မဟာသုခ
Vol. 45 Ch. 664
"တာအိုလမ်းစဉ်ဂိုဏ်းမှာ မုန်ကျင်းကျိုးဆိုတဲ့ ပါရမီရှင်တစ်ယောက်ရှိတယ်။ အဲဒီ့မုန်ကျင်းကျိုးဟာ ထူးခြားတယ်။ လောကရဲ့နံပတ်တစ် နာမည်အကျော်ဆုံးမိသားစုဖြစ်တဲ့ မုန်မိသားစုရဲ့ အမွေခံပဲ။
ကျင့်ကြံမှုလောကမှာ မုန်သခင်လေးလို့ ခေါ်ကြတယ်။ သူ့ပါရမီကတော့ သိပ်ပြောဖို့မလိုတော့ဘူး။ တစ်သန်းမှာတစ်ယောက်တွေ့ရခဲတဲ့ တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်လေ။
သာမန်လူတစ်ယောက်သာ ဒီလိုပါရမီ၊ ဒီလိုနောက်ခံမျိုးရှိရင် နောက်ထပ်တိုးတက်ဖို့မကြိုးစားဘဲ ဒီအတိုင်းဇိမ်ကျကျနေမှာပေါ့။
ဒါပေမယ့်မုန်သခင်လေးက အဲလိုမဟုတ်ဘူး။ မုန်မိသားစုရဲ့ ဇိမ်ကျတဲ့ဘဝကို စွန့်လွှတ်ပြီး တာအိုလမ်းစဉ်ဂိုဏ်းကိုလာတယ်။ ဂိုဏ်းရဲ့ စမ်းသပ်မှုမျိုးစုံကိုဖြတ်ကျော်ပြီးတော့ နောက်ဆုံးမှာ ဂိုဏ်းတပည့်ဖြစ်လာတယ်။
ပြင်ပအထောက်အပံ့တွေ သူအားမကိုးဘူး။ မသေမျိုးလမ်းစဉ်ကို စိတ်နှစ်ကိုယ်နှစ်ကြိုးစားတယ်။ သူ့စိတ်ဓာတ်က သံမဏိလိုမာကျောတယ်။ တကယ်လေးစားစရာပါပဲ။
တစ်နေ့မှာ မုန်သခင်လေး ဂိုဏ်းတာဝန်နဲ့ခရီးတစ်ခုထွက်တယ်။ မသေမျိုးဂိုဏ်းက မိန်းကလေးတပည့်တစ်ယောက်နဲ့အတူတူပေါ့။
သူတို့နှစ်ယောက် မြွေနတ်ဆိုးတစ်ကောင်နောက်ကို မိုင်းပေါင်းထောင်ချီ လိုက်ကြတယ်။ သုံးကြိမ်သုံးခါ တိုက်ပွဲဖြစ်တယ်။ နောက်ဆုံး ပိုင်ရွှေ့ရေကန်မှာ မြွေနတ်ဆိုးကို သတ်နိုင်ခဲ့တယ်။
အဲဒီမြွေနတ်ဆိုးက တော်ရုံနဲ့ သတ်ဖို့မလွယ်ဘူး။ ပိုင်ရွှေ့ရေကန်မှာ တိုက်ပွဲဖြစ်တယ်။ မြွေနတ်ဆိုးကလည်း အတင်းပြန်တိုက်ခိုက်တယ်။ မြွေနတ်ဆိုးကိုသတ်လိုက်တော့ ရမ္မက်အဆိပ်ငွေ့တွေတယ်။
မသေမျိုးဂိုဏ်းပါရမီရှင်နှစ်ယောက် ရှောင်ဖို့ခက်သွားတယ်။ မုန်သခင်လေးက မိန်းကလေးကို တွန်းထုတ်ပြီး သူပဲအဆိပ်မိခံတယ်။
သူ့စိတ်ဓာတ်က အရှုံးမပေးတဲ့စိတ်ဓာတ်၊ မိန်းကလှအာရုံကိုတွေ့လည်း နည်းနည်းလေးမှ စိတ်ယိုင်မသွားဘူး။ သူ့ဆန္ဒကိုဖွင့်ထုတ်မယ့်အစား တစ်ကိုယ်လုံးရောင်ကိုင်းပြီး မြွေဆိပ်အမိခံတယ်။
နောက်ဆုံးတော့ မုန်သခင်လေးက ခိုင်မာတဲ့စိတ်ဓာတ်တစ်ခုတည်းနဲ့ ရမ္မက်အဆိပ်ကို ကျော်လွှားနိုင်ခဲ့ပါတယ်"
အသစ်ပေါ်လာသည့် ကျင်းမျိုးရိုး ပုံပြောသူတစ်ယောက်ဖြစ်သည်။
'တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ'ပုံပြင်ကို ပြောလေ့ရှိသည့် သူ့ထက်အရင်ပုံပြောဆရာသည် အသက်အရွယ်အိုမင်းလာသဖြင့် သူ့ကိုလက်ဆက်ကမ်းအမွေပေးခဲ့ခြင်းဖြစ်သည်ဟု ကောလဟာလကြားရသည်။
သို့သော် ကောလဟာလသာဖြစ်သည်။ ပုံပြောသူ ကျင်းမျိုးရိုးကလည်း ထိုအချက်ကို အထပ်ထပ်ငြင်းသည်။
သို့သော် ကျင်းမျိုးရိုးသည် အရင်ပုံပြောဆရာကို အမွေခံနိုင်သည့် အရည်အချင်းမျိုး တကယ်ရှိသည်။ သူ့ပုံပြင်များက ဖမ်းစားနိုင်စွမ်းရှိသည်။ များစွာချီးကျူးအားပေးကြသည်။ အရင်ပုံပြောဆရာပြီးလျှင် သူသာအကောင်းဆုံးဖြစ်သည်။
"နောက်ပိုင်းဘာဆက်ဖြစ်လဲဆိုတာကိုတော့ နောက်တစ်ပိုင်းမှ ဆက်နားထောင်ကြပါခင်ဗျာ"
ကျိုးမျိုးရိုးပုံပြောဆရာက ဝါးတုတ်ကိုတီး၍ ယနေ့ပုံပြောသည့်အပိုင်း ပြီးဆုံးကြောင်း အချက်ပြသည်။
တရုတ်ဝတ်စုံနှင့် ပျော်ရွှင်ကြည်နူးနေသည့် ကျင်းမျိုးရိုးက စင်နောက်ဖေးမှ တာအိုရှင်ဝစီပိတ်ဆီ အပြေးသွားသည်။
"ကျုပ်ပြောတာဘယ်လိုနေလဲ အကိုကြီး"
ဝစီပိတ်က မြင်းမြီးကြာပွတ်ကိုကိုင်၍ အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်ထားသည်။ လက်ထဲမှလက်ဖက်ရည်ခွက်ကိုချပြီး ခပ်အေးအေးပြောသည်။
"မဆိုးပါဘူး။ မင်းတိုးတက်လာပြီပဲ။ မင်းက ဒီအပိုင်းမှာ ပါရမီပါလာပုံရတယ်။ မှန်မှန်ကန်ကန်လေ့ကျင့်ဖို့ အခွင့်အရေးမရခဲ့လို့သာ မင်းအပြောစွမ်းရည်မတိုးတက်ခဲ့တာပါ"
"ကျုပ်ကို လေ့ကျင့်သင်ကြားပေးခဲ့တာ ကျေးဇူးတင်ပါတယ်အကိုကြီး"
ကျင်းမျိုးရိုး ချုန်းချီခေါင်းဆောင်က ဝစီပိတ်ကို ကျေးဇူးတင်သည့်အကြည့်ဖြင့်ကြည့်သည်။
ဝစီပိတ်မရှိဘဲ ယနေ့လိုအဆင့်ထိ သူရောက်လာမည်မဟုတ်။
ယခု မုန်ကျင်းကျိုးအကြောင်း ဂုဏ်တင်ပေးဖို့ သူအာရုံစိုက်နေသည်။ ထိုသို့လုပ်လျှင် သူ့အကြွေးဆပ်ချိန်၌ မုန်မိသားစုထံမှ ပို၍သက်ညှာခွင့်ရနိုင်သည်။
"ဒါပေမယ့် မင်းလေ့ကျင့်ဖို့လိုတဲ့အပိုင်းတွေ ရှိသေးတယ်"
"လမ်းညွှန်ပေးပါ အကိုကြီး"
"အခြေအနေကိုလိုက်ပြီး လိုသလိုပြောင်းလဲနိုင်စွမ်း လိုနေသေးတယ်။ ဒီအပိုင်းကိုလေ့ကျင့်ဖို့ တန်ဖိုးတစ်ခုတော့ မင်းပေးဆပ်ရမယ်"
ချုန်းချီခေါင်းဆောင်အမူအရာက ပြတ်သားသည်။
"အကိုကြီး၊ ကျုပ်တိုးတက်လာဖို့ ဘယ်လိုတန်ဖိုးမဆို ပေးဆပ်ချင်ပါတယ်"
သူ့စိတ်ဓာတ်ကို ဝစီပိတ်သဘောကျသွားသည်။
အောင်မြင်မှုကြီးကြီးရလိုသူသည် နောက်မတွန့်ရ။
"ဒါဆို လူတွေကိုလှည့်စားဖို့ ငါနဲ့အတူလိုက်ခဲ့ပါ။ အရင်က ငါတို့တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးယောက် ကိုးငရဲဂိုဏ်းကို လှည့်စားနိုင်ခဲ့တာဟာ သူများတွေကို နှစ်ပေါင်းများစွာ လှည့်စားပြီးရလာတဲ့စွမ်းရည်တွေကြောင့်ပဲ"
ချုန်းချီခေါင်းဆောင် စိတ်ထဲစွဲနေအောင်မှတ်ထားသည်။ ဘယ်လိုပြောပြော သူသည် ပထမဆုံး အလိမ်ခံခဲ့ရသူဖြစ်သည်။
"'ပမာဏအလွန်များပြားသည့် လိမ်လည်မှု'ဆိုတဲ့ ဥပဒေပုဒ်မကို မှတ်ထားပါ။ ဒါက နောက်ဆုံးစည်းပဲ"
ဝစီပိတ်လေသံက အလွန်လေးနက်တည်ကြည်နေသဖြင့် ချုန်းချီခေါင်းဆောင် စိုးရိမ်လာပြီး တံတွေးတစ်ချက်မျိုချသည်။
"အဲဒီစည်းကိုကျော်မိရင်ရော"
"ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျလိမ့်မယ်"
ချုန်းချီခေါင်းဆောင် ဉာဏ်အလင်းရသွားဟန်ဖြင့် အလေးအနက်ခေါင်းငြိမ့်သည်။
"မှတ်ထားပါ့မယ်"
"ပမာဏအလွန်များပြားသည့် လိမ်လည်မှုဆိုတာနဲ့ပတ်သက်ပြီး နယ်မြေအမျိုးမျိုးမှာ သတ်မှတ်ချက်အမျိုးမျိုးရှိတယ်။ ငါမင်းကို တစ်ခုချင်းပြောပြပါမယ်"
"လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ် အကိုကြီး"
သူတို့ဆက်ဆွေးနွေးရန်ပြင်နေစဉ် ရုတ်တရက် ကပ်ဆိုးတစ်ခုချဉ်းကပ်လာသလို၊ ထက်မြက်သည့်ဓားသွားတစ်ခု သူတို့လည်ပင်းပေါ်တင်ထားခံရပြီး အချိန်မရွေးခေါင်းပြတ်သွားတော့မလို ခံစားနေရသည်။
အလွန်ကြီးမားသည့် အန္တရာယ်ဖြစ်သည်။
စည်းကားနေသည်လမ်းများ၊ သွားလာနေသည့်လူများ၊ ဈေးသည်တို့၏အော်သံများ၊ ကလေးများလက်မှ လွတ်ကျသွားသည့် တုတ်ထိုးသကြားလုံးများ...
အားလုံးနှေးကွေးသွားသယောင်ရှိသည်။ လောကတစ်ခုလုံး အချိန်လည်ပတ်မှု နှေးသွားသယောင်ရှိသည်။
လှပသည့်သဏ္ဍာန်တစ်ခုသာ ထူးထူးခြားခြားဖြစ်နေသည်။ ပုံမှန်ခြေလှမ်းဖြင့် အေးအေးလူလူချဉ်းကပ်လာသည်။
ထိုသဏ္ဌာန်က တုတ်ထိုးသကြားလုံးကို ကလေးလက်ထဲသို့ ပြန်ထည့်ပေးပြီး ဝစီပိတ်တို့နှစ်ယောက်ရှေ့တွင် ရပ်လိုက်သည်။
"ဒီမြို့ကဖြတ်သွားရင်း ငါချန်ထားခဲ့တဲ့ ဝိညာဉ်တံဆိပ်ကို ခံစားမိလို့ လာကြည့်တာပါ။ မထင်မှတ်ဘဲ ကံကောင်းသွားမယ်လို့ မထင်မိဘူး"
"ဖီးနစ်...ဖီးနစ်ဘိုးဘေး"
ချုန်းချီခေါင်းဆောင်က ကျန်းလျန်ယိကို အရင်ဆုံးမှတ်မိသွားသည်။ ထို့နောက် နာမည်ဆိုးဖြင့်ကျော်ကြားသည့် တာအိုရှင်ဝစီပိတ်....
နှစ်ယောက်လုံး ကြောက်ချွေးပြန်လာသည်။ ဖီးနစ်ဘိုးဘေးကို မစော်ကားခဲ့ပါ။ သို့သော်ယခု ကျန်းလျန်ယိပုံစံက 'ဒုက္ခမပေးမည့်ပုံမျိုး'မပေါ်။
ချုန်းချီခေါင်းဆောင်ကိုယ်ပေါ်တွင်ချန်ခဲ့သည့် ဝိညာဉ်တံဆိပ်ကို ကျန်းလျန်ယိ အာရုံခံမိခြင်းဖြစ်သည်။ ဘာကြောင့်ချုန်းချီခေါင်းဆောင် မဟာရှားသို့ရောက်နေသည်ကို သူသိချင်လာသည်။
တံဆိပ်ကိုခြေရာခံ၍လိုက်ခဲ့ရာမှ မထင်မှတ်ဘဲ ဝစီပိတ်ကိုတွေ့သည်။
"နင့်ကိုတွေ့ပြီပဲ"
ကျန်းလျန်ယိအကြည့်ကြောင့် ဝစီပိတ် ကြက်သီးမွှေးညှင်းများထသွားသည်။
သူ့လုပ်ရပ်တိုင်းတွင် အမြဲတမ်းသတိထားခဲ့သည်။ ထိုစွမ်းအားရှင်မျိုးကို ဘယ်တုန်းက သူစော်ကားမိသနည်း။
ထို့ပြင် တစ်ခါမှပင် မတွေးဖူး။
အူကြောင်ကြောင့်ဖြစ်နေသည့် ဝစီပိတ်၏စိတ်ကို သတိထားမိဟန်ဖြင့် ကျန်းလျန်ယိက သူ့မှော်လက်စွပ်ထဲမှ စာအုပ်တစ်အုပ်ထုတ်လိုက်သည်။ ထိုစာအုပ်ကို ဝစီပိတ် မယုံနိုင်လောက်အောင် ရင်းနှီးနေသည်။
"နဂါးနှင့်ဖီးနစ်အသွင်ပြောင်းခြင်း"
"ဒီစာအုပ်ကို နင်ရေးတာလို့ ငါကြားတယ်"
သေစမ်းကွာ...ဒီစာအုပ်ကို မေ့နေတာ...
ချုန်းချီခေါင်းဆောင်က ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေသည်။
သူသည်ပင် ထိုစာအုပ်အကြောင်း ကြားဖူးသည်။ နဂါးနှင့်ဖီးနစ်မျိုးနွယ်များ ဒေါသထွက်စေခဲ့သည့် တားမြစ်စာအုပ်ဖြစ်သည်။
ဘယ်သူရေးမှန်းတော့ မသိခဲ့။ ယခုမှ လက်သည်တရားခံကိုမြင်ရသည်။
"ပြန်ဖြေစရာမလိုပါဘူး။ နင့်မျက်နှာမှာအားလုံး ပေါ်နေပြီးသားပဲ"
ကျန်းလျန်ယိက စာအုပ်ကိုမီးရှို့ပြာချပစ်သည်။
လုယန်က ဆရာဝစီပိတ်သည် အလိမ်အညာတော်သဖြင့် လုံးဝမယုံကြည်မိဖို့ သူ့ကိုသေချာသတိပေးလိုက်သည်။
ကျန်းလျန်ယိ တမင်တကာ အင်္ကျီလက်နှစ်ဘက်ကို မ,တင်သည်။
"ငါ့ရဲ့ဖီးနစ်မျိုးနွယ်ကို စော်ကားတာဟာ အပြစ်ပေးရမယ့် ပြစ်မှုပဲ။
လုယန်က ငါ့ရဲ့အကိုကြီးဖြစ်နေတာရယ် နင်ကလုယန်ရဲ့ဆရာဖြစ်နေရာရယ်ကို စဉ်းစားကြည့်လိုက်တော့ ငါတို့တွေ ကိုယ့်လုပ်ရပ်ကိုယ်တာဝန်ယူသင့်တယ်ထင်တယ်။ ဒီတော့ ငါနင့်ကို မညှာနိုင်ဘူး။
ပြီးတော့ လက်ရှိမှာငါက တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဧည့်သည်အကြီးအကဲအဖြစ် တာဝန်ယူထားတယ်။
ဧည့်သည်အကြီးအကဲက ဂိုဏ်းချုပ်ကို တိုက်ခိုက်တာဟာ အာဏာဖီဆန်တဲ့လုပ်ရပ်ပဲ။ လူမှုကျင့်ဝတ်ကို ချိုးဖောက်တာပဲ။
ဒါပေမယ့် ငါ့အမက ပြောလိုက်တယ်။ ရည်မှန်းချက်ကြီးကြီးထားတဲ့လူတွေဟာ အသေးအဖွဲစည်းမျဉ်းတွေရဲ့ ရစ်ပတ်နှောင်ဖွဲ့မှုကို မခံသင့်ဘူးတဲ့။
ဒီတော့ လောလောဆယ် တင်းကြပ်တဲ့လောကဝတ်တွေကို ဘေးဖယ်ထားသင့်တယ်"
သူ့စကားများကို ဝစီပိတ် လုံးဝနားမလည်တော့။
လုယန်က ခင်ဗျားအကိုကြီးတဲ့လား...
ဒါက ဟန်ဆောင်နေတာမဟုတ်လား...
ဂိုဏ်းရဲ့ဧည့်သည်အကြီးအကဲဆိုတာကရော ဘာလဲ...
ငါတို့ဂိုဏ်းမှာ ဧည်သည့်အကြီးအကဲ ဘယ်အချိန်က စရှိခဲ့တာလဲ...
မေးခွန်းများစွာ ဝစီပိတ်ခေါင်းထဲဝင်လာသည်။
ဝစီပိတ်ထက် ပိုပြီးအံ့ဩနေသူက ချုန်းချီအကြီးအကဲဖြစ်သည်။ ဖီးနစ်ဘိုးဘေး၏စကားများကို အခြေခံပြီး တာအိုလမ်းစဉ်ဂိုဏ်း၏သရုပ်မှန်ကို ခန့်မှန်းနေပုံရသည်။
"နေဦး၊ ခဏနေပါဦး။ ကျုပ်ကိုမရိုက်ပါနဲ့ဦး...မေးစရာတွေရှိ- အားးးး"
**********************************