မကောင်းဆိုးဝါးနတ်ဆိုးများ၏လျှို့ဝှက်ချက်
Vol. 89 Ch. 1245
“ငါ အားလုံးကိုတွက်ချက်ပြီးပြီ ၊ မင်းက အမှောင်ထုပုတီးစေ့တွေ စုဆောင်းပြီး ကောင်းကင်ချိပ်စည်းအမှောင်ထုဘုရင်ရဲ့ အမွေအနှစ်ကို ရယူဖို့ကြံစည်နေတယ်ဆိုတာလည်း ငါသိတယ်”
အနက်ရောင်ပုံရိပ်က သိမ်မွေ့သောအသံဖြင့် ပြုံးလျှက် စကားဆိုနေသည့်ပမာ ထင်မှတ်ရသည်။
သူက အဘယ်ကြောင့် " ပြုံးပြနေသည်ဟု " ထင်ရသနည်း။
အဘယ်ကြောင့်ဆိုသော် အန်လင်းက အနက်ရောင်လူသားအသွင်ရှိသော အရိပ်တစ်ခုကိုသာ မြင်နိုင်ခဲ့ပြီး ညဘုရင်၏ မျက်နှာသွင်ပြင်ကို မမြင်နိုင်သောကြောင့်ပင်။
သူ့တွင် အလွန်လှပသောမျက်ဝန်းတစ်စုံ ပိုင်ဆိုင်ထားပြီး ထိုမျက်ဝန်းများက အနက်ရောင်ခန္ဓာကိုယ်ထက် မြှုပ်နှံထားသည့် နီလာကျောက်များသဖွယ် ဖြစ်သည်။
ထိုမျက်ဝန်းများက စိတ်မသက်မသာ ထိတ်လန့်ဖွယ်ရာမျိုး မဟုတ်ဘဲ မြင်ရသူများအား ငြိမ်းချမ်းမှုနှင့် စွဲမက်ဖွယ်ရာ ခံစားမှုကို ပေးစွမ်းသည်။
ရှဲ့လေးက ညဘုရင်ကို မကျေနပ်ချက်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
အန်လင်းက အမှောင်ထုပုတီးစေ့ရရှိသွားသဖြင့် သူ့တာဝန်ပြီးဆုံးသွားသော်လည်း ရှဲ့လေးကတော့ မကောင်းဆိုးဝါးချောက်နက်တစ်ခုလုံးတွင် အရာသာအရှိဆုံးသားကောင်ကို သူမလက်ထဲမှ လုယူခံလိုက်ရသည် မဟုတ်လား။
အန်လင်းက သေမင်းတံခါးဝရောက်နေသော တုန်းယန်ကို ငုံ့ကြည့်ရင်း ခပ်တည်တည်ဖြင့် မေးလိုက်၏။
“ဒီအစမ်းသပ်ခံကို ဘာလုပ်ဖို့စီစဉ်ထားသလဲ သိချင်ပါတယ်”
မကောင်းဆိုးဝါးနတ်ဆိုးများဖြင့် စမ်းသပ်ခြင်းက နည်းနည်းတော့... ရက်စက်ယုတ်မာသည်။
မဟုတ်ပေ။
ကြည့်ရသည်မှာ...။
အန်လင်းစိတ်ထဲ ညဘုရင်အား ပြောပြ၍မရသော မကောင်းသည့် အစီအစဉ်တစ်ခု ကြံစည်နေသည့် မဟာရန်သူတစ်ယောက်အဖြစ် ထင်မြင်လာသည်။
သူက ညဘုရင်ထံမှအဖြေကို မျှော်လင့်ထားခြင်း မရှိပေ။
သို့သော် အံ့သြစရာကောင်းသည်မှာ ညဘုရင်က မည်သည့်အခက်အခဲမှမရှိဘဲ ပြန်ဖြေလိုက်ခြင်းပင်။
“ငါ့ရဲ့စမ်းသပ်မှုက ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုနဲ့ သက်ဆိုင်တယ်... မင်းကိုပြောပြလို့လည်း ပြဿနာမရှိပါဘူး ၊ ဒါပေမဲ့ စပြီးပြောရရင်... မကောင်းဆိုးဝါးချောက်နက်က မကောင်းဆိုးဝါးနတ်ဆိုးတွေ ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာ မင်းသိလား”
အန်လင်းမျက်ခုံးများ တွန့်ချိုးသွားသည်။
သူက ထိုအကြောင်းကို အလေးအနက်စဉ်းစားရန် စီစဉ်မထားခဲ့ပေ။
သို့ပေသိ ကျိယန်လင်နှင့် ဝမ်လု၏ ဇာတ်လမ်းက သူ့စိတ်ထဲ ထင်ထင်ရှားရှားပင် စွဲထင်နေခဲ့၏။
ဝမ်လုက အမကောင်းဆိုးဝါးနတ်ဆိုးတစ်ကောင်အဖြစ် အမှောင်ဘက်သို့ မည်သို့ကျရောက်သွားကြောင်း သူကောင်းကောင်း သိထားသည်။
အန်လင်းက...
“မကောင်းဆိုးဝါးနတ်ဆိုးတွေအားလုံးက တစ်ချိန်တုန်းက လူသားတွေဖြစ်ခဲ့တယ် မဟုတ်လား”
ညဘုရင် အံ့ဩသွားပြီး...
“မင်း သိထားတာလား”
သူက ရည်ရွယ်ချက်ရှိရှိဖြင့် ထူးဆန်းမှုတစ်ခုကိုဖန်တီးရန် ကြိုးစားခဲ့သော်လည်း အန်လင်းက သူ့အစီအစဉ်ကို ဖျက်ဆီးလိုက်သည်။
အန်လင်းက ခပ်ဖြည်းဖြည်း ခေါင်းညိတ်ရင်း...
“ကျွန်တော် နည်းနည်းတော့ သိထားပါတယ်”
ညဘုရင်က လျှို့ဝှက်ဆန်းကြယ်သော အသံဖြင့်
“ဒါဖြင့် လူသားတွေက မကောင်းဆိုးဝါးနတ်ဆိုးတွေအဖြစ် ပထမဆုံးအကြိမ် ဘယ်လိုမျိုးပြောင်းလဲသွားတယ်ဆိုတာ မင်းသိလား”
အန်လင်း သေချာစဉ်းစားကြည့်လိုက်သည်။
မကောင်းဆိုးဝါးနတ်ဆိုးများက ရှည်လျားသည့်သမိုင်းကြောင်း မရှိသေးပေ။ ထို့ကြောင့် ပထမဆုံး မကောင်းဆိုးဝါးနတ်ဆိုး ဖြစ်ပေါ်လာခြင်းသည်လည်း မကြာသေးမီကကိစ္စပင် ဖြစ်ရပေမည်။
အန်လင်း ခန့်မှန်းလိုက်သည်။
“ဖြစ်နိုင်တာက... ခရမ်းရောင်ကြယ်အဖြစ်အပျက်ကြောင့်များလား”
ညဘုရင်က...
“မင်း ဘယ်လိုလုပ်သိတာလဲ”
ဤသို့သာဆိုလျှင် သူက သည်းထိတ်ရင်ဖိုအဖြစ်အပျက်များကို မည်သို့ ဖန်တီးရပါတော့မည်နည်း။
အန်လင်းက ရိုကျိုးသည့်ဟန်ပန်ဖြင့်...
“ကျွန်တော်က နည်းနည်းပါးပါးပဲ သိတာပါ”
သူ၏မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း စိတ်ထဲကတော့ အံ့အားသင့်နေသည်။
မကောင်းဆိုးဝါးနတ်ဆိုးများက ခရမ်းရောင်ကြယ်အဖြစ်အပျက်နှင့် ပတ်သက်နေသည်ဆိုသောအချက်က ပေါ့သေးသေး မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ခရမ်းရောင်ကြယ်ယဉ်ကျေးမှုက ကောင်းကင်ကိုပင် အပေါက်ဖြစ်အောင် ထိုးနှက်ခဲ့သည် မဟုတ်လား။
ညဘုရင် ဖြစ်ရပ်ဆန်းများကိုဖန်တီးရန် လက်လျှော့လိုက်တော့သည်။
“တစ်ချိန်က ခရမ်းရောင်ကြယ်ယဉ်ကျေးမှုက မိုးကောင်းကင်တာအိုရဲ့ ဒဏ်ခတ်တာကိုခံရပြီး လူ့ယဉ်ကျေးမှုတစ်ခုလုံး ပျက်ဆီးသွားခဲ့တယ် ၊ ဒါပေမဲ့ ကိစ္စရပ်တွေက အဲဒီထက်ပိုပြီး အများကြီး နက်ရှိုင်းတယ်”
“မိုးကောင်းကင်တာအိုက ဒဏ်ခတ်တဲ့အကျိုးဆက်တွေက ခရမ်းရောင်ကြယ်ယဉ်ကျေးမှု ပြိုလဲသွားတာလောက်နဲ့ ပြီးဆုံးမသွားခဲ့ဘူး ၊ မကောင်းဆိုးဝါးနတ်ဆိုးတွေက အဲဒီနောက်ဆက်တွဲရလဒ်ကြောင့် ကျန်ရစ်ခဲ့တဲ့ အကြွင်အကျန်တွေပဲ”
“မကောင်းဆိုးဝါးနတ်ဆိုးတွေက တကယ်ပဲ လူသားတွေက အသွင်ပြောင်းသွားတဲ့သူတွေပဲ ၊ သူတို့ရဲ့မူလဇာစ်မြစ်ကို မိုးကောင်းကင်တာအိုရဲ့ ဒဏ်ခတ်မှုကနေ ဖြစ်ပေါ်လာတယ်လို့ ပြောနိုင်သလို... ခရမ်းရောင်ကြယ်အဖြစ်အပျက် ပြီးဆုံးတဲ့နောက် သေဆုံးသွားတဲ့အသက်ပေါင်းများစွာရဲ့ မကျေနပ်ချက်တွေကြောင့် ပုံပေါ်လာတယ်လို့လည်း ဆိုနိုင်တယ်”
“သူတို့က ကိုးပြည်ထောင်နဲ့ ဗုဒ္ဓဘာသာတိုင်းပြည်က လူသားတွေဆီကို ထူးခြားတဲ့နည်းလမ်းတစ်ခု အသုံးပြုပြီး ကူးစက်ပျံ့နှံ့စေခဲ့တယ် ၊ အဆုံးမရှိတဲ့ အဆိုးမြင်စိတ်ခံစားချက် ကူးဆက်မှုကို ဘယ်သူမှခံနိုင်ရည်မရှိဘဲ အားလုံးက မကောင်းဆိုးဝါးနတ်ဆိုးတွေဖြစ်သွားကြတယ်... နောက်တော့ ဒီအခြေအနေက တဖြည်းဖြည်း ပျံ့နှံ့သွားတယ်”
“ဒီစွမ်းအားက ကပ်ရောဂါတွေ ကျိန်စာတွေထက် အများကြီးပိုပြီး ကြောက်စရာကောင်းတယ် ၊ အဲဒါက လူသားမျိုနွယ်တစ်ခုလုံးကို မကောင်းဆိုးဝါးနတ်ဆိုးတွေဖြစ်သွားအောင် ကြိုးပမ်းနေသလိုပဲ”
ညဘုရင်က တည်ငြိမ်စွာပြောနေသည့်တိုင် သူ့အနောက်ဘက်မှ အမှောင်ထုကတော့ ပြင်းထန်စွာ လှုပ်ခတ်လျှက် ရှိသည်။
အန်လင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး...
“ဒီလိုကိစ္စမျိုးကို ကျွန်တော် ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ"
ဤကဲ့သို့ ကြီးမားသောအဖြစ်အပျက်က သမိုင်းမှတ်တမ်းရှိသင့်ပြီး လူသားများသိသင့်သည် မဟုတ်လား။
ညဘုရင်ကက ဖြည်းညင်းစွာဖြင့်...
“အဲဒီကပ်ဘေးကြီးကနေ လူသားမျိုးနွယ်တွေကိုကယ်တင်ဖို့ ငါတို့ ဘယ်လောက်ကြီးကြီးမားမားပေးဆပ်ခဲ့ရတယ်ဆိုတာ မင်းသိမှာမဟုတ်ဘူး ၊ အဲဒီအချိန်တုန်းက လူတွေ (၅)ဘီလီယံလောက် မကောင်းဆိုးဝါးနတ်ဆိုးတွေအဖြစ် ပြောင်းလဲသွားခဲ့ကြတယ်”
ထိုစကားကြောင့် အန်လင်း အံ့အားသင့်သွားသည်။
မကောင်းဆိုးဝါးနတ်ဆိုးအဖြစ် ပြောင်းလဲသွားသောလူသားများက ပြည်နယ်တစ်ခုစာမျှ ရှိလေသည်။
“နွီဝါး ၊ တာအိုဆရာသခင်(၃)ပါး ၊ တာအိုဆရာလုယာတို့က တာအိုပေါင်းစည်းခြင်းအဆင့် အင်အားကြီးပုဂ္ဂိုလ်(၁၆)ယောက်နဲ့အတူ စွမ်းအားကြီးမားတဲ့ မန္တန်အစီအရင်တစ်ခု အသုံးပြုပြီး မကောင်းဆိုးဝါးနတ်ဆိုးတွေအားလုံးကို ထိုက်ချူကုန်းမြေအပြင်ဘက်ကို ရွှေ့ပြောင်းပေးခဲ့တယ် ၊ ဒီကပ်ဘေးကြီးကိုအဆုံးသတ်ဖို့ သူတို့က ကူးဆက်စေတဲ့ဇာစ်မြစ်ကို သီးခြားခွဲထုတ်လိုက်တာပဲ”
“အားလုံးဘေးကင်းဖို့အတွက် အံ့ဖွယ်နည်းလမ်းတစ်ခု အသုံးပြုပြီး မကောင်းဆိုးဝါးနတ်ဆိုးတွေနဲ့ ပတ်သက်တဲ့အကြောင်းတွေကို လူသားတိုင်းရဲ့မှတ်ဉာဏ်ကနေ ပယ်ဖျက်ပစ်ခဲ့တယ် ၊ ဒီကပ်ဘေးကြီးအဆံဒးသတ်ဖို့ တစ်ခုတည်းသောနည်းလမ်းက လူသားတိုင်းရဲ့မှတ်ဉာဏ်ကို ဖျက်ဆီးပစ်လိုက််တာပဲ ၊ သူတို့မေ့လျော့သွားလေ နောက်ဆက်တွဲအကျိုးဆက်တွေလည်း နည်းပါးသွားလေပါပဲ”
ထိုစကားကြားတော့ အန်လင်း သဘောပေါက်သွားသည်။
ဤသို့သော သမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ခုကို သူ မသိခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
မကောင်းဆိုးဝါးနတ်ဆိုးများက အလွန်တရာ ကြောက်စရာကောင်းသည့် မိစ္ဆာသတ္တဝါများဆိုသည့်အချက်မှလွဲပြီး သူက တခြားဘာမှ မသိရှိခဲ့ပေ။
အကြောင်းမှာ လူတိုင်း အစီအရင်ဖြင့် မှတ်ဉာဏ်ဖျက်ခံထားရသောကြောင့် ဖြစ်၏။
အန်လင်းစိတ်ထဲ အတွေးတစ်ခုထွက်ပေါ်လာသည်။
“တကယ်ပဲ မကောင်းဆိုးဝါးနတ်ဆိုးတွေအားလုံး ဖယ်ရှားခံလိုက်ရတယ်ဆိုရင်... မကောင်းဆိုးဝါးချောက်နက်ထဲက မကောင်းဆိုးဝါးနတ်ဆိုးတွေက...”
ညဘုရင်က အန်လင်း၏ မျက်လုံးများထဲသို့ စူးစိုက်ကြည့်ရင်း...
“သူတို့ဒီမှာရှိနေတာက... ငါ သူတို့ကို ကယ်တင်ချင်လို့ပဲ”
ထိုစကားကြားတော့ အန်လင်း ငြိမ်သက်သွားသည်။
ညဘုရင်၏မျက်လုံးများထဲတွင် စစ်မှန်ပြတ်သားသည့် ဆုံးဖြတ်ချက်များကို မြင်လိုက်ရသည်။
“(၅)ဘီလီယံကျော်တဲ့ လူသားတွေအားလုံးက အပြစ်မရှိကြပါဘူး ၊ ဒါပေမဲ့ သူတို့တွေ မွေးရပ်မြေကနေ အတင်းနှင်ထုတ်ခံရပြီး အဆုံးမရှိတဲ့ အဆိုးမြင်ခံစားချက်တွေထဲမှာ ထာဝရညှင်းပမ်းနှိပ်စက်ခံနေရတယ် ၊ သူတို့အတွက် ဒီဒုက္ခက သက်သာစရာဆိုလို့ မရှိခဲ့ဘူး”
“ငါက သူတို့ကို လူသားတွေအဖြစ် ပြန်ပြောင်းလဲပေးချင်ခဲ့တယ် ၊ အချိန်အကြာကြီး ကြိုးစားပြီးတော့မှ ဖန်ဆင်းရှင်နတ်ဘုရားတွေရဲ့ သဘောတူညီချက်ရခဲ့ပြီး မကောင်းဆိုးဝါးချောက်နက်ထဲမှာ မကောင်းဆိုးဝါးနတ်ဆိုးတွေကို သုတေသနပြု စမ်းသပ်ခွင့် ရခဲ့တယ်”
“မင်း သိထားရမှာက မကောင်းဆိုးဝါးချောက်နက်ထဲက မကောင်းဆိုးဝါးနတ်ဆိုးတွေက ချောက်နက်အပြင်ဘက်ကိုထွက်ပြီး တစ်ခါမှ လူသားတွေကို အန္တရယ်မပြုခဲ့ပါဘူး ၊ ဘာလို့လဲဆိုတော့ ငါက သူတို့ရဲ့လှုပ်ရှားမှုတွေကို တစ်ချိန်လုံး ထိန်းချုပ်ပေးနေလို့ပဲ”
အန်လင်း ခေါင်းညိတ်လိုက်သည်။ ထိုအချက်က အမှန်ပင်ဖြစ်၏။
အစပိုင်းတွင် မကောင်းဆိုးဝါးနတ်ဆိုးများက အလင်းရောင်ကိုကြောက်ရွံ့သည်ဟု ထင်မှတ်ခဲ့သော်လည်း အဆင့်မြင့် မကောင်းဆိုးဝါးနတ်ဆိုးများက နေရောင်ခြည်၏သက်ရောက်မှုကို လုံးဝ ခုခံနိုင်စွမ်း ရှိသည်။
ညဘုရင်က တုန်းယန်ကို လက်ညှိုးညွှန်ပြရင်း...
“တုန်းယန်ကိုကြည့်လေ... သူဆို လူသားတစ်ယောက်နဲ့ ဘယ်လောက်တူသလဲ ၊ တွေ့တယ်မလား...”
တုန်းယန်က ဝေဝါးသည့်မျက်ဝန်းများ ၊ ဒဏ်ရာအပြည့်ခန္ဓာကိုယ်ဖြင့် လဲလျောင်းနေပြီး တစ်ယောက်တည်း ရေရွတ်လျှက် ရှိသည်။
“စိတ်ဓာတ်ကျမှုကို ခံစားလိုက်စမ်း ၊ ကြောက်ရွံ့မှုကို ခံစားလိုက်စမ်း ၊ မင်းတို့အားလုံး အကြောက်တရားနဲ့ စိတ်ဓာတ်ကျမှုထဲမှာ သေဆုံးရလိမ့်မယ်”
ညဘုရင် “......”
အန်လင်းက ညဘုရင်ကို ထောက်ထားသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
“သူ စကားပြောတဲ့ပုံစံက သိပ်မပီပြင်ပေမယ့် လူသားတွေနဲ့ သိပ်မခြားနားပါဘူး ၊ သူ စကားပြောတာ မပီမပြင်ဖြစ်နေရတာကလည်း ကျွန်တော်တို့ သူ့ကို အရမ်းရိုက်နှက်ထားမိလို့ပါ”
ညဘုရင်က ပြုံးလိုက်ပြီး...
“သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်မြင့်မားလာတာနဲ့အမျှ လူသားနဲ့ပိုပြီးတူလာကြတယ် ၊ သူတို့တွေ ကျင့်ကြံနိုင်တယ် ၊ စကားပြောနိုင်လာတယ် ၊ စိတ်ခံစားမှုတွေ ခံစားနိုင်တာတယ် ၊ သူတို့ရဲ့ ရူးသွပ်မှုတွေ ၊ မထိန်းချုပ်နိုင်မှုတွေနဲ့ ပရမ်းပတာဖြစ်မှုတွေ မရှိတော့ဘူး”
“လူသားတွေက မကောင်းဆိုးဝါးနတ်ဆိုးတွေအဖြစ် ပြောင်းလဲသွားနိုင်သလို မကောင်းဆိုးဝါးနတ်ဆိုးတွေလည်း လူသားတွေအဖြစ် ပြန်ပြောင်းလဲနိုင်တယ် ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်ကတည်းက ငါ ဒီအလုပ်တစ်ခုတည်းကို လုပ်ဆောင်နေခဲ့တာ ၊ တုန်းယန်နဲ့ စမ်းသပ်မှုတွေကတစ်ဆင့် သူတို့ရဲ့ အဆိုးမြင်ခံစားမှုတွေကို သက်သာစေဖို့ နည်းလမ်းတွေ ရှာဖွေတွေ့ရှိပြီးခဲ့ပြီ ၊ ဒါက ယာယီ သက်သာစေရုံပဲ မဟုတ်သလို အဆိုးမြင်ခံစားချက်တွေကို ထိန်းချုပ်တဲ့ အစီအရင်လည်း မဟုတ်ဘူး ၊ ငါက သူတို့ကို လူသားဆန်တဲ့ စိတ်ခံစားချက်တွေကို ပြန်ရအောင် အတွင်းထဲကနေ ပြောင်းလဲပေးချင်တာ”
ညဘုရင်က အသာထိုင်လိုက်ပြီး တုန်းယန်၏မျက်နှာကိုပွတ်သပ်ရင်း နူညံ့သောအသံဖြင့် ပြောလိုက်သည်။
“အခုဆိုရင်... သူက နောက်ဆုံးတစ်ဆင့်ပဲ လိုတော့တယ်”
အလွန်ပင် စိတ်လှုပ်ရှားစရာကောင်းသည့် မြင်ကွင်းပင်...။
“ဒီမှာ ပြဿနာတစ်ခုတော့ ရှိတယ်”
အန်လင်းက ရုတ်တရက် ပြောလိုက်သည်။
“ဘာပြဿနာလဲ”
ညဘုရင်က နားမလည်သလို မေးလိုက်သည်။
အန်လင်းက သူ့ကိုယ်သူ ညွှန်ပြလိုက်ပြီး...
“ဒီအကြောင်းတွေက ဒီလောက်အရေးကြီးတယ်ဆိုရင်... ဘာလို့ ကျွန်တော့်ကို ဒီလောက်အများကြီး ဖွင့်ပြောဖို့ ဆုံးဖြတ်ရတာလဲ”