ဗုဒ္ဓပုတီး
Vol. 45 Ch. 673
"ဪ...ခရမ်းရွှေဘူးသီးခြောက်က ချီတစ်ခုအရှင်ရဲ့ မှော်ရတနာပေါ့"
ချန်ကျန်းမှလူအားလုံး တိုက်ပွဲကိုမော့ကြည့်၍ ရလာဒ်ကိုစောင့်နေသည်။ လုယန်လည်း ထိုနည်းတူပင်ဖြစ်သည်။
ခရမ်းရွှေဘူးသီးခြောက်အကြောင်း အမယွမ်ပြောသည်ကိုသာ ကြားဖူးခဲ့သည်။ ယင်ယန်စွမ်းအင်များပါသည်။ ဘူးသီးခြောက်ထဲစုပ်ယူခံရသူတိုင်း ထိုစွမ်းအင်များကြောင့် တစ်စစီဖြစ်သွားမည်။
သို့သော် ထိုမှော်ရတနာကို ဘယ်သူပိုင်ဆိုင်ထားမှန်း သူမသိခဲ့။ မှောင်ခိုဈေးတွင် ထိုပစ္စည်းမျိုး အတုတစ်ခုရောင်းချနေသည်ကို မြင်ခဲ့သည်။
မှောင်ခိုဈေးတစ်ခုလုံးရောင်းလျှင်ပင် ခရမ်းရွှေဘူးသီးခြောက်အစစ်၏တန်ဖိုးကို ယှဉ်နိုင်မည်မဟုတ်။
"ဒီလိုပဲပြီးသွားပြီပေါ့"
တိုက်ပွဲအဆုံးသတ်မြန်လွန်းသည်ဟု လုယန်ခံစားရသည်။
"မသေမျိုးတစ်ဝက်အဆင့်ကို အနိုင်ယူဖို့ ဒီလောက်လွယ်မယ်လို့ နင်ထင်နေလား။ ဒီလူရဲ့ လောဟာနယ်အရိယဖလက လေထဲကနေ အရာဝတ္ထုတွေ ဖန်တီးနိုင်တယ်။
ဘူးသီးခြောက်ထဲ ပိတ်မိနေရင်တောင် ဒီစွမ်းအားကို သုံးနိုင်သေးတယ်။ ဘယ်မသေမျိုးတစ်ဝက်အဆင့်ကိုမှ လျှော့မတွက်နဲ့။ သူ့စွမ်းရည်တွေက အပြင်လောကမှာတော့ အဲလောက်ဟုတ်ချင်မှဟုတ်မယ်။
ဒါပေမယ့် လေဟာနယ်လောကထဲ ရောက်တာနဲ့ သူ့ကိုယှဉ်နိုင်မယ့် မသေမျိုးတစ်ဝက်အဆင့်ဆိုတာ ရှားလိမ့်မယ်"
"အဲလောက်စွမ်းအားကြီးတယ်ပေါ့"
လုယန် အံ့အားသင့်သွားသည်။ သို့ဆိုလျှင် လေဟာနယ်အရှင်သည် သူ့ဝှက်ဖဲများကို ထုတ်မသုံးရသေးသည့်သဘောဖြစ်သည်။
မှန်သည်။ နတ်မယ်ကြိုတင်ခန့်မှန်းထားသလိုပင် ခရမ်းရွှေဘူးသီးခြောက် ပြင်းထန်စွာလှုပ်ခါသွားသည်။ ချီတစ်ခုအရှင် ဘယ်လောက်ကြိုးစားထိန်းချုပ်သည်ဖြစ်စေ လှုပ်ခါနေသည့် ဘူးသီးခြောက်ကို မထိန်းနိုင်။
"ဘုန်း"
မရေမတွက်နိုင်သည့် မှော်ရတနာများကြောင့် ဘူးသီးခြောက်၏အဖုံး ပွင့်ထွက်သွားသည်။ လေဟာနယ်အရှင် လွတ်မြောက်လာသည်။
"ကူးဖြတ်ခြင်းအဆင့်တစ်ယောက်အနေနဲ့ဆို မင်းကလုံးဝသုံးစားမရတဲ့လူတော့ မဟုတ်ဘူးလို့သတ်မှတ်ရမယ်"
လေဟာနယ်အရှိတစ်ကိုယ်လုံး အမှောင်ရိပ်လွှမ်းခြုံနေသည်။ သူ့ကိုကာကွယ်ထားသည့် သံချပ်ကာအလွှာပေါင်းများစွာက ဒဏ်ရာဒဏ်ချက်များပြည့်နေသည်။ ယင်ယန်စွမ်းအင်ကြောင့် ပျက်စီးခြင်းဖြစ်မည်။
သံချပ်ကာများ တစ်လွှာပြီးတစ်လွှာ ကွာကျသွားပြီးနောက် အကောင်းပကတိရှိနေသည့် လေဟာနယ်အရှင်ပေါ်လာသည်။
...
"အကိုတော်တို့၊ ဒကာမဒေါင်းနဲ့အတူချန်ထားခဲ့တဲ့ ဗုဒ္ဓပုတီး အသက်ဝင်လာတာကို ကျုပ်အာရုံခံမိတယ်။
သူ့ဘက်မှာ အန္တရာယ်ရှိနေနိုင်တယ်။ ကျုပ်သွားကြည့်မယ်"
သိစိတ်အသံလှိုင်းမှ ရှီချန်းစကားကြောင့် လုယန် စိုးရိမ်သွားသည်။
"သတိထားပါ၊ ယဲ့ရှောက် တစ်ခါမှပေါ်မလာဘူး။ မိန်းကလေးဒေါင်းကိုသတ်ဖို့သွားတာဖြစ်နိုင်တယ်။ လောင်မုန်နဲ့ငါလည်း အဲဒီကိုလာခဲ့မယ်"
......
လုယန်ခန့်မှန်းချက်မှန်သည်။ အချုပ်အနှောင်မှလွတ်သည်နှင့် ယဲ့ရှောက်က ဒေါင်းကိုသတ်ဖို့ တည်းခိုခန်းသို့ တန်းသွားသည်။
သူမျက်စိကျသည့်လူသည် အညံ့မခံလျှင် သေရမည်ဟု ပြောခဲ့သည်။
သူပြောသည့်စကားကိုလည်း အမြဲတည်ခဲ့သည်။
"ဒီမှော်ပစ္စည်း မင်းကိုဘယ်သူပေးတာလဲ"
ယဲ့ရှောက် အသက်ကိုပင်ပန်းစွာရှူရှိုက်နေသည်။ သူဘာလုပ်လုပ် သူ့ရှေ့မှဒေါင်းကို ဗုဒ္ဓပုတီးတစ်ကုံးက ကာကွယ်ပေးနေသည်။
ထိုမှော်ပစ္စည်းဖန်တီးသူသည် အလွန်စွမ်းအားမြင့်သူဖြစ်ရမည်။ အနည်းဆုံးတော့ သူ့လောက်စွမ်းအားကြီးသည်။
"ရှင်သိစရာမလိုပါဘူး"
ယဲ့ရှောက်သူ့ကို အန္တရာယ်မပေးနိုင်မှန်းသိ၍ ဒေါင်းစိတ်သက်သာရာရသွားသည် ကိုယ်တော်ရှီချန်း၏ကျေးဇူးဖြစ်သည်။
သူ့အနေဖြင့် ထိုမှော်ပစ္စည်းမျိုး မဝယ်နိုင်။ နတ်ဝိညာဉ်အဆင့်တစ်ယောက်၏တိုက်ခိုက်မှုကို ဆယ့်ငါးမိနစ်ကာကွယ်နိုင်ဖို့ မဖြစ်နိုင်။
"ငါမင်းကို မရှင်းနိုင်ရင်..မင်းရဲ့အမွှာညီမလား အမလားမသိဘူး...သူအန္တရာယ်ရှိလာမယ်လေ"
ယဲ့ရှောက် အေးစက်စက်ပြုံးသည်။ ဖူလင်းကိုသတ်ပြီးလျှင် ဒေါင်းမျက်နှာတွင်ပေါ်လာမည့် နာကျင်ဝမ်းနည်းသည့်အမူအရာကို သူကြိုမြင်ယောင်နေသည်။
"မမ...ပြေးတော့"
ဒေါင်းက အမြန်လှမ်းပြော၍ ဖူလင်းရှေ့တွင်ရပ်ပြီး ယဲ့ရှောက်၏ တိုက်ခိုက်မှုကို ကာကွယ်သည်။
သို့သော် သူ့အမြန်နှုန်းက ယဲ့ရှောက်ကိုမယှဉ်နိုင်။ ယဲ့ရှောက်က ဘေးမှကွေ့ပတ်သွားရုံသာဖြစ်သည်။ ဖူလင်းကို ဒေါင်းကာကွယ်နိုင်မည်မဟုတ်။
ယဲ့ရှောက် အနက်ရောင်အရိပ်အဖြစ်ပြောင်းသွားပြီး ဖူလင်းနောက်တွင် ပေါ်လာသည်။
ဖူလင်း အကာအကွယ်မဲ့နေသည်။ သူ့လည်တိုင်မှ သွေးကြောများ ဖောင်းကြွလာသည်။ ရန်သူက အနိုင်ယူတော့မည်။
ကြီးမားသည့် ရွှေရောင်လက်တစ်ဘက် ယဲ့ရှောက်နှင့်ဖူလင်းကြားတွင် ရုတ်တရက်ပေါ်လာပြီး အသေသတ်တိုက်ကွက်ကို တားဆီးလိုက်သည်။
"ဒကာတော်မှာ လူသတ်ချင်စိတ်တွေများလွန်းနေတယ်"
တိုက်ခိုက်မှုမအောင်မြင်သဖြင့် ယဲ့ရှောက်အမြန်နောက်ဆုတ်သွားသည်။ တစ်ဘက်လူ၏ကျင့်စဉ်စွမ်းအားက မနိမ့်။ ထိပ်တိုက်ရင်ဆိုင်လျှင် သူဒုက္ခရောက်နိုင်သည်။
သူသည် လုပ်ကြံရေးသမားဖြစ်သည်။ ချောင်းမြောင်းတိုက်ခိုက်ရာတွင် ကျွမ်းကျင်သည်။ ထိပ်တိုက်ရင်ဆိုင်ရာတွင် မကျွမ်းကျင်။
"ကိုယ်တော်ရှီချန်း"
ရှီချန်းရောက်လာသဖြင့် ညီအမနှစ်ယောက် ဝမ်းသာသွားကြသည်။
"ကိုယ်တော်လေး၊ ဒေါင်းဆီက ဗုဒ္ဓပုတီးကို ကိုယ်တော်လေးပေးထားတာလား"
ယဲ့ရှောက်က ရှီချန်းကို သတိအပြည့်ဖြင့်ကြည့်နေသည်။ ဗုဒ္ဓပုတီးမရှိလျှင် အစောကြီးကတည်းက သူ့အလုပ်အောင်မြင်ပြီးဖြစ်မည်။
"အော်မီတော်ဖော်၊ ဒကာတော် အမြင်စူးရှသားပဲ။ စန္ဒကူးဗုဒ္ဓပုတီးဟာ ရွှေသန္ဓေအဆင့်မှာတုန်းက ကျုပ်သန့်စင်ထားတဲ့ မှော်ရတနာပါ"
"မဖြစ်နိုင်တာတွေ လျှောက်မပြောနဲ့"
ယဲ့ရှောက် ဒေါသထွက်သွားသည်။
ရွှေသန္ဓေအဆင့်တစ်ယောက်ဖန်တီးသည့် မှော်ပစ္စည်းက နတ်ဝိညာဉ်အခြေခံအဆင့်တစ်ယောက်၏ တိုက်ခိုက်မှုကို တားဆီးနိုင်သလော...
"ဒကာတော်၊ ဒေါသကိုထိန်းပါ။ လောကီဘဝစွန့်ခွာခဲ့တဲ့လူတွေဟာ လိမ်မပြောဘူး။ ကျုပ်ဘုန်းကြီးဖြစ်လာကတည်းက တစ်ကြိမ်ပဲ ရှုံးခဲ့သေးတယ်။ ရှုံးတာဟာ ရှက်စရာမဟုတ်ပါဘူး"
ရှီချန်း အမှန်အတိုင်းပြောခြင်းဖြစ်သည်။ သူရှုံးဖူးသည့် ထိုတစ်ကြိမ်သည် ယွမ်ကျိကို စိန်ခေါ်စဉ်ကဖြစ်သည်။
ယဲ့ရှောက် ပိုဒေါသထွက်သွားသည်။
ကျင့်စဉ်ပြန်စခဲ့သည့် မဟာယုခေတ်တွင် ကျင့်ကြံသူပေါင်းများစွာ ကြောက်ရွံ့ခဲ့ရသည့် သူ့လိုညနန်းဆောင်ဂိုဏ်းချုပ်က နောက်မျိုးဆက်ဘုန်းကြီးလေးတစ်ယောက်ကို ရှုံးရမည်လော။
စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာခင်းနေခြင်းသာဖြစ်မည်။
"ဘုန်းကြီးလေး၊ လုပ်ကြံရေးသမားတစ်ယောက်ရဲ့ ဒေါသကိုဆွရင် ဘာဖြစ်လာလဲဆိုတာ မင်းသိအောင်ပြမယ်"
"ဘုန်း"
နှစ်မီတာရှည်သည့် ဓားဆေးကန်က နံရံကိုထိုးဖောက်ပြီး တည်းခိုခန်း၏ ခန်းမထဲသို့ တစ်ဟုန်ထိုးဝင်လာသည်။
ကြီးမားသည့်အားလှိုက်တစ်ခု ရိုက်ခတ်လာသည်ကိုသာ ယဲ့ရှောက်သိလိုက်သည်။ လွင့်ထွက်သွားသည်။ အရိုးအတော်များများကျိုးသွားပြီး တစ်ဘက်နံရံကို တိုက်ချသွားသည်။
"ဘယ်လိုလဲ၊ မိန်းကလေးနှစ်ယောက် ဒဏ်ရာရသေးလား။ ယဲ့ရှောက်ဘယ်မှာလဲ"
ရှီချန်းတစ်ယောက်တည်း ယဲ့ရှောက်ကို ရင်မဆိုင်နိုင်မည်စိုး၍ လုယန်က ဓားဆေးကန်ဖြင့် အမြန်ပျံသန်းလာခြင်းဖြစ်သည်။
ဓားဆေးကန်မောင်းနှင်ရခြင်းသည် သူ့ဘာသာပျံသန်းသည်ထက် များစွာပိုမြန်ဆန်သည်။
ရှီချန်းက တစ်ဘက်နံရံမှ အခေါင်းပေါက်ဆီလက်ညှိုးထိုးပြပြီးနောက် လက်အုပ်ချီ၍ အော်မီတော်ဖော်ရွတ်သည်။
"အကိုလုယန်ရဲ့ ယာဉ်ပျံနဲ့ တိုက်မိလို့ လွင့်ထွက်သွားပြီလေ"
ထို့နောက် မုန်ကျင်းကျိုးက တစ်ဘက်နံရံကို ထိုးခွဲ၍ ဝင်လာသည်။ လက်ထဲတွင် လူတစ်ယောက်ဆွဲလာသည်။
"ငါရောက်တော့ ဒီလူက ခေါင်မိုးပေါ်မှာလဲပြီး ဒဏ်ရာအပြင်းအထန်ရထားတာတွေ့တယ်။ အသက်တော့ ရှုနေတုန်းပဲ။ ဒီလူကိုသိကြလား။ သူ့ကိုကယ်လို့ရဦးမယ်ထင်တယ်"
"အကိုမုန်။ ယဲ့ရှောက်ဆိုတာ ဒီဒကာပဲလေ။ ခုနကပဲ အကိုလုယန်ရဲ့ ယာဉ်ပျံနဲ့ တိုက်ခဲ့တာ"
"အား...သူက ယဲ့ရှောက်လား။ ဒါဆိုလည်း ကယ်မနေပါနဲ့တော့"
မုန်ကျင်းကျိုးက အမြင်ကပ်ဟန်ဖြင့် ယဲ့ရှောက်ကို မြေပေါ်ပစ်ချပြီး သုံးလေးကြိမ်ဆောင့်နင်းလိုက်သည်။
သုံးစားမရသည့်အမှိုက်...လုယန်ပင် သူ့ကိုအနိုင်ယူနိုင်သည်...
"အခုဘာလုပ်ကြ-"
မုန်ကျင်းကျိုးစကားမဆုံးမီ မြေပြင်တုန်ခါသွားသည်။ ဖူလင်းညီအမ ကိုယ်ဟန်ပျက်သွားသည်။ တည်းခိုခန်းခေါင်မိုးပွင့်သွားသည်။
ဖုန်မှုန့်များ ရှင်းသွားပြီးနောက် ကူးဖြတ်ခြင်းအဆင့်မှော်ပစ္စည်းများ ဝန်းရံနေသည့် လေဟာနယ်အရှင်ပေါ်လာသည်။ လုန်တို့ကို အရေးမစိုက်။
သူ့အတွက် နတ်ဝိညာဉ်အဆင့်များသည် မျက်လုံးထဲထည့်စရာမဟုတ်။
လက်တစ်ချက်ဝှေ့ယမ်း တန်ဖိုးကြီးသည့်သွေးတစ်စက် ယဲ့ရှောက်ပါးစပ်ထဲသို့ ထည့်လိုက်သည်။ အသက်ကယ်၍ ဒဏ်ရာကုပေးသည်။
ဤနေရာသို့ သူလာသည်မှာ အကြောင်းနှစ်ချက်ရှိသည်။ ပထမတစ်ချက်က မဟာရှား၏ ကူဖြတ်ခြင်းကျင့်ကြံသူအရေအတွက်ကို လျှော့ချဖို့။
နောက်တစ်ချက်က ယဲ့ရှောက်ကို စုစည်းခြင်းအဆင့်လုပ်ကြံရေးသမားအုပ်စုတစ်ခုကို လေ့ကျင့်ခိုင်းဖို့ဖြစ်သည်။
ထိုလုပ်ရပ်နှစ်ခုလုံးက ကျန်းပင်ကန်းတည်ထောင်ထားသည့် မဟာရှားကို ဖျက်ဆီးဖို့ရည်ရွယ်သည်။
ဆိုးဝါးသည့်အခြေအနေကြောင့် လုယန်စိတ်ထဲ ကျိတ်ဆဲလိုက်သည်။ သို့ဆိုလျှင် ချီတစ်ခုအရှင် ရှုံးနိမ့်သွားသည့်သဘောဖြစ်သည်။
လေဟာနယ်အရှင်၏ လေဟာနယ်အရိယဖလသန္ဓေသည် သူ့လျှို့ဝှက်ချက်ဖြစ်သည်။
လူအားလုံးကို လေဟာနယ်လောကထဲ ဆွဲခေါ်သွားသည်။ သူ့ဝှက်ဖဲကိုပြပြီးဖြစ်သည်။ သို့ဆိုလျှင် ဘယ်သူ့ကိုမှ အသက်ရှင်ခွင့်ပေးဖို့ ရည်ရွယ်ချက်မရှိသည့်သဘောဖြစ်သည်။
"အရှင်"
လုယန်တို့ကို မယှဉ်နိုင်မှန်းသိသဖြင့် ယဲ့ရှောက် လေဟာနယ်အရှင်နောက်သို့ သွားရပ်သည်။
လေဟာနယ်အရှင်က လုယန်တို့သုံးယောက်ကို တစ်ချက်လှမ်းကြည့်သည်။ သူ့အကြည့်က မုန်ကျင်းကျိုးထံရောက်ချိန်တွင် နဖူးကြောရှုံ့သွားသည်။
"မင်းက မုန်မိသားစုဝင်လား"
ကျန်းနှင့်မုန်မိစားစုဘိုးဘေးနှစ်ယောက်ကို ရှုံးနိမ့်ခဲ့သည်။ သူတည်ထောက်ခဲ့သည့်ဂိုဏ်းကို ထိုအင်အားစုနှစ်ခုက ဖျက်ဆီးခဲ့သည်။
မုန်မိသားစုအပေါ် သူ့အမုန်းတရားက မဟာရှားအပေါ်သူ့အမုန်းတရားထက်မလျော့။
မုန်မိသားစုဝင်အားလုံး သေရမည်။
မုန်ကျင်းကျိုးကိုသတ်ဖို့ သူလက်လှမ်းလိုက်ချိန်တွင် ရုတ်တရက် မျက်နှာပျက်သွားသည်။
တစ်ယောက်ယောက်က လေဟာနယ်လောကနံရံကို တိုက်ခိုက်နေကြောင်း အာရုံခံမိသည်။
"ဘယ်သူလဲကွ"
"ဖျောင်း"
ကောင်းကင်တွင် အက်ကြောင်းတစ်ခုပေါ်လာသည်။ အရပ်မြင့်မြင့်ပိန်လှီလှီ လူတစ်ယောက် ပေါ်လာသည်။ လေဟာနယ်အရှင်ကို အေးစက်စက်စိုက်ကြည့်သည်။
"သောက်ရေးထဲကွာ။ အမွှာမြစ်ရဲ့သဲလွန်စရှာဖို့တောင် အတော်ခက်ခဲခဲ့တာ။ ငါမှော်တံဆိပ်ကပ်ထားတဲ့လူကို ဒုက္ခပေးရဲတာ ဘယ်မျက်ကန်းအရူးလဲ"
**********************************