← Chapters

စုကျိုးအင်မော်တယ်ဂိုဏ်းဝင်အသစ်

Vol. 89 Ch. 1237

စုကျိုးအင်မော်တယ်ဂိုဏ်းဝင်အသစ်

Vol. 89 Ch. 1237

အန်လင်းက တပိုင်၏ ကျောပေါ်တွင် စီးနင်းလျက် မကြာမီ ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် သူက အဓိကဂိုဏ်းသားများအားလုံးကို စုဝေးခေါ်ယူလိုက်သည်။

“အဟမ်း... အားလုံးကို မိတ်ဆက်ပေးပါရစေ ၊ ဒီလူက စွန်းယွီလော့ပါ ၊ ငါတို့ စုကျိုးအင်မော်တယ်ဂိုဏ်းကို အသစ်ဝင်လာတဲ့ ဂိုဏ်းသားအသစ်ပဲ ၊ သူ့ကို ဓားစံအိမ်မှာပါဝင်ဖို့ ငါ စီစဉ်ထားတယ် ၊ ကဲ... သူ့ကို အားပေးကြိုဆိုလိုက်ကြပါဦး”

“ဖြောင်း... ဖြောင်း... ဖြောင်း”

အန်လင်းစကားသံ ဆုံးသွားသည်နှင့် ဆူညံသော လက်ခုပ်သံများ ထွက်ပေါ်လာသည်။

လျိုချန်းဟွမ် အံ့ဩတကြီးနဲ့ မျက်လုံးအဝိုင်းသား ဖြစ်သွားသည်။

"အို ဘုရားရေ.. အစ်ကိုစွန်းယွီလော့... ရှင့်ကို ဒီမှာ တွေ့ရမယ်လို့ ထင်မထားခဲ့ဘူး”

စွန်းယွီလော့လည်း ဝမ်းသာသွားသည်။

"ညီမလျိုချန်းဟွမ် အခုကစပြီး ငါတို့ ဂိုဏ်းတူမောင်နှမတွေ ဖြစ်သွားကြပြီ ၊ ကံတရားက အတော်ထူးဆန်းတာပဲ”

လျိုချန်းဟွမ်၏ မျက်နှာက ချက်ချင်းတည်သွားပြီး...

“ကျွန်မကို စံအိမ်သခင်မလို့ ခေါ်ပါ”

စွန်းယွီလော့မှာ ဆွံ့အသွားသည်။

“… စံ… စံအိမ်သခင်မ "

ပိုင်လင်က အံ့ဩဆွံ့အစွာ ကြည့်နေသည်။

“အန်လင်း ခရီးကပြန်လာတိုင်း လူတစ်ယောက်ခေါ်လာတတ်တယ် ၊ ဒီအကျင့်ကို ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး”

ထန်ရှီးမန်က အနည်းငယ် ထိတ်လန့်သွားသော မျက်နှာထားဖြင့် နောက်သို့ဆုတ်လိုက်သည်။

" အဲဒါက အရေးမကြီးဘူး၊ အရေးကြီးတာက စွန်းယွီလော့ရဲ့ ကျောပေါ်က ဘာလဲဆိုတာပဲ "

စွန်းယွီလော့၏ နောက်ကျောတွင်၊ နက်မှောင်သော အပြာရောင်အလင်းတန်းတစ်ခုထွက်ပေါ်နေပြီး၊ အခန်းအတွင်း သိသာစွာ အေးစက်သွားသည်။

ကလေးငယ်တစ်ယောက်က စွန်းယွီလော့ပခုံးထက် လက်နှစ်ဖက်တင်ထားပြီး ခေါင်းလေးပြူတစ်ဖြင့် ခိုးကြည့်လျှက် အားလုံးကို ကြောက်စရာကောင်းစွာ ပြုံးပြလိုက်၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသူအားလုံး အသက်ရှူရပ်မတတ် ထိတ်လန့်သွားကြသည်။

ရဲ့လင်ဆိုလျှင် သူမ၏ ထိုင်ခုံအောက်သို့ အလျင်အမြန် ဝင်ပုန်းအောင်းကာ ကြောက်လန့်နေသည်။

“အိုး မိတ်ဆက်ပေးဖို့ မေ့နေတာ ၊ ဒီကောင်လေးက စွန်းယွီလော့ရဲ့ အိပ်မက်ပြာဓားက ဓားဝိညာဉ်ပဲ”

အန်လင်းက မိတ်ဆက်ပေးလိုက်သည်။

အားလုံး အံ့အားသင့်သွားကြသည်။

ဒီကောင်လေးက ဘယ်လိုဓားဝိညာဉ်မျိုးလဲ?

သူတို့ဂိုဏ်းချုပ်က သူတို့ကို လိမ်နေတာပဲ ဖြစ်ရမည်။

အားလုံး ထိတ်လန့် အံ့ဩ မှင်တက်နေစဉ်၊ ထိုကောင်လေး၏ လျှာသည် ရုတ်တရက် ရှည်လျားထွက်လာပြီး၊ စွန်းယွီလော့၏ မျက်နှာပေါ်သို့ ဖြင်းကနဲ ရိုက်ခတ်လိုက်သည်။

“အား…!"

“အမေ! ကယ်ပါ!”

စွန်းယွီလော့သည် ကြောက်လန့်တကြားအော်ဟစ်လိုက်ပြီး သတိလစ်လုမတတ် ဖြစ်သွားသည်။

အားလုံး မှင်တက်သွားကြသည်။

သူက ထိုသို့သော ဓားဝိညာည်မျိုးကို မည်သို့ နှိမ်နင်းထိန်းချုပ်ခဲ့ပါသနည်း။

ဖြစ်နိုင်ဖွယ်ရာ မရှိပါ။

ထို့နောက် အန်လင်းသည် စွန်းယွီလော့ကို ဂိုဏ်းတွင် လက်ခံရသည့် အကြောင်းရင်းနှင့် ကောင်းကင်ဓားဂိုဏ်းအကြား တင်းမာလာသောအကြောင်းများကို ပြန်လည်ပြောပြခဲ့သည်။

လျိုချန်းဟွမ်က မေးစေ့ကိုပွတ်သပ်ရင်း စဉ်းစားဟန်ဖြင့်...

“ကျွန်မအဖေက ဂုဏ်ယူစရာကောင်းတဲ့ ဓားအင်မော်တယ်တွေကို လေ့ကျင့်ပေးရာမှာ အလွန်အာရုံစိုက်ပြီး ဓားဝိညာဉ်တွေကိုဆိုရင် ပိုလို့တောင် ဂရုစိုက်သေးတယ် ၊ ဓားဝိညာဉ်တွေကို ပိုပြီးလေ့ကျင့်ပေးဖို့ဆိုတာ သူ့ရဲ့ ရေရှည်ရည်မှန်းချက်တစ်ခုပဲ”

သူမက ဆက်ပြောလိုက်သည်။

“သူ့စိတ်ထဲမှာ ဓားဝိညာဉ်တစ်ခု အောင်မြင်စွာဖြစ်တည်လာတဲ့ ရှေးဟောင်းဓားတစ်လက်က ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ရှိသူတစ်ယောက်ထက်တောင် ပိုပြီးတန်ဖိုးရှိတယ်လို့ ယူဆတတ်တယ်”

“ဒါကြောင့် သူက ဒီဓားဝိညာဉ်ကို အလွယ်တကူ အလွတ်ပေးမှာမဟုတ်ဘူး”

ထိုစကားကြားသည်နှင့် အားလုံး၏မျက်နှာများ တည်ကြည်လေးနက်သွားကြသည်။

စွန်းယွီလော့ စိုးရိမ်နေပြီး အပြစ်ရှိသလို ခံစားနေရသဖြင့် လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။

အန်လင်း၏ မျက်နှာမှာ တည်ငြိမ်လျက် စိုးရွံ့မှုတစ်စုံတစ်ရာ မရှိပေ။

"ကိစ္စမရှိဘူး ၊ လျိုမင်ရွှမ်းကို ကြောက်စရာမလိုဘူး ၊ ငါတို့ဂိုဏ်းမှာ ကိုးဆယ့်ကိုးအစွန်းရောက်ကောင်းကင်မန္တန်အစီအရင်ရှိတယ် ၊ မကြာခင်မှာ ကြယ်စင်မီးလျှံစစ်သင်္ဘောတစ်စင်းလည်း ရှိလာတော့မယ် ၊ ဒီအရာတွေက တာအိုပေါင်းစည်းအဆင့်ရှိတဲ့ အစွမ်းထက်အင်အားကြီးသူတစ်ယောက်ကိုတိုက်ခိုက်ဖို့ လုံလောက်တယ် မဟုတ်လား ၊ ဒီတော့ ငါတို့ကို ဘာကိုကြောက်နေရမှာလဲ”

ထိုစကားကြားတော့ ပိုင်လင်၏မျက်နှာထက် အပြုံးတစ်ခု ထင်ဟပ်လာသည်။

“ကြယ်စင်မီးလျှံစစ်သင်္ဘောက ခြောက်လအတွင်း အပြည့်အဝ ပြုပြင်ပြီးစီးလိမ့်မယ်”

ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံး၏ မျက်နှာများတွင် စိုးရိမ်ထိတ်လန့်မှုများ လျော့ကျသွားသည်။

အစည်းအဝေးသည် ပြီးဆုံးသွားပြီဖြစ်သည်။

အန်လင်းသည် နောက်ထပ်ခရီးတစ်ခုအတွက် စတင်ပြင်ဆင်လိုက်သည်။

သူ့ထံတွင် အမှောင်ထုပုတီးစေ့ (၃)ခု ပျောက်ဆုံးနေပြီး ၎င်းတို့ကို ပြန်လည်ရယူရန်အတွက် ဟွမ်ဖုဝမ်ကို လမ်းညွှန်အဖြစ်အသုံးပြုကာ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် လေ့ကျင့်မှုအခြေခံလိုအပ်သည်။

ထိုအရာအားလုံးက မကောင်းဆိုးဝါးချောက်နက်တစ်နေရာတွင် ရှိနေကြသည်။

“ရင်းနှီးပြီးသား နေရာတစ်ခုပဲ...”

အန်လင်း အတိတ်ကို ပြန်လည်သတိရသွားသည်။

အတိတ်ကို ပြန်တွေးကြည့်လျှင် သူသည် ထိုနေရာတွင် မကောင်းဆိုးဝါးနတ်ဆိုးများကို သတ်ဖြတ်ခဲ့ဖူးသည်။

ကိုးပြည်ထောင်တိုင်းပြည်၏ အရှေ့တောင်ဘက်ဒေသ ၊ ကောင်းကင်မြစ်ပြည်နယ်၏နယ်စပ်...။

ထိုနေရာတွင် မျက်စိတစ်ဆုံး ကျယ်ပြန့်ပြီး မဲနက်သော အက်ကွဲကြောင်းကြီးတစ်ခု ရှိသည်။ ၎င်းသည် လူသားနယ်မြေနှင့် ပုရွတ်ဆိတ်မျိုးနွယ်နယ်မြေကို ပိုင်းခြားထားသော အက်ကွဲကြောင်းတစ်ခု ဖြစ်၏။

အန်လင်း တပိုင်ကိုစီးနင်းလျှက် ကောင်းကင်ယံထက်မှသည် ထိုကြီးမားသော အမှောင်ထုအက်ကွဲကြောင်းအတွင်းသို့ ဆင်းသက်လိုက်သည်။

“အမှောင်ထုပုတီးစေ့တစ်လုံးက မကောင်းဆိုးဝါးချောက်နက်ထဲက အမှောင်ထုဝိညာဉ်ရေကန်မှာ ရှိတယ်၊ နောက်တစ်လုံးက အရမ်းအစွမ်းထက်တဲ့ မကောင်းဆိုးဝါးနတ်ဆိုးတစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတယ် ၊ အဲဒီနှစ်မျိုးလုံးက မကောင်းဆိုးဝါးချောက်နက်ရဲ့ နက်ရှိုင်းလွန်းတဲ့ နေရာမှာရှိတယ်”

အန်လင်းက အမှောင်ထုပုတီးစေ့များကို ပြန်လည်ရယူရန် ခန့်မှန်းမြေပုံကိုကြည့်ရင်း ကြုံတွေ့ရမည့်အန္တရယ်များကို တွက်ချက်လိုက်သည်။

သူ ပထမဆုံးအကြိမ် မကောင်းဆိုးဝါးချောက်နက်သို့ ဝင်ရောက်ခဲ့စဉ်က အလယ်ပိုင်းဒေသသို့ ခရီးထွက်စဉ်က ဖြစ်သည်။

ထိုနေရာတွင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်နှင့် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ အစွမ်းထက်သူများ များစွာရှိသည်။

မကောင်းဆိုးဝါးနတ်ဆိုးများက အခြားသူများထက် သာလွန်သော စွမ်းအားအဆင့်တစ်ခုရှိသည်။

သို့သော် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိသော မကောင်းဆိုးဝါနတ်ဆိုးများက စကားပြောနိုင်သောစွမ်းရည်နှင့် ဉာဏ်ရည်ကို ပိုင်ဆိုင်ထားသည်။

ဥပမာ - အန်လင်း အရင်က ရင်ဆိုင်ခဲ့ဖူးသော မကောင်းဆိုးဝါးနတ်ဆိုးခေါင်းဆောင်ကဲ့သို့ ဖြစ်သည်။ ပိုမိုအဆင့်မြင့်မားသော မကောင်းဆိုးဝါးနတ်ဆိုးများနှင့်တော့ အန်လင်း ယခုချိန်ထိ ရင်မဆိုင်ဖူးသေးပေ။

“ပိုပြီး မှောင်လာနေပြီ”

တပိုင်က အမြီးနှံ့ရင်း အောက်သို့ ဆင်းသက်လာသည်။

“အကိုကြီးချိုးကို အတူခေါ်လာသင့်တယ်။ သူ့ရဲ့ မီးအိမ်မျက်လုံးတွေက ဒီနေရာမှာ အရမ်းအသုံးဝင်မှာပဲ "

အန်လင်းက အနည်းငယ် စိတ်ရှုပ်ထွေးသောအမူအရာဖြင့်...

“ရှောင်ချိုးက အခုမှ မိန်းမရခါစမို့ သူ့ကို ခဏလောက်တော့ ပျော်ခွင့်ပေးသင့်တယ်လေ”

ရှဲ့လေးကတော့ ဤကဲ့သို့မှောင်မဲသော ပတ်ဝန်းကျင်ကို နှစ်သက်ပုံရပြီး မကြာမီတွင် အန်လင်း၏ နတ်ဆိုးသုတ်သင်ဓားထဲမှ ခုန်ထွက်လာကာ တပိုင်၏ကျောပေါ်တွင် ထိုင်လိုက်သည်။

သူမက လက်သေးသေးလေးများဖြင့် အန်လင်း၏ အင်္ကျီလက်ကိုဆုပ်ကိုင်ထားပြီး စူးစမ်းလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို လှမ်းကြည့်နေသည်။

မကောင်းဆိုးဝါးချောက်နက်အတွင်းရှိ မကောင်းဆိုးဝါးများက ရံဖန်ရံခါ တပိုင်ကို တိုက်ခိုက်လာတတ်သည်။ သို့သော် သူတို့ တပိုင်ထံမရောက်ခင်မှာပင် ငွေရောင်ဓားသွားများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။

“ဟားဟား၊ ငါက ဒီနေရာမှာ ဆရာကြီးကွ။ ဒီနေရာက မကောင်းဆိုးဝါးအားလုံး ငါ့ရှေ့မှာ ဦးညွှတ်ရမယ်!”

တပိုင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

သူ အရင်က ဤနေရာသို့ရောက်စဉ်ကထက် များစွာ ပိုမိုအစွမ်းထက်လာခဲ့သည်။

ပထမအကြိမ် မကောင်းဆိုးဝါးချောက်နက်သို့ ခရီးထွက်စဉ်က တပိုင်သည် ထိတ်လန့်ကြောက်ရွံ့မှုဖြင့် ထွက်ပြေးခဲ့ရပြီး အကြိမ်များစွာ တိုက်ခိုက်ခံခဲ့ရသည်။

ယခုအခါ မကောင်းဆိုးဝါးများကို အလွယ်တကူအနိုင်ယူနိုင်ပြီဖြစ်၍ မိမိကိုယ်ကို အလွန်ကျေနပ်နေမိသည်။

မကြာမီတွင် သူတို့သည် မိုင်ပေါင်းများစွာ နက်ရှိုင်းသောနေရာသို့ ရောက်ရှိလာပြီး နောက်ဆုံးတွင် ပြန့်ပြူးသောမြေပြင်ပေါ်သို့ ဆင်းသက်နိုင်ခဲ့သည်။

အန်လင်းက...

“မြေပြင်ပေါ်ကိုတော့ ရောက်လာပြီ ၊ နောက်ထပ် ကြီးမားတဲ့အက်ကွဲကြောင်းတစ်ခု ရှာဖွေပြီး မကောင်းဆိုးဝါးချောက်နက်ရဲ့ ဗဟိုဒေသကိုဆက်လက်ဆင်းသက်ရမယ်”

အန်လင်း စကားပြောနေစဉ် တပိုင်၏ ပါးစပ်မှ လေပြင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး၊ သူတို့ရှေ့ရှိ ကြီးမားသော ပုတ်သင်ညိုကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေသည်။

မကောင်းဆိုးဝါးချောက်နက်၏ ဤအပိုင်းကို ဖြတ်သန်းသွားလာရခြင်းသည် သူတို့အတွက် ဥယျာဉ်ထဲတွင် လမ်းလျှောက်နေသလို ဖြစ်သည်။

မည်သည့်သတ္တဝါမျှ တပိုင်၏ တိုက်ခိုက်မှုကို ခုခံနိုင်ခြင်း မရှိပေ။

လေးနာရီအကြာတွင် သူတို့သည် ကြီးမားသောအက်ကွဲကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

“ဒီဟာက မကောင်းဆိုးဝါးချောက်နက်ရဲ့ ဗဟိုဒေသကို သွားတဲ့ လမ်းကြောင်းဖြစ်မယ် သွားကြစို့။”

အန်လင်း၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်တစ်ခု ထင်ဟပ်လာသည်။

သူက တပိုင်၏ကျောပြင်ထက်စီးနင်းရင်း ဆက်လက်ဆင်းသက်သွားသည်။ နေရောင်ခြည်၏ အလင်းရောင်သည် လုံးဝပျောက်ကွယ်သွားခဲ့ပြီး၊ အမှောင်ထုဖြစ်ပေါ်လာသည်။

ထိုအချိန်တွင် မကောင်းဆိုးဝါးချောက်နက်၏ အနက်ရှိုင်းဆုံးနေရာတွင် မဲနက်ပြီး အိပ်မက်ဆန်သော ပုံရိပ်တစ်ခုသည် ရုတ်တရက် နိုးထလာပြီး သူ၏ မျက်လုံးတို့သည် ကြယ်များကဲ့သို့ တောက်ပလျက်ရှိသည်။

“ငါ့နယ်မြေထဲကို အစွမ်းထက်တဲ့ သတ္တဝါတစ်ကောင် ရောက်နေတယ်။ သူရဲ့ ကျင့်ကြံခြင်းအဆင့်က နည်းနည်းနိမ့်ကျပေမယ့် သူ့ကိုယ်တွင်းမှာရှိတဲ့စွမ်းအားက အတော်ကြီးမားတယ် ၊ စိတ်ဝင်စားစရာပဲ။ "

“ဟာ…. ငါ့ခန္ဓာကိုယ်ထဲကသွေးတွေ ရုတ်တရက် ဆူလာပါလား "

“ဧကန္တ... သူက အမှောင်ထုတာအိုကို သယ်ဆောင်သူလား”

ထိုပုံရိပ် ရုတ်တရက် စိတ်လှုပ်ရှားလာလေသည်။

All Chapters