၊ စိတ်ချပါ။ ကျုပ်တို့ရှိနေရင် ဘယ်လူသတ်သမားမှ မင်းကိုဒုက္ခမပေးနိုင်ပါဘူး"

"အော်မီတော်ဖော်...အဖြစ်အပျက်က ဒီလိုလား။ ဒါဆိုမနေ့ညကလူသတ်သမားက ပထမဆုံးဖြစ်လောက်တယ်။ မိန်းကလေးဒေါင်းရဲ့အသက်ကိုယူဖို့ နောက်ထပ်ရောက်လာနိုင်သေးတယ်"

ရှီချန်းက စန္ဒကူးပုတီးတစ်ကုံး အင်္ကျီလက်ထဲမှထုတ်၍ ဒေါင်းကိုပေးသည်။

"ဒီပုတီးက ကျုပ်ရဲ့ဆုတောင်းကျမ်းစာတွေနဲ့ ကောင်းချီးပေးထားတာပါ။ နတ်ဝိညာဉ်အဆင့်တွေရဲ့ တိုက်ခိုက်မှုကို ဆယ့်ငါးမိနစ်လောက်ခံနိုင်တယ်။ အဲလိုတိုက်ခိုက်ရင် ကျုပ်လည်း အာရုံခံနိုင်တယ်။

လက်ခံလိုက်ပါ။ ဒါကမိန်းကလေးရဲ့ လုံခြုံရေးအတွက်ပါ"

"နတ်ဝိညာဉ်အဆင့်လား"

ဒေါင်း မျက်လုံးပြူးသွားသည်။

ထိုလက်ဆောင်မျိုးသည် ဝိညာဉ်ကျောက်များစွာ တန်ကြေးရှိလိမ့်မည့်။ သူ့ကိုယ်သူရောင်းလျှင်ပင် ထိုပစ္စည်းမျိုးဝယ်နိုင်မည်မဟုတ်။

"ကျွန်မ...ကျွန်မလက်မခံနိုင်ဘူး"

ရှီချန်းကနူးညံ့စွာပြုံး၍ ဒေါင်းလက်ထဲသို့ ထိုးထည့်ပေးသည်။

"ဗုဒ္ဓကပြောဖူးတယ်။ အသက်တစ်ချောင်းကယ်တာဟာ ဘုံကျောင်းခုနစ်ထပ်ဆောက်တာထက် ပိုကုသိုလ်ရတယ်တဲ့။

ကိုယ်တော်လည်း ဒီကုသိုလ် သေချာပေါက်ရမှာပါ။ မိန်းကလေးဘာမှပေးစရာမလိုပါဘူး။ နောက်ကို မကောင်းမှုရှောင်ပြီး ကောင်းမှုများများလုပ်ပါ။ အဲဒါဆို ကျေးဇူးပြန်ဆပ်တဲ့သဘောပါပဲ"

"ဒါဆိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ကိုယ်တော်"

ဒေါင်းက ပုတီးကို လက်ကိုင်ပဝါဖြင့် သေချာထုပ်၍ ရတနာတစ်ခုလို အင်္ကျီရင်ဘတ်ထဲ သိမ်းဆည်းလိုက်သည်။

"ဗုဒ္ဓဂိုဏ်းက ဆုလာဘ်ရတာ ဒါဒုတိယအကြိမ်ပဲ"

ဒေါင်းက ကျေနပ်စွာပြုံး၍ပြောသည်။

"ဒုတိယအကြိမ်..."

"ပထမဆုံးအကြိမ်က ကျွန်မအမေ ကျွန်မတို့ကိုပြောပြတဲ့ ပုံပြင်တစ်ပုဒ်ပါ။ ကျွန်မအရမ်းငယ်သေးတော့ မမှတ်မိဘူး။

အမ၊ အဲဒီပုံပြင်ကို အမတော့ မှတ်မိတယ်မဟုတ်လား"

"အင်း...အစပိုင်းမှာ အဖေနဲ့အမေက သားသမီးမရခဲ့တာ အချိန်အတော်ကြာတယ်။ နောက်တော့ "ရှေးဟောင်းတောအုပ်ဘုံကျောင်း"က ကျောင်းထိုင်ဘုန်းကြီးဟာ လူတွေကို ကလေးရအောင်ကူညီပေးတာ ကျွမ်းကျင်တယ်လို့ သူတို့ကြားတယ်။

ဒီတော့ အမေက ဘုံကျောင်းက ကျောင်းထိုင်ဆရာတော်ယုရှင်းနဲ့ သွားတွေ့တယ်။ ပြန်ရောက်လာတော့ အမေတကယ် ကိုယ်ဝန်ရလာတယ်။

ကျွန်မတို့နှစ်ယောက် မွေးလာတာ ဗုဒ္ဓကောင်းချီးပဲလို့ အမေက ခဏခဏပြောတယ်။ ဗုဒ္ဓပေးတဲ့ ဆုလာဘ်တဲ့။ ဒါကြောင့် ဗုဒ္ဓဂုဏ်ကျေးဇူးကို ပြန်ပေးဆပ်ဖို့ နောင်တစ်ချိန် ကောင်းမှုလုပ်ပြီးကုသိုလ်စုပါလို့ပြောတယ်။

ကျွန်မညီမပျောက်သွားတော့လည်း အမေက ဘုံကျောင်းကဆရာတော်ကို သွားရှာတယ်။ ဒါပေမယ့် ကံဆိုးတာက အဲဒီ့အချိန်မှာ ဆရာတော်ယုရှင်းက ကွယ်လွန်သွားပြီလေ"

လုယန်အမူအရာ ကြောင်တက်တက်ဖြစ်သွားသည်။

ဆရာတော်ယုရှင်း၏ ကလေးရဖို့ကူညီသည့်နည်းလမ်းသည် ထိုမျှအစွမ်းထက်လေသလော...

တရားဝင်နည်းလမ်းမှ ဟုတ်ပါလေစ....

လုယန် ရှီချန်းကို လှည့်မေးသည်။

"ရှေးဟောင်းတောအုပ်ဘုံကျောင်းနဲ့ ဆရာတော့ယုရှင်းအကြောင်း ကိုယ်တော်ကြားဖူးလား"

ရှီချန်းခေါင်းခါသည်။

"လောကမှာ ဘုံကျောင်းတွေက အများကြီးရှိတာပဲလေ။ အကုန်လုံးကို ကျုပ်ဘယ်မှတ်မိနိုင်မလဲ။ ဆရာတော်ယုရှင်းဆိုတာ တစ်ခါမျှမကြားဖူးဘူး။

လူမြင်ကွင်းမှာပုန်းနေတဲ့ အဆင့်မြင့်ဘုန်းကြီးတစ်ယောက်ဖြစ်နိုင်တယ်"

‌"ဒေါက် ဒေါက် ဒေါက်"

အခန်းတံခါးခေါက်သံပေါ်လာသည်။

"မိန်းကလေးဒေါင်းရှိလား"

ဒေါင်း ရင်ထိတ်သွားပြီး တံခါးကိုစိုက်ကြည့်နေသည်။

"ဘယ်သူလဲ"

"အစိုးရရုံးကပါ"

ဒေါင်းနားမလည်။ ပို၍ရင်ထိတ်လာသည်။

အစိုးရရုံးမှလူများက သူ့ဆီဘာကြောင့်လာသည်မသိ။

မနေ့ညကအမှုနှင့်ပတ်သက်၍ အားလုံးရှင်းပြခဲ့ပြီးဖြစ်သည်။

လုယန် ဝိညာဉ်အာရုံဖြန့်ကြည့်သည်။ တံခါးအပြင်ဘက်တွင် တကယ်အရာရှိစစ်သည်များရှိနေသည်။ အနည်းဆုံးတော့ အရာရှိဝတ်စုံဝတ်ထားသည်။

ကျင့်စဉ်အဆင့်များကလည်း မနိမ့်လှ။ အနည်းဆုံးရွှေသန္ဓေအဆင့်ရှိသည်။ သူတို့ထံမှ သွေးနံ့လည်း နည်းနည်းရသည်။ တစ်ယောက်ယောက်ကို သတ်ထားပြီးစဖြစ်မည်။

လုယန်က ဘာမှစိတ်မပူဖို့ တံခါးသွားဖွင့်ဖို့ ဒေါင်းကို မျက်လုံးဖြင့်အချက်ပြသည်။

ဒေါင်း တံခါးသွားဖွင့်သည်။ သူမရင်းနှီးသည့် အရာရှိများဖြစ်သည်။

အရာရှိများကလည်း အခန်းထဲတွင် လူငါးယောက်ရှိနေသည်ကိုမြင်သဖြင့် အံ့အားသင့်သွားကြသည်။

ဘာကြောင့်ထိုမျှလူများနေရသနည်း။

"မိန်းကလေးနှစ်ယောက်ထဲမှာ ဘယ်သူကဒေါင်းလဲ"

ခေါင်းဆောင်က ဖူလင်းနှင့်ဒေါင်းကို ခွဲခြားမသိ။ လူမှားသွားလျှင် ရှက်စရာဖြစ်မည်။

"ကျွန်မပါ။ ဘာကိစ္စရှိလို့လဲ"

ဒေါင်းက ခပ်တည်တည်ပြောသည်။

"ဒေါင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ပတ်သက်နေတယ်။ အပြင်ကိုခဏထွက်ခဲ့ပေးလို့ရမလား"

ဒေါင်းပို၍ရင်ထိတ်သွားသည်။ ခေါင်းကိုအတင်းခါသည်။

"ဒီမှာရှိတဲ့လူတွေအားလုံး ယုံကြည်ရပါတယ်။ ဒီမှာပြောလို့ရတယ်"

ခေါင်းဆောင်အရာရှိ ခဏတုံ့ဆိုင်းသွားပြီးနောက် ဒေါင်းဆန္ဒအတိုင်းလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

"ဒီလိုပါ။ မနေ့ညက လူသတ်သမားတွေပစ်မှတ်ထားခံရတယ်လို့ ခင်ဗျားအမှုတိုင်တုန်းကပြောတဲ့ အချက်အလက်တွေရယ် လူသတ်သမားပြောတဲ့ သူတို့နောက်ကွယ်ကလူနာမည်ရယ်ပေါ်မှာ အခြေခံပြီး အခြေအနေကို ညတွင်းချင်းသတင်းပို့တယ်။

အခု ဒီအချက်အလက်အရ ခင်‌ဗျားကိုသတ်ချင်တယ်ဆိုတဲ့လူကို တွေ့ထားပြီ။ နယ်စားမင်းက ဒီကိစ္စကို ပြင်းထန်တဲ့ခြိမ်းခြောက်မှုလို့ သတ်မှတ်ပြီး ကျုပ်တို့ကို ချက်ချင်းလှုပ်ရှားခိုင်းတယ်။

ခုနကပဲ မြို့ထဲက ပူးပေါင်းလှုပ်ရှားမှုတစ်ခုမှာ ဒီလူပုန်းနေတဲ့စခန်းနေရာကို ဝင်စီးပြီး သူ့ကိုဖမ်းခဲ့တယ်။

ဝိညာဉ်ပြောင်းအဆင့်သုံးယောက်၊ နတ်ဝိညာဉ်အဆင့်ဆယ့်ငါးယောက်နဲ့ ရွှေသန္ဓေအဆင့်တွေအများကြီး ပါဝင်လှုပ်ရှားခဲ့တာ။

အခု မိန်းကလေးဒေါင်းဆီမှာ လာပြီးအတည်ပြုတာပါ။ ခြိမ်းခြောက်တဲ့လူက ဒီလူလား"

အရာရှိက အင်္ကျီရင်ဘတ်ထဲမှာ စာရွက်တစ်ရွက်ဆဲထုတ်သည်။ ရုပ်ရည်ခန့်ငြားပြီး နည်းနည်းရက်စက်မည့်ဟန်မျိုးရှိသည့် လူတစ်ယောက်၏ပန်းချီပုံဖြစ်သည်။

ဒေါင်း "..."

ရှင်တို့ ရုံးတော်အရာရှိတွေအလုပ်လုပ်တာ တကယ်မြန်တာပဲ...

***********************************

All Chapters