တိမ်ရွှေ့မိုးခေါ်
Vol. 45 Ch. 665
တာအိုလမ်းစဉ်ဂိုဏ်းချုပ်ဝစီပိတ်သည် ဇာတ်လမ်းရေးဆရာ၊ ပညာပေးဆရာဖြစ်ပြီး "နဂါးနှင့်ဖီးနစ်အသွင်ပြောင်းကျမ်း" "မဟာရှားတွင် နှစ်နှစ်ထောင်အတွင်း အကျဉ်းထောင်ပတ်ဝန်းကျင်အပြောင်းအလဲများ "လိုသလိုချုံ့ခဲ့ပညာ" "တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ" တို့ကို ရေးသားခဲ့သူဖြစ်သည်။
တပည့်လေးယောက် လက်ခံခဲ့သည်။ လက်ရှိခေတ်၏စွမ်းအားအကြီးဆုံး ယွမ်ကျိ၊ ဗုဒ္ဓနိုင်ငံ၏ရန်သူ ယဲ့ဇီကျင်း၊ နတ်ဆိုးသံစဉ်မယ် ကန်ထန်၊ ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်သခင်လေး လုယန်တို့ဖြစ်သည်။
သူ့ပညာပေးဆိုင်ရာဆောင်ရွက်ချက်များက အမြဲထာဝရတည်နေလိမ့်မည်။ သမိုင်းကမှတ်မိနေလိမ့်မည်။
(**မဟာရှားဥပဒေဟာကွက်များ ထောက်ပြပေးခြင်းကို ဆိုလိုပါသည်)
မထိန်းချုပ်နိုင်သည့်အခိုက်အတန့်လေးတွင် သူနှင့် ဖီးနစ်ဘိုးဘေးတို့ စကားများကြသည်။ တိုက်ခိုက်သည့်အခြေအနေထိ ရောက်လာသည်။
ဝစီပိတ်ကို ဖီးနစ်ဘိုးဘေးက အနိုင်ယူခဲ့သည်။ တာအိုရှင်ဝစီပိတ် သက်တမ်းနှစ်ထောင်ကျော်တွင် ကွယ်လွန်သွားသည်။ လူတိုင်းကျေနပ်ဝမ်းသာကြသည်။ တစ်လောကလုံး ပျော်ပွဲရွှင်ပွဲကျင်းပကြသည်။
....
အချိန်စီးကြောင်းက နောင်ပြန်ရစ်လာသည်။
ဝစီပိတ်နှင့် ချုန်းချီခေါင်းဆောင်တို့ သေလုမျောပါး အရိုက်ခံရသည်။ လမ်းပေါ်တွင် သွားလာနေသူများ ခလုတ်မတိုက်စေရန် ကျန်းလျန်ယိက ခေါင်းမိုးပေါ်ပစ်တင်ထားသည်။
ဝစီပိတ် စဉ်းစားရခက်နေသည်။ ထိုစာအုပ်အအကြောင်း ဘယ်သူဆီက သတင်းပေါက်ကြားခဲ့သည်မသိ။
အကိုကြီး ချင်ကျိုးနန်လော...လောင်ပါးလော...အကိုသုံးလော...ယွမ်ကျိလော...
စဉ်းစားစရာလူများလွန်းသည်။ အားလုံးက ထိုသို့လုပ်နိုင်ခြေရှိသူများချည်းဖြစ်သည်။
ခန့်မှန်းရခက်သည်။
ချုန်းချီခေါင်းဆောင်က မကျေမနပ်ဖြစ်နေသည်။
ဘာကြောင့် တစ်ခြားလူအတွက် သူပါအရိုက်ခံရသနည်း...
အနိုင်ကျင့်ခံပုံစံမျိုး ပေါက်နေ၍လော...
ဖီးနစ်ဘိုးဘေးပြောသည့်စကားအရဆိုလျှင် တာအိုလမ်းစဉ်ဂိုဏ်းကို ကောင်းကင်ရုံးတော်ဂိုဏ်းက တည်ထောင်ခဲ့ခြင်းလော...
ထို့ကြောင့်သာ ဖီးနစ်ဘိုးဘေးက ဧည့်သည်အကြီးအကဲရာထူးရခြင်းဖြစ်မည်။
သို့သော် ဝစိပိတ်၏အမူအရာအရ ထိုကိစ္စကို သူမသိလောက်။
ဂိုဏ်းချုပ်ပင်မသိသည့် လျှို့ဝှက်ချက်တစ်ခု ရှိနေ၍လော...
လျှို့ဝှက်ချက်တစ်ခု တကယ်ရှိနိုင်သည်။ ကြောက်စရာကောင်းလောက်အောင်လျှို့ဝှက်သည့် တာအိုလမ်းစဉ်ဂိုဏ်းသည် မသေမျိုးငါးဂိုဏ်းဝင်ဆိုသည်မှာ ဟန်ပြသာဖြစ်ပုံရသည်။
နှစ်တစ်သိန်းကြာအောင် ဟန်ဆောင်ခဲ့သည့်အဖြစ်က ကြောက်စရာကောင်းလွန်းသည်။
ဘိုးဘေးငယ်(ကျင်းချိုင်ဝေ)ကို တစ်ကိုယ်တော်ခရီးမဆက်ဖို့ ဖျောင်းဖျမှဖြစ်မည်ထင်သည်။
ချီလင်မသေမျိုးနှင့် ပူးပေါင်းလျှင်ပူးပေါင်း။ ထိုသို့မဟုတ်လျှင် ကောင်းကင်ရုံးတော်ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ရမည်။
အတွေးနစ်နေသည့် ချုန်းချီခေါင်းဆောင်ကို ကျန်းလျန်ယိ တစ်ချက်ကြည့်သည်။ သို့သော် သိပ်အရေးမစိုက်။
အရိယဖလသန္ဓေတံဆိပ်ရှိနေသဖြင့် သူဘယ်လောက်သိသိ နှုတ်ဖွာနိုင်မည်မဟုတ်။
လျှို့ဝှက်ချက်များ ပေါက်ကြားစရာမရှိ။
....
ချန်ကျန်းမြို့တော်။
လုယန် ရှီချန်းဘေးတွင်ထိုင်၍ ဖောက်သည်အလာကိုစောင့်နေသည်။
ယနေ့ သူကံကောင်းသည်။ သိပ်မကြာမီ လူတစ်ယောက် ရောက်လာသည်။ ချောမောသည့်လူငယ်တစ်ယောက်ဖြစ်သည်။
"ကိုယ်တော်၊ မိုးရွာအောင်လုပ်တတ်လား"
"အော်မီတော်ဖော်။ ကျုပ်မိုးခေါ်နိုင်တဲ့ပညာ တတ်ထားပါတယ်"
"ဒါဆို မနက်ဖြန်ညနေပိုင်း ကျုပ်အတွက် မိုးသဲသဲမဲမဲရွာအောင် လုပ်ပေးနိုင်လား။ အဖိုးအခညှိနှိုင်းလို့ရပါတယ်"
မိုးခေါ်နိုင်သူတွေ့ပြီဖြစ်၍ လူငယ်က စိတ်အားထက်သန်စွာတောင်းဆိုသည်။
"ကျုပ်လက်မခံခင် ဘာကြောင့်မိုးရွာစေချင်တာလဲဆိုတာ ပြောပါဦးဒကာ"
ရှီချန်းကို မလိမ်ရဲသဖြင့် လူငယ်က အမှန်အတိုင်းရှင်းပြသည်။
"မနက်ဖြန် ကျုပ်ချစ်တဲ့မိန်းကလေးတစ်ယောက်နဲ့ ချိန်းတွေ့ဖို့ရှိပါတယ်။ ညနေပိုင်း မိုးကလည်း ရုတ်တ်ရက်သဲသဲမဲမဲရွာချမယ်၊ ကျုပ်တို့နှစ်ယောက်မှာလည်း ထီးပါမလာဘူးဆိုရင် ကျုပ်တို့ သေချာပေါက်မိုးစိုလိမ့်မယ်။
ဒါဆို သူ့ကိုအဝတ်လဲဖို့လို့အကြောင်းပြပြီး အနီးကတည်းခိုခန်းတစ်ခုကို ခေါ်သွားလို့ရမယ်။ အဲလိုဆိုရင် အခြေအနေတွေတိုးတက်လာမှာပါ"
ရှီချန်း လက်အုပ်ချီ၍ အကြံပြုသည်။
"ပြန်လိုက်ပါတော့ ဒကာ။ ဒါဟာယောက်ျားပီသတဲ့လုပ်ရပ် မဟုတ်ပါဘူး။ ရပ်လိုက်ဖို့ တောင်းပန်ပါတယ်"
လူငယ်က လက်မလျှော့သေး။
"ကိုယ်တော်၊ ပေးရမယ့်ဈေးကိုသာပြောပါ။ ဝိညာဉ်ကျောက်ဘယ်လောက်ပေးရပေးရ ကျုပ်ပေးနိုင်ပါတယ်"
"ဒါဟာ ဝိညာဉ်ကျောက်နဲ့မဆိုင်ဘူး ဒကာ။ ပြန်လိုက်ပါတော့"
ရှီချန်း၏ ခိုင်မာသည့်သဘောထားကြောင့် လူငယ်စိတ်ဓာတ်ကျပြီး ထွက်သွားသည်။ မိုးရွာပေးနိုင်မည့် တစ်ခြားစွမ်းအားရှင်များကို သွားရှာသည်။
"နတ်မယ်၊ ခင်ဗျား မိုးရွာအောင်လုပ်နိုင်လား"
"မလုပ်နိုင်စရာရှိလို့လား။ မိုးရွာတယ်ဆိုတာ နဂါးတွေရဲ့ပညာတစ်ခုဆိုပေမယ့် သဘောတရားက အတော်ရိုးရှင်းပါတယ်။ နင်တောင်သင်လို့ရတယ်"
"ဘယ်လိုနည်းလမ်းမျိုးလဲ"
"အရိုးရှင်းဆုံးနည်းလမ်းက မှော်လက်စွပ်ထဲကို ရေတွေဖြည့်လိုက်။ ပြီးရင် ကောင်းကင်ကိုပျံတက်သွားပြီး လက်စွပ်ထဲကို ရေဖြန်းကန်ထဲ ပစ်ထည့်လိုက်။
ပြီးရင် မှော်လက်စွပ်ထဲကရေကို ဖွင့်လိုက်ရင် မိုးရွာသလိုဖြစ်ပြီ။ ရေဖြန်းကန်တစ်ခုနဲ့မလုံလောက်ရင် များများထပ်သုံးရုံပေါ့"
လုယန် ခေါင်းငြိမ့်သည်။
"အတော်ရိုးရှင်းတဲ့ပုံပါပဲ"
မိုးခေါ်မှော်ပညာလည်းမလို။ သင်ယူနည်းမမှန်မည်ကိုလည်း စိုးရိမ်စရာမလို။
တစ်ခုတည်းသောချို့ယွင်းချက်က ရေဖြန်းကန်နှင့် မှော်လက်စွပ် များစွာသုံးရမည်။
"မိုးရွာစေတဲ့နည်းလမ်းအားလုံး ဒီသဘောတရားကနေ တိုးတက်ပြောင်းလဲလာတာပါ။
ဥပမာ ကိုးဆမသေမျိုး မသေမျိုးဖြစ်တဲ့အချိန်မှာ ကောင်းကင်ကနှင်းချိုတွေ ကျလာတယ်။
ရွှေကြာပန်းတွေ မြေပြင်ကထွက်လာတယ်။ မဟာတာအိုအသံတွေ ပဲ့တင်ထပ်သွားတယ်။ ကောင်းကင်နိမိတ်မျိုးစုံပေါ်လာတယ်။
သူပထမဆုံးမသေမျိုးဖြစ်လာတာ တစ်ခြားလူတွေမသိမှာစိုးလို အသံတွေဟိန်းထွက်အောင်လုပ်တယ်။
နောက်တော့ သူငါတို့ကို အမှန်အတိုင်းပြောပြတယ်။ နှင်းချိုတွေကျတာက ရေဖြန်းကန်ထဲမှာ နှင်းချိုတွေကို ကြိုလှောင်ထားတာ။ ပြီးတော့ မသေမျိုးဖြစ်ပြီးတဲ့အချိန်မှာ သူ့အပေါ်သူ ဖြန်းချတာ။
ရွှေကြာပန်းတွေ ပေါက်လာတာက ကြာစေ့ကို မြေထဲမှာမြှုပ်ထားပြီး သစ်ပင်စိုက်မှော်ပညာနဲ့ ချက်ချင်းကြီးအောင်လုပ်တာ။
ဒီလိုရွှေကြာပန်းတွေရလာဖို့ အဖိုးတန်ဝိညာဉ်စွမ်းအင်ရတနာတွေ အများကြီးသုံးပြီး အစိမ်းရောင်ကြာတွေကို သန္ဓေပြောင်းရတာ။
မဟာတာအိုအသံကိစ္စကတော့ နည်းနည်းပိုရှုပ်တယ်။ မျိုးနွယ်စုံက အော်သံတွေကို သူလျှို့ဝှက်စုဆောင်းပြီး အတူရောထားတာ။
ဒီတော့ မဟာတာအိုသံတွေက ဘာလဲဆိုတာ ဘယ်သူမှ မခွဲခြားနိုင်တော့ဘူးလေ။ စွမ်းအားကြီးတဲ့အသံတွေလို့ပဲ ထင်ကြမှာပေါ့။
ထူးခြားတဲ့ နိမိတ်ပုံတွေ အများကြီးပေါ်လာဖို့ သူ့စုဆောင်းထားသမျှ အားလုံးနီးပါး အကုန်အကျခံခဲ့ရတာ။
ဒါက မျက်နှာရချင်ရုံသက်သက်ပဲ။ ဒါပေမယ့် သူဒုက္ခခံရတယ်လေ။
နင်သိလား ငါမသေမျိုးဖြစ်လာတော့ ဘာထူးခြားနိမိတ်မှမရှိဘူး။ ရိုးရိုးရှင်းရှင်းပဲ"
လုယန် "..."
ကိုးဆမသေမျိုး၊ ခင်ဗျား ဒီစကားတွေကြားရင် လျှို့ဝှက်ချက်တွေဖော်ကောင်လုပ်တာ နတ်မယ်နော်။ အကြွေးရှိတဲ့လူဆီမှာပဲ အကြွေးတောင်းပါ။
ကျုပ်နောက်ကို လိုက်မလာနဲ့။ ကျုပ်က ဘေးကြည့်ပရိတ်သတ်သက်ပါ...
မကြာမီ စာပေဝတ်ရုံရှင်လူငယ်တစ်ယောက် ရောက်လာသည်။ နည်းနည်းပင်ပန်းနေပုံပေါ်သည်။
"ကိုယ်တော်၊ သရဲနှင်ပေးနိုင်လား"
ရှီချန်း ခေါင်းငြိမ့်သည်။ ထိုကိစ္စမျိုးသည် ဗုဒ္ဓဝါဒ၏ အားသာချက်ဖြစ်သည်။
"ရပါတယ်။ ဒကာတော်ရဲ့အိမ်ကို သရဲတစ်ကောင်ဒုက္ခပေးနေလို့လား"
"ဟုတ်မယ်ထင်တယ်။ ဒါပေမယ့် ကျုပ်တစ်ခါမှ သေချာမမြင်ဖူးဘူး"
"ဖြစ်ပုံကဘယ်လိုလဲ"
လူငယ်က ထိတ်လန့်နေဟန်ဖြင့်
"ညတိုင်း ကျုပ်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်ကျရင် ကျုပ်နားမှာ လူတစ်ယောက်ရှိနေသလို အမြဲခံစားရတယ်။
မျက်လုံးဖွင့်ကြည့်လိုက်တော့လည်း ဘာမှမတွေ့ဘူး။ ဒီလိုဖြစ်နေတာ အတော်ကြာပြီ။ တစ်ခြားဆရာတွေဆီလည်း အကူအညီတောင်းပြီးပြီ။
သူတို့က ဒီအတိုင်းပဲ ပြန်ထွက်သွားကြတယ်။ ဒါမှမဟုတ် အကာအကွယ်မှော်အဆောင်တစ်ခု ချန်ခဲ့ကြတယ်။ ဒါပေမယ့် ဘာမှထိရောက်မှုမရှိဘူး။
အရာရှိတွေဆီကိုတောင် တိုင်ခဲ့ပါတယ်။ အရာရှိတွေခေါ်တာတော့ တကယ်အဆင်ပြေတယ်။ အရာရှိတစ်ယောက်လာရင် သရဲကပေါ်မလာဘူး။
ဒါပေမယ့် အရာရှိပြန်သွားတာနဲ့ ညဘက်ကျရင် ကျုပ်ဘေးမှာ တစ်ယောက်ယောက်ရှိနေသလို ခံစားရပြန်ရော။ ကျုပ်ဘေးမှာလည်း အရာရှိတစ်ယောက် ညတိုင်းမနေနိုင်ဘူးလေ။
မနေ့ညက သရဲနှိပ်စက်လို့ ကျုပ်စွမ်းအင်တွေ ကုန်ခမ်းသလို ခံစားရတယ်။ ကျုပ်အသက်ဓာတ်အားဖြည့်ဖို့ မိတ်ဆွေတစ်ယောက်ဆီက နှစ်သုံးရာသက်တမ်းရှိတဲ့ မှိုပွင့်တစ်ခုဝယ်ခဲ့တယ်။
မှိုပွင့်ရောင်းတဲ့မိတ်ဆွေက ကိုယ်တော့်ဆီ လမ်းညွှန်လိုက်တာပါ"
"မှိုပွင့်ရောင်းတဲ့မိတ်ဆွေဆိုတာ ဘယ်သူလဲ"
"အကိုကျုန်းမင်ပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သရဲနှင်ဖို့ ကိုယ်တော့်ကို သူအကူအညီတောင်းခဲ့တာလို့ပြောတယ်"
"သဘောပေါက်ပါပြီ"
ရှီချန်းထရပ်သည်။ ပစ္စည်းများသိမ်းသည်။
"ဒါဆိုရင် ကျုပ်အကိုတော်နှစ်ယောက်နဲ့အတူ လိုက်ကြည့်ပေးပါ့မယ်"
"ကျေးဇူးတင်ပါတယ် ကိုယ်တော်"
"ဒကာတော်ရဲ့နာမည် ဘယ်လိုခေါ်လဲ"
"ရှုအန်းပါ"
အရေးစိုက်ရမည့် အလေးအနက်လုပ်ငန်းတစ်ခုရှိလာပြီဖြစ်၍ လုယန်နှင့်မုန်ကျင်းကျိုးတို့လည်း ပစ္စည်းများသိမ်းပြီး ရှီချန်းနှင့်အတူ လိုက်သွားသည်။ အခြေအနေကို သိချင်ကြသည်။
လမ်းတွင် ရှုအန်းက သူ့အခြေအနေကို အကျဉ်းချုပ်ပြောပြသည်။
သူသည် မိန်းမရှိသည့် စာပေသမားတစ်ယောက်ဖြစ်သည်။
မိဘများက စောစောစီးစီးကွယ်လွန်သွားသည်။ အမွေအတော်များများကျန်ခဲ့သည်။ ထို့ကြောင့် ငွေရေးကြေးရေးစိတ်ပူစရာမလိုပဲ နေနိုင်သည်။
သူ့အကြီးဆုံးရည်မှန်းချက်က ကန္တဝင်စာပေကို ဇွဲကောင်းကောင်းလေ့လာ၍ နန်းတွင်းစာမေးပွဲများတွင် ပထမရဖို့ပြီး သူ့ဘိုးဘေးများဂုဏ်ယူနိုင်စေဖို့ဖြစ်သည်။
အန်းရှုက လမ်းသွယ်အတော်များများဖြတ်၍ ဦးဆောင်ခေါ်သွားသည်။
"ရောက်ပါပြီ"
ရှုအန်း၏အိမ်ကလည်း ကျုန်းမင်အိမ်ထက်မငယ်ပေ။ သဘာဝကျပါသည်။ နှစ်သုံးရာသက်တမ်းရှိသည့်မိုးကြိုးမှိုပွင့်ကို ဝယ်နိုင်သူသည် အတော်ချမ်းသာ၍သာဖြစ်ရမည်။
**********************************