တစ်ဦးတည်းသောတော်ဝင်မျိုးနွယ်
Vol. 89 Ch. 1250
“ချင်းဟွာနှင့်လက်ထပ်ဖို့” ဆိုသည့်စကားကိုကြားတော့ တပိုင် တုန်လှုပ်သွားသည်။
သူလှည့်ကြည့်လိုက်တော့ အနက်ရောင်တောင်ပံလေးဖက်ပါရှိသော ငှက်တစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုငှက်က ပြုံးလျှက် သူတို့နောက်သို့ လိုက်လာလေသည်။
“ဟူး... အစ်မကြီး’မောက်ချန်’ ... ငါ့ကိုလန့်အောင်လုပ်နေတာလား... ဝုတ်”
မောက်ချန်ကိုမြင်တော့မှ တပိုင် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။
အန်လင်းက အနည်းငယ် နားမလည်နိုင်သလို ဖြစ်သွားပြီး...
“မောက်ချန်ကိုမြင်တာနဲ့ မင်း ဘာလို့ စိတ်မပူတော့တာလဲ”
တပိုင်က အဓိပ္ပာယ်ရှိရှိ ပြုံးလိုက်သည်။
“ဘာလို့လဲဆိုတော့ အစ်မကြီး’မောက်ချန်’ က အပျိုကြီးလေ”
မောက်ချန်က ဂုဏ်ယူစွာဖြင့် လည်ပင်းကိုဆန့်ထုတ်လိုက်ပြီး ကြီးမားသော အတောင်ပံကြီးများကို ဖြန့်လိုက်သည်။
“တစ်ကိုယ်တည်းဘဝက ကျွန်မဘဝပဲ ၊ ကျွန်မဘဝကို ကောင်းကင်ဘုံကလွဲပြီး ဘယ်သူမှမပိုင်ဘူး”
တောင်ပံလေးဖက်ရှိသောငှက်၏ အားမန်နှင့် ခိုင်မာသောဆုံးဖြတ်ချက်တို့ကြောင့် အန်လင်းပင် အနည်းငယ် တုံ့ဆိုင်းသွားရသည်။
တပိုင်က အန်လင်းကို ဝမ်းသာအားရပြုံးပြလိုက်ပြီး...
“အစ်မကြီး’မောက်ချန်’ က ကျွန်တော့်ရဲ့ စံပြပဲ ၊ သူက ကန့်သတ်မှုအားလုံးကနေလွတ်မြောက်ပြီး ကျွန်တော်လိုချင်တဲ့ဘဝမျိုးနဲ့ နေထိုင်နိုင်တယ် ၊ ကိုယ့်ယုံကြည်ချက်အတိုင်း အလှပဆုံး လိုက်လျှောက်နိုင်တယ်”
အန်လင်း ခေါင်းညိတ်လိုက်သည်။
တစ်ကိုယ်တည်းနေထိုင်သူများက ဘုရင်မပင် ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် အခြားသက်ရှိများအားလုံးထက် ဘဝကို ဂုဏ်ယူစွာဖြင့် အပြည့်အဝ နေထိုင်နိုင်သည်။
ထိုအချိန် မောက်ချန်က အန်လင်း၏မျက်နှာကိုကြည့်လိုက်ပြီး တုန်လှုပ်ခြောက်ခြားသွားဟန်ဖြင့်...
“ဟမ်... ရှင်က ဂိုဏ်းချုပ်အန်လင်းလား...”
အန်လင်းက ဖော်ရွေစွာပင် ပြန်လည်နှုတ်ဆက်လိုက်သည်။
“ဟုတ်ပါတယ် ၊ ကျုပ်က အန်လင်းပါ ၊ အစ်မ’မောက်ချန်’ နဲ့တွေ့ရတာ ဝမ်းသာပါတယ်”
“အား...”
မောက်ချန် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး အမွှေးများပင် ထောင်ထသွားသည်။
“ရှင်က အန်လင်းကိုး... ကျွန်မရဲ့အသည်းစွဲ ၊ ကျွန်မ ချစ်ရတဲ့သူ ၊ ရှင့်အတွက်နဲ့ ကျွန်မကိုလိုက်ခဲ့တဲ့သူတွေကို ဘယ်လိုတောင် ငြင်းပစ်ခဲ့ရလဲ သိလား ၊ ကျွန်မကို ရှင်ပဲပိုင်ဆိုင်ပါတယ်”
အန်လင်းနှင့် တပိုင်တို့မှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
အန်လင်း အနည်းငယ် ထိတ်လန့်သွားပြီး...
“မင်းပြောတော့ မင်းကို ကောင်းကင်ဘုံကပဲ ပိုင်ဆိုင်တာဆို...”
မောက်ချန်က အန်လင်းကို ဖက်တော့မည့်အလား အတောင်ပံများကို ဖြန့်လိုက်သည်။
“ကျွန်မရဲ့ကောင်းကင်ဘုံက ရှင်ပါ ၊ ရှင်ကသာ ကျွန်မဘဝရဲ့ လမင်း ၊ ကျွန်မဘဝရဲ့နေမင်း ၊ ရှင်က ကျွန်မရဲ့အရာအားလုံးပဲ”
အန်လင်း “......”
တပိုင် “......”
ဒဏ္ဍာရီလာသားရဲတစ်သောင်း သူ့နှလုံးသားထက်ဖိစီးလိုက်သည့်ပမာ အန်လင်း ရင်ဘတ်ကိုလက်ဖြင့်ဖိထားလိုက်မိသည်။
ဒါက ဘယ်လိုဖြစ်ရတာလဲ...။
တပိုင်၏မျက်ဝန်းများထဲတွင်တော့ မယုံကြည်နိုင်မှုနှင့်အတူ ဝမ်းနည်းမျက်ရည်များ ပြည့်လျှံလာသည်။
“မဟုတ်ဘူး... အစ်မကြီး’မောက်ချန်’ ... ဘာလို့ ဒီလိုလုပ်ရတာလဲ ၊ တစ်သက်လုံး အပျိုကြီးလုပ်မယ်လို့ပြောခဲ့တာလေ ၊ အခု ဘာလို့ ချစ်ရတဲ့သူရှိနေရတာလဲ”
တပိုင်မှာ ယုံကြည်ရသည့်မိတ်ဆွေတစ်ယောက် သစ္စာဖောက်လိုက်သလိုခံစားနေရပြီး အမှန်တရားကို လက်ခံနိုင်စွမ်း မရှိပေ။
အန်လင်းကတော့ ချက်ချင်းပင် ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။
“ကျုပ် ငှက်တွေကို မကြိုက်ဘူး...”
ထိုစကားကြားသည်နှင့် မောက်ချန်၏အသွင်အပြင်က ချက်ချင်းပင် ပြောင်းလဲသွားသည်။
နောက်ကျောထက်တွင် အတောင်လေးခုပါသော အနက်ရောင်ငှက်မွှေးဝတ်ရုံကိုဝတ်ဆင်ထားသည့် ချောမောလှပသောမိန်းမပျိုတစ်ယောက် အန်လင်းရှေ့တွင် ပေါ်လာသည်။
“အန်လင်း... ဒီပုံစံကရော ရှင့်အကြိုက်နဲ့ ကိုက်ညီရဲ့လား”
မိန်းမပျိုက မြင်ရသူတိုင်းကို စိတ်လှုပ်ရှားစေသောစွမ်းအား ၊ ဆွဲဆောင်မှုအပြည့်ရှိသောအသံဖြင့် မေးမြန်းလိုက်သည်။
အနက်ရောင်ငှက်မွှေးဝတ်ရုံအောက်မှ သူမ၏အသားအရေက နှင်းပွင့်ပမာဖြူစင်ပြီး လှပသည့်ခန္ဓာကိုယ်ပုံစံကလည်း မြင်ရသူတိုင်း၏သွေးများကို ဆူပွက်လာစေသည်။
အန်လင်းရော တပိုင်ပါ ခပ်ပြင်းပြင်း အသက်ရှူသွင်းလိုက်မိကြသည်။
သူက “ငှက်တွေကို မကြိုက်ဘူး” လို့ပြောလိုက်တာနဲ့ သူမက လူသားအဖြစ် ပြောင်းလဲသွားတာလား...။
ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ...။
အန်လင်းက စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်သည်။
ပြီးမှစိတ်ရှုပ်ထွေးစွာဖြင့်...
“မင်း ဘာလို့ ကျုပ်ကို သဘောကျရတာလဲဆိုတာ နားမလည်နိုင်ဘူး”
မောက်ချန်က ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ရင်း...
“တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံက နေသစ်ပင်စစ်နတ်ဘုရား’လင်းအန်’ ဆိုတာ ရှင်ပဲမဟုတ်လား...”
ဤအချက်ကို အန်လင်း ငြင်းပယ်နိုင်စွမ်း မရှိခဲ့ပေ။
“အိုး... ကျုပ်ရဲ့လျှို့ဝှက်ချက်တွေ ပေါ်ကုန်ပြီလား...”
“ရှင်က တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံမှာရှိတဲ့ ငှက်တွေအားလုံးရဲ့လေးစားရသူမို့ ကျွန်မရဲ့စံပြုခံရသူပဲပေါ့ ၊ ပြီးတော့ ရှင်က တောင်ပံနက်မျိုးနွယ်စုဘုရင်တစ်ပါးကိုလည်း သတ်ပစ်ခဲ့တယ်လေ ၊ ကျွန်မတို့ ကျီးနက်မျိုးနွယ်စုက တောင်ပံနက်မျိုးနွယ်စုရဲ့ခြိမ်းခြောက်မှုတွေကို အမြဲခံစားနေရတာ ၊ ရှင့်ရဲ့ခမ်းနားတဲ့စွမ်းဆောင်မှုက ကျွန်မကို အချိန်အတော်ကြာအောင် ခုန်ပေါက်ပျော်ရွှင်နေစေခဲ့တယ်”
“ပြီးတော့ ရှင်က စိတ်ခံစားချက်ကို ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြသရဲတဲ့ ဖြောင့်မတ်တဲ့သူတစ်ယောက်ပဲ ၊ စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အနေနဲ့ ရှင်က မတရားခံနေရတဲ့ နယ်လှည့်ကျင့်ကြံသူတွေနဲ့ အားနည်းတဲ့ဂိုဏ်းတွေက ကျင့်ကြံသူတွေအတွက် တရားမျှတမှု ရယူပေးဖို့ ရှင့်ဂိုဏ်းကို ညွှန်ကြားခဲ့တယ် ၊ ရှင်က ကျင့်ကြံခြင်းလောကအတွက် လေကောင်းလေသန့်တစ်မျိုးပဲလေ...”
ထိုစကားများကိုကြားတော့ အန်လင်း ရုတ်တရက် သဘောပေါက်သွားသည်။
ဤကိစ္စအားလုံး၏အရင်းခံက ခုန်ကျွေ့ရှန်းဖြစ်ရပ်မှစတင်ခဲ့ခြင်းသာပင်။
မောက်ချန်က တောက်ပသောမျက်ဝန်းများဖြင့် အန်လင်းကိုကြည့်ရင်း အနားသို့ တစ်လှမ်းချင်းတိုးကပ်လာသည်။
“ရှင်က ဒီလောက်ကောင်းတဲ့သူဖြစ်နေတာ ၊ ကျွန်မ ရှင့်ကို မချစ်ဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ”
အန်လင်း “......”
တပိုင် “တော်ပါတော့... ကျွန်တော့်စိတ်ထဲ ဒီထက်ပိုပြီးခံနိုင်ရည် မရှိတော့ဘူး”
အန်လင်းမှာ မောက်ချန်၏စိတ်အားထက်သန်မှုကြောင့် အနည်းငယ် စိတ်မသက်မသာဖြစ်လာပြီး လက်တစ်ဖက်ဝှေ့ယမ်းရင်း ငြင်းပယ်စကားဆိုလိုက်သည်။
“မင်း ကျုပ်အပေါ်ထားတဲ့ခံစားချက်တွေကို ပြောင်းလဲလို့မရဘူးဆိုတာ သိပါတယ် ၊ ဒါပေမဲ့ ကျုပ်ဘက်က လက်ခံပေးဖို့လည်း မဖြစ်နိုင်ဘူး ၊ ဘာလို့လဲဆိုတော့ ကျုပ်ရင်ထဲမှာ တခြားမိန်းကလေးတစ်ယောက် ရှိနှင့်ပြီးပါပြီ”
မောက်ချန်က ရင်ဘတ်ထက် လက်တစ်ဖက်ဖိလိုက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။
“ကျွန်မ သိသားပဲ... ၊ အဲဒါကြောင့် ရှင့်အပေါ်ထားတဲ့ ကျွန်မရဲ့အချစ်တွေကို မိုးကောင်းကင်ကြီးဆီပဲ လွှဲပြောင်းပေးလိုက်တော့မယ်”
ထို့နောက် သူမက နှုတ်ဆက်စကားဆိုလိုက်သည်။
“ကျွန်မမှာ လုပ်စရာကိစ္စလေးတွေရှိသေးလို့ ၊ ခွင့်ပြုပါဦး...”
ထို့နောက် တောင်ပံလေးဖက်ရှိသော မိန်းမပျိုက နောက်သို့လှည့်ကာ ပျံသန်းထွက်ခွာသွားလေသည်။
သူမ ပျံသန်းထွက်ခွာသွားရာနောက်တွင် မျက်ရည်စက်များက ကြည်လင်သော ရေစက်များပမာ ထင်ကျန်ရစ်ခဲ့လေသည်။
အတန်ငယ် ဝေးကွာသွားသည့်အခါမှာတော့ အန်လင်းတစ်ယောက် ရှိုက်ငင်ငိုကြွေးသံသဲ့သဲ့ကို မရေမရာ ကြားလိုက်ရလေသည်။
တပိုင်သည်လည်း ထွက်ခွာသွားသည့် မောက်ချန်ကို ဝမ်းနည်းစွာဖြင့် လှမ်းမျှော်ကြည့်နေခဲ့သည်။
“အစ်ကိုကြီးအန်... ဘာလို့ ဒီလိုခဲယဉ်းတဲ့အမှန်တရားကို ကျွန်တော့်ကို မြင်စေခဲ့တာလဲ”
အန်လင်းက မချိပြုံးပြုံးလိုက်ပြီး...
“အဲဒီအတွက် ငါ့ကိုအပြစ်မတင်နဲ့ ၊ သူက ရုတ်တရက်ကြီး ကောင်းကင်ပေါ်က ပြုတ်ကျလာတာလေ”
ရှဲ့လေးလည်း အနည်းငယ် စိတ်ပျက်သွားသည်။
အန်လင်းက မောက်ချန်၏ ဆွဲဆောင်မှုရှိသောအလှတရာကို မျက်စိကျပြီး စုရှောင်လန်ကို သစ္စာဖောက်မည်ဟု မျှော်လင့်ခဲ့သည်။
ထိုသို့ဆိုလျှင် သူမ အန်လင်းကိုသတ်ဖြတ်ရန် အကြောင်းပြချက် ရရှိသွားပေမည်။
ထို့နောက် သူတို့(၃)ယောက် ခရီးဆက်ခဲ့ကြ၏။
ခဏအကြာမှာတော့ အနုစိတ်လက်ရာမြောက်လှသည့် ခြံဝင်းတစ်ခုဆီသို့ ရောက်ရှိလာကြသည်။
တပိုင်က ခြံဝင်းဝံခါးကို ဂရုတစိုက်တွန်းဖွင့်လိုက်ပြီး...
“အဖေ အမေ... ကျွန်တော် ပြန်လာပါပြီ...”
ရှည်လျားသွယ်လျသည့် အဖြူရောင်ခွေးတစ်ကောင်က နူးညံ့လှပသောအသွင်အပြင်ဖြင့် ကျင့်ကြံလျှက်ရှိသည်။
သူမက မျက်လုံးများကို ဖြည်းညင်းစွာဖွင့်ကြည့်လိုက်ပြီး မျက်နှာထက် အပြုံးရိပ်တစ်ခု ပေါ်လာသည်။
“ပြန်လာတာ ကြိုဆိုပါတယ် တပိုင်...”
နောက်ထပ် ချစ်စရာကောင်းပြီး တင့်တယ်လှပသော အဖြူရောင်ခွေးတစ်ကောင်က ခြံဝင်းအပြင်ဘက်တွင် နေပူစာလှုံလျှက်ရှိသည်။
သူက အန်လင်းကိုတွေ့သည်နှင့် မျက်ဝန်းများတောက်ပလာပြီး...
“အိုး... တပိုင်... မင်းက အန်လင်းကိုပါ ခေါ်လာတာပဲ”
အန်လင်းက ချင်းချင်းပင် ပြုံးပြနှုတ်ဆက်လိုက်သည်။
“အန်လင်း စီနီယာပိုင်ရှန်းနဲ့ စီနီယာချွင်းတို့ကို ဂါရဝပြုပါတယ်”
ပိုင်ရှန်းက ရွှင်လန်းတက်ကြွစွာပြုံးလိုက်ရင်း...
“ဒီလောက် ယဉ်ကျေးနေစရာမလိုပါဘူး ၊ အားလုံးက မိသားစုဝင်တွေပဲလေ”
သူက ဒဏ္ဍာရီသားရဲဂိုဏ်း၏ အင်မော်တယ်သားရဲသခင်(၃)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော်လည်း အန်လင်းက စုကျိုးအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လေရာ ၊ အန်လင်း၏အဆင့်အတန်းက သူ့ထက်နိမ့်ကျခြင်း မရှိပေ။
ချွင်းက ထိုင်ခုံအချို့နှင့် စားပွဲတစ်လုံးကိုဆွဲထုတ်လာပြီး...
“ထိုင်ကြပါ...”
ထို့နောက် သူမက လက်ဖက်ရည်နှင့် ဝိညာဉ်အသီးအနှံများကို ပြင်ဆင်လာလေသည်။
“အန်လင်း... ကိုယ့်အိမ်လို သဘောထားနော် ၊ ငါတို့မှာ မင်းကို ကျေးဇူးတင်ဖို့တောင် အခွင့်အရေး ကောင်းကောင်းမရသေးဘူး”
“ဒါဖြင့် ကျွန်တော် ထိုင်ပြီနော်”
အန်လင်းက ဖိတ်ကြားမှုကိုလက်ခံလိုက်ပြီး ထိုင်ခုံတစ်လုံးထက်ဝင်ထိုင်ကာ တန်ဖိုးကြီးသော ဝိညာဉ်သစ်သီးတစ်လုံးကို ကိုက်စားလိုက်သည်။
ပိုင်ရှန်းက အန်လင်းကို ကျေနပ်ပျော်ရွှင်စွာဖြင့် ကြည့်နေလေသည်။
အန်လင်းက အသက်ငယ်ရွယ်စဉ်မှာပင် အောင်မြင်မှုများစွာရရှိခဲ့ပြီး တပိုင်၏ ကျင့်ကြံခြင်းအဆင့်သည်လည်း သူ၏လမ်းညွှန်မှုအောက်တွင် လျှင်မြန်စွာ တိုးတက်လာခဲ့သည်။
ထိုအချိန်က တပိုင်ကို အန်လင်းနှင့်အတူ လိုက်ပါခွင့်ပြုခဲ့ခြင်းက ကောင်းမွန်သည့်ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ဟန်ပင်။
ချွင်းကလည်း အန်လင်းကို ပိုပြီူ သဘောကျနှစ်သက်လာသည်။
ဘယ်လောက်တောင် ချောမောခန့်ညားပြီး ချစ်စရာကောင်းတဲ့ လူငယ်လေးလဲ...။
ပိုင်ရှန်းနှင့် ချွင်းတို့က အန်လင်းကို မိသားစုသဖွယ်ဆက်ဆံပြီး နွေးထွေးစွာကြည့်နေကြလေရာ တပိုင်မှာ ပစ်ပယ်ထားသလို ခံစားရပြီး အနည်းငယ် မကျေမနပ်ဖြစ်လာမိသည်။
ထိုအချိန်မှာပင် ချွင်းက တပိုင်ကိုလှမ်းကြည့်လိုက်သည်။
သူမပါးစပ်မှထွက်လာသည့် ပထမဆုံးစကားမှာ...
“တပိုင်... မင်း ချင်းဟွာနဲ့လက်ထပ်ဖို့ ပြန်လာတာလား”
တပိုင် “......”