← Chapters

သိုင်းပညာသင်ခြင်း

Vol. 45 Ch. 663

သိုင်းပညာသင်ခြင်း

Vol. 45 Ch. 663

ချန်ကျန်းမြို့တော်အစိုးရရုံး၏ ကြေညာချက်။

ပြီးခဲ့သည့်ရက်ပိုင်းက မိန်းကလေးဒေါင်းကို လူသတ်သမားတစ်ယောက်က တိုက်ခိုက်သည်။

တော်ဝင်လမ်းကျင့်ကြံသူသုံးယောက်က ရဲဝံ့စွာလှုပ်ရှားပြီး လူသတ်သမားကိုဖမ်းခဲ့သည်။ ယုတ်ညံ့သည့်တိုက်ခိုက်မှုကို ကာကွယ်ခဲ့သည်။

မိန်းကလေးဒေါင်း ထိခိုက်ဒဏ်ရာမရခဲ့။

စစ်ဆေးမေးမြန်းချက်အရ ဤအကြမ်းဖက်မှုသည် အချစ်စိတ်ကြောင့်ဖြစ်သည့် ရာဇဝတ်မှုတစ်ခုဖြစ်သည်။

လူသတ်သမားပေးသည့် သဲလွန်စများပေါ်အခြေခံ၍ ရုံးတော်က ချက်ချင်းစုံစမ်းစစ်ဆေးသည်။ သက်ဆိုင်ရာအထောက်အထားများကို သိမ်းဆည်းသည်။

"ညနန်းဆောင်"ဟူသည့် လူသတ်အဖွဲ့အစည်းနောက်သို့ ခြေရာခံလိုက်သည်။ သက်ဆိုင်ရာအဖွဲ့ဝင်အားလုံး ယခု ဖမ်းဆီးထားသည်။

ထိုအကြမ်းဖမ်းမှုကို စီစဉ်သူ၊ လူသတ်အဖွဲ့အစည်းခေါင်းဆောင်သည် ယဲ့မျိုးရိုး မဟာယုကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ကျင့်စဉ်ပြန်စသူဖြစ်သည်။

ညနန်းဆောင်ဒုဂိုဏ်းချုပ်ဖန်ကို အားကိုး၍ ယဲ့မျိုးရိုးက မောက်မာရိုင်းစိုင်းခဲ့သည်။ ယခု အစိုးရရုံးတော်က ဒုဂိုဏ်းချုပ်ဖန်ကို ဖမ်းလိုက်ပြီးဖြစ်သည်။

ယဲ့မျိုးရိုးက သူ့ပြစ်မှုများကို ဝန်ခံသည်။

သူ့ထွက်ဆိုချက်အရ ညနန်း‌ဆောင်သည် အကြမ်းဖက်လူသတ်မှုများစွာနှင့် ဆက်စပ်နေသည်။ ပြင်းထန်သည့်တရားစီရင်မှုများ ရင်ဆိုင်ရမည်။

...........

မနက်စောစော ချန်ကျန်းမြို့အစိုးရရုံးတော်ဝင်ပေါက်နှင့် မြို့တော်ဂိတ်တံခါးတိုတွင် မနေ့ညကကိစ္စနှင့်ပတ်သက်၍ ကြေညာချက်များကပ်ထားသည်။

မြို့သူမြို့သားများ ဝိုင်းအုံစုရုံးပြီး အကျိတ်အနယ်ဆွေးနွေးနေသည်။

ဘယ်လောက်ကောင်းကောင်းကြိုတင်ပြင်ဆင်ထားသည်ဖြစ်စေ စုစည်းခြင်းအဆင့်သုံးယောက်က ဝိုင်းဖမ်းသည့်ဆူညံသံကို ထိန်းထားဖို့မလွယ်။

"ဖမ်းမိတာကောင်းတယ်။ ဒီရှေးဟောင်းကျင့်ကြံသူတွေက တကယ်ရမ်းကားတာကွ"

"လာပြန်ပြီလား ရှေးဟောင်းကျင့်ကြံသူတွေ။ ဆုံးကိုမဆုံးနိုင်တော့ဘူး။ ငါ့သဘောအရတော့ ‌စောစောစီးစီးအားလုံးကို သတ်ပစ်လိုက်တာကောင်းတယ်။ အရမ်းဒုက္ခပေးတဲ့ကောင်တွေ"

"မနှစ်က ဟန်ရွှေ့မြို့တော်ကိစ္စလည်း ရှေးဟောင်းကျင့်ကြံသူတွေလုပ်တာလို့ကြားတယ်"

"ဟန်ရွှေ့မြို့ကိစ္စက တကယ့်နာမည်ကြီးပဲ။ ကူးဖြတ်ခြင်းအဆင့်ရှေးဟောင်းကျင့်ကြံသူ သုံးယောက်တောင်ပါတာ။ အဲဒီဖြစ်ရပ်နဲ့တော့ ယှဉ်လို့မရသေးပါဘူး"

လုယန်တို့သုံးယောက် မြို့မှထွက်ကြချိန်တွင် ဂိတ်တံခါးမှ ကြေညာချက်များကို မြင်သည်။

"အကိုတော်တို့။ ညနန်းဆောင်ဆိုတာကို ကြားဖူးလား"

ရှီချန်းက ရှေး‌ဟောင်းကျင့်ကြံသူများ အဖွဲ့အစည်းများအကြောင်း သိပ်မသိ။

သို့သော် လုယန်က ရှေးခေတ်ကိစ္စများ နှံ့စပ်သည်။

"ညနန်းဆောင်ဆိုတာ မဟာယုအလယ်ခေတ်မှာတည်ထောင်ခဲ့တဲ့ လုပ်ကြံရေးဂိုဏ်းပါ။ ဂိုဏ်းတည်ထောင်သူနာမည်က ယဲ့ရှောက်တဲ့။

အဲဒီတုန်းက အင်ပါယာနဲ့ နိုင်ငံ့ဆရာ ဩဇာပြိုင်နေတဲ့အချိန်လေ။ အဆင့်မြင့်ကျင့်ကြံသူတွေရဲ့ ထောက်ခံမှုရဖို့ ကြိုးစားနေကြတာ။ အင်ပါယာက ညနန်းဆောင်ကို အတော်အလေးပေးခဲ့တယ်။

ယဲ့ရှောက်ပျောက်သွားတော့ ညနန်းဆောင်က ခေါင်းဆောင်သုံးဆက်ကျော်တဲ့အခါ သိသိသာသာ အင်အားလျော့သွားတယ်။ နောက်ဆုံး တက်သစ်စလူသတ်ဂိုဏ်းတစ်ခုက နေရာယူသွားတယ်"

လုယန် မနေ့ညက စစ်ဆေးမေးမြန်းမှုအားလုံးကို နားထောင်ခဲ့သည်။

ယဲ့ရှောက်သည် တကယ်မောက်မာနိုင်လောက်သည့်လူဖြစ်သည်။

အမြင့်ဆုံး ဝိညာဉ်ပြောင်းအဆင့်သာရှိသည့် အနီးအနားမြို့များတွင် သူလှုပ်ရှားသည်။

စုစည်းခြင်းအဆင့် ဒုဂိုဏ်းချုပ်ဖန်ရှိနေသဖြင့် သူအတော်လေးလုံခြုံဘေးကင်းသည်။

ယဲ့ရှောက်စုံစမ်းချက်အရ အရင်က မဟာရှားသည် ကျင့်စဉ်ပြန်စသည့် ရှေးဟောင်းကျင့်ကြံသူများကို တစ်ခါမှမဖမ်းဖူး။

စုစည်းခြင်းအဆင့်တစ်ချို့ကို ဖမ်းခဲ့သည်။ သို့သော် ထိုရှေးဟောင်းကျင့်ကြံသူများက ပေါ်ပေါ်ထင်ထင်လှုပ်ရှားသောကြောင့်ဖြစ်သည်။ အထူးသဖြင့် မဟာရှားစုစည်းခြင်းအဆင့်များကိုစော်ကား၍ဖြစ်သည်။

သူက အဆင့်နိမ့်ကျင့်ကြံသူများကိုသာ ပစ်မှတ်ထားသည်။

မဟာယုခေတ်တွင်ကျင်လည်ခဲ့သည့် သူ့အတွေ့အကြုံအရ သူတို့အင်အားသည့် နတ်ဝိညာဉ်အဆင့်သာရှိသည်ဟု မဟာရှားကတွေးမည်။ သူတို့ကိုဖမ်းဖို့ အလွန်ဆုံး နတ်ဝိညာဉ်အဆင့်လောက်သာ စေလွှတ်မည်။

လေဟာနယ်အဆင့် စုစည်းခြင်းအဆင့်များ လွှတ်မည်မဟုတ်။

သို့သော် ဤတစ်ကြိမ်က မတူတော့။

ချီအဆင့်မိန်းကလေးတစ်ယောက်ကို သဘောကျပြီး ငြင်းပယ်ခံရသဖြင့် ချီအဆင့်လူသတ်သမားတစ်ယောက်ကို သူသွားသတ်ခိုင်းလိုက်သည်။

ထိုလူသတ်သမားကြောင့် မဟာရှားက ဝိညာဉ်ပြောင်းအဆင့်သုံးယောက်လျှို့ဝှက်လွှတ်လိုက်သည်။ အခမဲ့တာဝန်ထမ်းကြသလားဟု ထင်ရလောက်သည်။

တစ်ယောက်လျော့လျှင်ပင် ဒုဂိုဏ်းချုပ် လွတ်မြောက်ခဲ့နိုင်သည်။

ထာဝရနတ်မယ်၏ သိစိတ်အာရုံကြောင့် လုယန်က တစ်ခြားလူများထက်ပင် ပိုသိသည်။

မနေ့ညက စုစည်းခြင်းအဆင့်သုံးယောက်သာ လူလုံးထွက်ပြခဲ့သည်။ ဆက်မျှားခေါ်ဖို့ ရည်ရွယ်ထားသောကြောင့်ဖြစ်သည်။

စုစည်းခြင်းအဆင့်များကို စေလွှတ်ခြင်းသည် မတိုက်ခိုက်ရလျှင်ပင် အခကြေးငွေတော့ ပေးရသည်။

မဟာရှားက ယွီကျိုးတွင် မကောင်းဆိုးဝါးများကို အဖြစ်ပြုတ်သုတ်သင်ဖို့ ရန်ပုံငွေများစွာခွဲဝေပေးထားသည်။ ငွေမသုံးနိုင်စရာအကြောင်းမရှိ။

ထို့ပြင် အနက်ရောင်အဖွဲ့အစည်းများဆိုသည်က ပေါ်ခဲလှသည်။ နှစ်အတော်ကြာသည့်တိုင် ကြုံရခဲသည်။

အချိန်အကန့်အသတ်ကြောင့်သာမဟုတ်လျှင် နယ်စားမင်းက ကူးဖြတ်ခြင်းအဆင့်တစ်ယောက်လွှတ်ဖို့ပင် စဉ်းစားခဲ့သည်။

ညနန်းဆောင်ကို သူတို့အထင်ကြီးမိလွန်းသွားသည်။ တကယ့်လက်တွေ့တွင် စုစည်းခြင်းအဆင့်တစ်ယောက်သာရှိသည်။

........

"ရှီချန်းကို သင်ပြပေးမယ့်အတွက် ကြိုတင်ပြီးကျေးဇူးတင်ပါတယ် အကိုတော်တို့"

မနေ့ညက ရုံးတော်တွင်ရှိနေစဉ် တစ်ကိုယ်တော်ကျိန်စာလက်သီးနှင့် အရဟတ်လက်သီးကို သင်လိုကြောင်း ရှီချန်းက တောင်းဆိုခဲ့သည်။ လုယန်တို့ကလည်း သဘောတူသည်။

"အကိုတို့က သန့်စင်ယန်သွေးစက်လက်ဆောင်ပေးတယ်။ လက်သီးပညာတွေသင်ပေးတယ်။ ကျုပ်မှာ ကျေးဇူးပြန်ဆပ်စရာနည်းလမ်း မရှိတော့ပါဘူး။

ကျုပ်သင်ထားတာတွေအားလုံးက ကျုပ်ဆရာလက်ဆင့်ကမ်းခဲ့တဲ့ ဗုဒ္ဓဂိုဏ်းပညာရပ်တွေပဲရှိတာ ဆိုးတာပဲ။ ဂိုဏ်းရဲ့ခွင့်ပြုချက်မရှိဘဲ မျှဝေလို့မရဘူး။

မှော်ပညာဖန်တီးတဲ့နေရာမှာတော့ ကျုပ်ကအကိုတို့ကိုမီဖို့ အဝေးကြီးပါ။ နောင်တစ်ချိန်အခွင့်ကြုံရင် ဒီကျေးဇူးကို သေချာပေါက်ပြန်ဆပ်ပါ့မယ်"

လုယန်က ရယ်မောလျက် ရှီချန်းပုခုံးကို ပုတ်လိုက်သည်။

"ငါတို့အားလုံး မသေမျိုးဂိုဏ်းတပည့်တွေပဲ။ အဲဒါတွေစိတ်ထဲထားမနေပါနဲ့။...ဒါနဲ့ဒီနေ့ ငွေရှာဖို့ ဆိုင်ဆက်မဖွင့်တော့ဘူးလား"

ရှီချန်း ခေါင်းခါသည်။

"ဒကာကျုန်းမင်က ကျုပ်ကို ငွေပြားငါးရာပေးထားတယ်လေ။ နွေဦးရနံ့အိမ်တော်ကို သွားဖို့လုံလောက်ပါပြီ"

"ဒီတစ်ခါ ကိုယ်တော်လေ့ကျင့်နိုင်မှာလား"

"အောင်မြင်မယ်မအောင်မြင်ဘူးဆိုတာ ကြည့်ရဦးမှာပေါ့။ ဒါပေမယ့် အောင်မြင်ရမယ်လို့ စိတ်နှစ်ထားပါတယ်"

သူတို့သုံးယောက်လုံး နတ်ဝိညာဉ်အဆင့်များဖြစ်သည်။ လက်သီးတစ်ချက်ထိုးရုံဖြင့် အိမ်လေးငါးလုံး ပြိုကျသွားနိုင်သည်။

မြို့တော်ထဲတွင် လက်သီးသိုင်းလေ့ကျင့်ဖို့အဆင်မပြေ။ ထို့ကြောင့် မြို့ပြင်သို့ထွက်ကြသည်။

"ဒီနေရာမှာလုပ်ကြမယ်"

လူသူမရှိသည့် နေရာလွတ်တစ်ခုတွေ့ကြသည်။ လမ်းသွားလမ်းလာများကိုလည်း မထိခိုက်နိုင်သည့်နေရာဖြစ်သည်။

လုယန်အရင်စသည်။

"ကြိုပြောထားမယ်နော်။ ကျုပ်ရဲ့အရဟတ်လက်သီးက ဘာကြောင့်ဆံပင်ကျွတ်လဲဆိုတာ မသိဘူး။

ကိုယ်တော်ကြည့်ဖို့ လေးငါးကြိမ်သရုပ်ပြပေးတာလောက်ပဲ တတ်နိုင်မှာ"

"အဲဒါဆို လုံလောက်ပါတယ်"

ရှီချန်း အရဟတ်လက်သီးပညာကို သိပါသည်။ လုယန်၏အရဟတ်လက်သီးနှင့် ပုံမှန်အရဟတ်လက်သီးကြားမှ ကွာဟချက်ကိုသာ နားလည်လိုခြင်းဖြစ်သည်။

လုယန် သိုင်းဟန်ခင်း၍ လက်သီးပညာကို ကစားပြသည်။

လက်သီးချက်တိုင်းက အားကောင်းသည်။ ဗုဒ္ဓကျမ်းရွတ်သံ မသဲမကွဲထွက်နေသည်။ အရဟတ်လက်သီးကို အဆင့်မြင့်မြင့် ကျင့်ကြံနိုင်ခဲ့သည့် လက္ခဏာဖြစ်သည်။

ရှီချန်း သေချာကြည့်နေသည်။

လုယန် သရုပ်ပြမှုပြီးသွားသည်။

"ဘယ်လိုလဲ"

ရှီချန်းခေါင်းခါသည်။

"ကျုပ်ပါရမီက ထုံထိုင်းတယ်။ ဘာကွဲပြားချက်မှ မမြင်မိဘူး"

"ငါ့အလှည့်ရောက်ပြီ။ ငါကြိုးစားကြည့်မယ်"

တစ်ခြားတစ်ယောက်ကို တစ်ကိုယ်တော်ကျိန်စာလက်သီးပညာ သင်ပေးရတော့မည်ဖြစ်၍ မုန်ကျင်းကျိူးက စိတ်အားထက်သန်နေသည်။ လူတိုင်းထိုပညာတတ်သွားလျှင် အကောင်းဆုံးဖြစ်သည်။

အချင်းချင်း ထိုလက်သီးပညာဖြင့် လေ့ကျင့်ကြ တိုက်ခိုက်ကြလျှင် အားလုံးတစ်ကိုယ်တော်ဘဝရောက်လာမည်။ စံပြလောကတစ်ခု ဖန်တီးနိုင်လာမည်။

"ဒီတစ်ကိုယ်တော်ကျိန်စာလက်သီးက တစ်ကိုယ်တော်ဝိညာဉ်မြစ်သွေးဆက်ကနေ အခြေခံတာ။ တစ်ခြားလူတွေ လေ့လာနိုင်မလားဆိုတာတော့ သေချာမသိဘူး။ ကြိုပြောထားတာပါ"

"ကျုပ်နားလည်ပါတယ်"

မုန်ကျင်းကျိုး သရုပ်ပြသည်။ ပညာရပ်၏သက်ရောက်မှုကို ဘေးဖယ်ထားဦး။ လက်သီးစွမ်းအားတစ်ခုတည်းကပင် အရဟတ်လက်သီးနှင့် တန်းတူအဆင့်ရှိသည်။

ရှီချန်း နဖူးကြောရှုံ့နေသည်။ တစ်ကိုယ်‌တော်လက်သီးနှင့်ပတ်သက်၍ သဲလွန်စတစ်ချို့ရသည်။

ကြောင်းကျိုးဆက်စပ်မှုစွမ်းအားပါသည်။ လေ့ကျင့်သူ၏ အာရုံခံစားနိုင်စွမ်း များစွာလိုသည်။

"ဘယ်လိုလဲ"

"ကြောင်းကျိုးဆက်စပ်မှုစွမ်းအားပါတယ်။ လေ့ကျင့်တဲ့လူရဲ့ကံလည်းလိုတယ်။ ကျုပ်က အကိုမုန်လို ထူးခြားအခြေအနေရှိတဲ့ပါရမီရှင်မဟုတ်တော့ သင်ယူဖို့ခက်ခဲမယ်ထင်တယ်"

မုန်ကျင်းကျိုး "..."

နေရာရှင်းပြီး လက်ရည်ယှဉ်ကြည့်ရအောင်။ ထူးခြားအခြေအနေဆိုတာ ဘာစကားလဲကွ။

ရှီချန်း တစ်နေကုန်လေ့လာသော်လည်း နောင်တဖြင့်သာအဆုံးသတ်ရသည်။

......

နောက်သုံးရက်အကြာတွင် ရှီချန်း စွမ်းအင်နှင့်စွမ်းအားပြည့်လာသည်။ နောက်တစ်ကြိမ် ယန်သွေးစက်နှစ်ဆယ် မျိုချသည်။ စိတ်ငြိမ်မန္တာန်ရွတ်၍ ကြည်လင်တည်ငြိမ်သည့်ဟန်ပန်ဖြင့် ဆောင်ကြာမြိုင်ထဲသို့ ဝင်သွားသည်။

ရလာဒ်သိလိုသဖြင့် လုယန်နှင့်မုန်ကျင်းကျိုးတို့ တည်းခိုခန်းတွင် စောင့်နေသည်။

ညမိုးချုပ်ကတည်းက ဝင်သွားပြီး မနက်စောစောမှ ရှီချန်းပြန်ရောက်လာသည်။

အပြန်လမ်းတစ်လျှောက်တွင်လည်း အသွားတုန်းကလိုပင် စိတ်ငြိမ်မန္တာန်ကို အဆက်မပြတ်ရွတ်ဆိုလာသည်။

လုယန်တို့နှစ်ယောက် အံ့အားသင့်သွားသည်။ ဤတစ်ကြိမ် အချိန်ပိုကြာသည်။ တစ်ညလုံး သည်းခံနိုင်ခဲ့သလားမသိ။

"အောင်မြင်ခဲ့လား"

ရှီချန်း မန္တာန်ရပ်ပြီး အလေးအနက်လေသံဖြင့်

"ကျုပ်မန္တာန်ရွတ်တယ်။ စိတ်ကိုကြည်လင်ရှင်းလင်းအောင် ထိန်းထားတယ်။ သန်းခေါင်းကျော်တော့ ဒကာမတွေက သူတို့အစွမ်းအစတွေ အကုန်ထုတ်သုံးကြတယ်။ ကျုပ်ရဲ့စိတ်တည်ငြိမ်မှု ပျက်စီးသွားတယ်"

လုယန် "..."

ရှီချန်းထပ်ပြောသည်။

"ဒါပေမယ့် ဒီတစ်ကြိမ် အများကြီးအကျိုးရှိပါတယ်"

မုန်ကျင်းကျိုး စိတ်ဝင်စားသွားသည်။

"ဘယ်လိုအကျိုးရှိတာလဲ"

"အရင်ကထက် ပိုပြီးခံနိုင်ရည်ရှိလာတယ်လေ"

***********************************

All Chapters