အလိုအလျောက်မောင်းနှင်စနစ်
Vol. 89 Ch. 1238
အန်လင်း တပိုင်၏ကျောပေါ်တွင် ဆက်လက်စီးနင်းသွားသည်။
သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးက မင်ရောင်ပမာ မှောင်မဲနေပြီး သူ၏ နတ်အာရုံဖြင့်သာ ပတ်ဝန်းကျင်ကို စူးစမ်းရှာဖွေနိုင်ခဲ့သည်။
"ဒီနေရာက အရမ်းသာယာတာပဲ"
ရှဲ့လေးသည် မျက်လုံးများ မှေးစင်းကာ အနှစ်သက်ဆုံးအမူအရာဖြင့် ပြောဆိုလိုက်သည်။
"ရှဲ့လေး မင်း အမှောင်နေရာတွေကို နှစ်သက်တာလား။ "
အန်လင်းက သူမ မရဏဝိညာဉ်မိစ္ဆာမြေတွင်လည်း အတော်လေး စိတ်လှုပ်ရှားခဲ့သည်ကို အမှတ်ရလိုက်သည်။ မရဏဝိညာဉ်မိစ္ဆာမြေနှင့် မကောင်းဆိုးဝါးချောက်နက်တို့သည် အလွန်အမှောင်ကျသောနေရာများဖြစ်သည်။
ရှဲ့လေးက ခဏမျှစဉ်းစားပြီးမှ အေးဆေးစွာပင် ပြန်ဖြေလိုက်သည်။
"အမှောင်ကိုနှစ်သက်လို့တော့ မဟုတ်ဘူးဆိုတာ သေချာတယ် "
"ဒါပေမဲ့ ဒီနေရာတွေမှာ ကျွန်မဘာကို နှစ်သက်လဲဆိုတာ အတိအကျ မသိပါဘူး မမြင်နိုင်တဲ့ အန္တရာယ်နဲ့ ထိတ်လန့်ဖွယ်ရာ ခံစားချက်ကြောင့်လား၊ ဒါမှမဟုတ် အမှောင်ထဲမှာ မျောလွင့်နေတဲ့ စွမ်းအင်အမှုန်တွေကြောင့်လားပဲ...”
သူတို့စကားပြောနေစဉ် အမှောင်ထဲမှ မည်းမှောင်သောအရိပ်တစ်ခုသည် ရုတ်တရက် အလွန်လျင်မြန်စွာ အန်လင်းဆီသို့ ဦးတည်လာသည်။ ၎င်းသည် လက်သည်းများဖြင့် ရက်စက်စွာ တိုက်ခိုက်လာသည်။
ဤသည်က မကောင်းဆိုးဝါးနတ်ဆိုးတစ်ကောင်၏ ရုတ်တရက်တိုက်ခိုက်မှုဖြစ်သည်။
တပိုင်သည် လှုပ်ရှားမှု မပြုလုပ်ရသေးခင်မှာပင် ရှဲ့လေးက နတ်ဆိုးသုတ်သင်ဓားကိုဆင့်ခေါ်ကာ ထို မကောင်းဆိုးဝါးနတ်ဆိုးဆီသို့ ခုန်ဝင်သွားပြီး ၎င်း၏ ရင်ဘတ်ကို ချက်ချင်းထိုးဖောက်လိုက်သည်။
“အား…!”
မကောင်းဆိုးဝါးနတ်ဆိုး၏ ခန္ဓာကိုယ်မှ သွေးများထွက်လာပြီး နာကျင်စွာအော်ဟစ်ရင်း သူ၏ခန္ဓာကိုယ်လည်း ပျက်ဆီးသွားသည်။
နတ်ဆိုးသုတ်သင်ဓားထက်တွင် ထူးဆန်းသောစွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ထို မကောင်းဆိုးဝါးနတ်ဆိုး၏ဝိညာဉ်ကို ဖြည်းဖြည်းချင်း စုပ်ယူလိုက်သည်။
ရှဲ့လေး၏ ပါးပြင်များ နီရဲလာကာ မျက်လုံးများလည်း အရောင်တောက်လာသည်။
" နောက်ထပ်လိုချင်သေးတယ်…”
သူမက စိတ်ကျေနပ်မှုအပြည့်ဖြင့် ပြုံးရယ်လျှက် ပြောလိုက်၏။
မြင်ကွင်းကိုကြည့်ရင်း အန်လင်း အံ့အားသင့်သွားသည်။
“ရှဲ့လေး မကောင်းဆိုးဝါးဝိဉာဉ်တွေက မင်းကို ပိုအစွမ်းထက်စေတာလား "
ရှဲ့လေးသည် ဓားသွားကို ဖြည်းညင်းစွာ ပွတ်သပ်ရင်း မသိမသာပြုံးလိုက်သည်။
“ကျွန်မလည်း ကျွန်မရဲ့ဝိညာဉ်ကို လေ့ကျင့်ပျိုးထောင်ပြီးမှ သိရတာ ၊ အခု နတ်လက်နက်တစ်ခုဖြစ်လာဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်မ သိပြီထင်တယ်”
ထို့နောက်မှာတော့ ရှဲ့လေးက မကောင်းဆိုးဝါးချောက်နက်အတွင်း ကြောက်မက်ဖွယ်ရာ တိုက်ခိုက်သတ်ဖြတ်မှုကို ဆက်တိုက်ဆိုသလို စတင်တော့သည်။
“ဘုန်း ဘုန်း ဘုန်း”
သူမ၏ဓားဆန္ဒက ပတ်ဝန်းကျင်တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
ချစ်စရာကောင်းသော မိန်းမငယ်လေးသည် ရုတ်တရက် ရက်စက်သော နတ်ဘုရားမအဖြစ် ပြောင်းလဲသွားခဲ့သည်။
သားရဲများနှင့် မကောင်းဆိုးဝါးနတ်ဆိုးများမှာ ကြီးမားသောကပ်ဘေးနှင့် ကြုံတွေ့ရတော့၏။
အန်လင်းသည် တပိုင်၏ ကျောပေါ်တွင် စီးနင်းလျက် ခရီးဆက်နေသည်။ ရှဲ့လေးက သူတို့ကို အန္တရာယ်ပြုနိူင်သည့် အရာအားလုံးကို ခြွင်းချန်မထားဘဲ သတ်ဖြတ်ပစ်ခဲ့သည်။
တပိုင်က...
“ကျွန်တော်တို့ရဲ့ မကောင်းဆိုးဝါးချောက်နက်ခရီးစဉ်က ရုတ်တရက်ကြီး ပိုပြီးပျော်စရာကောင်းလာသလို ခံစားရတယ်”
အန်လင်းသည် ဝိဉာဉ်သစ်သီးတစ်လုံးကို ကိုက်စားရင်း အမှောင်ထုထဲတွင် ပြုံးလိုက်သည်။
“ရှဲ့လေးက အံ့ဩစရာပဲ ဒီလို နေရာမျိုးမှာ သူမက မိစ္ဆာဘုရင်မလိုပဲ "
ရှဲ့လေးက မကောင်းဆိုးဝါးနဂါးတစ်ကောင်ကို ခေါင်းဖြတ်သတ်ပြီးနောက် အန်လင်းကို အေးစက်သော အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
“မိစ္ဆာဘုရင်မ ဟုတ်လား ၊ ဘယ်လောက်ဆိုးဝါးတဲ့ နာမည်လဲ ကျေးဇူးပြုပြီး ဧကရီဘုရင်မ ဒါမှမဟုတ် အရှင်သခင်မလို့ ခေါ်လိုက်စမ်းပါ”
အန်လင်း : “.....”
အန်လင်း ဆွံ့အသွားရသည်။
ချစ်စရာကောင်းသော မိန်းမငယ်လေးကို “ဧကရီ” ဟု ခေါ်ဆိုခြင်းက နည်းနည်းတော့ ထူးဆန်းမနေဘူးလား။
သို့သော် ရုတ်တရက် သူ ပြန်တွေးမိသည်က လွန်ခဲ့သော နှစ်အနည်းငယ်က ထိုမိန်းမငယ်လေးသည် သူမ၏သရဖူကို သူ၏ ဦးခေါင်းထက်သို့ တင်ပေးခဲ့သည်။
ထို့ကြောင့် ဧရီဟု ခေါ်မည်ဆိုလျှင်လည်း ထူးဆန်းမနေပေ။
ဆက်လက်ခရီးဆက်လာရင်း မကောင်းဆိုးဝါးနတ်ဆိုးများနှင့် ထိပ်တိုက်ရင်ဆိုင်မှု အကြိမ်ရေ ပိုမိုများပြားလာပြီး၊ သူတို့ကို ရန်မူလာသော သားရဲများသည်လည်း ပို၍ အားကောင်းလာကြသည်။
သို့သော် အန်လင်းသည် မည်သူ့ကိုမျှ တိုက်ခိုက်ရန် မလိုအပ်ခဲ့ပေ။
သားရဲများနှင့် မကောင်းဆိုးဝါးနတ်ဆိုးများက မည်မျှပင် ကြောက်မက်ဖွယ်ကောင်းစေကာမူ ရှဲ့လေးက ၎င်းတို့ကို လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။
တပိုင်က ရှုံးပွဲမရှိတိုက်ခိုက်နေသည့် ရှဲ့လေးကိုကြည့်ရင်း သက်ပြင်းချလိုက်၏။
“အစ်ကိုကြီးအန်... ကျွန်တော် ခင်ဗျားကို တကယ်အားကျတယ်ဗျာ ၊ ခင်ဗျားရဲ့ဓားကလည်း ခင်ဗျားကိုယ်စား တိုက်ခိုက်ပေးနိုင်တယ် ၊ ပြီးတော့ သူက ဘယ်လောက်အစွမ်းထက်လဲဆိုရင် ရန်သူတွေအများကြီးနဲ့တိုက်ခိုက်ရတာတောင် ကိုယ့်အိမ်နောက်ဖေးမှာ အေးဆေးလမ်းလျှောက်နေသလိုပဲ”
အန်လင်းက ရယ်မောလိုက်ရင်း...
"ငါ ကြွားမပြောပါဘူး ဒါပေမယ့် ရှဲ့လေးရဲ့ စွမ်းအားက ငါပြီးရင် ဒုတိယအတော်ဆုံးပဲ။ ဒီအမှိုက်လို မကောင်းဆိုးဝါးကောင်တွေနဲ့ သားရဲတွေက သူမအတွက် စားစရာတစ်ခုသာသာပဲ"
ဒီခရီးစဉ်က သူတို့အတွက် သာယာအေးဆေးသော ခရီးတစ်ခု ဖြစ်ခဲ့သည်။
အန်လင်းက တပိုင်၏ကျောထက်တွင်ထိုင်ရင်း ရှဲ့လေး၏အောင်မြင်မှုကို ခံစားနေခဲ့သည်။
ရှဲ့လေးက အရှေ့မှဦးဆောင် ကာကွယ်ကာ တိုက်ခိုက်သွားသည့်အတွက် သူတိုက်ခိုက်ရန် မလိုခဲ့ပေ။
အန်လင်းအတွက် အလွန်ကျေနပ်စရာကောင်းသည့် အခြေအနေပင် ဖြစ်သည်။
ရှဲ့လေးက လမ်းတစ်လျှောက် တွေ့ရှိသော ရတနာများကို စိတ်မဝင်စားပဲ တိုက်ခိုက်လာပြီး အန်လင်းကသာ အားလုံးကို သိမ်းယူခဲ့သည်။ တစ်ခါတစ်ရံ သူက တပိုင်ကို ဝိညာဉ်သစ်သီးများ ဆုချကာ ပျော်ရွှင်မှုကို မျှဝေခဲ့သည်။
မကောင်းဆိုးဝါးချောက်နက်သည် ရှုပ်ထွေးသောနေရာတစ်ခုဖြစ်သော်လည်း အန်လင်းတို့ကတော့ လွယ်ကူလျင်မြန်စွာ ဖြေရှင်းနိုင်ခဲ့သည်။ သူတို့ရင်ဆိုင်ရသည့်ရက်စက်သော မကောင်ဆိုးဝါးနတ်ဆိုးများနှင့် သားရဲများ အားလုံးကို ရှဲ့လေးက သတ်ဖြတ်ပစ်ခဲ့သည်။
ရှဲ့လေးက မိစ္ဆာအစီအရင်များ၊ ပုံရိပ်ယောင်အစီအရင်များနှင့် အဆိပ်သင့်နယ်မြေများကို ဓားချက်ဖြင့်သာ ဖြေရှင်းပစ်ခဲ့သည်။
နာရီနှစ်ဆယ် ကြာပြီးနောက်….
အက်ကွဲကြောင်းတစ်ခုအတွင်းတွင်...
မကောင်းဆိုးဝါးနတ်ဆိုးများအားလုံး ကြောက်လန့်တကြား ပုန်းအောင်းနေကြသည်။
သူတို့အားလုံးက မကောင်းဆိုးဝါးချောက်နက်တွင် အလွန်အစွမ်းထက်သော မကောင်းဆိုးဝါးနတ်ဆိုးများဖြစ်ပြီး စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အထွတ်ထိပ်အဆင့် ကျင့်ကြံသူများနှင့် ကောင်းစွာယှဉ်ပြိုင်နိုင်သူများ ဖြစ်ကြ၏။
“ကြောက်စရာကောင်းလိုက်တာ ၊ အဲဒီကောင်မလေးက ဘယ်သူများလဲ”
“အဆိပ်ဘုရင် စကားတောင်ပြောလို့ မပြီးသေးဘူး အဲ့ဒီမိန်းမငယ်လေးက သတ်ဖြတ်ပစ်ခဲ့တာ "
“မင်းတို့ ငါ့ကို အချိန်မီ သတိပေးလိုက်လို့ ကျေးဇူးတင်တယ်။ မဟုတ်ရင် ငါ သူတို့အဖွဲ့ကို အရသာရှိရှိ ဝါးမျိုဖို့ သွားမိတော့မှာ။”
“သူတို့ကို ငါတို့ မယှဉ်နိုင်ဘူး။ အခုအချိန်မှာ တိတ်တဆိတ်နေပြီး သူတို့ မြန်မြန်ထွက်သွားဖို့ပဲမျှော်လင့်ရမယ်။ သူတို့ကို ကြည့်ရတာ အမှောင်မိစ္ဆာသခင်ရဲ့ နယ်မြေဆီ ဦးတည်နေပုံရတယ်…”
“ဟားဟား၊ ဒါဆိုရင် သူတို့က သေမင်းဆီကို ပြေးသွားနေတာပဲ အမှောင်မိစ္ဆာသခင်က မကောင်းဆိုးဝါးချောက်နက်မှာ ဘုရင်တစ်ဆူပဲ။ သူ့နယ်မြေကို ကျူးကျော်ဝင်ရောက်လာသူ ဘယ်သူမဆို ရက်ရက်စက်စက် အသတ်ခံရလိမ့်မယ်”
“သူတို့ရဲ့ မသိနားမလည်မှုနဲ့ မာန်မာနအအတွက် အကြီးမားဆုံး ပြစ်ဒဏ်ခံရတော့မယ်”
“သူတို့ရဲ့ သေဆုံးမှုကို လိုက်ပြီး ကြည့်ရှုကြမလား”
“အိုး... ဒီအကြံကောင်းတယ် ၊ ငါတို့အားလုံး အတူတူသွားကြည့်ရအောင်”
ဤနေရာက မရေမတွက်နိုင်သော ပျောက်ဆုံးဝိညာဉ်များ ကျင်လည်ရာဖြစ်သည်။
တစ္ဆေများနှင့် မိစ္ဆာများ ငိုကြွေးနေကြပြီး လေထဲတွင် ချိတ်ဆွဲခံထားရသလို ပြောမပြနိုင်အောင် ဆိုးရွားစွာခံစားနေရသည့်ပမာ အော်ဟစ်လျှက်ရှိကြသည်။
မှောင်မိုက်မှု၊ ယုတ်မာမှု၊ အကြမ်းဖက်မှု၊ နာကျင်မှု၊ စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နက်နေသည်။
ကြီးမားသောအတောင်ပံများနှင့် ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးနတ်ဆိုးတစ်ကောင် ဤနေရာ၌ ရှိနေသည်။
သူ၏ခန္ဓာကိုယ်ထက်တွင် မှောင်မိုက်သော သံချပ်ကာအလွှာများကို ဝတ်ဆင်ထားပြီး ရက်စက်ကြမ်းတမ်းသော နက်ပြာရောင်မျက်လုံးများက ဒေါသဖြင့်တောက်ပနေသည်။
၎င်းဆီမှ ကြောက်စရာကောင်းသည့် ဟိန်းသံကြီး ထွက်ပေါ်လာသည်။
သူက မျက်စိတစ်မှိတ်အတွင်းမှာပင် အားနည်းသူများကို ရူးသွပ်သွားစေနိုင်လောက်သည့် မိစ္ဆာစွမ်းအင်ကို စကြာဝဠာသင်္ကေတနှင့်အတူ ဖန်ဆင်းလိုက်သည်။
“ငါသည် မကောင်းဆိုးဝါးချောက်နက်မှာ မကောင်းဆိုးဝါးနတ်ဆိုးတွေကို အုပ်စိုးတဲ့ဘုရင်ပဲ ငါ့နယ်မြေကို ကျူးကျော်ဝင်ရောက်လာသူအားလုံး သေရမယ် "
သူက ကြုံးဝါးရင်း လေထုထဲသို့ သူ၏လက်သည်းများကို ဖြန့်ချလိုက်သည်။
မင်ရောင်ပမာနက်မှောင်နေသော လက်သည်းပုံရိပ်များက လျှပ်စီးကဲ့သို့ လေထုထဲတွင် ပျံ့နှံ့သွားကာ အတားအဆီးမဲ့အင်အားများ ပေါက်ကွဲထွက်လာပြီး အနီးရှိ ကျောက်ဆောင်များအားလုံးကို အရည်ပျော်သွားစေသည်။ မရေမတွက်နိုင်သော ဝိဉာဉ်များသည်လည်း အော်ဟစ် ငိုယိုနေကြသည်။
ထိုအချိန် နက်မှောင်သည့်ဓားကိုကိုင်ဆောင်ထားသည့် မိန်းကလေးငယ်တစ်ယောက် သူတို့ရှိရာသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။
“နတ်ဆိုးဓားသိုင်း ၊ ဝိညာဉ်ကြေမွသိုင်းကွက်”
နတ်ဆိုးသုတ်သင်ဓားမှ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး မကောင်းဆိုးဝါးနတ်ဆိုး၏ လက်သည်းများ ကြေမွသွားကာ စကြာဝဠာတစ်ခုလုံး အက်ကွဲသွားသည်။
" ဘာလဲဟ "
မကောင်းဆိုးဝါးနတ်ဆိုး၏ မျက်နှာပေါ်တွင် ကြောက်လန့်တုန်လှုပ်မှု ဖြစ်ပေါ်သွားသည်။
သို့သော် သူ ပြန်လည်မခုခံနိုင်ခင်မှာပင် နတ်ဆိုးသုတ်သင်ဓားက သူ၏ခန္ဓာကိုယ်ကို ဖြတ်တောက်လိုက်ပြီ ဖြစ်၏။
သူ၏ အနောက်တွင်ရှိသော ရေအိုင်ကြီးသည်လည်း ထက်ပိုင်းကွဲသွားကာ ကျောက်သားမျက်နှာပြင်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
ဤဓား၏တိုက်ခိုက်မှုကို မည်သည့်အရာကမှ တားဆီးနိုင်ခြင်းမရှိပေ။
ရှဲ့လေးက သူမ၏ဓားကို ဓားအိမ်အတွင်း ဖြည်းညင်းစွာပြန်ထည့်ရင်း အေးစက်သည့်အသံဖြင့်...
“မင်းလို အမှိုက်ကောင်က ဘုရင်လို့ခံယူရဲသေးတယ်ပေါ့လေ”
“အား…!”
မကောင်းဆိုးဝါးနတ်ဆိုးက နောက်ဆုံးတွင် သွေးပျက်ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်က ဖောင်းကားလာကာ ပြင်းထန်စွာ ပေါက်ကွဲသွားသည်။
မရေမတွက်နိုင်သော နတ်ဆိုးစွမ်းအားများက နတ်ဆိုးသုတ်သင်ဓားအတွင်းသို့ စီးဝင်သွားသည်။
ရှဲ့လေး၏မျက်နှာ နီရဲနေပြီး အရက်မူးနေသလို ဖြစ်နေသည်။
“စွမ်းအား သိပ်မပြင်းပေမယ့် စွမ်းအားတွေအရမ်းများပြီး သန့်စင်လွန်းတယ် ၊ ဒီ မကောင်းဆိုးဝါးနတ်ဆိုးရဲ့အဆင့်က မဆိုးဘူးပဲ ၊ အန်လင်း... ကျွန်မ ထပ်လိုချင်သေးတယ်”
ရှဲ့လေးက ရီဝေသောမျက်ဝန်းများဖြင့် အန်လင်းကို လှည့်ကြည့်လာသည်။
အန်လင်းက ခပ်တည်တည်မျက်နှာထားဖြင့် သူမ၏ပါးပြင်ကို အသာဖြစ်ညှစ်လိုက်ရင်း...
“ဟင်းလင်းပြင်သို့အပြန်အဆင့် မကောင်းဆိုးဝါးနတ်ဆိုးတိုင်းကို အမှိုက်ကောင်တွေလို့ ထင်နေတာလား ၊ အားလုံးက ကံကောင်းလို့ဖြစ်သွားတာ ၊ အဆိုးဆုံးဖြစ်လာရင်တောင် ငါတို့တွေ ဒီနေရာကို ပိုပြီး အသေးစိတ်ရှာဖွေရလိမ့်မယ်”
အန်လင်းနှင့် ရှဲ့လေး ဆက်ပြီးခရီးထွက်လာကြသည်။
အမှောင်ထုထဲတွင် ကြည့်ရှုနေသော မကောင်းဆိုးဝါးနတ်ဆိုးများအားလုံးသည် အလွန်အမင်း ကြောက်လန့်နေကြသည်။ သူတို့ထဲမှ အင်အားအကြီးဆုံး မကောင်းဆိုးဝါးနတ်ဆိုးမှာ ထိုမိန်းကလေးငယ်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပေပြီ။
သူတို့အတွက် မျက်စိရှေ့တွင် ဖြစ်ပျက်ခဲ့သည်များက တခါမှပင် စိတ်မကူးမိသောအရာများ ဖြစ်သည်။ အင်အားချင်း မယှဉ်နိုင်မှုသည် သူတို့ကို ပထမဆုံးအကြိမ် ထိတ်လန့်ကြောက်ရွံ့စေသည်။
“အဲဒီကောင်မလေးက ဘယ်သူလဲ”
"ကြောက်စရာပဲ လုံးဝကြောက်စရာကောင်းတယ် "
“သူက ဒီနေရာကို ပိုပြီး အသေးစိတ်ရှာဖွေမယ်လို့ ပြောခဲ့တာလား…”
“ ဘုရားရေ .. ငါတို့ ဒီမှာ ဘာလုပ်နေသေးတာလဲ ပြေးကြရအောင် "
မကောင်းဆိုးဝါးနတ်ဆိုးများအားလုံး ကြောက်လန့်တကြားဖြင့် ထွက်ပြေးသွားကြလေတော့၏။