← Chapters

ရှဲ့လေးကိုဆုံးမခြင်း

Vol. 89 Ch. 1249

ရှဲ့လေးကိုဆုံးမခြင်း

Vol. 89 Ch. 1249

သူတို့ ခဏမျှ အပျော်ဆော့ကစားပြီးနောက်...

အန်လင်းက ညဘုရင်ထံသို့ ကျေးဇူးတင်ကြောင်း ဦးညွှတ်လိုက်သည်။

ညဘုရင်မရှိခဲ့လျှင် ရှဲ့လေးအနေဖြင့် နတ်ဓားတစ်လက်အဖြစ် ဤမျှလွယ်ကူစွာ အဆင့်တက်သွားမည် မဟုတ်ပေ။

ထို့နောက် သူက တပိုင်ကျောပေါ်တွင်စီးနင်းလျှက် ရှဲ့လေး၏ပါးပြင်ကိုပွတ်သပ်ရင်း ညဘုရင်ကို နှုတ်ဆက်စကားဆိုလိုက်သည်။

အပြန်ခရီးက အလွန်ချောမွေ့သည်ပင်။

ရှဲ့လေး အဆင့်တက်လှမ်းစဉ်က နတ်ဘုရားအလင်းတန်းတစ်ခုထွက်ပေါ်လာပြီး မကောင်းဆိုးဝါးချောက်နက် အနက်ရှိုင်းဆုံးနေရာသို့ ဖြတ်သန်းသွားကာ ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပွားစေခဲ့သည်။

ထိုအပေါက်ကြီးက သူတို့အား မြေပြင်ထက်ပြန်ရောက်စေရန် ဖြတ်လမ်းတစ်ခု ဖြစ်စေခဲ့၏။

မကောင်းဆိုးဝါးချောက်နက်မှ မြေပြင်သို့ ဦးတည်သည့် လမ်းကြောင်းတစ်ခုရှိလာသောအခါ မကောင်းဆိုးဝါးချောက်နက်က ထိုမျှထိတ်လန့်ဖွယ်ရာမဟုတ်တော့ပေ။

တစ္ဆေသရဲများ၏ ညည်းသံအနည်းငယ်မှလွဲ၍ မှတ်သားဖွယ်ရာ အခြားထူးဆန်းသော ဖြစ်ရပ်များကို ကြုံတွေ့ရခြင်းမရှိတော့ပေ။

မကြာမီပင် အန်လင်းက တပိုင်ကိုစီးလျှက် မြေပြင်ထက်သို့ ပြန်လည်ရောက်ရှိလာသည်။

အပြာရောင်ကောင်းကင် ၊ အဖြူရောင်တိမ်တိုက်များနှင့် အဆုံးမရှိသောကမ္ဘာမြေကိုကြည့်ရှုလိုက်ပြီးနောက် သူ၏စိတ်ခံစားချက်များ သိသိသာသာပင် မြင့်တက်လာသည်။

ရှဲ့လေးကတော့ တပိုင်၏ဦးခေါင်းထက်တွင် စူပုပ်ပုပ်မျက်နှာထားဖြင့် ထိုင်နေသည်။

သူမ၏ချစ်စရာကောင်းသောမျက်နှာလေးမှာ အန်လင်းမညှာမတာ ဖိညှစ်ခြင်းခံထားရသဖြင့် အနီရောင်လက်ချောင်းရာများပင် ထင်ကျန်နေသည်။

ရှဲ့လေးက သူ၏စွမ်းအားပြန်လည်ရရှိစေရန် မိုးမြေစွမ်းအားများကို တိတ်တဆိတ်စုပ်ယူနေသည်။

သူမစိတ်ထဲတွင် “မနိုင်၍ သည်းခံရန်” အကြိမ်ကြိမ်ပြောနေမိသည်။ သူမစွမ်းအားများ ပြန်လည်ရရှိလျှင်တော့ ထိုလူယုတ်မာကို ဓားဖြင့်အပိုင်းပိုင်းခုတ်ပစ်ဦးမည်။

အန်လင်းက...

“ဒါနဲ့ ရှဲ့လေး... မင်း နတ်ဓားတစ်လက်ဖြစ်လာပြီးမှ ထုတ်လွှတ်လိုက်တဲ့ပညာက ဘာပညာလဲ ၊ အဲဒီပညာက အတော်အံ့သြစရာကောင်းတယ်နော် ၊ ငါ့ကိုပြောပြလို့ရမလား”

အန်လင်းက အေးစက်စွာပင် မသိချင်ယောင်ဆောင်နေပြီး သူ့မေးခွန်းကို ပြန်မဖြေခဲ့ပေ။

သူမ၏သဘောထားက မျက်နှာထက် ထင်ရှားစွာပေါ်လွင်နေသည်။

ကျွန်မ ရှင်နဲ့ စကားမပြောချင်ဘူး...။

အန်လင်းက စိတ်ရှည်လက်ရှည်ပင် ချော့မော့လိုက်သည်။

“ရှဲ့လေး... စိတ်ဆိုးမနေနဲ့တော့... ၊ ငါတို့နှစ်ယောက်လုံး အမှားလုပ်ခဲ့တာပဲလေ ၊ ဒါကြောင့် အချင်းချင်းအလျှော့ပေးပြီး ဖြစ်ခဲ့သမျှကို မေ့ပစ်လိုက်ကြရအောင် ၊ ဘယ်လိုလဲ...”

ရှဲ့လေးက အဝေးတစ်နေရာသို့ ငေးကြည့်ရင်း သူ့ကို လုံးဝလျစ်လျူရှုထားသည်။

အန်လင်းက လက်မလျှော့ခဲ့ပေ။ သူက သူမစိတ်ပြေစေရန် မနားတမ်း ချော့မော့နေတော့သည်။

နောက်ဆုံး ရှဲ့လေး သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးဖြင့် အော်ဟစ်တော့သည်။

“အန်လင်း... ကျွန်မရဲ့စွမ်းအားအကြောင်း ရှင့်ကိုပြောပြမယ့်အစား တပိုင်ရဲ့ကျောပေါ်ကနေ ခုန်ချလိုက်မယ် ၊ ဒါကြောင့် လက်လျှော့လိုက်တော့”

“အိုး... ဒါဆို ငါလည်း မင်းမျက်နှာကို ဆက်ပွတ်နေရမယ်ထင်တယ်”

ပြောရင်း အန်လင်းက ရှဲ့လေး၏ ချစ်စရာကောင်းသောပါးပြင်လေးများကို လက်ဖြင့်ထိရန် ကြိုးစားလိုက်သည်။

“မလုပ်နဲ့... ကျွန်မ ပြောပြမယ်”

ရှဲ့လေး ထိတ်လန့်တုန်လှုပ်သွားပြီး ရှက်ရွံ့သည့်မျက်နှာအမူအရာဖြင့် တောင်းပန်လိုက်သည်။

“ဒါပေမယ့် ကျွန်မရဲ့ မျက်နှာကို ထပ်မပွတ်တော့ဘူးလို့ ကတိပေးရမယ်”

အန်လင်းက ညှိနှိုင်းသည်ကို လက်ခံလိုက်သည်။

“ကောင်းပြီ... ဒီနေ့အတွက် မင်းမျက်နှာကို ထပ်မပွတ်တော့ဘူး”

ရှဲ့လေး အံတင်းတင်းကြိတ်ရင်း ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ...”

ဒီနေ့တစ်နေ့ဆိုရင်လည်း ရတယ်။

ဘာပဲဖြစ်ဖြစ် ရှင် မနက်ဖန်အထိ အသက်မရှင်စေရဘူး။

အန်လင်းက...

“ကောင်းပြီ... မင်း နတ်ဓားတစ်လက်ဖြစ်လာပြီးတဲ့နောက်ပိုင်း အရင်နဲ့ ဘယ်လိုကွဲပြားသွားလဲ ပြောပြပါ”

သူ၏မျက်နှာအမူအရာက စူးစမ်းလိုစိတ်များဖြင့် ပြည့်နက်နေသည်။

ရှဲ့လေးက တည်ကြည်‌လေးနက်သည့်မျက်နှာထားဖြင့်...

“နတ်ဓားတစ်လက်ဖြစ်လာပြီးတဲ့နောက် ကျွန်မရဲ့နတ်ဆိုးသုတ်သင်ဓားက အရင်ကထက်ပိုပြီး ထက်မြက်လာတယ် ၊ ရန်သူရဲ့ စကြာဝဠာတာအိုစွမ်းအားကို ပိုပြီးလွယ်လွယ်ကူကူ ထိုးဖောက်နိုင်လာတယ် ၊ သခင်သာ နည်းနည်းပိုပြီး စွမ်းအားကြီးလာမယ်ဆိုရင် အင်မော်တယ်အဆင့် ရတနာပစ္စည်းတွေကိုတောင် အနိုင်ယူနိုင်လိမ့်မယ်”

သူမက ဆက်ပြောလိုက်သည်။

“ပြီးတော့ ဓားဝိညာဉ်ဖြစ်တဲ့ ကျွန်မရဲ့စွမ်းအားကလည်း သိသိသာသာ တိုးတက်လာတယ် ၊ ကိုယ်ပိုင်နယ်မြေရရှိရုံသာမကဘဲ မိုးမြေနဲ့ပဲ့တင်ထပ်နိုင်တဲ့ ဓားသိုင်းအသစ်တွေကိုလည်း ရရှိခဲ့တယ်”

ထိုစကားကြားတော့ အန်လင်း အလွန်တရာ စိတ်လှုပ်ရှားသွားသည်။

“အဲဒီဓားသိုင်းအသစ်တွေက ဘာတွေလဲ”

ရှဲ့လေးက လက်ချောင်းတစ်ချောင်းထောင်လိုက်ပြီး...

“ပထမဓားသိုင်းက ‘ကောင်းကင်ဖျက်ဆီးမိစ္ဆာသုတ်သင်ဓားသိုင်း ၊ ရှင်းလင်းခြင်းဓားကွက်’ ၊ ကျွန်မရဲ့နယ်မြေထဲမှာ ပစ်မှတ်ရှိနေတယ်ဆိုရင် သူတို့ရဲ့ခန္ဓာကိုယ် ဘယ်အစိတ်အပိုင်းမဆို ပျက်ဆီးစေနိုင်တယ်”

အန်လင်း၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

“ဘယ်အစိတ်အပိုင်းမဆို ရွေးပြီး ဖျက်ဆီးလို့ရတာလား...”

ဤသည်က သာမန်နည်းလမ်းဖြင့် ခုခံကာကွယ်နိုင်မည့်အရာ မဟုတ်ပေ။ အကယ်၍ ရှဲ့လေးက သူ့အဝတ်အစားများမဟုတ်ဘဲ သူ့နှလုံးကိုသာ ပစ်မှတ်ထားခဲ့မည်ဆိုလျှင်...။

မြတ်စွာဘုရား…

အန်လင်းထိတ်လန့်သွားသည်ကိုမြင်တော့ ရှဲ့လေးမျက်နှာထက် ကောက်ကျစ်သောအမူအရာ ထွက်ပေါ်လာသည်။

ထို့နောက် သူမက လက်နှစ်ချောင်းထောင်လိုက်ပြီး...

“ဒုတိယဓားသိုင်းကတော့ ‘ကောင်းကင်ဖျက်ဆီးမိစ္ဆာသုတ်သင်ဓားသိုင်း ၊ သန့်စင်ခြင်းဓားကွက်’ ၊ ဒီဓားကွက်က ရန်သူ့ဘက်ကအသုံးပြုတဲ့ အဆိပ် ၊ ကျိန်စာ ၊ နိယာမကန့်သတ်ချက်တွေလိုမျိုး တန်ခိုးစွမ်းအားတွေကို အားနည်းသွားအောင် သန့်စင်ပေးနိုင်တယ်”

အန်လင်း အံ့သြမှင်တက်သွားသည်။

ထိုဓားကွက်သည်လည်း အတော်လေး အံ့သြစရာကောင်းသည်ပင်။

“တတိယသိုင်းကွက်ကတော့... ‘ကောင်းကင်ဖျက်ဆီးမိစ္ဆာသုတ်သင်ဓားသိုင်း ၊ ချေမှုန်းဖျက်ဆီးသိုင်းကွက်’ ၊ အဲဒီဓားသိုင်းကတော့ ကျွန်မရဲ့ဓားဆန္ဒကြောင့် ထိခိုက်သွားတဲ့သူတွေကို ကျွန်မခိုင်းတဲ့အတိုင်းလိုက်လုပ်မယ့် သိစိတ်မရှိတဲ့ ကျွန်တွေအဖြစ် ပြောင်းလဲသွားစေနိုင်တယ်”

ထိုဓားကွက်အကြောင်းကြားတော့ အန်လင်း စိတ်ပူပန်စွာဖြင့် သက်ပြင်းချလိုက်သည်။

“ရှဲ့‌လေး... မင်းက အိန်ဂျယ်လည်းဖြစ်နိုင်သလို နတ်ဆိုးလည်းဖြစ်နိုင်တယ် ၊ အခု မင်းရဲ့စရိုက်က အမျိုးမျိုးပြောင်းလဲနိုင်စွမ်း ရှိနေပြီ”

ရှဲ့လေးက အလွန်တရာနှိမ့်ချသည့် မျက်နှာအမူအရာဖြင့်...

“ကျွန်မက ရှင်နဲ့နှိုင်းယှဉ်ရင် ဘာမှမဟုတ်ပါဘူး ၊ ရှင်ကသာ လူယုတ်မာဖြစ်လိုက် ချီးထုပ်ဖြစ်လိုက်နဲ့ အမျိုးမျိုးပြောင်းလဲနိုင်လွန်းတဲ့သူပါ”

အန်လင်း “......”

“ဘာလဲ... မင်းရဲ့ပါးတွေ ထပ်ညှစ်ခံချင်တာလား”

အန်လင်းက ခြိမ်းခြောက်သည့်အမူအရာဖြင့် မေးလိုက်သည်။

ထိုစကားကြားတော့ ရှဲ့လေး၏ခန္ဓာကိုယ်လေး နောက်ဆုတ်သွားသော်လည်း မကြောက်သလို ဟန်ဆောင်လိုက်သည်။

“ရှင်ပဲ ဒီနေ့တစ်နေ့လုံး ကျွန်မပါးတွေကို မကိုင်တော့ဘူးလို့ ပြောခဲ့တယ်လေ”

အန်လင်းက...

“ကောင်းပြီ... ဒါဖြင့် မင်းရဲ့ဓားသိုင်းတွေကို ငါ့ကို အမြန်သင်ပးပါ”

သူက ဆက်ပြောလိုက်သည်။

“မင်း နတ်ဓားတစ်လက်ဖြစ်လာပြီးတဲ့နောက်ပိုင်း မင်းရဲ့ဓားသိုင်းနဲ့ဓားဆန္ဒကို ငါ့ဆီလွှဲပြောင်းပေးမယ်လို့ ပြောခဲ့တယ်လေ”

“ပြောခဲ့ပါတယ် ၊ ဒါပေမဲ့...”

ရှဲ့လေးမျက်နှာထက် တုံ့ဆိုင်းသည့်အမူအရာတစ်ခု ထွက်ပေါ်လာသည်။

“ဒါပေမဲ့... ကျွန်မ အခု အရမ်းအားနည်းနေတယ် ၊ ကျွန်မရဲ့စွမ်းအားတွေပြန်ရမှပဲ လုပ်ပေးနိုင်မယ်”

အန်လင်းက မျှော်လင့်ချက်အပြည့်ဖြင့်...

“ဒါဖြင့် ကောင်းပြီ...”

တပိုင်က လေထဲတွင်ပျံသန်းရင်း မေးလိုက်သည်။

“အစ်ကိုကြီးအန်... ကျွန်တော်တို့ ဘယ်ကိုဆက်သွားမှာလဲ”

အန်လင်းက ပြံးလိုက်ပြီး...

“ဆက်သွားရမယ့်နေရာက အတော်လေး စိတ်ဝင်စားစရာကောင်းတယ်”

ထို့နောက် သူက မြေပုံကိုဆွဲထုတ်လျှက် နောက်ဆုံး အမှောင်ထုပုတီးစေ့ တည်နေရာကို ကြည့်လိုက်သည်။

တပိုင်က စိတ်ဝင်တစားဖြင့်...

“ဘယ်လိုနေရာမျိုးမို့လို့ အစ်ကိုကြီးပိုင်ကို ဒီလောက် စိတ်လှုပ်ရှားစေရတာလဲ”

အန်လင်းက...

“ငါးရောင်စဉ်လျှပ်စီးတွင်း...”

တပိုင်တုန်လှုပ်သွားပြီး ကောင်းကင်ထက်မှ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားရသည်။

သူက မယုံကြည်နိုင်သောမျက်နှာထားဖြင့် အန်လင်းကိုလှည့်ကြည့်လိုက်ပြီး...

“အစ်ကိုကြီးအန်... ခင်ဗျားပြောနေတာ ဒဏ္ဍာရီသားရဲဂိုဏ်းမှာရှိတဲ့ ငါးရောင်စဉ်လျှပ်စီးတွင်းလား”

အန်လင်းက ပြုံးလိုက်ပြီး...

“သေချာတာပေါ့... ငါးရောင်စဉ်လျှပ်စီးတွင်း နောက်တစ်ခု ရှိသေးလို့လား”

ထိုစကားကြားတော့ တပိုင် ထိတ်လန့်သွားသည်။

“ကျွန်တော်တို့ဂိုဏ်းက ငါးရောင်စဉ်လျှပ်စီးတွင်းဆိုတာက... ထိပ်တန်းအကြီးအကဲ’ကွေ’ သီးသန့် ခန္ဓာကိုယ်သန့်စင်တဲ့နေရာပါ ၊ အမှောင်ထုပုတီးစေ့က အဲဒီမှာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ ၊ ရှိတယ်ဆိုရင်‌တောင် ထိပ်တန်းအကြီးအကဲ’ကွေ’ က ကျွန်တော်တို့ကို ရှာဖွေခွင့်ပေးမှာ မဟုတ်ဘူး.. ဝုတ်...”

“မင်းအဖေက အင်မော်တယ်သားရဲသခင် (၃)ပါးထဲက တစ်ပါးပဲ ၊ သူက ငါတို့အတွက် မသိမသာ လမ်းဖွင့်ပေးမှာပါ”

တပိုင်က မကျေမနပ်ဖြင့်...

“ဒါပေမဲ့ ကျွန်တော် အိမ်မပြန်ချင်ဘူး ၊ အားလုံးက ကျွန်တော့်ကို အတင်းမိန်းမယူခိုင်းနေကြတာ”

သူက သာမန်ခွေးတစ်ကောင်အဖြစ်သာ နေထိုင်လိုသည်။ ဤသည်က အဘယ့်ကြောင့် ခက်ခဲနေရပါသနည်း။

အန်လင်းက တပိုင်၏ဦးခေါင်းကို အဓိပ္ပါယ်ရှိရှိ ကြင်ကြင်နာနာဖြင့် အသာပုတ်လိုက်သည်။

“တပိုင်... မင်းက ခွေးတစ်ကောင်ပဲ ၊ လူသားတစ်ယောက်မဟုတ်ဘူးဆိုတာ သိထားရမယ် ၊ ခွေးတစ်ကောင်ရဲ့ အလှတရားစံနှုန်းတွေနဲ့ လိုက်လျောညီထွေ နေထိုင်နိုင်‌အောင် သင်ယူရမယ်”

တပိုင်က အပြင်းအထန် ငြင်းဆန်လိုက်သည်။

“မဟုတ်ဘူး ၊ ကျွန်တော် လက်မခံနိုင်ဘူး ၊ ကျွန်တော်က ရုပ်ရည်နဲ့အသားအရေလှပတဲ့ ၊ ခြေတံရှည်ရှည် ရင်သားကြီးကြီးတွေနဲ့ လူသားမိန်းကလေးတွေကိုပဲ သဘောကျတာ... ဝုတ်...”

အန်လင်း သူ့ခေါင်းကိုလက်ဖြင့်အသာနှိပ်နယ်လိုက်ပြီး ဤအကြောင်းကို နောက်မှထပ်ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။

အန်လင်းက...

“ကဲ... တပိုင်... ဒဏ္ဍာရီသားရဲဂိုဏ်းကို သွားကြရအောင်”

“ကောင်းပြီ ဒါပေမယ့် အစ်ကိုကြီးအန်ကို တစ်ခုတောင်းဆိုရမယ်။ ကျွန်တော့်မိဘတွေက မိန်းမယူဖို့တိုက်တွန်းရင် ကျွန်တော့်ကို ကူညီပေးရမယ်နော်”

တပိုင်က စိုးရိမ်တကြီးအမူအရာဖြင့် တောင်းပန်လိုက်သည်။

အန်လင်းက ခေါင်းညိတ်ရင်း...

“ပြဿနာမရှိဘူး...”

သူက ထိုသို့သောကိစ္စရပ်များဖြေရှင်းရာတွင် ကျွမ်းကျင်သူ ဖြစ်သည်။

အန်လင်းထံမှ ကတိရပြီးနောက် တပိုင် အနည်းငယ် စိတ်သက်သာရာသွားသည်။

ထို့ကြောင့် သူတို့(၃)ယောက် ဆက်လက်ခရီးထွက်လာခဲ့ကြ၏။

အချိန်အနည်းငယ်ကြာပြီးနောက်။

ခမ်းနားထည်ဝါသော အင်မော်တယ်တောင်တစ်လုံး သူတို့ရှေ့တွင် ထွက်ပေါ်လာသည်။

ထိုတောင်က ကြီးမားပြီး စိမ်းလန်းစိုပြည်သောအပင်များ ၊ လှပသောရှုခင်းများဖြင့် ပြည့်နှက်နေသည်။

ကြိုးကြာဖြူများကခုန်နေကြပြီး မျောက်များ ၊ ခြင်္သေ့များ ၊ ရှဥ့်မျာနှင့် အခြားသောတိရစ္ဆာန်များစွာ ပြေးလွှားဆော့ကစားလျှက် ရှိကြသည်။

စမ်းရေထဲတွင် ငါးလေးများသည်လည်း ကူးခတ်လျှက် ရှိလေသည်။

တပိုင်က...

“ပင်မဝင်ပေါက်ကနေ ဖြတ်သွားစရာမလိုဘူး ၊ အထဲကိုတန်းဝင်သွားလို့ရတယ်”

သူက အန်လင်းနှင့်ရှဲ့လေးကို အင်မော်တယ်တောင် အတွင်းပိုင်းနက်ရှိုင်းရာသို့ ခေါ်ဆောင်သွားသည်။

ထိုအချိန်...

“နောက်ဆုံးတော့ ပြန်လာပြီပေါ့ တပိုင် ၊ မင်း ချင်းဟွာနဲ့လက်ထပ်ဖို့ ပြန်လာတာလား”

အနောက်ဘက်မှ သာယာနာပျော်ဖွယ် အသံတစ်သံ ထွက်ပေါ်လာလေသည်။

All Chapters