မင်းဖင်ကို အနောက်ဘက် တောင်ကုန်းဆီ ရွှေ့လာခဲ့
Vol. 1 Ch. 50
နောက်ဆုံးပွဲအတွက် နောက်ထပ် မာဂိုဏ်းသား တစ်ယောက်သည် စင်ပေါ်သို့ တက်သွားရန် ပြင်နေသော်လည်း တားမြစ် ခံရလိုက်ရသည်။ မာခွေ၏ အစီအစဉ်သည် ကျန်းရီကို မှန်မှန်ကန်ကန် အနိုင်ယူလိုက်ကာ လူအများ၏ အတင်းအဖျင်း အပြောခံရစေရန် ဖြစ်သည်။ သို့သော် မာဂိုဏ်းသား များသည် မည်သို့ ဟန်ဆောင်ရမည်ကို မသိကြဘဲ အလွန်အကျွံ လုပ်ခဲ့ကြသည်။ လူတိုင်းသည် သူတို့၏ အစီအစဉ်ကို သိသွားကြပြီ ဖြစ်သည်။ ထို့ပြင် မာဟေးချီသည် စိန်ခေါ်ခံရပြီး မျှော်မှန်း ထားသည်ထက် စော၍ စင်ပေါ်သို့ တက်လိုက်ရ စဉ်ကပင် သူတို့၏ အစီအစဉ်သည် ကျရှုံးသွားပြီ ဖြစ်သည်။
မာဟေးချီသာ အနိုင်ရခဲ့ပါလျှင် အရာရာသည် အစီအစဉ်တကျ ဖြစ်လာမည် ဖြစ်သည်။ ယခုမူ မာဟေးချီသည် ရှုံးသွားပြီ ဖြစ်ကာ မာဂိုဏ်းမှ လူများကို စင်ပေါ်သို့ ဆက်သွားခိုင်းရန် မသင့်တော်ပေ။ မာဂိုဏ်းအပေါ် ဆရာသုံးယောက်နှင့် အနောက်ဘက် မြို့စောင့်တပ်မှ အုပ်ချုပ်သူတို့၏ ထင်မြင်ချက်သည်လည်း မကောင်း ဖြစ်သွားပေလိမ့်မည်။
မာဂိုဏ်းမှ လူများ စင်ပေါ်သို့ ထပ်မသွားကြသော် အခြားဂိုဏ်းမှ လူငယ်များလည်း မသွားကြပေ။ အားကောင်းသော သူများသည်ကား ကျန်းရီ၏ လက်ရှိ အခြေအနေအပေါ် အခွင့်မရေး မယူလိုကြခြင်း ဖြစ်ပြီး အားနည်း သူများကား မသွားရဲကြခြင်း ဖြစ်သည်။ သူတို့သည် ကျန်းရီ၏ ရက်စက်လှသော နည်းလမ်းများကို တွေးလိုက်ရုံနှင့်ပင် ကျောချမ်း လာကြသည်။
အချိန်လွန် လာသည်နှင့် ကျန်းရီ၏ အခြေအနေသည် ပို၍ပင် ဆိုးလာခဲ့သည်။
“ဘန်း”
ကျီထင်ယွီ၏ လက်များသည် လေထဲတွင် ဗျပ်စောင်း တီးသည့်နှယ် လှုပ်ခတ်သွားကာ ပြိုင်ဘက်ကို စင်ပေါ်မှ အလွယ်တကူ ဆင်းသွားအောင် လုပ်လိုက်သည်။ သူမသည် ကျန်းရီဘက်ကို တစ်ချက် ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူမ မြင်လိုက်ရသည်မှာ ကျန်းရီသည် မတ်တတ်ရပ်ရန် အနိုင်နိုင် ကြိုးစားနေရ၍ သူ့ကိုယ်မှ ကျနေသော သွေးများကြောင့် စင်တစ်ဝက်ခန့်သည် ချင်းချင်း နီနေလေသည်။ ကျန်းရီသည် ပြိုင်ပွဲမှ နှုတ်ထွက်ရန် ခေါင်းမာစွာ ငြင်းဆိုနေဆဲ ဖြစ်သည်။ သူမသည် သက်ပြင်း အသာအယာချ၍ နှုတ်ခမ်းကိုက် လိုက်မိသည်။ ကျီထင်ယွီသည် မနေနိုင်တော့ဘဲ ကျီဂိုဏ်းမှ ဂိုဏ်းသား တစ်ယောက်အား ကြည့်လိုက်သည်။ ထိုလူသည် သူမဆိုလိုသော အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားကာ ကျန်းရီ၏ စင်ပေါ်သို့ ခုန်တက် လိုက်လေသည်။
“အာ... သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့်လား”
လူတိုင်းသည် ကျန်းရီကို ကြည့်နေကြရာ ကျီဂိုဏ်းမှ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့်သာ ရှိသော လူငယ်ကို မြင်လိုက်ကြရာဝယ် ကျီထင်ယွီကို ချက်ချင်း လှည့်ကြည့် လိုက်ကြသည်။ သူမသည် ကျန်းရီကို စိုးရိမ်ပူပန်စွာ ကြည့်နေခဲ့သည်မှာ လက်ရှိ အစီအစဉ်ကို သူမ လုပ်လိုက်ကြောင်း ဝန်ခံနေသည့်နှယ်... လူတိုင်းသည် စတင်ထင်ကြေး ပေးလာကြတော့သည်.... ကောင်းကင်တောင်ပံမြို့ တစ်ခုလုံးရှိ ယောက်ျားများကို အထင်မကြီးသော နတ်သမီးကျီ၏ နှလုံးသားသည် ပြောင်းလဲသွားကာ ကျန်းရီကို စိတ်ကူးယဉ်နေသည် များလား…
ကျီထင်ယွီသည် သံသယဖြစ်စရာ မလိုအောင် ထူးချွန်သူ ဖြစ်သည်။ သူမသည် အဆင်းရော အချင်းပါ ပြည့်စုံပေသည်။ သူမသည် လူငယ်ပေါင်း များစွာ၏ ရင်ထဲမှ လက်လှမ်း မမီနိုင်သော နတ်ဘုရားမလေးပင် ဖြစ်သည်။ ကျန်းဟန်ရွှေ၊ မာဟေးချီနှင့် လျှိုဟဲတို့သည် သူမကို နှစ်ပေါင်းများစွာ ပိုးပန်းခဲ့သော်လည်း သူမသည် အေးစက်နေကာ ပြောင်းလဲလာခြင်း မရှိခဲ့ပေ။ ယနေ့တွင်မူ သူမသည် အတင်းအဖျင်းများကို ဂရုမစိုက်ဘဲ ကျန်းရီအတွက် သူမဂိုဏ်းမှ လူကို စင်ပေါ်သို့ တက်သွား ခိုင်းလိုက်သည်လား…
ကျန်းဟန်ရွှေ၏ မျက်လုံးများတွင် မုန်းတီးမှုများ ဖျတ်ခနဲ လက်သွားခဲ့သည်။ သူ၏ တိုက်ခိုက်မှု များသည်လည်း ပြင်းထန်လာခဲ့ပြီး ယန်ဂိုဏ်းမှ လူကို ဒဏ်ရာ ပြင်းပြင်းရအောင် လုပ်ကာ စင်ပေါ်မှ ကန်ချ လိုက်လေသည်။ ကျန်းဟန်ရွှေ၏ မျက်လုံးများသည် ဖုံးကွယ်ထား၍ မရသော ခါးသီးမှုတို့ဖြင့် ကျန်းရီကို စိုက်ကြည့် နေခဲ့သည်။
ကျန်းရီသည် စင်ပေါ်သို့ တက်လာသော သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့်သာ ရှိသူအာစ မြင်လိုက်ရသည့်အခါ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူ၏ ကိုယ်သည် လဲကျ သွားတော့မတတ် ဖြစ်နေရာ အသေးစိတ်ကို တွေးတော မနေနိုင်ပေ။ သူသည် လက်ကျန် အတွင်းအားကို စုစည်းကာ ပြိုင်ဘက်ထံ နဂါးတစ်ကောင်နှယ် ပြေးဝင်သွားခဲ့သည်။
“အာ”
ကျီဂိုဏ်းသားသည် စင်ပေါ်သို့ အမြှောက်စာ အကျွေးခံရရန်သာ ရောက်လာခဲ့ခြင်း ဖြစ်ပြီး အချိန်ကောင်းတွင် စင်ပေါ်မှ ဆင်းသွားရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ သူသည် ကျန်းရီနှင့် အမှန်တကယ် မတိုက်ခိုက်လိုပေ။ သို့သော် ကျန်းရီ၏ သားရဲ တစ်ကောင်နှယ် စူးရဲနေသည့် မျက်လုံးများကို မြင်လိုက်ရသောအခါ သူ့ကိုယ်သည် တဆတ်ဆတ် တုန်လာခဲ့သည်။ သူသည် နောက်ပြန်ဆုတ်ရင်းနှင့်ပင် စင်ပေါ်မှ တကယ်ကြီး ပြုတ်ကျ သွားလေသည်။
(စကားချပ်- အမြှောက်စာ ကျွေးခံရတယ် ဆိုတာက ဇာတ်လိုက်တွေ တောက်ပဖို့ စတေးခံရတဲ့ အရံဇာတ်ကောင်လေးတွေကို ပြောချင်တာပါနော်)
“ဟား... ဟား... ဟား”
ရယ်သံများသည် ထွက်ပေါ်လာခဲ့ပြီး ဈေးအတွင်းမှ တင်းမာမှု များသည်လည်း ပြေလျော့ သွားကြသည်။ ယခုပြိုင်ပွဲသည် ပြိုင်ပွဲဝင်တို့၏ အရည်အချင်းများကို ပြသရန် ဖြစ်သော်လည်း ကျန်းရီကြောင့် သတ်ကွင်းအဖြစ် ပြောင်းလဲ သွားရသည်။ ပရိတ်သတ်များသည် အသက်ပင်ရဲရဲ မရှူရဲသဖြင့် လေထု တစ်ခုလုံး တင်းမာ နေခဲ့ရသည်။ လူတိုင်းသည် ယနေ့ပွဲများက ပို၍ ပြင်းထန်လိမ့်မည်ဟု မျှော်လင့်ခဲ့ ကြသော်လည်း ဤမျှလောက် အထိ ဖြစ်သွားလိမ့်မည် ဟုတော့ မမျှော်လင့် ထားခဲ့ကြပေ။
သူဆယ်ပွဲ ဆက်တိုက် အနိုင်ရကြောင်း အတည်ပြုပြီးသည်နှင့် ကျန်းရီသည် ဆက်လက် မတောင့်ခံ နိုင်တော့ချေ။ သူ့ကိုယ်သည် ဒူးထောက်လျက် အနေအထားဖြင့် ကျသွားခဲ့ပြီး လက်တစ်ဖက်ကို အားပြု၍ မေ့လဲ မသွားအောင် ထိန်းထားရသည်။
“ဝှစ်”
သိုင်းခန်းမ၏ လေသာဆောင်မှ အရိပ်တစ်ခုသည် သိမ်းငှက် တစ်ကောင်နှယ် ပျံဝဲလာခဲ့ပြီး စင်ပေါ်သို့ ဆင်းသက်လာသည်။ သူသည် ကျန်းရီကို လက်ကောက်ဝတ်မှ ဆွဲကာ သိုင်းခန်းမထံ ပျံသန်း သွားခဲ့သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့သည် ပရိတ်သတ်၏ မျက်စိအောက်မှ ပျောက်ကွယ် သွားကြသည်။
“ဟမ်”
လူအနည်းငယ်သာ ကျန်းရီ သိုင်းခန်းမတွင် သိုင်းလေ့ကျင့်ဖက်အဖြစ် အလုပ်လုပ်နေကြောင်း သိကြသည်။ ကျန်းဂိုဏ်းရှိ မည်သူမှ ကျန်းရီကို ဒဏ်ရာများ ကုသရန် ပြန်ခေါ် မသွားခဲ့ဘဲ သိုင်းခန်းမမှ လာရောက် ခေါ်ဆောင် သွားသည်ကို လူတိုင်းသည် ထူးဆန်သည်ဟု ခံစားနေ ခဲ့ရသည်။ ကျန်းရီ ပြောခဲ့သလို ကျန်းဂိုဏ်း၌ သူ၏ အဆင့်အတန်းသည် ခွေးတစ်ကောင် သာသာပင် ရှိသည် ဆိုသည်မှာ အမှန်များ ဖြစ်နေမလား…
ကျန်းရီ ပျောက်ကွယ်သွားသည်နှင့် ပရိသတ်သည် အခြား စင်များပေါ်သို့ အကြည့်ပို့လိုက် ကြသည်။ သို့သော် သူတို့၏ စိတ်များသည် ရှုပ်ထွေးနေကာ ကျန်းရီ၏ တိုက်ပွဲများကိုသာ ပြန်မြင်ယောင် နေကြသည်။ ကျန်းရီ၏ တိုက်ပွဲများနှင့် ယှဉ်လျှင် ယခုတိုက်ပွဲများမှာ ကလေးသာသာပင် ဖြစ်သည်။
***
သခင်လေးကျန်းရီ… သခင်လေးကျန်းရီ... ကောင်းကောင်းနေပြီး တောင့်ခံထားရယ်... သခင်လေးသာ သေသွားရင် ရှောင်နူလည်း ဆက်ပြီး အသက်မရှင်ချင်တော့မှာ ကျွန်မကြောက်နေတယ်…
ကျန်းရီ မသိလိုက်သည်မှာ… ဈေး၏ ထောင့်တစ်ခုတွင် ချွန်းယာ၏ ကိုယ်သည် တဆတ်ဆတ် တုန်ယင်နေလျက် ရှိသည်။ သူမသည် ယနေ့တွင် စားသောက်ကုန်များ ဝယ်ရန် ထွက်လာခဲ့ခြင်း ဖြစ်ပြီး မရည်ရွယ်ပါဘဲ ပြိုင်ပွဲစင်ပေါ်တွင် ကျန်းရီ ရပ်နေသည်ကို သတိပြုမိခဲ့သည်။
ချွန်းယာသည် ကျန်းရီတစ်ပွဲပြီး တစ်ပွဲ အနိုင်ယူနေသည်ကို တွေ့ရပြီး ကျေနပ် နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျန်းရီသည် ပွဲတိုင်းတွင် ထိခိုက်ဒဏ်ရာ ရနေသောကြောင့် စိုးရိမ်နေခဲ့သည်။ သိုင်းခန်းမမှ လူတစ်ယောက်က ကျန်းရီကို လာရောက်ခေါ်ဆောင် သွားသည်ကို မြင်လိုက်ရမှသာ သက်ပြင်းချ နိုင်ခဲ့သည်။
ငါပြန်သင့်နေပြီ... အပြင်မှာ ဒီလောက်ကြာနေရင် ရှောင်နူ စိုးရိမ်နေလိမ့်မယ်…
ချွန်းယာသည် စကားတစ်ချို့ကို ရေရွတ်လိုက်ပြီး သိုင်းခန်းမဘက်သို့ တစ်ချက်ကြည့်ကာ ကျန်းအိမ်တော်ထံ ပြန်လာခဲ့သည်။ အပြန်လမ်းတွင် သူမသည် ကျန်းရီ၏ လက်ရှိ အခြေအနေအား ကျန်းရှောင်နူကို မည်သို့ ပြောရမည်လဲဟု စဉ်းစား နေခဲ့သည်။ ကျန်းရှောင်နူသည် ကျန်းရီအား စိတ်ပူ နေပေသည်။ သူမ၏ ခြေထောက်သာ အခြေအနေ ဆိုးမနေပါလျှင် သူမသည် ကျန်းရီကို သေချာပေါက် လိုက်ရှာပေလိမ့်မည်။
ငါသခင်လေး ကျန်းရီကို သိုင်းခန်းမ ဝင်ပေါက်မှာ တွေ့ခဲ့တယ်လို့ ပြောရမယ်... ဒါပေမဲ့ သခင်လေး ကျန်းရီက လူသစ်လက်ခံပွဲမှာ ဝင်ပြိုင် နေတယ်လို့တော့ မပြောသင့်ဘူး။
သူမသာ ရှောင်နူကို ကျန်းရီမှာ ပြိုင်ပွဲကို ဝင်ပြိုင်နေကြောင်း ပြောလိုက်လျှင် ရှောင်နူသည် ခြေထောက်ကို တရွတ်တိုက်ဆွဲ၍ ပြိုင်ပွဲကို သွားကြည့် ပေလိမ့်မည်။ ထိုသို့သာ ဖြစ်လာခဲ့ပါလျှင် ကျန်းရီ၏ တိုက်ပွဲကို ထိခိုက်စေလိမ့်မည်။
“ရှောင်နူ... ငါပြန်လာပြီ”
ချွန်းယာသည် သူမ အိမ်ခြံဝန်းလေးထဲသို့ ဝင်လာကာ တံခါးဖွင့်၍ အော်ခေါ်လိုက်သည်။ ခြံဝန်းလေးသည် တိတ်ဆိတ် နေခဲ့သည်။ သူမသည် ဟိုဟိုသည်သည် ကြည့်လိုက်ပြီးနောက် လန့်သွားရလေသည်။ ခြံဝန်း တစ်ခုလုံးသည် သူစိမ်း ဝင်သွားသကဲ့သို့ ရှုပ်ပွနေခဲ့သည်။
“ရှောင်နူ”
နေ့ဘက်များတွင် သူမ၏ မိဘများမှာ အိမ်၌ မရှိကြပေ။ သူမ၏ အိမ်သည် ဆင်းရဲသောကြောင့် တန်ဖိုးကြီး ပစ္စည်းများလည်း မရှိရာ သူခိုး တစ်ယောက်လည်း မဖြစ်နိုင်ပေ။ ဖြစ်နိုင်သည်ကား ရှောင်နူ ဒုက္ခရောက်နေသည်သာ...
“ဘန်း”
သူမသည် အခန်းတွင်း အလျင်စလို ပြေးဝင် သွားလိုက်သော် အရိပ်တစ်ခုသည် အခန်းတွင်းမှ ဖျတ်ခနဲ ခုန်ထွက် လာခဲ့သည်။ သူမဘာမှ မလုပ်နိုင် သေးခင်တွင် ဓားနှောင့် တစ်ခုသည် သူမ၏ နောက်စေ့ပေါ် ကျရောက်လာခဲ့ပြီး သတိလစ် သွားခဲ့လေသည်။
“သူမကို ကြိုးချည်ပြီးတော့ ပါးစပ်ကို ပိတ်ထားလိုက်... ပြီးတော့ သူမရဲ့ မိဘတွေကိုလည်း ခေါင်းဆောင်ရုန်ကို အချိန်ဆွဲ ထားခိုင်းလိုက်... ကိစ္စတွေ မပြီးမချင်း ဘာသတင်းမှ ထွက်မလာပါစေနဲ့”
အေးစက်စက် လေသံ တစ်ခုသည် ခြံအပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ခြံဝန်းအတွင်းမှ လူသည် ချွန်းယာကို ကြိုးချည်၍ ပါးစပ်ကို ဆို့ပြီးသော် အခန်းတွင်း ထည့်ထား လိုက်လေသည်။ ထို့နောက်တွင် သူသည် ရှောင်နူ ဖြစ်ဟန်တူသော ဖြူဖျော့ဖျော့ ပိန်ပိန်ပါးပါး မိန်းကလေး တစ်ယောက်ကို သယ်ကာ ခြံထဲမှ ထွက်သွားခဲ့လေသည်။
ခြံဝန်း အပြင်ဘက်တွင် လူတစ်စုသည် ရပ်နေခဲ့ကြသည်။ ခေါင်းဆောင်သည် ဝက်တစ်ကောင်နှယ် ဝတုတ်နေသော လူတစ်ယောက်ဖြစ်ပြီး ခြေတစ်ဖက်မှာ အပြည့်အဝ ပြန်မကောင်းသေးသောကြောင့် ထော့နဲ့ထော့နဲ့ ဖြစ်နေခဲ့ လေသည်။ ကျန်းရုဟူမှ လွဲ၍ မည်သူ ရှိပါဦးမည်နည်း... သူသည် ကျန်းရှောင်နူကို ကြည့်၍ ပြောလိုက်သည်...
“အနောက်ဘက် တောင်ကုန်းကို သယ်သွား... ကျန်းဟုန်... သိုင်းခန်းမက ကျန်းရီကို သတင်းစကား သွားပြော... သူ့ဖင်ကို အနောက်ဘက် တောင်ကုန်းကို ချက်ချင်း ရွှေ့လာလို့ ပြောလိုက်... မှတ်ထား... သိုင်းခန်းမက လူတွေ မသိစေနဲ့... မင်းက သူ့ဝမ်းကွဲလို့ ပြောလိုက်”
“အကိုဟူက အရမ်းအမြော်အမြင် ရှိတာပဲ... အခုဆို ကျန်းရီက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာ... သူသာ အနောက်ဘက် တောင်ကုန်းကို လာရဲရင် သူသေချာပေါက် သေမှာပဲ”
အရပ်ပုပုနှင့် ကျန်းပေါင်သည် နောက်လိုက် ခွေးတစ်ကောင်နှယ် ချက်ချင်း လက်မထောင် လိုက်သည်။ သို့သော် သူသည် စိုးရိမ်စွာ မေးလာခဲ့သည်...
“ကျန်းရီရဲ့ လက်ရှိ အင်အားနဲ့ဆိုရင် ကျွန်တော်တို့ သူ့ကို နိုင်ပါ့မလား... အကိုလုံ လာမှာလား”
ကျန်းရု ဟူသည် ခေါင်းညိတ်လိုက်သည်။
“ငါ့အကိုက သေချာပေါက်ကို လာမှာပေါ့... သူက ကျန်းရီကို မသတ်မရဘဲ ဘယ်လိုလုပ် အေးအေးဆေးဆေး နေနိုင်မှာလဲ... မစိုးရိမ်နဲ့... ငါတို့ချည်းပဲ မဟုတ်ဘူး... စစ်ကူတွေ ရှိတယ်... အချိန်ကျ လာတော့မယ်... လက်နက်တွေ ယူပြီး တောင်ပေါ်ကို သွားကြတော့”
ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ လူသစ်လက်ခံပွဲ အတွင်းတွင် ကျန်းအိမ်တော်သည် အတော်လေး တိတ်ဆိတ် နေခဲ့သည်။ သူတို့ လူစုသည် ကျန်းရှောင်နူကို အိတ်တစ်အိတ်လို ထမ်းကာ အစေခံများကို ရှောင်တိမ်းရင်း ကျန်းဂိုဏ်း၏ အနောက်ဘက် တံခါးပေါက်မှသည် အနောက်ဘက် တောင်ကုန်းသို့ တက်သွား ကြလေသည်။
***
“တွေ့ရတာ ဝမ်းသာပါတယ်... ကျွန်တော် ကျန်းရီကို လာရှာတာပါ... အထီးကျန် ဝံပုလွေလို့ ခေါ်ကြတယ် ထင်တယ်... ကျွန်တော်က သူ့ဝမ်းကွဲပါ”
တစ်နာရီ ကြာပြီးနောက် ကျန်းဟုန်သည် သိုင်းခန်းမ၏ တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်ကာ အစောင့်တစ်ယောက်ကို တိုးတိုး ပြောနေခဲ့သည်။ ကျန်းဟုန်သည် အစောင့်၏ မျက်နှာကို တစ်ချက် ကြည့်ရုံနှင့်ပင် ကျန်းရီသည် သိုင်းခန်းမတွင် အတော်လေး မျက်နှာသာ အပေးခံရကြောင်း ပြောနိုင်သည်။ မကြာခင်မှာပင် အစောင့်သည် ပြန်ထွက်လာပြီး ပြောလေသည်...
“အထီးကျန် ဝံပုလွေက အခု ဒဏ်ရာတွေ ကုသနေရပြီး သတိလစ် နေပါတယ်... ကြီးကြပ်သူ ယန်က ဘယ်သူမှ သူ့ကို တွေ့ခွင့်မရှိဘူးလို့ ပြောပါတယ်... မင်း နောက်မှ ပြန်လာသင့်တယ်”
“အိုး… ဒါဆို ငါနောက်မှ ပြန်လာခဲ့မယ်”
ကျန်းဟုန်သည် မျက်နှာကြီး မည်းမှောင်ကာ ထွက်လာခဲ့သည်။ သူသည် လေးနာရီကြာသော် နောက်တစ်ကြိမ် ပြန်လာခဲ့သော်လည်း ကျန်းရီမှာ သတိလစ် နေဆဲပင်... သူသည် ညနေစောင်းတွင် နောက်ဆုံးတစ်ကြိမ် ပြန်လာခဲ့သော်လည်း နိုးမလာခဲ့သေးပေ။ သူ့တွင် ရွေးချယ်စရာ မရှိတော့ဘဲ အနောက်ဘက် တောင်ကုန်းသို့ သွားကာ သတင်းပို့ ရတော့သည်။
ကျန်းရီသည် တကယ်ကို ဒဏ်ရာများအား ကုစား နေခဲ့သည်။ သို့သော် သူသည် သတိလစ် မနေခဲ့ချေ။ သူသည် လွန်ခဲ့သော လေးနာရီလောက်တည်းက သတိရနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ကြီးကြပ်သူ ယန်သည် ကျန်းရီကို အနှောင့်အယှက် မဖြစ်စေလို၍ ကျန်းဟုန်ကို ပြန်ခိုင်းရန် အစောင့်အား ပြောခဲ့ခြင်း ဖြစ်သည်။
ကျန်းရီ မျက်လုံးများ ဖွင့်လိုက်သောအခါ ကောင်းကင်သည် လုံးဝမည်းမှောင် နေခဲ့ပြီ ဖြစ်သည်။ သူ့မျက်နှာသည်လည်း သွေးရောင် ပြန်လွှမ်း နေခဲ့ပြီ ဖြစ်သည်။ နေ့ဝက်လောက် ကုသပြီး နောက်တွင် သူ့ဒဏ်ရာများသည် ပြန်ကောင်းလု နီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
သိုင်းခန်းမသည် သူ့ကို မလိမ်ခဲ့ပေ။ သူမသေသေးသရွေ့ သူတို့သည် သူ့ကျန်းမာရေးကို ပြန်ကောင်းအောင် လုပ်ပေး နိုင်လေသည်။ သိုင်းခန်းမသည် သူ့ကို မြေကမ္ဘာအဆင့် ဆေးလုံးငါးလုံး ပေးခဲ့၍ ကြီးကြပ်သူ ယန်သည်လည်း သူ့ဒဏ်ရာများကို ကုသရန် အတွင်းအားသုံး၍ လေးနာရီကြာ ကူညီခဲ့လေသည်။
ပွဲနှစ်ဆယ် အနိုင်ရထားပြီ။
ကျန်းရီသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ ယနေ့ပြိုင်ပွဲသည် အတော်လေး ဆိုးရွားခဲ့သည်။ မနက်ဖြန်တွင် ဆယ်ပွဲကို လွယ်လွယ်ကူကူ ဖြတ်ကျော် နိုင်လောက်သည်ဟု သူခန့်မှန်းထားသည်။ နောက်ဆုံးနေ့မှသာ အားအကောင်းဆုံးသော သူများကို သူရင်ဆိုင် ရနိုင်သည်။
နောက်တစ်နေ့တွင် ကျန်းရီသည် စင်ပေါ်သို့ တက်လာခဲ့သည်။ ပြိုင်ပွဲ စတင်ကြောင်း မကြော်ငြာ ရသေးခင်တွင် လူတစ်ယောက်သည် စင်ပေါ်သို့ တက်လာခဲ့ပေသည်။ ထိုလူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်သာ ရှိ၍ ကျန်းရီသည် အတော်လေး ရင်းနှီးနေပေသည်
ကျန်းဟုန်…
အပြင်လူများသည် ဒီကျန်း ဂိုဏ်းသားသည် ကျန်းဂိုဏ်းမှ ကျန်းရီ အလွယ်တကူ အနိုင်ရရန် ပြင်ဆင်ပေးသူ ဖြစ်မည်ဟု တွေးနေခဲ့ကြသည်။ သို့သော် ကျန်းရီသည် ထိုသို့ မဟုတ်ကြောင်း သိလေသည်။ သူသည် ကျန်းဟုန်ကို စိုက်ကြည့်လိုက်ပြီး သူ့ကိုယ်မှ သတ်ဖြတ်ချင် စိတ်များ ထွက်ပေါ်လာခဲ့သည်။
“ဝှစ်”
ကျန်းဟုန်သည် ကျန်းရီထံ ပြေးလာခဲ့ပြီး ကျန်းရီနှင့် သုံးမီတာခန့် အကွာသို့ ရောက်သောအခါ အသံကို တိုးကာ ပြောလိုက်သည်...
“ငါမင်းနဲ့ တိုက်ခိုက်ဖို့ ဒီကိုလာတာ မဟုတ်ဘူး... ငါကမင်းကို သတင်းတစ်ခု လာပေးတာ... အကိုဟူက ပြောခိုင်း လိုက်တယ်... မင်း ကျန်းရှောင်နူကို မသေစေချင်ရင် အခုချက်ချင်း မင်းဖင်ကို အနောက်ဘက် တောင်ကုန်းဆီ ရွှေ့လာခဲ့တဲ့... တစ်နာရီကြာလို့မှ မင်းပေါ် မလာရင် ကျန်းရှောင်နူက အဓမ္မကျင့်ပြီး အသတ်ခံရမယ်”
***