← Chapters

ထျန်းမင်တာအိုခန္ဓာ

Vol. 89 Ch. 1246

ထျန်းမင်တာအိုခန္ဓာ

Vol. 89 Ch. 1246

မကောင်းဆိုးဝါးနတ်ဆိုးများ၏ ကိုးပြည်ထောင်တွင် ထင်ရှားခဲ့သော သမိုင်းဝင်ဖြစ်ရပ်ဖြစ်စေ ၊ ညဘုရင် ယခုလုပ်ဆောင်နေသော စမ်းသပ်မှုဖြစ်စေ ၊ သတင်းအချက်အလက်နှစ်ခုလုံးက အလွန်အရေးကြီးသည်။

တာအိုပေါင်းစည်းခြင်းအဆင့်အောက် ကျင့်ကြံသူမည်သူမဆို ဤအချက်များကို မသိရှိနိုင်ပေ။

ညဘုရင်က အန်လင်းထံသို့ ဤအကြောင်းများကို စိတ်အားထက်သန်စွာ မျှဝေပေးသည်မှာ အဘယ့်ကြောင့်နည်း။

မျှဝေပေးစရာ မည်သည့်အကြောင်းမှ မရှိပေ။

ညဘုရင်က လှပသောမျက်ဝန်းများဖြင့် အန်လင်းကို စူးစိုက်ကြည့်ရင်း...

“ဘာလို့ မင်းကို ဒီလောက်အများကြီး ပြောပြရတာလဲဆိုတော့... ငါတို့နှစ်ယောက်က ရေစက်ပါလို့ပဲ”

ထိုစကားကြားတော့ အန်လင်းအံ့အားသင့်သွားပြီး နှုတ်ခမ်းများပင် တွန့်ကွေးသွားသည်။

“ဒီထက်ပိုပြီး ရိုးသားစစ်မှန်တဲ့အဖြေမျိုး ပြောလို့မရဘူးလား”

“ရေစက်ပါလို့” ဆိုသည်က မိုက်မဲပြီး အဓိပ္ပါယ်မရှိသော စကားသာဖြစ်သည်။

ထိုအဖြေက ဖြေကြားခြင်းမပြုသည်နှင့် အတူတူသာပင်။

အန်လင်း မကျေမနပ်ဖြစ်သွားသည်ကိုမြင်တော့ ညဘုရင်က ချက်ချင်းရှင်းပြလိုက်သည်။

“မင်းက အရမ်းရှားပါးတဲ့ ထျန်းမင်တာအိုခန္ဓာကို ပိုင်ဆိုင်ထားတယ် ၊ ငါလည်း ထျန်းမင်တာအိုခန္ဓာပိုင်ရှင်ပဲ ၊ ဒီတော့ ငါတို့နှစ်ယောက်လုံးက မိုးကောင်းကင်တာအိုနဲ့ ပိုပြီးနီးကပ်တယ် ၊ ဒါက လုံလောက်တဲ့အကြောင်းပြချက် မဟုတ်ဘူးလား”

အန်လင်း အံ့အားသင့်သွားပြီး...

“ကျွန်တော်က ထျန်းမင်တာအိုခန္ဓာ ပိုင်ဆိုင်ထားတာလား”

ညဘုရင်ကလည်း အံ့အားသင့်သွားဟန်ဖြင့်...

“မင်း မသိဘူးလား”

အန်လင်း “.......”

သူ သေချာပြန်စဉ်းစားကြည့်လိုက်တော့ တစ်ချိန်တုန်းက စနစ်က ပြောခဲ့ဖူးသောစကားကို ပြန်သတိရသွားသည်။ ‘သူ့တွင် ‘ထျန်းမင်တာအိုခန္ဓာ’ ရှိသော‌ကြောင့် စနစ်ဖြင့်ပေါင်းစပ်နိုင်ခြင်းဖြစ်သည်’ ဟု စနစ်က ပြောခဲ့ဖူး၏။

“မှတ်မိသလိုလိုတော့ ရှိလာပြီ ၊ ဟုတ်မှာပေါ့... ကျွန်တော်က ထျန်းမင်တာအိုခန္ဓာ ပိုင်ဆိုင်ထားနိုင်ပါတယ် ၊ ဒါပေမဲ့ အဲဒီ ထျန်းမင်တာအိုခန္ဓာဆိုတာ ဘာကိုပြောတာလဲ ၊ ဘာလို့ ထူးခြားတယ်လို့ လုံးဝမခံစားရတာလဲ”

အန်လင်း ရေရွတ်လိုက်သည်။

ညဘုရင်က စိတ်ရှည်စွာ ရှင်းပြလိုက်သည်။

“ငါတို့တွေက ကောင်းကင်ဘုံက ကောင်းချီးကို ခံစားရသူတွေပဲ ၊ မင်း မန္တန်ပညာတွေ ကျင့်ကြံတဲ့အခါ ၊ ကျင့်ကြံခြင်းအဆင့်တွေကို အာရုံစူးစိုက်လေ့လာတဲ့အခါ ဒါမှမဟုတ် ကျင့်ကြံခြင်းအဆင့်တက်တဲ့အခါ ထူးထူးခြားခြား လွယ်ကူနေတယ်လို့ မခံစားရဘူးလား ၊ မိုးမြေနဲ့ပဲ့တင်ထပ်ဖို့ ပိုပြီးလွယ်ကူတယ်လို့ မခံစားရဘူးလား”

“ချီးပဲ... လွန်ခဲ့တဲ့တစ်ခေါက်က ရွှေရောင်နယ်ပယ်အနှစ်သာရသလင်းကျောက်ကို လုံလောက်အောင် မစုပ်ယူနိုင်ခဲ့လို့ ဥပြုတ်ပြီး ကုန်းကုန်းဖြစ်တော့မလို့ ၊ ပြီးတော့ နေကိုသွားနမ်းတုန်းကလည်း မီးလောင်ပြီး သေမလိုဖြစ်ခဲ့ရသေးတယ် ၊ အဲဒါကို လွယ်ကူတယ်လို့ပြောတာလား”

အန်လင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

ညဘုရင် ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားသည်။

“ငါတို့ပြောနေတဲ့အကြောင်းအရာက အတူတူပဲ မဟုတ်ဘူးလား”

"တောင်းပန်ပါတယ်… ဆက်ပြောပါ။”

အန်လင်း စိတ်ခံစားချက်မထိန်းနိုင်ဘဲ အော်ဟစ်မိသည့်အတွက် တောင်းပန်သည့်အပြုံးသာ ပြုံးလိုက်ရသည်။

ညဘုရင်က...

“ငါတို့က ထျန်းမင်တာအိုခန္ဓာကိုပိုင်ဆိုင်ထားတာကြောင့် ထူးခြားတဲ့အရည်အချင်းတွေရှိကြပြီး မိုးကောင်းကင်တာအိုနဲ့ ပိုပြီးနီးစပ်တယ် ၊ အမှောင်မန္တန်အစီအရင်တွေကို ကျင်ကြံတဲ့နေရာမှာ ပိုပြီးမြင့်မားတဲ့စွမ်းအားကို ရရှိတယ်”

အမှောင်မန္တန်အစီအရင်တွေမှာ ပိုပြီး စွမ်းအားမြင့်မားတယ်တဲ့လား...။

ထိုစကားကြားတော့ အန်လင်း နှုတ်ခမ်းများတွန့်ကွေးသွားသည်။

ကြည့်ရသည်မှာ သူက မီးနတ်ဘုရားနည်းလမ်းကို နေတစ်စင်းသဖွယ် နေ့စဉ်နေ့တိုင်း လှည့်ပတ်အသုံးပြုနေခြင်းက သိပ်ပြီး သင့်တော်ဟန်မရှိသလိုပင်...။

ညဘုရင်က ဆက်ပြောလိုက်သည်။

“ထိုက်ချူကုန်းမြေတစ်ခုလုံးကိုကြည့်ရင် မင်းရယ် တာအိုဆရာလုယာရယ် ငါရယ်ပဲ ဒီတာအိုခန္ဓာကို ပိုင်ဆိုင်ထားတာ”

အန်လင်းခန္ဓာကိုယ် တစ်ချက်တုန်ယင်သွားသည်။

“တာအိုဆရာလုယာ ဟုတ်လား”

ညဘုရင်က အန်လင်း၏တုံ့ပြန်မှုကို စိတ်ဝင်စားသွားပြီး...

“သူက ဘာဖြစ်လို့လဲ”

အန်လင်းက...

“တာအိုဆရာလုယာဆိုတာ အယုတ်တမာအပြုံးမျိုးပြုံးတတ်တဲ့ လူအိုကြီးကိုပြောတာလား”

ညဘုရင်က တစ်ဖက်သို့ခေါင်းစောင်းလိုက်ပြီး...

“တာအိုဆရာလုယာက ချောမောကျက်သရေရှိတယ်လို့ နာမည်ကြီးတဲ့ လူတစ်ယောက်ပါ ၊ ဘယ်လိုဖြစ်လို့ အယုတ်တမာအပြုံးမျိုးပြုံးတတ်တဲ့ လူအိုကြီး ဖြစ်ရမှာလဲ”

အန်လင်းက မျက်နှာအမူအရာမပြောင်းလဲသော်လည်း သူ့ထင်မြင်ယူဆချက်က ပိုပြီးခိုင်မာလာသည်။

ချန်အယ်က သူ့တွင် တာအိုဆရာလုယာဟုခေါ်သော နောက်ခံတစ်ယောက်ရှိသည်ဟု ပြောခဲ့သည်မှာ အံ့သြစရာမရှိတော့ပေ။

သူ့ကို စနစ်ပေးခဲ့သော လူအိုကြီးက တာအိုဆရာလုယာ ဖြစ်ရပေမည်။ ထိုလူယုတ်မာက ရုပ်ဖျက်ထားခြင်း ဖြစ်နိုင်သည်။

ထျန်းမင်တာအိုခန္ဓာ ပိုင်ဆိုင်သူများသာလျှင် စနစ်ကို လက်ခံနိုင်သည်။ ထိုလူယုတ်မာက သူ၏စနစ်ကို ကူးစက်ရောဂါသဖွယ် လွှဲပြောင်းပေးခဲ့သည်ပင်။

သို့သော် သူက ယခုအချိန်ထိ တာအိုဆရာလုယာနှင့် တစ်ခါမှမတွေ့သည်မှာ နှမျောစရာပင်။ မဟုတ်လျှင် ထိုထူးဆန်းသောစနစ်က ဘာဖြစ်ကြောင်း မေးမြန်းစစ်ဆေးနိုင်ပေမည်။

ညဘုရင်က...

“ငါတို့က လောကကြီးကိုပြောင်းလဲဖို့ ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့သူတွေပဲ ၊ ဒီတော့ မင်းနဲ့ငါ ဆုံတွေ့တာ ရေစက်ပါလို့ပေါ့”

ထိုစကားကြားတော့ အန်လင်းစိတ်ထဲ ရုတ်တရက် မကောင်းသည့်ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။

“မင်း ကောင်းကင်ချေမှုန်းဂိုဏ်းအကြောင်း သိလား”

ညဘုရင်က မေးလိုက်သည်။

အန်လင်း “.......”

ဟုတ်ပေ၏။

ဤသည်က သေချာပေါက် ကောင်းကင်ချေမှုန်းဂိုဏ်းအတွက် နောက်ထပ်လူသစ်စုဆောင်းခြင်းပင် ဖြစ်သည်။

ညဘုရင်က အဓိပ္ပါယ်ပြည့်ဝပြီး ရင်ထဲကလာသည့်အသံဖြင့်...

“ငါတို့ကမ္ဘာကြီးက အရမ်းပြင်းထန်တဲ့ အန္တရယ်တစ်ခုနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ မင်းသိရဲ့လား ၊ အဲဒါက...”

“ရပြီ ရပြီ နားလည်ပြီ ၊ ခင်ဗျားက ဘာလဲ... ကောင်းကင်တပည့်တစ်ယောက်လား ဘာလား...”

အန်လင်းက သုန်သုန်မှုံမှုံမျက်နှာပေးဖြင့် ညဘုရင်ကို စကားစ ဖြတ်လိုက်သည်။

ညဘုရင်က...

“ငါက ကောင်းကင်တပည့်ဖြစ်ဖို့ အရည်အချင်း မမီမပါဘူး ၊ ငါက ပထမဆုံးကောင်းကင်တပည့်ရဲ့ လက်ထောက်တစ်ယောက်သာသာပါပဲ”

ထိုစကားကြားတော့ အန်လင်း အံ့သြထိတ်လန့်သွားရသည်။

ညဘုရင်တောင်မှ ကောင်းကင်တပည့်ဖြစ်ဖို့ အရည်အချင်းမပြည့်မီဘူးလား...။

ဤ ကောင်းကင်ချေမှုန်းဂိုဏ်းက သူထင်ထားသည်ထက်ပိုပြီး ထိတ်လန့်ဖွယ်ရာပင်။

အန်လင်းက ခိုင်မာသည့်လေသံဖြင့်...

“ကျွန်တော့်ကိုတော့ ဖိတ်ခေါ်ဖို့ မကြိုးစားပါနဲ့ ၊ ဆိုင်ရယ်နဲ့ ချန်ချန်တို့တောင် ကျွန်တော့်ကို မစွဲဆောင်နိုင်ခဲ့ကြဘူး ၊ ဒီတော့ ခင်ဗျားလည်း လက်လျှော့လိုက်သင့်တယ်”

ထိုစကားကြားတော့ ညဘုရင် အံ့အားသင့်သွားပြီး အန်လင်းကို ပိုပြီးဂရုတစိုက် အကဲခတ်ကြည့်လိုက်သည်။

“မင်းက ငါတို့ ကောင်းကင်ချေမှုန်းဂိုဏ်းနဲ့ တကယ်ရေစက်ပါတာပဲ ၊ စဉ်းစားကြည့်လေ... ကောင်းကင်တပည့်နှစ်ယောက်လုံးကတောင် မင်းကို ဖိတ်ခေါ်ဖို့လုပ်ခဲ့တာပဲ”

အန်လင်းက ငြင်းဆန်ဟန် လက်ကာပြလိုက်ပြီး...

“ဒါက ဘာဟုတ်သေးလို့လဲ ၊ သူတို့က ကျွန်တော့်ကို တတိယ ကောင်းကင်တပည့်ဖြစ်ဖို့အထိ ဖိတ်ခေါ်ခဲ့ပြီး အံ့ဖွယ်လက်နက်တွေ ၊ အံ့ဖွယ်ဆေးလုံးတွေနဲ့ မောင်းမဆောင်တစ်ခုပေးမယ်ဆိုတဲ့အထိ ကမ်းလှမ်းခဲ့တာ ၊ အဲဒါတောင် ကျွန်တော်က ငြင်းခဲ့တာလေ ၊ ဒါကြောင့် ခင်ဗျား သေချာပေါက် လက်လျှော့လိုက်သင့်တယ်”

ညဘုရင် အံ့သြထိတ်လန့်သွားသည်။

ဤသည်က သူ့မျက်နှာတွင် အံ့သြထိတ်လန့်မှုကို ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းပင်။

“တတိယ ကောင်းကင်တပည့်ဟုတ်လား ၊ ဒါကိုတောင် မင်းက ငြင်းလိုက်တာလား”

“ဟုတ်တယ်လေ... ဘာပြဿနာရှိလို့လဲ”

အန်လင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

ညဘုရင်က အန်လင်းကို ဖောက်ထွင်းမြင်ရန် ကြိုးစားနေသည့်အလား ဆက်လက်စူးစိုက်ကြည့်နေသည်။

“ငါ မင်းကို လျှော့တွက်မိသွားတာပဲ ၊ မင်းက ငါထင်ထားတာထက်ပိုပြီး အရေးပါနေတာပဲ”

အန်လင်း၏ ငြင်းဆန်မှု‌ကြောင့် ညဘုရင်က စိတ်ပျက်မသွားသည့်အပြင် မျက်လုံးများပင် ပိုပြီးအရောင်တောက်လာသည်။

အန်လင်း အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရ၏။

ဘုရင်တစ်ပါးက သူ့ကို ဤသို့စူးစိုက်ကြည့်နေသည်မှာ အတော်လေး အူကြောင်ကြောင် နိုင်လှသည်။

“ကျွန်တော်က အရေးပါပါ မပါပါ ကိစ္စမရှိဘူး ၊ ဒီမကောင်းဆိုးဝါးချောက်နက်ထဲမှာ ငတ်ပြတ်ပြီး ထွက်ပေါက်ရှာမတွေ့နိုင်ဘူးဆိုရင်တောင် ကောင်းကင်ချေမှုန်းဂိုဏ်းထဲ လုံးဝ မဝင်နိုင်ဘူး”

အန်လင်းက ပြတ်သားသောအသံဖြင့် ထပ်ပြောလိုက်သည်။

“ကောင်းပြီလေ...”

ညဘုရင် စိတ်ပျက်သွားတော့သည်။

“ဘာပဲဖြစ်ဖြစ် ကောင်းကင်ချေမှုန်းဂိုဏ်းက မင်းအတွက် အမြဲတံခါးဖွင့်ထားပါတယ် ၊ မင်း စိတ်ပြောင်းလဲလာမယ့်နေ့ကို ငါတို့စောင့်နေမယ်”

အန်လင်းက ထိုစကားမျိုးကို ယခင်က ကြားဖူးသည်ဟု ခံစားရပြီး ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်သည်။

ညဘုရင်က တာအိုပေါင်းစည်းခြင်းအဆင့်ရှိ အဆင့်လွန်တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်ရာ သူ့အား ရိုင်းပျစွာ မဆက်ဆံသင့်ပေ။

“အင့်… အင်း…”

အက်ရှသည့်အသံတစ်သံ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

အန်လင်း ခေါင်းငုံ့ကြည့်လိုက်တော့ မြေပြင်ထက်လဲကျနေသည့် တုန်းယန်က သွေးများအန်ထွက်နေသည်ကို တွေ့ရသည်။

“မင်းတို့ စကားများမနေကြနဲ့... ငါ အရေးပေါ် ဆေးကုသမှုခံယူဖို့ လိုနေပြီ... အား”

သူက ပြောရင်း သွေးများထပ်မံ အန်ထုတ်လိုက်သည်။

ညဘုရင် အကြီးအကျယ် ထိတ်လန့်သွားပြီး...

“အား... ငါ မင်းကို မေ့နေတာ ၊ ကံဆိုးတဲ့ တုန်းယန်လေး... စိတ်မပူနဲ့ ၊ ငါရှိနေသရွေ့ မင်း ဘာမှမဖြစ်ပါဘူး”

“… စိတ်ဓာတ်ကျမှု… စိတ်ဓာတ်ကျမှုကို ခံစားလိုက်စမ်း…”

တုန်းယန် ရေရွတ်လိုက်ပြန်သည်။

ထိုအချိန် ညဘုရင်က တုန်းယန်၏ဒဏ်ရာများကိုကုသရန် သူ၏စွမ်းအားကို တုန်းယန်ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးလိုက်သည်။

“စီနီယာညဘုရင်... တခြားကိစ္စမရှိရင် ကျွန်တော့်ကို ခွင့်ပြုပါဦး”

အန်လင်းအနေဖြင့် ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။

ညဘုရင် ခေါင်းညိတ်လိုက်ရင်း...

“ထပ်ဆုံကြဖို့ မျှော်လင့်ပါတယ်”

ရှဲ့လေးက ထွက်မသွားချင်သေးဘဲ အင်တင်တင်လုပ်နေသဖြင့် အန်လင်းက သူမကို အတင်းဆွဲခေါ်ကာ တပိုင်၏ကျောပေါ်သို့ တက်လိုက်သည်။

“သခင်... ကျွန်မ ဘာလုပ်ရမလဲ ၊ ဒီမကောင်းဆိုးဝါးနတ်ဆိုးတွေက လူသားကနေ ပြောင်းလဲလာတယ်ဆိုတာကို သိပြီးတဲ့နောက်... ကျွန်မ သူတို့ကို ထပ်မသတ်ချင်တော့ဘူး”

ရှဲ့လေး၏ ဝိုင်းစက်သောမျက်နှာထက် စိတ်ရှုပ်ထွေးမှုများ အထင်းသားပေါ်လွင်နေသည်။

အန်လင်း အနည်းငယ် အံ့အားသင့်သွားပြီး ရှဲ့လေးကို လှည့်ကြည့်လိုက်သည်။

“မင်းမှာ ဒီလိုအတွေးမျိုးရှိမယ်လို့ ငါ တကယ် ထင်မထားမိဘူး”

သူ့စိတ်ထဲတွင် ရှဲ့လေးက အမြဲတမ်း ဆိုးချင်တိုင်းဆိုးပြီး အနိုင်ယူတတ်သည့် ကလေးမလေးတစ်ယောက် ဖြစ်သည်။

ထို့ကြောင့် မကောင်းဆိုးဝါးနတ်ဆိုးများ၏ ကြောက်မက်ဖွယ်ဇာတ်လမ်းကိုကြားပြီးနောက် သူမက ကရုဏာထားနိုင်ခဲ့သည်ဆိုခြင်းမှာ အတော်လေး ချီးကျူးစရာကောင်းသည့် အပြုအမူဟု ပြောနိုင်၏။

“မ‌ကောင်းဆိုးဝါးနတ်ဆိုးတွေ လိုနေသေးလို့လား”

“ငါ့ဆီမှာ လုံးဝထိန်းချုပ်လို့မရဘဲ ကယ်တင်ဖို့မဖြစ်နိုင်တော့တဲ့ မကောင်းဆိုးဝါးနတ်ဆိုးတွေ အများကြီးရှိတယ် ၊ သူတို့က သတ်ဖြတ်ချင်တဲ့စိတ်တွေကြောင့် လုံးဝရူးသွပ်နေကြပြီး စိတ်ခံစားချက်တွေကို ဘယ်လိုမှ ပြန်မရနိုင်တော့ဘူး ၊ အဲဒီကောင်တွေကို မင်းတို့ကိုပေးလို့ရတယ်”

သူတို့နောက်တွင်ရှိနေသည့် ညဘုရင်က ရုတ်တရက် ကမ်းလှမ်းလာလေသည်။

All Chapters