မရှိကို အရှိပြောင်း
Vol. 45 Ch. 674
ရုတ်တရက်ဖြစ်လာသည့် အပြောင်းအလဲကြောင့် အားလုံးအံ့အားသင့်သွားသည်။
အထူးသဖြင့် လေဟာနယ်အရှင်၏ သုန်မှုန်နေသည့်မျက်နှာက ပိုတင်းမာလာသည်။
လေဟာနယ်လောကသည် သူ့နယ်မြေဖြ်စသည်။ အပြင်လောကမှ အာရုံအားလုံးကို စည်းခြားထားသည်။
ပုံမှန်အားဖြင့် ဝင်ဖို့မပြောနှင့်။ ဘယ်သူမှ ရှာတွေ့နိုင်စရာအကြောင်းမရှိ။
လေဟာနယ်လောကအပြင်ပိုင်းသည် အတွင်းပိုင်းထက် ပိုအားနည်းသည်။
အပြင်ဘက်မှ လေဟာနယ်လောကထဲသို့ ချိုးဖောက်ဖို့ အနည်းဆုံး ချီတစ်ခုအရှင်လို ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်စွမ်းအားရှိရမည်။
ဖူလင်းညီအမလက်ဖဝါးထဲမှ တဖျတ်ဖျတ်လက်နေသည့် မှော်တံဆိပ်များကို အာရုံခံမိပြီးနောက် သူနားလည်သွားသည်။
ထိုညီအမအပေါ် အမှတ်အသားတစ်ခုထားခဲ့၍ ထိုသို့လိုက်လာခြင်းဖြစ်မည်။
အမွှာမြစ်ဆိုသည်ကို သူဘာမှန်းမသိ။ ထိုညီအမနှင့်အမွှာမြစ် ဘယ်လိုဆက်စပ်နေမှန်းမသိ။ သို့သော် လေဟာနယ်လောကသို့ရောက်လာပြီဖြစ်၍ သူတို့ကို အသက်ရှင်လျက်မထားနိုင်။
လေဟာနယ်လောကထဲ ဝင်ပြီးသူတိုင်း သူ့အရိယဖလသန္ဓေ၏စွမ်းရည်များကို သိသွားနိုင်သည်။ လုံးဝထွက်သွားခွင့်မပြုနိုင်။
အရိယဖလသန္ဓေစွမ်းရည်များအကြောင်း သတင်းပေါက်သွားသည်နှင့် ပြိုင်ဘက်က တန်ပြန်တိုက်ခိုက်နည်းများ ကြိုတင်ပြင်ဆင်လိမ့်မည်။
နောင်တစ်ချိန် သူအရိယဖလသန္ဓေ၏အားသာချက် များစွာလျော့ပါးသွားလိမ့်မည်။
ထိုလူပိန်ဝါးခြမ်းပြားက ကူးဖြတ်ခြင်းအလတ်တန်းဆင့်ဖြစ်စေ ထိပ်ဆုံးအဆင့်ဖြစ်စေ သို့မဟုတ် မသေမျိုးတစ်ဝက်ပင်ဖြစ်စေ ဤနေရာတွင် ထိုလူကို သူထိန်းချုပ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
"အမွှာမြစ်လား"
ရင်းနှီးနေသည့်စကားလုံးကို လုယန်ကြားလိုက်သည်။
"နတ်မယ်၊ အမွှာမြစ်ဆိုတာ ခင်ဗျားဖန်တီးတဲ့မြစ်မဟုတ်လား။ မြစ်ရေသောက်ရင် အမွှာမွှေးတယ်ဆိုတာလေ"
ဘယ်သူဘယ်လို ကလေးလိုချင်ခဲ့သည်တော့မသိ။ သို့သော် နောက်ဆုံးတွင် ဖူလင်းညီအမ မွေးဖွားလာသည်။
သို့ဆိုလျှင် ဖူလင်းတို့မိခင်ကို အမွှာမြစ်မှရေကိုပေးခဲ့သူသည် ကိုယ်တော်ယုရှင်းလား။
"အဲလိုတွေးလည်း ဖြစ်နိုင်တာပဲ"
နတ်မယ်အံ့အားသင့်သွားသည်။ ဖူလင်းညီအမကို သေချာအကဲခတ်သည်။ ထူးခြားချက်ဘာမှမတွေ့။
"နတ်မယ်၊ ဒီညီအမဟာ အမွှာမြစ်ရေကြောင့်ဖြစ်လာတာဟုတ်မဟုတ် ခင်ဗျားမပြောနိုင်ဘူးလား"
နတ်မယ် မျက်စောင်းထိုးသည်။
"ဒါတော့ ဘယ်သူက ပြောနိုင်မှာလဲ။ သူတို့ကို ငါမွေးခဲ့တာမှမဟုတ်တာ။ ဒါပေမယ့် ဒီကောင်မလေးနှစ်ယောက် အမွှာမြစ်နဲ့ တစ်ခုခုပတ်သက်နေရင် သူတို့ကနေတစ်ဆင့် အမွှာမြစ်ကို ရှာတွေ့နိုင်တယ်"
"ဘယ်လိုရှာမှာလဲ"
"ရိုးရိုးလေးပါ။ ဇစ်မြစ်ခြေရာခံတဲ့ အသေးစားမှော်ပညာလေးနဲ့ပေါ့။ ငါရှာနိုင်တယ်။ ဒါပေမယ့် ငါတစ်ယောက်ပဲ ဒီပညာကိုသုံးနိုင်တာ။
အခုပေါ်လာတဲ့ ဟိုဝါးခြမ်းပြားက သုံးနိုင်မှာမဟုတ်ဘူး"
"ဒါဆို သူကဘယ်လိုနည်းလမ်းနဲ့ရှာမှာလဲ"
ကောင်းကင်မှ မျက်နှာချင်းဆိုင်ရပ်နေသူနှစ်ယောက်ကို လုယန် အသာခိုးကြည့်လိုက်သည်။ နှစ်ယောက်လုံး ကိုယ်စွမ်းအားကိုယ်ယုံကြည်သည်။ စကားဖလှယ်ရုံဖြင့် ပြေလည်ကြမည်မထင်။
"သားအမိမြစ်နဲ့ အမွှာမြစ်က မွေးလာတဲ့သတ္တဝါတွေမှာ ထူးခြားလက္ခဏာတစ်ခုရှိတယ်။ သူတို့သေတဲ့အခါ ဝိညာဉ်က ဒြပ်မဲ့စွမ်းအင်အဖြစ် အသွင်ပြောင်းပြီး မြစ်ဆီကိုပြန်သွားတယ်။ မြစ်နဲ့ပေါင်းစည်းတယ်။
အဲဒီဖြစ်စည်ကို 'ရွက်ကြွေမြစ်ပြန်"လို့ပြောကြတယ်။ ဒါပေမယ့် ဒီသတ္တဝါတွေသေတာက ငြိမ်းငြိမ်းချမ်းချမ်းသေတာမျိုးဖြစ်ရမယ်"
"ဘာကြောင့် ဒီလိုသတ်မှတ်ထားတာလဲ"
လုယန် နားမလည်။
"လူတွေဟာ အကောင်းအဆိုးသဘာဝမရှိဘဲ မွေးဖွားကြတယ်။ သားအမိမြစ်နဲ့ အမွှာမြစ်လည်း ဒီသန့်စင်မှုကို ထိန်းသိမ်းရတယ်။
နာကျည်းစိတ် ဒါမှမဟုတ် နောင်တစိတ်တွေနဲ့ သူတို့သေရင် မြစ်ရေညစ်ညမ်းသွားလိမ်မယ်။ ဒါဆို နောက်ပိုင်းမွေးလာတဲ့ သတ္တဝါတွေအပေါ်မှာ သက်ရောက်မှုရှိလာမယ်။
ဒါကြောင့် ငါဒီသတ်မှတ်ချက်တစ်ခု ထည့်ခဲ့တာ"
"နားလည်ပါပြီ"
လုယန် ခေါင်းငြိမ့်သည်။ မြစ်နှစ်ခုဖန်တီးရာတွင် နတ်မယ်အတော်လေး စေ့စေ့စပ်စပ်စဉ်းစားခဲ့ကြောင်း နားလည်လာသည်။
"ဟိုလူပိန်ဝါးခြမ်းပြားက ညီအမနှစ်ယောက်ကို အိပ်ပျော်ရင်း ငြိမ်းငြိမ်းချမ်းချမ်းသေသွားစေချင်တာဖြစ်မယ်။ အဲလိုဆိုရင် သူတို့ဝိညာဉ်စစ်တွေက အမွှာမြစ်ဆီ ပြန်သွားလိမ့်မယ်။
ဒါပေမယ့် သူကမှော်တံဆိပ်ပဲကပ်ရသေးတယ်။ အိပ်မက်ထဲကို မျှားမခေါ်နိုင်ခင် လေဟာနယ်အရှင်လို့ခေါ်တဲ့ကောင်လေးက သူ့လေဟာနယ်ထဲ ဒီညီအမကို ဆွဲခေါ်ခဲ့တယ်လေ"
နတ်မယ်ခန့်မှန်းချက် မှန်ကန်သည်။ အပြင်လူကျူးကျော်ဝင်လာသည်နှင့် လေဟာနယ်အရှင်မျက်နှာတွင် လူသတ်ရိပ်များပေါ်လာသည်။ ဝါးခြမ်းပြားလိုလူလည်း ထိုနည်းတူပင်ဖြစ်သည်။
အမွှာမြစ်ကိုရှာဖို့ သူဘယ်လောက်အားစိုက်ခဲ့ရသည်ကို ဘယ်သူမှမသိ။
သူနိုးထလာပြီးနောက် လူအများကို ကလေးရအောင်ကူညီနိုင်သည့် ကိုယ်တော်ယုရှင်း၏စွမ်းရည်အကြောင်း သူကြားသည်။ အမွှာမြစ်ရှိသည့်နေရာကို ကိုယ်တော်ယုရှင်းသိကြောင်း သူနားလည်လာသည်။
သို့သော် ထိုအချိန်တွင် ကိုယ်တော်ယုရှင်းက အသက်အိုမင်း၍ကွယ်လွန်သွားပြီးဖြစ်သည်။ မေးမြန်းစုံစမ်း၍ မရနိုင်တော့။
ထို့ကြောင့် ဒုတိယအကောင်းဆုံးရွေးချယ်စရာဖြစ်သည့် ဖူလင်းညီအမကိုသာ အာရုံစိုက်ရသည်။
ထိုညီအမကို တိုက်ရိုက်သတ်လျှင် သူတို့ဝိညာဉ်စစ်တွင် နာကျည်းဒေါသဖြစ်လာမည်။ အမွှာမြစ်ဆီ ပြန်သွားကြမည်မဟုတ်။
သို့သော် ထိုညီအမအိုမင်းသေဆုံးသည်အထိ နှစ်တစ်ရာလောက်လည်း သူမစောင့်နိုင်။
ထို့ပြင် အမွှာမြစ်မှမွေးသည့် အမွှာများဖြစ်၍ မြင့်မားသည့်ကံကြမ္မာမျိုးရှိသည်။ လွယ်လွယ်သတ်၍မရ။
ထို့ကြောင့် ထိုညီအမကို အိပ်မက်ထဲတွင် သေသွားအောင်လုပ်ဖို့သာရှိသည်။
ညီအမနှစ်ယောက်ကို တွေ့ပြီးနောက် ယနေ့ည သူတို့အိပ်မက်ထဲ တစ်သက်တာကုန်းဆုံး၍ အိပ်ရင်းသေသွားအောင်လုပ်ရန် အသင့်ပြင်ထားသည်။
မမျှော်လင့်ဘဲ ညမရောက်မှ ဤအခြေအနေမျိုးဖြစ်လာသည်။
အမွှာမြစ်သည် မသေမျိုးကဖန်တီးထားသည့် ဒဏ္ဍာရီ မသေမျိုးရတနာဖြစ်သည်။ ယင်ထန်မသေမျိုး ဖန်တီးခဲ့သည့် ရှေးဟောင်းခေတ်အဓိပဓိရတနာဖြစ်သည်။
သူ့တန်ဖိုးက တစ်ခြားမသေမျိုးရတနာများနှင့် တန်းတူယှဉ်နိုင်သည်။ ယင်ထန်မသေမျိုး၏ အဓိပဓိနတ်စွမ်းရည်နှင့် မိုးမြေသန္ဓေစွမ်းအား၏သက်သေဖြစ်သည်။
အမွှာမြစ်စုံစမ်းသည့်ကိစ္စ တားဆီးသူမှန်သမျှ သူ့ရန်သူဖြစ်သည်။ သွေးပင်လယ်ဖုံးသွားအောင် လက်စားချေမည်။
"ဒီနှစ်ယောက်ကို ငါခေါ်သွားယ်"
လူပိန်က လေဟာနယ်အရှင်ကို လုံးဝအရေးမစိုက်ဘဲ အေးစက်စက်ပြောသည်။
တင်စီးလွန်းသည့်လေသံကြောင့် လေဟာနယ်အရှင်ဒေါသထွက်သွားသည်။
"မိတ်ဆွေ၊ မင်းငါ့ကို လုံးဝမျက်လုံးထဲမထည့်ဘူးပဲ"
"အဲတော့ သူတို့ကို သွားခွင့်ပေးမလား မပေးဘူးလား"
"မပေးဘူးဆိုရင်ရော"
"ဒါဆိုငါတို့ တိုက်ခိုက်ပြီး အမှန်တရားရှာကြတာပေါ့"
နှစ်ယောက်လုံး မာနကိုယ်စီရှိသည်။ ဘယ်သူမှ အလျှော့မပေးချင်ကြ။
ထို့ပြင် လေဟာနယ်အရှင်သည် တစ်ဘက်လူကို အသက်ရှင်လျက် ထွက်သွားခွင့်ပေးဖို့ လုံးဝရည်ရွယ်ချက်မရှိ။
"ဖန်တီးးခြင်တစ်သောင်း"
လေဟာနယ်၏ အတွေးတစ်ချက်ဖြင့် မှော်ပစ္စည်းများစွာပေါ်လာသည်။ အမျိုးအစားတရာနီးပါးရှိသည်။ ပစ္စည်းအာလုံးတွင် ပြင်းထန်သည့် ကုသမရသည် ထိရုံဖြင့်သေမည့် အဆိပ်မျိုးရှိသည်။
"လေဟာနယ်ဖြိုခွဲမယ်"
လူပိန်ခြေထောက်အောက်မှလေဟာနယ်က မလွတ်မြောက်နိုင်သည့် နွံအိုင်တစ်ခု တွန့်လိမ်သွားသည်။
မှော်ပစ္စည်းမျိုးစုံလည်း သူ့ဆည်ပြေးဝင်လာသည်။ ရှောင်တိမ်းခွင့်မရ။
ကိုယ့်နယ်မြေဖြစ်၍ လေဟာနယ်အရှင်က သူ့စိတ်ကြိုက်ထိန်းချုပ်နိုင်သည်။
နောက်ဆုတ်မရသည့် အသေသတ်တိုက်ခိုက်မှုမျိုးဖြစ်၍ လူပိန်မျက်မှောင်ကျုံ့သွားသည်။ ပြိုင်ဘက်က ထိုလေဟာနယ်ကို ဒြပ်ထုဖန်တီးနိုင်စွမ်းမျိုးရှိမည်ဟု ထင်မထား။
သူခပ်တိုးတိုးရေရွတ်လိုက်သည်။
"အိပ်မက်လောကနယ်"
ထိုစကားဆုံးသည်နှင့် လေဟာနယ်လောကတစ်ခုလုံး မြူဆိုင်းသလိုဖြစ်သွားသည်။ ပုံရိပ်ယောင်လည်းဟုတ်သည်။ အစစ်အမှန်လည်းဟုတ်သည်။ အရားအားလုံးက အတုလည်းဟုတ်သည် အစစ်လည်းဟုတ်သည်။
ကမ္ဗလာတစ်ခု လွှမ်းခြုံခံလိုက်ရသကဲ့သို့ အားလုံး၏အတွေးများ လေးလံထိုင်းမှိုင်းသွားသည်။
ချီတစ်ခုအရှင်အပေါ်ပင် နည်းနည်းသက်ရောက်သည်။ သို့သော် ချက်ချင်း အသိပြန်ဝင်သည်။
စွမ်းအားသက်ရောက်မှုမခံရသူဟူ၍ လေဟာနယ်အရှင်နှင့် လုယန်သာရှိသည်။
"နတ်မယ်၊ ဘာတွေဖြစ်နေတာလဲ"
"စိတ်ဝင်စားစရာကောင်းလာပြီ။ ဟိုလူပိန်ရဲ့ အရိယဖလသန္ဓေက အိပ်မက်တွေနဲ့ ဆက်စပ်နေပုံပဲ။ အခုသူက လေဟာနယ်လောကကို အိပ်မက်နယ်မြေနဲ့ ပေါင်းစပ်လိုက်တာ။
နင်တို့အားလုံး အခု အိပ်မက်နယ်မြေမှာရော အစစ်အမှန်နယ်မြေမှာရောရှိနေတာ။ အပြင်လောကမှာသာဆိုရင် လူအားလုံးကို အိပ်မက်တစ်ခုထဲ သူဆွဲခေါ်နိုင်တယ်။
ဒါပေမယ့် ဒါက လေဟာနယ်လောကလေ။ လောကအစစ်မဟုတ်ဘူး။ ဒါကြောင့် သူ့အရိယဖလသန္ဓေက အစစ်အမှန်ကို အိပ်မက်နဲ့တိုက်ရိုက်ဖုံးနိုင်လောက်အောင် မလွှမ်းမိုးနိုင်ဘူး။
သူက 'မရှိကိုအရှိပြောင်း'တဲ့အဆင့်ရောက်ဖို့ သိပ်မဝေးတော့ဘူး။ ဒါပေမယ့် ဒါကအရေးမကြီးဘူး။ စိတ်ဝင်စားစရာအကောင်းဆုံးကဘာလဲသိလား"
"ဘာလဲ"
"သူတို့နှစ်ယောက်လုံးရဲ့ အရိယဖလတွေပေါ့။ တစ်ယောက်က လေဟာနယ်လောက ဖန်တီးနိုင်တယ်။ နောက်တစ်ယောက်က အိပ်မက်လောကဖန်တီးနိုင်တယ်။
နှစ်ယောက်လုံး 'မရှိကိုအရှိပြောင်း'တဲ့ အရိယဖလမျိုးတွေပဲ။ အဲဒီမျိုးဆက်က မသေမျိုးတစ်ယောက်မှ မပေါ်ဖူးသေးဘူး။
ချီလင်မသေမျိုးက လျန်ယိနှင့်ရှောင်လင်းတို့ ဘာကြောင့်တိုက်ခိုက်ခဲ့လဲဆိုတာ နင်မှတ်မိလား"
လုယန် မျက်လုံးပြူးသွားသည်။ နတ်မယ်စကားထဲမှ သွယ်ဝိုက်အဓိပ္ပါယ်ကို သူနားလည်သည်။
"ဒီနှစ်ယောက်ထဲကတစ်ယောက်ဟာ မသေမျိုးဖြစ်လာနိုင်တယ်လို့ ပြောချင်တာလား"
"မှန်တယ်။ အဆင့်တက်ဖို့ အသေအကြေတိုက်ခိုက်ရမယ့် တိုက်ပွဲပဲ"
ချီတစ်ခုအရှင်က ခြေတစ်လှမ်းနှေးသွားသည်။ အိပ်မက်လောကထဲ ရောက်နေမှန်းလည်းနားလည်လာသဖြင့် ရင်ထိတ်သွားသည်။
မသေမျိုးဖြစ်ဖို့ ပြိုင်ဆိုင်သည့်တိုက်ပွဲအကြောင်း သူမသိ။ ထိုနှစ်ယောက် အသေအကြေတိုက်ရမည့်အခြေအနေ ရှိသည်ကိုလည်း သူမသိ။
သို့သော် လူပိန်၏သရုပ်မှန်ကို သူခန့်မှန်းမိသည်။
"အိပ်မက်လောကဆိုတော့...အိပ်မက်အရိယဖလသန္ဓေ...သူက အိပ်မက်ဆိုးအဓိပဓိများလား"
မဟာချန်ခေတ်နှောင်းပိုင်းတွင် အိပ်မက်အရိယဖလသန္ဓေပိုင်ဆိုင်သည့် အိပ်မက်ဆိုးအဓိပဓိဆိုသူ ပေါ်ထွက်ခဲ့သည်။ ပထမယုအင်ပါယာနှင့် နန်းပလ္လင်ရဖို့ ယှဉ်ပြိုင်တိုက်ခိုက်ဖူးသည်။ သို့သော် နောက်ဆုံးတွင် သူရှုံးသွားသည်။
**********************************