ပုန်းနေတဲ့နဂါး ဝပ်နေတဲ့ကျား
Vol. 45 Ch. 672
လူသတ်သမားများ တွေ့ရာလူသတ်ဖြတ်နေသည့်မြင်ကွင်းကြောင့် အကျဉ်းထောင်အနီးတွင် နေထိုင်သူများ လိပ်ပြာလွင့်မတတ်ကြောက်လန့်နေသည်။
လူသတ်သမားအားလုံးက ကျင့်စဉ်စွမ်းအားရှိသည်။ သာမန်လူများကိုသတ်ဖို့ဆိုသည်မှာ ခြင်ရိုက်သလောက်လွယ်သည်။
သို့သော်ယခု လူသတ်သမားများက သာမန်လူများထက်ပိုကြောက်လန့်နေသည်ကို မသိကြ။
ညနန်းဆောင်မှလူသတ်သမားအရေအတွက် အတော်များသော်လည်း လုယန်တို့သုံးယောက်ကို ဘယ်သူမှမယှဉ်နိုင်။
နတ်ဝိညာဉ်အဆင့်များပင် လုယန်တို့၏ တိုက်ခိုက်မှုတစ်ချက်ကို မခံနိုင်ကြ။ ရွှေသန္ဓေအဆင့်၊ အခြေတည်အဆင့်၊ ချီအဆင့်များဆိုလျှင် ပြောစရာပင်မလိုတော့။ တစ်ခါတိုက်ခိုက်တိုင်း အုပ်စုလိုက်သေသွားသည်။
"လူခွဲပြီးပြေးကြဟေ့"
လူသတ်သမားများ အကြောက်ကြီးကြောက်နေသည်။ သတ်ဖြတ်ရသည်ကို သူတို့ကြိုက်သည်။ သေကြောင်းကြံရသည်ကိုတော့ မကြိုက်ကြ။
ထိုသုံးယောက်သည် သူတို့ယှဉ်နိုင်သည့် ပြိုင်ဘက်မဟုတ်။
ဤတိုက်ပွဲပြီးသည်ထိ ရှင်သန်နိုင်လျှင် မသေမျိုးတစ်ဝက်တစ်ယောက်ကို အားကိုး၍ ကောင်းကင်သို့ တစ်ချက်တည်းခုန်တက်နိုင်မည်။ အနာဂတ်အလားအလာများစွာရှိလာမည်။
ထိုသုံးယောက်လက်ထဲတွင် သေ၍မဖြစ်။
"ပြေးဖိုစဉ်းစားနေတာလား"
လုယန်နှင့်မုန်ကျင်းကျိုး အကြည့်ချင်းဖလှယ်လိုက်သည်။ တစ်ပြိုင်တည်းလှုပ်ရှားသည်။ လူသတ်သမားများဘေးပတ်လည်တွင် စက်ဝိုင်းဆွဲသည်။
"မြေပြင်ထောင်ဆွဲ"
"မြေအောက်အကျဉ်းထောင်"
"ဒါဘာပညာကြီးလဲ"
လူသတ်သမားများ မျက်လုံးပြူးသွားသည်။
မြေအောက်အကျဉ်းထောင်များက ချိုးဖျက်၍မရ။
ဓားမြှောင်များ နံရံကိုထိသည်နှင့် ကျိုးသွားသည်။ မြေပြင်အထက်မှ လှောင်အိမ်များက အလင်းစက်ဝန်းများသာဖြစ်သည်။ အထဲရောက်သွားသည့်လူများ တစ်ယောက်မှမထွက်နိုင်ကြ။
တစ်ချို့လူသတ်သမားများက ဉာဏ်ကောင်းသည်။ လုယန်တို့ကို မနိုင်မှန်းသိ၍ ထွက်ပြေးသွားပြီးဖြစ်သည်။
"လူခွဲပြီးလိုက်ကြမယ်"
ရှီချန်းက ဆယ့်ရှစ်ပေရွှေခန္ဓာကို ပြန်သိမ်းသည်။ အတောင်ပေါက်နေသကဲ့သို့ လေလှိုင်းကိုစီးသည်။ လေပေါ်တွင်လမ်းလျှောက်သည်။ ခြေတစ်လှမ်းဖြင့် ကိုက်တစ်ရာခန့်ရောက်သွားသည်။ လေဟာနယ်ချုံ့လိုက်သည်နှင့် ပမာတူသည်။
ထိုပညာသည် ဗုဒ္ဓနတ်စွမ်းအားခြောက်ခုထဲမှ နတ်ခြေလှမ်းပညာဖြစ်သည်။
မုန်ကျင်းကျိုးက ခန္ဓာကျင့်ကြံသူဖြစ်၍ အရှိန်မြှင့်ပျံသန်းသည့်အလုပ်နှင့် မကိုက်ညီ။ ခြေထောက်တွင် အားထည့်၍ပြေးသည်က ပျံသန်းသည်ထက် ပိုမြန်ဆန်သည်။
ရှီချန်းအမြန်နှုန်းကို မမီသည်သာရှိသည်။
"ဒါလည်းနှေးလွန်းသေးတယ်"
မုန်ကျင်းကျိုး ခဏတုံ့ဆိုင်းသွားသည်။
အစက ထိုပညာကို မသုံးချင်ခဲ့။ သို့သော် လူအသက်များက အန္တရာယ်ရှိနေသည်။ သိက္ခာထိန်းရမည့်အချိန်မဟုတ်။
"ကဲပါလေ၊ လောကကြီးက နတ်ဝိညာဉ်အဆင့်ရဲ့စွမ်းအားကို လက်တွေ့မြင်ပါစေတော့"
ခေါင်းသုံးလုံးလက်ခြောက်ဘက်ကို ပြန်ရုတ်သိမ်းပြီး နတ်ဝိညာဉ်နှစ်ခုကို ပြန်ပေါင်းစပ်လိုက်သည်။ အောက်ဘက်မှ ခြေထောက်ခြောက်ခုထွက်လာသည်။
သူသည် နတ်စွမ်းအားမှော်ပညာမျိုး မတတ်။ သို့သော် ခြေထောက်ခြောက်ချောင်း ဖန်တီးနိုင်သည်။
"ရပ်လိုက်၊ မပြေးနဲ့"
မုန်ကျင်းကျိုး လူသတ်သမားတစ်ယောက်နောက်သို့ ပြေးလိုက်သည်။
ခြေခြောက်ချောင်းကိုကန်ထုတ်ပြီး ရှေ့ပစ်မှတ်ဆီ အားစိုက်ပြေးသည်။
လူသတ်သမား နောက်လှည့်ကြည့်သည်။ လိပ်ပြာလွင့်မတတ်ထိတ်လန့်သွားသည်။
ခြေခြောက်ချောင်းမကောင်းဆိုးဝါးက တဖြေးဖြေးနည်းလာသည်။ ထို့နောက် သဲအိတ်အရွယ်လက်သီးတစ်လုံး သူ့အပေါ်ကျလာသည်။
တစ်ချက်တည်းသေသွားသည်။
မုန်ကျင်းကျိုး၏စွမ်းအင်ရောင်က ကြမ်းတမ်းသည်။
ယနေ့ သူ့ကို ဤမျက်လုံးမျိုးဖြင့်ကြည့်သည့် လူသတ်သမားမှန်သမျှ သေရမည်။
လုယန်က ကိုယ်ပွားကိုအမိန့်ပေး၍ လူသတ်သမားများကို ကြားဖြတ်တိုက်ခိုက်ခိုင်းသည်။ သူက ဓားဆေးကန်ကိုသုံး၍ ပျံသန်းသည်။ ချင်းဖုန်းနှင့်မိန်းယွဲ့ဓားနှစ်လက်က သက်တော်စောင့်များပမာ သူ့ဘေးမှ ကပ်လိုက်နေသည်။
လူသတ်သမားတစ်ယောက်ကိုတွေ့သည်နှင့် ဓားနှစ်လက်က ချက်ချင်းပျံထွက်သွားသည့် ခေါင်းဖြတ်သည်။ သို့မဟုတ် ဓားဆေးကန်ဖြင့် အသားပုံဖြစ်အောင် ကြိတ်ချေပစ်သည်။
...
လူသတ်သမားတစ်ယောက်က ပြေးမလွတ်နိုင်မှန်းသိ၍ ဓားစာခံဖမ်းပြီး ခြိမ်းခြောက်ရန်ကြိုးစားသည်။
လူချမ်းသာမိသားစုအိမ်တစ်ခုထဲ အတင်းဝင်သွားသည်။ ထိုအိမ်မျိုး၌ နေသူများသည် ချမ်းသာသူများ ရာထူးရာခံရှိသူများသာဖြစ်သည်။ ဓားစာခံလုပ်ဖို့ သင့်တော်သည်။
"မလှုပ်နဲ့။ လှုပ်ရှင် သူတို့ကိုသတ်ပစ်မယ်"
အိမ်ထဲသို့ သူရောက်ပြီးနောက် အိမ်ရှင်ယောက်ျားကို သူခပ်တင်းတင်းကြည့်၍ လေသံမာမာဖြင့် ခြိမ်းခြောက်သည်။
သို့သော် မျက်လုံးလေးစုံက လူသတ်ရိပ်အပြည့်ဖြင့် သူ့ကို ခပ်စိမ်းစိမ်းစိုက်ကြည့်လာသည်။
"ငါ့ယောက်ျားကို ခြိမ်းခြောက်ရဲတယ်ပေါ့"
မိန်းမလေးယောက် သူ့ဆီ ဝိုင်းအုံလာသည်။ သူကြောက်ချွေးပျံသွားသည်။
ထိုတစ်ယောက်ချင်းစီသည် သူ့ထက်ပိုစွမ်းအားကြီးမှန်း အာရုံခံမိသည်။
သူဘာမှမလုပ်နိုင်မီ ကြီးမားသည့်မြွေအမြီးတစ်ခု သူ့ကိုရိုက်ချသွားသည်။ ပြင်းထန်လွန်းသဖြင့် အရိုးတစ်ချောင်းမကျန်ကျိုး၍ အသက်ထွက်သွားသည်။
"ဘာတွေဖြစ်နေတာလဲ"
အဖြစ်အပျက်က မြန်ဆန်လွန်းသဖြင့် လျိုရှန်ယု မျက်မှောင်ကျုံ့နေသည်။ ချန်ကျန်းမျိုးထဲ ထူးခြားသည့်အပြောင်းအလဲများဖြစ်နေသည်ကို သူတို့မသိကြ။
သူတို့ခေါင်းပေါ်တွင် ကြီးမားသည့်စွမ်းအင်လှုပ်ရှားမှုများရှိနေကြောင်းသာသိသည်။ သူတို့ကျင့်စဉ်အဆင့်ထက် များစွာသာလွန်သည်။ သူတို့ဝင်စွက်နိုင်သည့် အနေအထားမဟုတ်။
စွမ်းအင်လှိုင်းတစ်ခုသည်ပင် သူတို့ကို အစိတ်စိတ်အမွှာမွှာကြိတ်ချေနိုင်သည်။
"ရှောင်ချိုး၊ နင်က ခုခံကာကွယ်နိုင်တဲ့စွမ်းရည်ရှိတယ်။ ဒီမှာနေပြီး ယောက်ျားကို သေချာကာကွယ်ပါ။ ငါတို့သုံးယောက် အပြင်ထွက်ပြီး အခြေအနေသွားစစ်ဆေးမယ်။ ငါတို့ကူညီနိုင်တာရှိမလား ကြည့်မယ်"
"ဟုတ်ကဲ့ သခင်မ"
...
အတော်ဉာဏ်ထက်သည့် လူသတ်သမားတစ်ယောက်က ဓားစားခံခေါ်ဖို့ ဆိုင်တစ်ခုကို ရွေးချယ်သည်။
"ဘယ်သူမှမလှုပ်နဲ့"
လူသတ်သမားက ရွှေသန္ဓေအခြေခံအဆင့် စွမ်းအင်ဖိအားကို ထုတ်လွှတ်လိုက်သည်။ သာမန်လူများအတွက် ကပ်ဆိုးတစ်ခုဖြစ်သည်။
သူ့အတွေ့အကြုံအရ ထိုသို့စွမ်းအင်ဖိအားလွှတ်လိုက်သည်နှင့် သာမန်လူများ တုန်လှုပ်သွားမည်။ မတ်တပ်ပင်ရပ်နိုင်မည်မဟုတ်။
သို့သော် လက်တွေ့အခြေအနေက ဆန့်ကျင်ဘက်ဖြစ်သည်။
ဆိုင်အလုပ်သမားများက သူစွမ်းအင်ဖိအားကို လုံးဝခံစားရဟန်မတူ။ စိတ်ဝင်စားသည့်မျက်လုံးဖြင့် အားလုံးပြိုင်တူ မော့ကြည့်ကြသည်။
"ဟား..ဟား... အတော်သတ္တိကောင်းတဲ့လူ ရောက်လာပြီ။ ငါတို့ကိုတောင် ခြိမ်းခြောက်ရဲတယ်ပေါ့"
"တံခါးပိတ်လိုက်။ သူ့ကို ထွက်မပြေးစေနဲ့"
"သောက်လခွမ်း၊ ရိုးရိုးသားသားဆိုင်ဖွင့်စားတာကို လူသတ်သမားတွေက လာရန်စတယ်။ လူကောင်းဖြစ်ရတာ အတော်ခက်ခဲပါလား"
လူသတ်သမား နောက်သို့ခြေနှစ်လှမ်းဆုတ်သွားသည်။ သေခြင်းနိမိတ်ကို ရုတ်တရက်ခံစားလိုက်ရသည်။
နောက်လှည့်ပြေးသည်။ သို့သော် ဆိုင်တံခါးက သူ့ဘာသာဝုန်းခနဲပိတ်သွားသည်။ အက်ကြောင်းရာပင်မကျန်အောင် စေ့သွားသည်။
ဆိုင်ထဲမှအဖြစ်အပျက်ကို ဘယ်သူမျှချောင်းကြည့်၍မရ။
"ကယ်ကြပါဦးဗျာ..."
"သူ့ပါးစပ်ကိုဆို့ထား"
"ဘုန်း"
လူသတ်သမားနှင့် တိုက်မိသဖြင့် ဆိုင်တံခါး ဝုန်းခနဲပွင့်သွားသည်။ လူသတ်သမားကမြေပြင်တွင် တွားသွား၍ အပြင်ထွက်ရန် ကြိုးစားသည်။
ဆိုင်အတွင်းဘက်က မှောင်မဲနေသည်။ အမှောင်ထဲမှ လက်ပေါင်းများစွာထွက်လာသည်။ လူသတ်သမားကို ခြေကျင်းဝတ်မှ ပြန်ဆွဲခေါ်သွားသည်။
လူသတ်သမားက မြေပြင်ကိုလက်သည်းဖြင့်အတင်းခြစ်နေသည်။ အဖြူရောင်အစင်းများသာကျန်ခဲ့သည်။
နောက်တစ်ကြိမ် တံခါးထပ်ပိတ်သွားသည်။ ထို့နောက်တွင် ဘာသံမှပေါ်မလာတော့။
တံခါးပိတ်သည့်အချိန် ပြင်းထန်လွန်း၍ထင်သည်။ 'နောက်တစ်ခေါက်အသားကင်ဆိုင် ချန်ကျန်းမြို့ဆိုင်ခွဲ'ဟူသည့်ဆိုင်းပုတ်က အနည်းငယ်တုန်ခါသွားသည်။
...
လမ်းများပေါ်တွင် ရုတ်တရက်ထရပ်လာပြီး လူသတ်သမားများနှင့် တိုက်ခိုက်သည့် သူတောင်းစားများလည်းရှိသည်။
ထိုမြင်ကွင်းကို မြင်ရချိန်တွင် ယွမ်ကျိတစ်ခါကပြောဖူးသည့်စကားကို လုယန်ပြန်သတိရလာသည်။ ယန့ခေတ်တွင် သူတောင်းစားအစစ်ကို မြင်ရဖို့ခဲယဉ်းသည်။ ပုံမှန်မြင်ရသည့် သူတောင်းစားများက သေမျိုးလောကထဲတွင် ကျင့်ကြံနေကြသည့် ကျင့်ကြံသူများဖြစ်သည်။
ထိုလူများသည် လုယန်တို့လောက် အင်အားမကြီးနိုင်သော်လည်း လူသတ်သမားများကိုတော့ ကောင်းကောင်းရင်ဆိုင်နိုင်သည်။
လုယန်တို့သုံးယောက်ကြောင့် လူသတ်သမားများ ခွေးပြေးဝက်ပြေးပြေးနေသည်ကိုကြည့်၍ ချီတစ်ခုအရှင် အော်ဟစ်ရယ်မောနေသည်။
"မင်းကယ်ချင်တဲ့ လူသတ်ဂိုဏ်းဆိုတာ အဲဒါလား"
မဟာယုခေတ်အဆုံးသတ်ချိန်တွင် ရှင်သန်နေထိုင်ခဲ့သည့် လေဟာနယ်အရှင်က ထိုကိစ္စမျိုးကြောင့် စိတ်အနှောက်အယှက်အဖြစ်မခံ။
စကားတစ်ခွန်းမှမပြောဘဲ ရုတ်တရက် မှော်ရတနာမျိုးစုံ ဖန်တီးလိုက်သည်။ ဓားများ၊ လှံများ၊ ပုဆိန်များ၊ တင်းပုတ်များ၊ ဆေးအိုးများ၊ နတ်ဘုံကျောင်းများ၊ ကျောက်စိမ်းပုလင်းများ၊ ငှက်မွှေးရပ်တောင်များ။
အားလုံးက ကူးဖြတ်ခြင်းအဆင့် မှော်ပစ္စည်းများဖြစ်သည်။
လေဟာနယ်လောကသည့် သူ့ပိုင်နက်ဖြစ်သည်။ ဤလောကထဲတွင် မသေမျိုးအဆင့်အောက်မှ ဘယ်အရာမဆို သူဖန်တီးနိုင်သည်။
အရိယဖလသန္ဓေလိုချင်လျှင်ပင် မရှိသည့်အရာကို တကယ်ရှိလာအောင်လုပ်နိုင်သည်။ လေဟာနယ်လောကကို လောကသစ်တစ်ခုအဖြစ် အသွင်ပြောင်းနိုင်သည်။
ထိုအရာသည် ကောင်းကင်ဂူလို ကမ္ဘာငယ်တစ်ခုမဟုတ်။ မဟာကပ်၏ စကြာဝဠာတစ်ခုဖြစ်သည်။
လောကဖန်တီးပြီးလျှင် သူသည် ထိုလောက၏ သခင်အစစ်ဖြစ်လာသည်။
ကူးဖြတ်ခြင်းအဆင့် မှော်လက်နက်များ မိုးရွာသလိုကျလာသည်။ လီသုံးသောင်းပတ်လည်ဆန့်ထွက်နေသည့် ခရမ်းချီက အားလုံးကိုပိတ်ဆို့ကာကွယ်သည်။
မူလခရမ်းချီက ထိုတိုက်ခိုက်မှုကြောင့် ဆန်ခါပေါက်များလို ဖြစ်ကျန်ခဲ့သည်။
"ဒီခရမ်းချီက ဘယ်နှကြိမ်ကာကွယ်နိုင်မလဲ ကြည့်ရသေးတာပေါ့"
လေဟာနယ်အရှင်က နောက်တစ်ကြိမ် မှော်လက်နက်များ ထုတ်သည်။ လေထဲတွင် တလက်လက်တောက်ပနေသည်။ ထို့နောက် သခင်လျိုတို့အဖွဲ့ပေါ် ကျလာသည်။ ချီတစ်ခုအရှင်က တိုက်ခိုက်မှုဒဏ်ကို ခံရသည်။
လေဟာနယ်အရှင်က သခင်လျိုတို့အဖွဲ့ကို ပိတ်ဆို့ထားသည်။ သတ်ဖြတ်ဖို့မဟုတ်ဘဲ ချီတစ်ခုအရှင်ကို အခက်တွေ့အောင်လုပ်ဖို့ဖြစ်သည်။
"လေဟာနယ်အရှင်.."
ချီတစ်ခုအရှင် ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ဘာလဲ..အသနားခံချင်တာလား..."
လေဟာနယ်အရှင် အေးစက်စက်ပြုံးသည်။ သို့သော် သူ့စကားမဆုံးမီ ပြင်းထန်သည့်အားလှိုင်းတစ်ခုပေါ်လာပြီး သူ့ကို ဗူသီးခြောက်တစ်ခုထဲသို့ စုပ်ယူသွားသည်။
ဗူသီးခြောက်အဝကို ချီတစ်ခုအရှင် အမြန််ပိတ်သည်။
ရတနာဘူးသီးခြောက်က အောက်ခြေတွင် အပြာရောင်ရှိပြီး ရွှေရောင်အမှတ်အသားများဖြင့် အလှဆင်ထားသည်။
လူတစ်ယောက်နာမည်ကို လှမ်းခေါ်ပြီး ထိုလူက ပြန်ထူးလျှင် အထဲသို့စုပ်ယူခံရသည်။
ခရမ်းရွှေဗူးသီးခြောက်ဖြစ်သည်။
***********************************