စကြာဝဠာတာအို၏ခံစားချက်စွမ်းအား
Vol. 89 Ch. 1243
တပိုင်က သူ့မျက်စိရှေ့မှမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေမိသည်။
သူ့အမြင်အရ ရိုက်နှက်ခံနေရသူက တုန်းယန်ဖြစ်သော်လည်း တိုက်ခိုက်မှုစွမ်းရည်လျော့နည်းလာပြီး တဖြည်းဖြည်းစိတ်ဓာတ်ကျဆင်းလာသူများက အန်လင်းနှင့် ရှဲ့လေး ဖြစ်နေပေသည်။
ယခု သူတို့က မည်သို့ထွက်ပြေးရမည်ကို အဆက်မပြတ် တိုင်ပင်နေကြသည်။
တပိုင်က အန်းလင်းနှင့် ရှဲ့လေးတို့ ထိတ်လန့်တကြားဖြင့် စိတ်ပျက်လက်ပျက်ဖြစ်နေသည်ကိုကြည့်ရင်း...
"ဘာဖြစ်တာလဲ သူတို့ ဘယ်လိုနည်းနဲ့များ ကျိန်စာသင့်နေတာလဲ "
တပိုင် စိတ်ရှုပ်ထွေးနေသည့်တိုင် ဘာလုပ်ရမည်ကို မသိရှိပေ။
တုန်းယန်က သူတို့ကို ဘာလုပ်လိုက်တာလဲ။
ထိုအချိန် အန်လင်းက အလွန်အမင်း စိတ်ဓာတ်ကျသည့်အမူအရာဖြင့် တောင်းပန်လိုက်သည်။
“သခင်ကြီး’တုန်းယန်’... ငါတို့အရှုံးပေးပါတယ် ၊ အသက်ချမ်းသာပေးပါ”
ရှဲ့လေးကလည်း ငိုယိုကာ တောင်းပန်လိုက်သည်။
“စီနီယာတုန်းယန်... ကျွန်မရဲ့ဓားနဲ့ ရှင့်ကို မတိုက်ခိုက်သင့်ဘူး ၊ တောင်းပန်ပါတယ် ၊ ကျွန်မ နောင်တရနေပါပြီ”
တပိုင်မှာ မြင်ကွင်းကိုကြည့်ရင်း အံ့သြမှင်တက်နေသည်။ သူတို့နှစ်ယောက်ကို ဤပုံစံဖြင့်တွေ့မြင်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။
သူ အံ့အားသင့်နေစဉ်မှာပင် တုန်းယန်က အန်လင်းနှင့် ရှဲ့လေး၏ တောင်းဆိုမှုများကို လျစ်လျူရှုကာ သူတို့ဆီသို့ တဟုန်ထိုး တိုက်ခိုက်လာသည်။
အန်လင်းက သူ၏တိုက်ကွက်ကို ခုခံလိုက်သော်လည်း အလွန်ကြောက်မက်ဖွယ်ရာ အရာတစ်ခုကိုတွေ့မြင်ရသည့်ပမာ စိတ်ပျက်မှုများဖြင့်ပြည့်နေပြီး ခုခံကာကွယ်ရန် သတ္တိမရှိတော့ပေ။
“ဘန်း...”
အန်လင်းရင်ဘတ် လက်သီးဖြင့်အထိုးခံလိုက်ရပြီး ခန္ဓာကိုယ် နောက်သို့ကွေးညွှတ်သွားသည်။
ရှဲ့လေး ထိတ်လန့်တကြားအော်ဟစ်လိုက်ပြီးအ ဝေးသို့ ထွက်ပြေးသွားလေသည်။
တုန်းယန်က သူမနောက်သို့လိုက်လံတိုက်ခိုက်ပြီး သူမနောက်ကျောကို အဆုံးမဲ့စွမ်းအားဖြင့် လက်သီးတစ်ချက် ထိုးချလိုက်သည်။
ရှဲ့လေးလွင့်ထွက်သွားပြီး မြေပြင်ထက်သို့ပြုတ်ကျသွားကာ သူမပြုတ်ကျသည့်နေရာတွင် ဧရာမတွင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။
နေရာတစ်ခုလုံး ဖုန်များထသွားပြီး ဖုန်မှုန့်များငြိမ်သက်သွားသည့်အခါ သူမခန္ဓာကိုယ်ပေါ်တွင် ဖုန်မှုန့်အပျက်အဆီးများ ပြည့်နက်ပေကျံစွာဖြင့် သနားစရာ အခြေအနေကို တွေ့မြင်လိုက်ရသည်။
တုန်းယန်က မြေပြင်ထက်လဲကျနေသော သူတို့နှစ်ယောက်ကိုကြည့်လိုက်ပြီး မထီမဲ့မြင်ပြုံးလိုက်သည်။
“ဘယ်လိုလဲ... မင်းတို့ အခု အတော်လေး စိတ်ပျက်နေကြပြီလား”
သူက ဆက်ပြောလိုက်သည်။
“ငါက မကောင်းဆိုးဝါးနတ်ဆိုးတစ်ကောင်ပဲ ၊ အဆုံးမရှိတဲ့ အပျက်သဘောခံစားချက်တွေ ငါ့ဆီမှာရှိနေတယ် ၊ ငါ့ရဲ့ စကြာဝဠာတာအိုစွမ်းအားနဲ့ အပျက်သဘောခံစားချက်တွေ ပေါင်းစည်းပြီး တိုက်ခိုက်လိုက်တဲ့အခါ ရန်သူရဲ့စိတ်ကို ညစ်ညမ်းသွားအောင် ပစ်မှတ်ထားပြီး ဖျက်ဆီးပစ်နိုင်တယ်”
“ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတိုင်းက တစ်ခုထက်တစ်ခု ပိုပြီးလွှမ်းမိုးနိုင်စွမ်းမြင့်မားတယ် ၊ စိတ်အလွှာပေါင်းများစွာကို တိုက်ခိုက်ခံရပြီးတဲ့နောက် မင်းတို့တွေ ငါ့ကိုရင်ဆိုင်ဖို့ သတ္တိမရှိတော့ဘူး မဟုတ်လား”
"မင်းတို့ မလွတ်မြောက်နိုင်ဘူး ၊ ငါ မင်းတို့ကို နှိပ်စက်သတ်ပစ်မယ်"
တုန်းယန်က အောင်နိုင်သူတစ်ယောက်ပမာ အမူအရာဖြင့် အန်လင်းနှင့် ရှဲ့လေးတို့ဆီသို့ လှမ်းလျှောက်လာသည်။
နောက်ဆုံး တပိုင်က အဖြစ်အပျက်အားလုံးကို သဘောပေါက်သွားသည်။
ဤမကောင်းဆိုးဝါးနတ်ဆိုး၏ စကြာဝဠာတာအိုစွမ်းအားက အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များနှင့် ဆက်စပ်နေသည်။
အန်လင်းနှင့် ရှဲ့လေးတို့ တိုက်ခိုက်လိုစိတ် မရှိတော့သည်မှာ အံ့ဩစရာ မဟုတ်ပေ။ တုန်းယန်၏ စကြာဝဠာတာအိုစွမ်းအားဖြင့် သူတို့ ဖျက်ဆိးခံလိုက်ရသောကြောင့် ဖြစ်သည်။
သို့သော် မေးစရာရှိသည်မှာ တပိုင် ဘာလုပ်နိုင်မည်နည်း။
အန်လင်းတို့ကို မည်သို့ ကူညီနိုင်မည်နည်း။
တပိုင် သေချာတွေးတော စဉ်းစားလိုက်သည်။
ထိုအခိုက်အတန့်တွင် တုန်းယန်က ဝမ်းမြောက်ဝမ်းသာဖြင့်ရယ်မောရင်း အန်လင်းနှင့် ရှဲ့လေးကို ကြောက်မက်ဖွယ်ရာကောင်းစွာ အဆက်မပြတ် တိုက်ခိုက်နေသည်။
တပိုင်သာ အလျှင်အမြန်မကူညီပါက အန်လင်းတို့ တုန်းယန်လက်ထဲ အလဲထိုး အသတ်ခံရပေတော့မည်။
စကြာဝဠာတာအိုစွမ်းအား၏ သက်ရောက်မှုကို ချိုးဖျက်ရန်အတွက် တပိုင်အနေဖြင့် တုန်းယန်ကို သူ၏သိစိတ်စွမ်းအားဖြင့် ချေမှုန်းရန် သို့မဟုတ် အဖျက်သဘောခံစားချက်များကို အခြားသောခံစားချက်များဖြင့် အစားထိုးရန် လိုအပ်သည်။
သို့သော် အစားထိုးမည့်စိတ်ခံစားချက်က အလွန်အားကောင်းရပေမည်။ စကြာဝဠာတာအို၏ ယုတ်ညစ်ဆိုးသွမ်းမှုကို လွှမ်းမိုးနိုင်သည့်အရာ ဖြစ်ရပေမည်။
တပိုင်က အန်လင်း ထိုးနှက်ခံနေရသည်ကိုကြည့်ရင်း ရေရွတ်လိုက်သည်။
“အစ်ကိုကြီးအန်ကို ငါ့အီးနဲ့ပစ်လိုက်ပြီး သူ ငါ့ကို အမုန်းကြီးမုန်းသွားအောင် လုပ်လိုက်နိုင်ရင်... တုန်းယန်ရဲ့ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို ဖယ်ရှားနိုင်မလား... ဝုတ်”
မဟုတ်သေးဘူး။
သူ ချက်ချင်းခေါင်းခါလိုက်ပြီး အခြားအကြံတစ်ခုကို စဉ်းစားလိုက်သည်။
“မဖြစ်ဘူး... ဒီလိုလုပ်လိုက်လို့ အစ်ကိုကြီးအန် စိတ်ပျက်နေတာကို ဖယ်ရှားလိုက်နိုင်ရင်တောင် သူက ဒေါသထွက်ပြီး ငါ့ကိုအပိုင်းပိုင်းခုတ် ချက်စားပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ ၊ ကြောက်စရာကောင်းလိုက်တာ... ငါ့ကိုယ်ငါ စတေးခံလို့တော့မဖြစ်ဘူး ၊ ဒါကြီးက အရမ်းကြီးမားတဲ့ပေးဆပ်မှုပဲ”
တပိုင် အတွေးများဖြင့် ရှုပ်ထွေးနေသည်။
"သိပြီ "
တပိုင်သည် မျက်လုံးများ အရောင်တောက်လာပြီး လက်ခုပ်တီးလိုက်သည်။
အသင်္ချေတောင်နယ်မြေတွင် ရှိစဉ်က အစ်ကိုကြီးအန်က သူ့ကို “ငိုဖူးသလား” ဟု မေးဖူးပြီး သူက မွေးကတည်းက တစ်ကြိမ်တောင်မငိုဖူးသော စွမ်းအားကြီးမားသည့် နတ်ခွေးတစ်ကောင်ဖြစ်သည်ဟု ပြန်ဖြေခဲ့ဖူးသည်။
သို့သော် ခဏအကြာတွင် သူ ရုတ်တရက် ထအူပြီး အော်ဟစ်ငိုယိုခဲ့သည်။
ထို စိတ်ခံစားချက်မန္တန်က တုန်းယန်၏နည်းလမ်းထက် ပိုမိုသာလွန်နိုင်သည်။
သေစမ်း... ဘာပဲဖြစ်ဖြစ် စွန့်စားကြည့်ရမှာပဲ။
တပိုင် အံတင်းတင်းကြိတ်လိုက်ပြီး အန်လင်းဆီသို့ပျံသန်းသွားကာ ဟိန်းဟောက်သံပြုလိုက်သည်။
"အကိုကြီးအန်.. အကိုကြီးအန်... လူတွေကိုငိုအောင်လုပ်တဲ့ ဟိုမန္တန်ကို သုံးလိုက်လေ... ဝုတ်...”
အန်လင်းက စိတ်ဓာတ်ကျနေသောအသံဖြင့်
“တုန်းယန်က ဒီလောက်ကြောက်စရာကောင်းပြီး စွမ်းအားကြီးတာ ၊ အဲဒီမန္တန်က ဘာများတတ်နိုင်မှာလဲ”
တပိုင်က ထပ်ပြောလိုက်သည်။
“အစ်ကိုကြီးအန်... အဲဒီမန္တန်ကို ရှဲ့လေးအပေါ် သုံးလိုက်”
အန်လင်း ရုတ်တရက် သတိဝင်သွားပြီး နားလည်လိုက်သည်။
သူ တပိုင်၏အကြံကို နားလည်လိုက်ပြီး တစ်ချက်မနှေးဘဲ လှုပ်ရှားလိုက်သည်။
အန်လင်း ရှဲ့လေးကိုလှမ်းကြည့်လိုက်တော့ သူမက တုန်းယန်၏ ကြောက်စရာလက်သီးချက်ဖြင့် မြေပြင်ထက်တွင် လှမ်းပြီး ထိုးနှက်ခံနေရသည်ကို တွေ့လိုက်ရသည်။
သူမ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး လက်ထဲမှ နတ်ဆိုးသုတ်သင်ဓားသည်ပင် လွတ်ထွက်နေပေပြီ။
"ရှဲ့လေး ငိုစမ်း..."
အန်လင်းက တုန်းယန်ကိုသာ ကြောက်ရွံ့ပြီး စိတ်ဓာတ်ကျမှု ခံစားနေရသည့်တိုင် ရှဲ့လေးကိုတော့ ကြောက်ရွံ့ခြင်းမရှိပေ။
ရှဲ့လေးကို ငိုအောင်လုပ်ရန်မှာ သူ့အတွက် လွယ်ကူလှသည်။ ထို့ကြောင့် ငိုစေသည့်မန္တန်ကို ချက်ချင်း အသုံးပြုလိုက်သည်။
ရုတ်တရက် ရှဲ့လေး ပြင်းထန်သည့်ဝမ်းနည်းမှုတစ်ခု ခံစားလိုက်ရပြီး နှလုံးသားများ ကြေမွလုမတတ် ငိုကြွေးလိုက်တော့သည်။
“အီးဟီး... ဝါး...”
အနက်ရောင်ဝတ် မိန်းမငယ်လေးမှာ သူမလဲကျနေသည့် မြေတွင်းကြီးထဲမှာပင် မျက်ရည်များသွင်သွင်ကျလျှက် ငိုကြွေးလေတော့သည်။
အန်လင်း ရလဒ်ကိုကျေနပ်သွားပြီး မီးငှက်ကြေးမုံမှန်ကို ထုတ်ယူကာ မှန်ထက်မှ သူ၏ချောမောခန့်ညားသောမျက်နှာကိုကြည့်လိုက်ပြီး ငိုစေသည့်မန္တန်ကို အသက်သွင်းလိုက်သည်။
“အီးဟီး... ဝါး...”
အန်လင်းလည်း စတင်ငိုကြွေးလေတော့သည်။
သူက ရုပ်ချောလွန်းသဖြင့် ကိုယ့်ကိုယ်ကိုယ် ငိုအောင်လုပ်မိသွားသည်ပင်။
ဟုတ်ပေသည်။
မီးငှက်ကြေးမုံမှန်က ငိုစေသည့်အစီအရင်ကို ရောင်ပြန်ဟပ်နိုင်သည်ဖြစ်ရာ သူ့ကိုယ်သူ အဆုံးမရှိသော ဝမ်းနည်းခြင်းများဖြင့် ထိခိုက်သွားစေတော့သည်။
“ခရက်...”
မြင့်တက်လာသည့် ပြင်းထန်သောပူဆွေးဝမ်းနည်းမှုများကြောင့် စွမ်းအားတစ်ခု အက်ကွဲသွားကြောင်း ခံစားလိုက်ရသည်။
"ဟားဟား… စိတ်ဓာတ်ကျမှုကို ခံစားကြည့်စမ်း။"
တုန်းယန်က ရှဲ့လေးကို လက်သီးဖြင့် ထပ်မံထိုးနှက်လိုက်ပြီး ကြောက်မက်ဖွယ်ရာစွမ်းအားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပြိုကျသွားသည်။
ရှဲ့လေးက ငိုကြွေးရင်းဖြင့် နတ်ဆိုးသုတ်သင်ဓားကို တင်းတင်းဆုတ်ကိုင်လိုက်သည်။
နတ်ဆိုးဓားသိုင်း ဝိညာဉ်တောက်ပမှုသိုင်းကွက်။
ရှဲ့လေးက လျှပ်စစီးပမာအသွင်ပြောင်းသွားပြီး သွေးနီရောင်ဓားအလင်းတန်းကို ထုတ်လွှတ်ကာ လေထုကို ထိုးဖောက်ဝင်ရောက်လျှက် တုန်းယန်အား ဓားဖြင့်ထိုးစိုက်ချလိုက်သည်။
တုန်းယန်၏ရင်ဝတွင် ကြောက်မက်ဖွယ်ရာ ဓားဒဏ်ရာတစ်ခု ဖြစ်ပေါ်လာသည်။
ရှဲ့လေးက သူ့ဘေးတွင် သွေးများစွန်းထင်းနေသော နတ်ဆိုးသုတ်သင်ဓားကိုကိုင်ရင်း မျက်ရည်များသွင်သွင်ကျလျှက် မတ်တတ်ရပ်နေလေသည်။
ထို့နောက် အန်လင်း၏လက်သီးချက်က တုန်းယန်ထံသို့ ဝင်ရောက်သွားသည်။
အသားနှင့်အရိုးများ ကြိတ်ချေခံရသည့်အသံနှင့်အတူ မြေကြီးသည်လည်း အက်ကွဲသွားသည်။
တုန်းယန်မှာ အန်လင်း၏လက်သီးချက်ထိမှန်ပြီး မြေပြင်ထက်ပြုတ်ကျသွားကာ သူ၏ခန္ဓာကိုယ်က တွင်းတစ်ခုအတွင်း နစ်ဝင်သွားသည်။
“ဖွီး...”
တုန်းယန် သွေးများအန်ချလိုက်ပြီး မြေပြင်ထက် အားလျော့စွာ လဲကျနေသည်။
မျက်ရည်များစီးကျနေသည့်တိုင် ခံစားချက်ကင်းမဲ့ကာ ပြတ်သားသောမျက်နှာထားများဖြင့် သူ့အား အထက်စီးမှကြည့်နေသူနှစ်ယောက်ကို တုန်းယန် ပြန်ကြည့်လိုက်သည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ၊ မင်းတို့ ဘာလို့ စိတ်ဓာတ်ကျမှု မခံစားရတော့တာလဲ… ဒါ မဖြစ်နိုင်ဘူး။"
တုန်းယန်၏မျက်နှာက မယုံကြည်မှုများနှင့် ပြည့်နှက်နေသည်။
ရှဲ့လေးက ပြုံးလိုက်ပြီး...
“စိတ်ဓာတ်ကျတယ် ဟုတ်လား...”
ထို့နောက် သူမက အေးစက်စွာဖြင့် ဇက်တစ်ချက်ချိုးလိုက်ပြီး နတ်ဆိုးသုတ်သင်ဓားမှ တောက်ပသည့်အလင်းတန်းတစ်ခု ထုတ်ဖော်လိုက်သည်။
အန်လင်းကလည်း သူ၏ လက်ဆစ်များကို တဖျောက်ဖျောက်မြည်အောင် ချိုးလိုက်ပြီး စကြာဝဠာမီးတောက်နှင့် သူတော်စင်မီးတောက် ပေါင်းစည်းလိုက်ရာ တောက်ပသော နေမင်းအသွင် ထွက်ပေါ်လာသည်။
“တကယ်စိတ်ဓာတ်ကျတယ်ဆိုတာ ဘာလဲသိရအောင်... ငါ မင်းကိုပြပေးမယ်”