← Chapters

မမျှော်လင့်သည့်ဖြစ်ရပ်

Vol. 45 Ch. 670

မမျှော်လင့်သည့်ဖြစ်ရပ်

Vol. 45 Ch. 670

တည်းခိုခန်းသို့မလာမီက ချန်ကျန်းသို့ရောက်နေသည့် မသေမျိုးဂိုဏ်းတပည့်တိုင်း၏ နောက်ခံကို သခင်လျိုစုံစမ်းခဲ့ပြီးဖြစ်သည်။

သူတို့ထဲတွင် အထူးခြားဆုံးက လုယန်ဖြစ်သည်။

တာအိုရှင်ဝစီပိတ်၏တပည့်။ ပုံပြင်ထဲတွင် ရေပန်းအစားဆုံးဇာတ်ကောင်။ တာအိုလမ်းစဉ်ဂိုဏ်း၏ အနာဂတ်ဂိုဏ်းချုပ်။

ဝစီပိတ်၏ စတုတ္ထတပည့်ဖြစ်၍ သူပြောသည့်စကားကို ယုံကြည်နိုင်ဖို့ခဲ့ယဉ်းသည်။

ထို့ကြောင့် နတ်ဆိုးဂိုဏ်းသဲလွန်စတွေ့သည်ဟုပြောချိန်တွင် လုယန်စကားကို သခင်လျို သိပ်မယုံချင်။

သို့သော် ရှိချန်းအတည်ပြုပြီးနောက် သူယုံသွားသည်။

စွန်စီးဘုံကျောင်း၏ သိက္ခာရှိတပည့်။ ဗုဒ္ဓဗီဇနှင့်မွေးလာသည့် ရှီချန်းသည် လိမ်ညာပြောမည့်လူမဟုတ်။

"ဒါဆိုရင် မြို့ထဲမှာ နတ်ဆိုးဂိုဏ်းသဲလွန်စတွေဆက်ရှာဖို့ သူရဲကောင်းလုကိုပဲ အကူအညီတောင်းချင်ပါတယ်။ ဘာပဲပြောပြော ဒါက သန်းချီတဲ့ မြို့သူမြို့သားတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်နေတယ်လေ။

သူရဲကောင်းတို့ လိုအပ်တာရှိရင်လည်း ပြောသာပြောပါ။ ကျုပ်အကောင်းဆုံး ဖြည့်ဆည်းပါ့မယ်"

ထိုကိစ္စ အလေးအနက်ထထားရမည်မှန်း သခင်လျိုသိသည်။ သူပေါ့ဆ၍ ပြဿနာကြီးတစ်ခုခုဖြစ်လာလျှင် မြို့တော်သခင်ရာထူး ဆက်တည်မြဲဖို့ သေချာတော့မည်မဟုတ်။

"သခင်လျိုက အားနာလွန်းနေပါပြီ။ နတ်ဆိုးတွေသုတ်သင်ပြီး တာအိုကိုကာကွယ်ရမှာ ကျုပ်တို့တာဝန်ပါ။ ကျေးဇူးတင်ဖို့မလိုပါဘူး"

စစ်ချီတော့မည့် တပ်မှူးတစ်ယောက်လေသံဖြင့် လုယန်အလေးအနက်ပြောသည်။

မုန်ကျင်းကျိုးလည်း သူ့ဘေးမှ အလိုက်အထိုက်ဝင်ပြောသည်။ လက်သီးကိုတင်းတင်းဆုပ်သည်။ သူ့မျက်လုံးတွင် တရားမျှတမှုအလင်းများ တောက်ပနေသည်။

"စိတ်ချပါ သခင်လျို၊ ကျုပ်တို့ညီအကိုသုံးယောက်ဒီမှာရှိနေရင် နတ်ဆိုးဂိုဏ်း လုံးဝဒုက္ခမပေးနိုင်စေရဘူး"

လုယန်ပြောသည့်စကားတိုင်းက အမှန်ဖြစ်သည်။ လှည့်စားလိမ်ညာမှု လုံးဝမပါ။ သို့သော် တကယ့်အဖြစ်မှန်နှင့် ကွဲလွဲနေသလိုလိုရှိသည်။

"ကောင်းပါပြီ။ နတ်ဆိုးဂိုဏ်းအကြောင်း သူရဲကောင်းတို့စုံစမ်းနေတာဆိုရင် ကျုပ်ဆက်ပြီးမနှောက်ယှက်တော့ပါဘူး။ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကို ဖိတ်ခေါ်ဖို့ ကျုပ်ပြင်ဆင်ရဦးမယ်"

"ဘယ်သူလဲ"

"ချီထိန်းဂိုဏ်းက ချီတစ်ခုအရှင်ပါ။ ညနန်းဆောင်အဖွဲ့ဝင်တွေကို ဒီနေ့မွန်းတည့်ချိန်မှာ နန်းမြို့တော်ကို သူလိုက်ပို့မှာ။

ပြည်နယ်တရားသူကြီးက နောက်ထပ်ပြဿနာတွေ ဖြစ်လာမှာစိုးလို့ ချီတစ်ခုအရှင်ကို လိုက်ပို့ပေးဖိူ့ အထူးတလည်တောင်းဆိုထားတာ"

လုယန် နားလည်သွားသည်။

ချီတစ်ခုအရှင်ကို တာအိုလမ်းစဉ်ဂိုဏ်း နှစ်ပတ်လည်ပွဲတွင် သူမြင်ဖူးသည်။ ဖိတ်ခေါ်ထားသည့် ကူးဖြတ်ခြင်းအဆင့်ဘိုးဘေးများထဲမှ တစ်ယောက်ဖြစ်သည်။

အမှန်တကယ် ကူးဖြတ်ခြင်းအဆင့်ထိပ်သီးတစ်ယောက်ဖြစ်သည်။

ကူးဖြတ်ခြင်းတစ်ခြမ်းအဆင့်ဖြစ်သည့် လွီပါချန်းသည် သူ့ကိုယှဉ်၍မရ။

သခင်လျိုကို လုယန်တို့ လိုက်ပို့နှုတ်ဆက်ကြသည်။

တည်းခိုခန်း ဒုတိယထပ်သို့ ပြန်တက်လာချိန်တွင် ဖူလင်းညီအမက မဝံ့မရဲချောင်းကြည့်နေသည်ကို တွေ့ရသည်။

"သူတို့ ထွက်သွားပြီလား"

မြို့တာ်သခင်လို့ အဆင့်မြင့်ပုဂ္ဂိုလ်မျိုးကို ထိုညီအမ တစ်ခါမှမမြင်ဖူးသဖြင့် မြို့တော်သခင်လာသည်ဟု ကြားသည်နှင့် သေမတတ်ကြောက်နေကြသည်။

"သွားပါပြီ"

ရှီချန်းကပြောသည်။

"ရှင်တို့သူရဲကောင်းသုံးယောက်က တကယ်..."

နတ်ဝိညာဉ်အဆင့်များထံသို့ပင် မြို့တော်သခင် ကိုယ်တိုင်လာလည်မည်မဟုတ်။

"မသေမျိုးဂိုဏ်းတပည့်တွေပါ"

"မသေမျိုးဂိုဏ်းတပည့်"

ညီအမနှစ်ယောက်၏ လှပသည့်မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားသည်။

ယခုမှ သူတို့ပြန်သတိရလာသည်။ လုယန်တို့က သူတို့ကို အကြိမ်ကြိမ်ကူညီခဲ့သည်။ သို့သော် လုယန်တို့နာမည်ကို သူတို့မသိသေး။

"ကျုပ်ကရှီချန်းပါ။ ဒီနှစ်ယောက်က ကျုပ်ရဲ့အကိုတော်တွေပါ။ လုယန်နဲ့ မုန်ကျင်းကျိုးတဲ့"

ရှီချန်း မိတ်ဆက်ပေးသည်။

"'တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ'ထဲက လုယန်လား။ အခြေတည်အဆင့်နဲ့ ဝိညာဉ်ပြောင်းအဆင့်တွေကို စိန်ခေါ်နိုင်တဲ့လူဆိုတာလား"

"မုန်ကျင်းကျိုးဆိုတာ'တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ'ထဲက မုန်ကျင်းကျိုးလား။ သံမဏိလိုခိုင်မာတဲ့စိတ်ဓာတ်နဲ့ တော်ဝင်မိန်းမလှတစ်ယောက်နဲ့ အတူရှိတာတောင် စိတ်မယိုင်ဘူးဆိုတဲ့လူလား"

လုယန် "..."

မုန်ကျင်းကျိုး "..."

ပြောသည့်အကြောင်းက မှန်ပါသည်။ သို့သော် ကြားရသည်က အတော်ကြောင်တက်တက်နိုင်သည်။

ထိုပြင့် ထိုညီအမ ဘာကြောင့်ထိုမျှအံ့ဩသွားသည်မသိ။

လုယန်နှင့်မုန်ကျင်းကျိုးတို့သည် ပုံပြင်နားထောင်လေ့သိပ်မရှိသဖြင့် သာမန်လူများကြားတွင် ယခုသူတို့ဘယ်လောက်ရေးပန်းစားနေမှန်း မသိကြ။

....

ချုန်းချီခေါင်းဆောင်က မုန်ကျင်းကျိုးကို ပရိုမိုးရှင်းလုပ်ရန် ဇာတ်လမ်းများစွာ ဖန်တီးထားသည်။

ဥပမာ

"တော်ဝင်မိန်းမလှက ရင်ခွင်ထဲပြေးဝင်သည့်တိုင် စိတ်မယိုင်သည့် မုန်သခင်လေး"။

"မုန်သခင်လေးဟာ မြွေနတ်ဆိုးရဲ့ ရမ္မက်အဆိပ်သခင့်ခဲ့တယ်။ ဖြစ်ပေါ်လာတဲ့ ရမ္မက်ဆန္ဒကို စိတ်ဓာတ်ခွန်အားတစ်ခုတည်းနဲ့ သည်းခံနိုင်တယ်။ ဒီအဖြစ်မျိုး သမိုင်းမှာ မရှိဖူးဘူး"

"မုန်ကျင်းကျိုးခရီးထွက်တဲ့အချိန်မှာ မကောင်းဆိုးဝါးဝိညာဉ်အားလုံး လမ်းဖယ်ပေးကြတယ်"

"အိပ်မက်ထဲမှာ သရဲတွေဒုက္ခပေးခံရတဲ့ တစ်ချို့လူတွေက ဆရာတစ်ယောက်ဆီ လမ်းညွှန်ချက်‌ရတယ်။ မုန်ကျင်းကျိုး သရဲတွေဖမ်းနေတဲ့ ပန်းချီပုံကို နံရံမှာချိတ်ထားပါတဲ့။ အဲဒီ့နောက်ပိုင်း အိပ်မက်ထဲမှာ သရဲနှိပ်စက်တာ မခံရတော့ဘူး"

"နေ့တိုင်းနေ့တိုင်း မုန်ကျင်းကျိုးက သရဲငယ်သုံးကောင်စားတယ်"

စသဖြင့်ရှိသည်။

သူ့ကိုယ်ပိုင်ဒဏ္ဍာရီဇာတ်လမ်းများကို နားထောင်ပြီးနောက် မုန်ကျင်းကျိုး မျက်နှာတင်းသွားသည်။

ဘယ်လိုပေါက်တတ်ကရတွေမှန်းမသိ။

.....

သိစိတ်နယ်မြေရှိ နတ်မယ်ထံမှ အာမေဋိတ်သံတစ်ချက်ထွက်လာပြီး လုယန်ကျောကို လက်ဖြင့်ပုတ်သည်။

"ဒီကောင်မလေးနှစ်ယောက်ကို မေးကြည့်ပါ။ ဒီနေ့ သူတို့တစ်ယောက်ယောက်နဲ့ တွေ့ခဲ့သေးလားလို့"

"ဘာလို့လဲ"

"လူတစ်ယောက်က သူတို့ကိုယ်ပေါ်မှာ အိပ်မက်မှော်တံဆိပ်တွေချန်သွားတယ်။ အဲဒီ့လူရဲ့ ကျင့်စဉ်အဆင့်က မနိမ့်ဘူး။ အတော်ရက်စက်မယ့်ပုံပဲ"

လုယန် ရင်ထိတ်သွားသည်။ ထိုကိစ္စသည် အန္တရာယ်များသည်။

"ခင်ဗျားတို့နှစ်ယောက် ဒီနေ့ ထူးဆန်းတဲ့လူတွေ အဖြစ်အပျက်တွေ ကြုံခဲ့ရသေးလား"

ညီအမနှစ်ယောက် အူကြောင်ကြောင်ဖြစ်သွားသည်။

"အခုရှင်ပြောမှပဲ သတိရတယ်။ စီးပွားရေးကိစ္စတစ်ခု ဆွေးနွေးပြီးအပြန်မှာ အတော်ထူးဆန်းတဲ့လူတစ်ယောက် ကျွန်မတို့ဆီရောက်လာပြီးပြောတယ်။ အိပ်မက်လှလှမက်ပါစေတဲ့"

"အဲဒီလူက ဘယ်လိုပုံစံမျိုးလဲ"

"ပိန်ပိန်ရှည်ရှည်နဲ့ ဝါးခြမ်းပြားကိုထောင်ထားသလိုပဲ"

......

"အရှင်၊ လူစုံပါပြီ"

သခင်လျို ညနန်းဆောင်အဖွဲ့ဝင်အားလုံးကို မြေတိုက်ခန်းထဲမှ ထုတ်လာသည်။ ဝိညာဉ်စွမ်းအင်ပိတ်ဆိုနိုင်သည့် မှော်ခြေကျင်းများ လက်ထိတ်များခတ်ထားသည်။ အလွဲအချော်တစ်ခုခုမဖြစ်စေရန် စုစည်းခြင်းကျင့်ကြံသူအတော်များများ နေ့ညမပြတ် စောင့်ကြပ်ခဲ့သည်။

ချီတစ်ခုအရှင် တည်ငြိမ်စွာခေါင်းငြိမ့်သည်။ ယဲ့ရှောက်တို့ထံ သူတစ်ချက်ဝေ့ကြည့်သည်။ ယဲ့ရှောက် ကြက်သီးမွှေးညှင်းများထသွားသည်။

ကူးဖြတ်ခြင်းအဆင့်တစ်ယောက်က လိုက်ပို့ပေးခြင်းသည် သူတို့ကို လေးစားမှုပေးလွန်းရာကျနေသည်။

သူတို့ကို လှောင်အိမ်ထဲသွင်းပြီး‌ မှော်တံဆိပ်များချိတ်ပိတ်ဖို့ သခင်လျိူုက သူ့လက်အောက်ခံများကို အမိန့်ပေးသည်။

ချီတစ်ခုအရှင် နောက်တစ်ကြိမ်ခေါင်းငြိမ့်သည်။

"သွားကြစို့"

ထိုစဉ် ရုတ်တရက် အေးစက်စက်စကားသံတစ်ခု လေထဲတွင် ပဲ့တင်ထပ်သွားသည်။

"ဟဲဟဲ...ငါမျက်စိကျတဲ့လူကို ခေါ်သွားဖို့ အဲလောက်ဘယ်လွယ်ပါ့မလဲ"

"ဘယ်သူလဲကွ"

ချီတစ်ခုအရှင် ဝိညာဉ်အာရုံဖြန့်၍ ပတ်ဝန်းကျင်ကို တစ်လက်မမကျန်စစ်ဆေးသည်။

ရှည်ရှည်သွယ်သွယ် အမှောင်ရိပ်ဖုံးလွှမ်းနေသည့် သဏ္ဌာန်တစ်ခု လေဟာနယ်ထဲမှ ထွက်လာပြီး ချီတစ်ခုအရှင်ကို နားလည်ရခက်သည့်အပြုံးဖြင့် ကြည့်နေသည်။

"မဟာရှားက ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူ။ မင်းဒီနေရာမှာနေခဲ့ပါ"

ချီတစ်ခုအရှင် လက်တစ်ဘက်ခပ်ပြင်းပြင်းဝှေ့ယမ်း၍ သခင်လျိုနှင့် တစ်ခြားလူများ အဝေးသို့ပို့လိုက်သည်။

"ဒီနေရာကနေ မြန်မြန်ထွက်သွားကြ"

သူဘယ်သူမှန်းသိရက်နှင့် လာတိုက်ခိုက်ရဲသည်ဆိုလျှင် ရန်သူကကြိုတင်ပြင်ဆင်ထား၍သာဖြစ်သည်။

"ထွက်သွားဖို့လား"

အနက်ရောင်သဏ္ဌာန်က အေးစက်စက်ပြုံးသည်။ မမြင်နိုင်သည့်စွမ်းအားတစ်ခု မြို့တော်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။

"မင်းတို့ထဲမှာ ဒီနေရာကနေ ဘယ်သူထွက်သွားနိုင်မလဲ ကြည့်ရသေးတာပေါ့"

ချီတစ်ခုအရှင် ရင်ထိတ်သွားသည်။ သို့သော် သူဘာမှမလုပ်နိုင်မီ သူ့မြင်ကွင်းဝေဝါးသွားသည်။ သူ့ရှေ့မှမြင်ကွင်း ပြောင်းလဲသွားသည်။

ချန်ကျန်းမြို့တော်က အပြောင်းအလဲမရှိ။ သို့သော် အရောင်အားလုံး မှိန်ကျသွားသည်။

မြို့တော်အပြင်ဘက်မှ ချန်ကျန်းမြို့ထဲသို့ဝင်တော့မည့် ခရီးသည်များ ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူတို့မြင့်နေရသည့်မြို့တော်က ရုတ်တရက်ပျောက်သွားသည်။ ကြီးမားသည့် ချိုင့်ခွက်ကြီးတစ်ခုသာကျန်ခဲ့သည်။

"ဒါဘယ်နေရာလဲ"

ဘာဖြစ်သွားသည်ကိုပင် ချီတစ်ခုအရှင် နားမလည်တော့။

သခင်လျိုနှင့် ညနန်းဆောင်အဖွဲ့ဝင်များအားလုံး ဤနေရာတွင်ရှိနေသည်။ တစ်လက်မမှမရွေ့။ သို့သော် ဤနေရာတွင် လူတိုင်း အရာရာတိုင်း မှုန်ဝါးနေသလိုရှိသည်။

အရပ်မြင့်မြင့်လူက လက်နှစ်ဘက်ကို‌ဘေးသို့ဆန့်ထုတ်၍

"မဟာရှားကျင့်ကြံသူ၊ ငါ့ကမ္ဘာထဲကနေ ကြိုဆိုပါတယ်။ ငါဒါကို လေဟာနယ်လောကလို့ခေါ်တယ်"

'လေဟာနယ်'ဟူသည့်စကားကြားသည်နှင့် ချီတစ်ခုအရှင် သမိုင်းအချက်အလက်တစ်ခုကို ပြန်သတိရလာသည်။ သူ့အသက်စည်းနှောင်မှော်ရတနာကို ဆွဲထုတ်လိုက်သည်။

"အရိယဖလသန္ဓေရဲ့စွမ်းအား။ မင်းက မသေမျိုးတစ်ဝက်အဆင့်ပဲ"

**************************************

All Chapters